အပိုင်း (၂၃) ပြင်းထန်သော လက်သီးချက်
ဘော့ဘ်သည် ပြင်းထန်သော ရိုက်ခတ်မှုနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြီးမားလှသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ အမှိုက်သရိုက်များနှင့် ကျောက်ခဲများ နေရာအနှံ့ လွင့်စင်သွားကြပြီး လေထုထဲတွင်လည်း ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။ သို့သော် ဘော့ဘ် တစ်ကိုယ်ရည်ကို ပြန်လည်မတ်မတ်မရပ်နိုင်သေးမီမှာပင် သောင်းကျန်းလှသော အရှိန်အဝါများကို ဆောင်ကြဉ်းထားသည့် ခြင်္သေ့အကောင်ပေါင်းများစွာသည် သူကျရောက်ရာနေရာသို့ အုပ်စုလိုက် ခုန်အုပ်လာကြတော့သည်။ တစ်ခဏချင်းတွင်ပင် ဘော့ဘ်၏ ခန္ဓာကိုယ်သည် သူရှိနေခဲ့သည့် နေရာရှိ ပင်လယ်ရေများနှင့် မြေစာပုံကြီးအောက်၌ လုံးဝနစ်မြုပ်သွားခဲ့ရသည်။ ပေပေါင်းများစွာ အမြင့်ရှိပြီး အချင်း ဆယ်မီတာခန့်ရှိသော မြေကုန်းပါးကြီးတစ်ခုသည် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ဘော့ဘ်၏ ပုံရိပ်သည်လည်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရလေသည်။ ဤသည်ကို မြင်လိုက်ရသောအခါ သင်္ဘောပေါ်ရှိ အက်ဒ်ဝါ့ဒ် နယူးဂိတ်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံရလိုက်သည်။ သူ့မျက်ဝန်းများထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။ အက်ဒ်ဝါ့ဒ် နယူးဂိတ်သည် နောက်ထပ် စဉ်းစားမနေတော့ဘဲ သင်္ဘောပေါ်မှ လှေငယ်တစ်စင်းကို အောက်သို့ ပစ်ချလိုက်သည်။ သူ၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးဖြင့် ထိုလှေပေါ်သို့တက်ကာ ဘော့ဘ်ကို ကယ်ဆယ်ရန် အပြေးအလွှား ပြင်ဆင်လိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို ထိုမြေကုန်းပါးကြီး၏ အောက်ခြေမှနေ၍ ထိတ်လန့်ဖွယ်ရာ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဝုန်း... ဂယက်... !!
နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော အသံများသည် ငရဲနက်ခေါင်းထဲမှ ထွက်ပေါ်လာသော အသံကဲ့သို့ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကျွန်းတစ်ခုလုံး တုန်ခါသွားခဲ့ရသည်။ နောက်တစ်ခဏ၌ ထိုမြေကုန်းပါးကြီးထဲမှနေ၍ ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် မြေစာများကို ဖောက်ထွက်ကာ အပြင်သို့ ပျံထွက်လာခဲ့သည်။ ထိုသူကား မြေမြှုပ်ခံထားရသော ဘော့ဘ်ပင် ဖြစ်သည်။ ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်တွင် ရွှံ့နွံများနှင့် မရေမတွက်နိုင်သော ဒဏ်ရာအသေးစားများ ဖုံးလွှမ်းနေသည်။ သူ၏ လက်ချောင်းများမှလည်း သွေးများ စီးကျနေသည်။ ဤတိုက်ခိုက်မှုသည် ဘော့ဘ်၏ တောင့်တင်းခိုင်မာလှသော ကာကွယ်ရေးကို နောက်ဆုံးတွင် ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘော့ဘ် မြေပြင်မှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ကျိ၏ မျက်ဝန်းများထဲ၌ တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားခဲ့ရသည်။ ရွှေခြေင်္သေ့၏ တိုက်ခိုက်မှုကို တိုက်ရိုက်ထိမှန်သွားခဲ့သဖြင့် ဘော့ဘ်တစ်ယောက် မြေမြှုပ်ခံရပြီး ရုန်းထွက်နိုင်တော့မည်မဟုတ်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ စိတ်မထင်မှတ်ဘဲ ဘော့ဘ်သည် ရိုးရှင်းလှသော အင်အားသက်သက်ဖြင့် ရုန်းထွက်နိုင်ခဲ့ရုံသာမက ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။ ဘော့ဘ်သည် နာကျင်ပျက်စီးပြီး သွေးထွက်သံယို ဖြစ်နေသယောင် ရှိသော်လည်း ၎င်းတို့မှာ အရေပြားဒဏ်ရာမျှသာဖြစ်ပြီး သူ၏ အရိုးနှင့် အကြောများကို ထိခိုက်စေခြင်း မရှိခဲ့ချေ။
“သူက လူသားမှ ဟုတ်ရဲ့လား...”
