အပိုင်း (၁၉) ဆက်တိုက်လာနေသော သာမန်လက်သီး။
တောက်လောင်နေသော နေရောင်ခြည်အောက်၊ လေငြိမ်သက်နေသည့် ကျွန်းတစ်ကျွန်းပေါ်တွင် ဘော့ဘ် နှင့် ရွှေခြင်္သေ့ တို့ကြောင့် လေစီးကြောင်းများ ထလှုပ်ခတ်နေသဖြင့် ထိုခိုက်အတန့်တွင် ပင်လယ်ဓားပြများ၏ အင်္ကျီစွန်းများမှာ အရူးအမူး လွင့်ပျံနေကြလေသည်။ လေထုထဲ၌ ရွှေရောင်ဓားအရှိန်အဝါနှင့် လူရိပ်တစ်ခုသည် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်နှုန်းဖြင့် တစ်ဦးနှင့်တစ်ဦးဆီသို့ ပြေးဝင်သွားကြ၏။ ထိတွေ့မိသည့် ကာလတွင် ဘော့ဘ် ၏ လက်နှစ်ဖက်မှ နီရဲသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ထိုစက္ကန့်ပိုင်းအတွင်း ရွှေရောင်ဓားအရှိန်အဝါနှင့် ထိပ်တိုက်တွေ့ချိန်၌ သူသည် မြစ်ချောင်းများကို လိပ်တင်၊ တောင်တန်းများကို လှုပ်ခါပစ်နိုင်လောက်သည့် အားအင်မျိုးဖြင့် လက်မောင်းများကို အားစိုက်ထုတ်ကာ ထိုဓားအရှိန်အဝါကို လက်နက်မဲ့ ခွန်အားသက်သက်ဖြင့် ဆွဲဖြဲပစ်လိုက်လေသည်။"
ဗုန်း!!
ထိုအခိုက်အတန့်တွင် ဗဟိုချက်မဆီမှ ကြီးမားလှသော အသံကြီးတစ်သံ ပေါက်ကွဲထွက်လာခဲ့သည်။ တောင်ပြိုကျသကဲ့သို့ အုန်းအုန်းမြည်သော မိုးချိန်းသံကြီးသည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေခဲ့၏။ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည် နေမင်းကြီး အောက်သို့ စိုက်ဆင်းလာသကဲ့သို့ ဗဟိုချက်မမှ ပွင့်ထွက်လာပြီး ပျက်စီးသွားသော ဓားအရှိန်အဝါသည် ပြင်းထန်သော အရှိန်အဝါကို ဆောင်ယူလျက် အပြင်ဘက်သို့ ပျံ့နှံ့သွားလေသည်။ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ကျောက်ဆောင်များ၊ သစ်ပင်များနှင့် မြေပြင်တို့သည် ထိုဖျက်ဆီးတတ်သော စွမ်းအားကြောင့် လုံးဝဥဿုံ ပျက်စီးသွားခဲ့ရ၏။ မြေပြင်ပေါ်တွင်လည်း အက်ကြောင်းများ ထင်ကျန်နေခဲ့ပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်နေကြသော ပင်လယ်ဓားပြများမှာ အားလုံး ကြက်သေ သေသွားကြလေသည်။ အကယ်၍သာ သူတို့ ခေါင်းဆောင် ၏ အချိန်ကိုက် ဝင်ရောက်စွက်ဖက်မှု မရှိခဲ့လျှင် ဤတိုက်ခိုက်မှုမှ လွင့်စင်လာသည့် လက်ကျန်စွမ်းအားများသည် အနီးအနားရှိ ပင်လယ်ဓားပြ အမြောက်အမြားကို သတ်ဖြတ်ရန် လုံလောက်လှပေသည်။