ဝမ်ကျိသည် စစ်မြေပြင်ပေါ်တွင် မတ်မတ်ရပ်နေသော ဘော့ဘ်၏ ပုံရိပ်ကို ကြည့်ကာ မိန်းမောစွာဖြင့် ရေရွတ်လိုက်သည်။
“ငါလက်မခံချင်ပေမဲ့ ဘော့ဘ် ပြသခဲ့တဲ့ အင်အားအရဆိုရင် ငါလည်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”
ဆေးဗားအိတ်စ်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ပြောဆိုလိုက်သည်။ ရော့ခ်ပင်လယ်ဓားပြအဖွဲ့၏ တပ်ခွဲမှုးတစ်ဦးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းသည် ဘော့ဘ်၏ ကြီးမားလှသော အင်အားကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်ဆိုလျှင် ဘော့ဘ်ကို တိုက်ခိုက်မှုတစ်ခု ထိမှန်ရန်ပင် အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်ပေသည်။
“ဂူရာရာရာရာ...”
“ဘော့ဘ်က ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘူး။”
အက်ဒ်ဝါ့ဒ် နယူးဂိတ်သည် ဘော့ဘ်ကို မြင်ကွင်းထဲသို့ ပြန်လည်မြင်တွေ့လိုက်ရသဖြင့် မှတ်ချက်ပြုလိုက်သည်။ သူသည် ဘော့ဘ်ကို အထပ်ထပ် ချီးမွမ်းရင်း ခုနက ချပစ်လိုက်သော လှေငယ်ကို ပြန်လည်ဆွဲတင်လိုက်သည်။ သူ၏ စိုးရိမ်ပူပန်မှုများသည်လည်း လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
“လင်လင်က ဘော့ဘ် လုပ်နိုင်မယ်ဆိုတာ သိပြီးသားပါ။”
မားမားကြီး ရှားလော့ လင်လင်သည် ရယ်မောလိုက်ပြီး ဘော့ဘ်ကို ကြည့်နေသော သူမ၏ အကြည့်များသည် ပိုမိုမြတ်နိုးတွယ်တာလာခဲ့သည်။ သူမအနားတွင် ရပ်နေသော စထရူဆန်သည် လင်လင်ကို တစ်ချက်ကြည့်လိုက်ပြီး အဝေးရှိ ဘော့ဘ်ကိုလည်း လှမ်းကြည့်လိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် ရင်ခုန်တတ်သော ရှားလော့ လင်လင်၏ အကျင့်သည် အမှန်တကယ်ပင် ပြောင်းလဲရန် ခက်ခဲလှပေသည်။
တစ်ချိန်တည်းမှာပင် ရွှေခြေင်္သေ့၏ မြင်ကွင်းထဲ၌... ဘော့ဘ်သည် ပျက်စီးနေသော မြေပုံကြီး၏ ထိပ်တွင် မတ်မတ်ရပ်နေပြီး သူ၏ အဝတ်အစားများ စုတ်ပြဲနေကာ သွေးစများဖြင့် ဖရိုဖရဲ ဖြစ်နေသည်။ သို့သော် ရွှေခြေင်္သေ့သည် ဤမြင်ကွင်းကြောင့် အနည်းငယ်မျှ ဝမ်းမသာနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သို့သော် ထိုအရာသည် ဘော့ဘ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ဤသည်မှာ သူ လက်ခံရန် ခက်ခဲလှသော အရာတစ်ခု ဖြစ်သည်။ အဆုံးသတ်တွင် ထိုအကွက်ဖြင့် သူသည် အင်အားကြီးမားလှသော ရန်သူ အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ ထိုအရာ၏ ဝါးမြိုခြင်းကို ခံရသူများသည် အသားစိမ်းဖတ်များအဖြစ် ကြေမွသွားရစမြဲ ဖြစ်သည်။ ရွှေခြေင်္သေ့သည် ဘော့ဘ်၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ရူးသွပ်ဖွယ်ရာ ကောင်းလှမှန်း သိထားသော်လည်း ဤအရာသည် သူ့ကို တိုက်ခိုက်နိုင်စွမ်း မရှိတော့အောင် ပြုလုပ်ရန် လုံလောက်သင့်သည်။ သို့သော် လက်တွေ့မြေပြင်တွင်မူ...
ရွှေခြေင်္သေ့၏ အကြည့်ကို အာရုံရလိုက်သဖြင့် ဘော့ဘ်သည် သူ့မျက်ဝန်းများကို ပင့်တင်ကာ တုံ့ပြန်ကြည့်ရှုလိုက်ပြီး သူ၏ နှုတ်ခမ်းအစုံသည် ပြုံးယောင်သန်းသွားသည်။ နောက်တစ်ခဏ၌ ဘော့ဘ်သည် ကျောက်ခဲများနှင့် မြေစာပုံများကို နင်းခြေလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် နိမ့်ဆင်းသွားပြီး မြေကြီးများနှင့် ကျောက်ခဲများ လွင့်စင်သွားစဉ် သူသည် လေထုထဲသို့ ပျံတက်သွားခဲ့သည်။ သူ၏ ခြေဖဝါးအောက်ရှိ မြေစာပုံကြီးသည် ပေါက်ကွဲသွားပြီး မြေခဲစများကို ကျည်ဆန်များကဲ့သို့ အရပ်မျက်နှာအနှံ့ လွင့်စင်သွားစေခဲ့သည်။ ယခုအချိန်၌ အင်အားကြီးမားသော အကွက်များကို အကြိမ်ကြိမ် ထုတ်ဖော်နေခဲ့သော ရွှေခြေင်္သေ့သည် ချွေးများရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် ဘော့ဘ်ကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ချေ။ သူ၏ နည်းဗျူဟာများကို အဆက်မပြတ် အသုံးပြုနေရခြင်းကြောင့် သူ၏ ကြံ့ခိုင်မှုသည် လျင်မြန်စွာ ကျဆင်းလာနေသည်။ ဘော့ဘ် မြေပြင်မှ ရုန်းထွက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် ပိုမိုထိတ်လန့်သွားခဲ့ရသည်။ သူ၏ လက်ထဲရှိ ဓားနှစ်စင်းကို ဘုရင်အရှိန်အဝါဟာကီဖြင့် လွှမ်းခြုံထားပြီး ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ် ပုံစံဖြင့် ကာကွယ်လိုက်သည်။ နောက်တစ်ခဏ၌ သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသော ဘော့ဘ်သည် မိမိခန္ဓာကိုယ်မှ သံမဏိခန္ဓာဟာကီကို ရုပ်သိမ်းလိုက်ပြီး ထိုအရာအားလုံးကို လက်သီးဆုပ်ထဲသို့ စုစည်းလိုက်သည်။ နောက်တစ်စက္ကန့်၌ ထိုးဖောက်ထွက်မည့် အင်အားတစ်ရပ်သည် ဘော့ဘ်၏ ကျောရိုးဆီမှနေ၍ သူ၏ ညာဘက်လက်သီးဆုပ်ဆီသို့ စီးဆင်းသွားပြီးနောက် ပြင်းထန်လှသော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်... !!
“ပြင်းထန်သော လက်သီးချက်”
ကြီးမားလှသော အသံကြီး ပဲ့တင်ထပ်သွားသည်။ မီတာရာကျော်အကွာရှိ သင်္ဘောပေါ်မှ ပင်လယ်ဓားပြများသည်ပင် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ ၎င်းတို့၏ နားစည်များသည် ထိုရိုက်ခတ်မှုကြောင့် သွေးထွက်လုမတတ် ခံစားလိုက်ရသည်။ ထိုအသံ ပြန့်လွင့်သွားသည်နှင့်အမျှ ရွှေခြေင်္သေ့၏ ခန္ဓာကိုယ်သည်လည်း မတ်မတ်မရပ်တည်နိုင်တော့ချေ။ ကြီးမားလှသော အင်အားသည် သူ၏ ဓားနှစ်စင်းမှတစ်ဆင့် စီးဆင်းသွားသည်။ တစ်ခဏချင်းတွင်ပင် ရွှေခြေင်္သေ့သည် ကြွေကျလာသော ဥက္ကာခဲတစ်ခုကဲ့သို့ ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့တော့သည်။
“ဝုန်း... !!”