"ရိုးရိုးခန္ဓာကိုယ် ခွန်အားသက်သက်နဲ့ ဓားအရှိန်အဝါကို ဆွဲဖြဲပစ်နိုင်တာ... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ။"
မုတ်ဆိတ်ဖြူ သည် လုံးဝ ထိတ်လန့်အံ့ဩသွားခဲ့ရ၏။ ရွှေခြင်္သေ့ ၏ ခုတ်ချက်လှိုင်းအောက်တွင် ဘော့ဘ် သည် ရှောင်တိမ်းရန် မရွေးချယ်ဘဲ ၎င်း၏ ခန္ဓာကိုယ်ဖြင့် ကြံ့ကြံ့ခံရင်ဆိုင်သည်ကို သူ မြင်လိုက်ရသဖြင့် အလွန်အမင်း အံ့ဩသွားရခြင်း ဖြစ်သည်။ မုတ်ဆိတ်ဖြူ သည် ရွှေခြင်္သေ့ နှင့် ယခင်က အကြိမ်ကြိမ် တိုက်ခိုက်ဖူးခဲ့သည်။ သူသည် ထိုခုတ်ချက်လှိုင်း၏ စွမ်းပကားကို ကောင်းစွာ သိရှိထား၏။ ဤတိုက်ကွက်ကို ရင်ဆိုင်ရတိုင်း သူသည် ၎င်းကို ခံနိုင်ရည်ရှိရန် သူ၏ တုန်ခါမှုသစ်သီး စွမ်းရည်ကို အသုံးပြုခဲ့ရသည်။ ၎င်းကို ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ပတ်ဝန်းကျင်ရှိ ပင်လယ်ဓားပြများလည်း ထို့အတူပင် အံ့ဩတုန်လှုပ်နေကြလေသည်။ ဘောဘ့်လက်ဗလာဖြင့် ဆုတ်ဖြဲလိုက်တဲ့တိုက်ကွက်ဟာ ရွှေခြင်္သေ့ ၏ အမှတ်သညာပြု တိုက်ကွက် ဖြစ်သည်။ ၎င်းက ရိုးရိုးလေးနှင့် မတရားလွန်းလှ၏။တိုက်ခိုက်မှုရဲ့ လက်ကျန်ရိုက်ခတ်မှုလောက်တင်ပဲ သူတို့အတွက် ခုခံဖို့ ခက်ခဲလွန်းနေသည်ဖြစ်ရာ... ရွှေခြင်္သေ့ ထံမှ အားအပြည့်ပါသော ခုတ်ချက်လှိုင်းကြီးကိုမူ ပြောနေရက်စရာပင် မလိုတော့ချေ။
တစ်ချိန်တည်းမှာပင် သူတို့ တုန်လှုပ်နေကြစဉ်အတွင်း ဘော့ဘ် ၏ လက်များပေါ်တွင် ပေါ်လာသော နီရဲသည့် အလင်းတန်းအကြောင်းကိုလည်း ဝေဖန်ဆွေးနွေးနေကြသည်။ ဝမ်ကျိ နှင့် အခြား တပ်ခွဲမှုး များလည်း ချွင်းချက်မဟုတ်ခဲ့ချေ။ သူတို့ တစ်ယောက်ချင်းစီက မျက်မှောင်ကြုတ်ထားကြပြီး စောစောက ပေါ့ပါးသွက်လက်မှုများ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
"အဲဒီကောင်လေး ဘော့ဘ် က ရွှေခြင်္သေ့ ရဲ့ ခုတ်ချက်လှိုင်းကို တကယ်ပဲ သူ့လက်တွေနဲ့ တားဆီးလိုက်တယ်ဟ။"
"အဲဒီ မည်းနက်နေတဲ့ လက်တွေက သံမဏိခန္ဓာဟာကီ နဲ့ ဖုံးအုပ်ထားတာပဲ။"
"ဒါပေမဲ့ အဲဒီ မည်းနက်နေတဲ့ လက်တွေကို ရစ်ပတ်ထားတဲ့ အနီရောင်ကတော့ အဆင့်မြင့် ဘုရင်အရှိန်အဝါဟာကီ လို့ ထင်ရတယ်"