ထိုအသံသည် ပဲ့တင်ထပ်သွားသည်။ မြေပြင်ပေါ်တွင် လူပုံသဏ္ဍာန် ကျင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၎င်း၏ ပတ်ပတ်လည်တွင် အက်ကြောင်းများ သိပ်သည်းစွာ ပြန့်နှံ့သွားခဲ့သည်။ ထိုကျင်းကြီးထဲမှ ရုန်းကန်ထွက်လာသော ရွှေခြေင်္သေ့သည် ယခင်ကကဲ့သို့ ခန့်ညားထည်ဝါသော ပုံရိပ်မျိုး မရှိတော့ချေ။ သူ၏ ရွှေရောင်ဆံပင်များတွင် မြေစာများ ဖုံးလွှမ်းနေပြီး သူ၏ ဝတ်ရုံနက်ကြီးသည်လည်း ပြင်းထန်သော လေတိုက်ခတ်မှုကြောင့် စုတ်ပြဲနေကာ သူ၏ အမှတ်အသားဖြစ်သော ဆေးလိပ်ကြီးကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့တော့ချေ။ ဒဏ်ရာအချို့မှ သွေးများ ဆက်လက်စီးကျနေဆဲဖြစ်ပြီး သူ၏ မျက်နှာသည်လည်း အလွန်အမင်း ပျက်ယွင်းနေသည်။
“မင်းက တကယ့်ကို မကောင်းဆိုးဝါးပဲ... အဟွတ်... အဟွတ်...”
ရွှေခြေင်္သေ့သည် ကျိန်ဆဲလိုက်ပြီးနောက် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။ သူ၌ ဘော့ဘ်ကဲ့သို့ ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး မရှိချေ။ ဤလက်သီးချက်တစ်ချက်တည်းကပင် သူ့ကို အတော်လေး ထိခိုက်သွားစေခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ... ဘော့ဘ်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် ရွှေခြေင်္သေ့ထက် များစွာ သာလွန်ကောင်းမွန်သော ပုံစံမျိုး မရှိသော်လည်း သူ၌ အင်အားများ ကျန်ရှိနေသေးသည်မှာ ထင်ရှားသည်။ ဖရိုဖရဲ ဖြစ်နေသော ရွှေခြေင်္သေ့ကို ကြည့်ကာ သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
“ဒါတင် မကသေးဘူး...”
“မင်း ခုနက ငါ့ကို ကစားရတာ အတော်လေး ပျော်ဖို့ကောင်းခဲ့တယ်မလား။ အခု ငါ့အလှည့်ပဲ။”
ဘော့ဘ်သည် ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ရွှေခြေင်္သေ့၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။ သူ၏ လက်သီးဆုပ်များသည် ရွှေခြေင်္သေ့၏ မျက်နှာဆီသို့ တိုက်ရိုက် ဦးတည်နေသည်။ ဘော့ဘ်၏ လက်သီးချက် အင်အားကို မျက်မြင်တွေ့ရှိခဲ့ရသဖြင့် ရွှေခြေင်္သေ့သည် ထိတ်လန့်သွားခဲ့ပြီး ယခုအချိန်၌ သူသည်အလွန်အမင်း အားနည်းနေသည်ဟု ခံစားနေရသည်။ သူသည် ထိပ်တိုက် မရင်ဆိုင်ချင်တော့ချေ။ သူ၏ ပထမဆုံး အတွေးမှာ သူ၏ နတ်ဆိုးသစ်သီး စွမ်းရည်ကို အသုံးပြု၍ ကောင်းကင်ယံသို့ ခုန်တက်ရန် ဖြစ်သော်လည်း သူ၏ ကြံ့ခိုင်မှု မလုံလောက်တော့သဖြင့် ထိုအရာကို မလုပ်ဆောင်နိုင်တော့ကြောင်း သိလိုက်ရသည်။ မျှော်လင့်ချက်မဲ့စွာဖြင့် သူသည် ဟာကီကို အသုံးပြုရန်ပင် မေ့လျော့နေပြီး မိမိလက်ထဲရှိ ဓားနှစ်စင်းဖြင့်သာ ကာကွယ်ရန် ကြိုးစားလိုက်ရတော့သည်။
ခတ္တမျှကြာပြီးနောက် ရွှေခြေင်္သေ့သည် မိမိ၏ ဓားများပေါ်တွင် ကြီးမားသော အင်အားတစ်ရပ်ကို ခံစားရခြင်း မရှိချေ။ ထို့နောက် သူ၏ လက်ထဲ၌ ဗလာဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ အိုတို နှင့် ကိုဂါရာရှီ တို့သည် သူ၏ လက်ထဲတွင် မရှိတော့ချေ။ ဘော့ဘ်ကို ပြန်လည်ကြည့်ရှုလိုက်သောအခါ ထိုဓားနှစ်စင်းသည် ဘော့ဘ်၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေတော့သည်။