လူအတော်များများက တီးတိုး ဝေဖန်ဆွေးနွေးနေကြသည်။ သူတို့အားလုံးမှာ ဘော့ဘ် ၏ စောစောက စွမ်းဆောင်ရည်ကြောင့် အံ့ဩနေကြရ၏။ ဘော့ဘ် တွင် သန်မာသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အားကောင်းသော ခန္ဓာကိုယ်တစ်ခု ရှိကြောင်း သူတို့ သိထားကြသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ မည်မျှအထိ သန်မာလာသည်ကို သဘောပေါက်သွားကြသည်။ အဆင့်မြင့် ဘုရင်အရှိန်အဝါဟာကီ ကို သူတို့သည် ခေါင်းဆောင် ရော့ခ် ၏ သွန်သင်ပြသမှုအောက်တွင် ယခင်က မြင်ဖူးခဲ့ဖူးသည်။ သို့သော် ဘော့ဘ် က ၎င်းကို အမှန်တကယ် အသုံးပြုနိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြချေ။ ဤအရာမှာ အချို့သော တပ်ခွဲမှုး များပင်လျှင် ကျွမ်းကျင်အောင် မတတ်မြောက်ထားကြသေးသည့် ဟာကီ အမျိုးအစား ဖြစ်သည်။
ထိုခိုက်အတန့်တွင် တိုက်ပွဲကွင်းပြင်ရှိ ရွှေခြင်္သေ့ သည်လည်း ထိတ်လန့်သွားခဲ့ပြီး စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိ၏။
'ဒီကောင်လေးမှာ ဒီလောက် အားကောင်းတဲ့ ဘုရင်အရှိန်အဝါဟာကီ ရှိနေပြီး သူ့ရဲ့ သံမဏိခန္ဓာဟာကီ ကလည်း ဒီအဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ တကယ်ကို အစွမ်းအစတွေကို လျှို့ဝှက်ထားတာပဲ'
သူ့မျက်နှာချင်းဆိုင်ရှိ ဘော့ဘ် ကို စိုက်ကြည့်ရင်း သူ၏ မျက်နှာအမူအရာက ပိုမို တည်ကြည်လေးနက်လာခဲ့သည်။
"ဘော့ဘ်... မင်းက ငါ့ကို အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်တာပဲ"
"ဒါပေမဲ့ အခုတော့ ဒါကို အဆုံးသတ်ကြစို့။"
ထိုသို့ပြောပြီးနောက် ရွှေခြင်္သေ့ သည် ပျံသန်းမှုသစ်သီး ၏ စွမ်းအားများကို အသုံးချလိုက်သည်။ မီတာအနည်းငယ်မျှ မြင့်မားစွာ ခုန်တက်သွားခဲ့၏။ သူ၏ ကြွက်သားများက လှိုင်းထသွားပြီး သူ၏ အရှိန်အဝါကလည်း ရုတ်တရက် မြင့်တက်လာခဲ့သည်။ ဖိနှိပ်ထားသော ခံစားချက်ကြီးသည် ဒီရေလှိုင်းကဲ့သို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာလေသည်။
"ခြင်္သေ့အချက်တစ်ထောင်ခုတ်ချက်!!"
ဟိန်းဟောက်သံနှင့်အတူ ရွှေခြင်္သေ့ ၏ ခန္ဓာကိုယ်သည် လေထုထဲ၌ မြင့်မားသော အရှိန်နှုန်းဖြင့် လည်ပတ်သွားခဲ့သည်။
ရှူး... ရှူး... ရှူး...
တောင်တန်းများကို ဖြတ်တောက်နိုင်စွမ်းရှိသော ဓားအရှိန်အဝါ အမြောက်အမြားသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး ယခင်ကထက် ပိုမိုများပြားကာ၊ ပိုမိုမြန်ဆန်ပြီး၊ ပိုမိုအားကောင်းလာခဲ့လေသည်။
"တောက်... ရွှေခြင်္သေ့ ရူးသွားပြီလား။ သူ အချက်တစ်ထောင်ခုတ်ချက်ကို တကယ်ပဲ သုံးနေတယ်ဟ။"
"ကျိန်စာတိုက်မိတာပဲ။ ဒီအတိုင်းဆိုရင် ဒီကျွန်းကြီး မြုပ်သွားလိမ့်မယ်။"
တွဲဖက်တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည့် တပ်ခွဲမှုး များသည် ယခုအခါ ဆဲဆိုနေကြပြီ ဖြစ်သည်။ သူတို့ကိုယ်တိုင်က အဆင်ပြေကြသော်လည်း သူတို့၏ အဖွဲ့သားများ ခံစားရလိမ့်မည် ဖြစ်၏။
"အားလုံးပဲ... မင်းတို့ရဲ့ တပ်ခွဲမှုးတွေ နောက်ကို ဝင်ကြ။ မြန်မြန်လုပ်။"
မုတ်ဆိတ်ဖြူ က အော်ဟစ်လိုက်ရာ သူ၏ အသံမှာ မိုးခြိန်းသံကဲ့သို့ ဖြစ်ပြီး ရောက်ရှိနေသူများ၏ နားထဲတွင် နာကျင်စွာ မြည်ဟည်းသွားခဲ့သည်။ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်စေရန် ဖြစ်၏။ သူ အော်ဟစ်နေစဉ်အတွင်း မုတ်ဆိတ်ဖြူ သည် သူ၏ တုန်ခါမှုသစ်သီး စွမ်းရည်ကို အသုံးပြုခဲ့သည်။ သို့ဖြစ်၍ ဘေးဘက်တွင် ရှိနေကြသော ပင်လယ်ဓားပြများသည် တိုက်ပွဲကွင်းပြင်သို့ ပြန်လာစဉ် အကာအကွယ်ကို ရှာဖွေသည့်အနေဖြင့် သူတို့၏ တပ်ခွဲမှုးများ နောက်ကွယ်တွင် တန်းစီရပ်လိုက်ကြလေသည်။
ရွှေခြင်္သေ့ ပစ်လွှတ်လိုက်သော ဓားအရှိန်အဝါများသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ဆောင်ယူလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ဘော့ဘ် ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။ တစ်ချိန်တည်းမှာပင် ဘော့ဘ် သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွားခဲ့၏။
ထိုခိုက်အတန့်တွင် ဘော့ဘ် သည် သူ၏အတွင်း၌ စိတ်ဓာတ်များ အရှိန်အဟုန်ပြင်းစွာ တက်ကြွလာသည်ကို ခံစားလိုက်ရသည်။ ဤအရာမှာ အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှ ရရှိလာသည့် စိတ်လှုပ်ရှားကြည်နူးမှု ဖြစ်သည်။ ယခင်က ဘော့ဘ် သည် အေးအေးဆေးဆေး ဖြတ်သန်းနေခဲ့သော်လည်း ထိုအရာက သူ့အတွင်း၌ စိတ်အားထက်သန်မှု မရှိဟု မဆိုလိုပေ။ သူသည် အန်နီမဲ ထဲမှ စိုင်တမ ကို သတိရမိသွားခဲ့၏။ မြေအောက်ဘုရင်နှင့် ရင်ဆိုင်ရစဉ်က ထိုတိုက်ခိုက်လိုစိတ် ပြင်းပြသည့် ခံစားချက်မျိုး ဖြစ်သည်။ ဘော့ဘ် သည်လည်း ၎င်းကို နားလည်သဘောပေါက်သွားပုံရ၏။
ယခု ရွှေခြင်္သေ့ ၏ အချက်တစ်ထောင်ခုတ်ချက်ကို ရင်ဆိုင်ရစဉ် ဘော့ဘ် သည် ရှောင်တိမ်းရန် အရိပ်အယောင်မျှပင် မပြဘဲ သူ၏ ကြွက်သားများက တုန်ခါနေခဲ့သည်။ ၎င်းတို့က စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲတစ်ခုကို တောင့်တနေကြခြင်း ဖြစ်၏။ သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားခဲ့သည်။ ဘော့ဘ် ၏ အကြည့်က လျှပ်စီးကြောင်းကဲ့သို့ ဖြစ်နေခဲ့၏။ သူထံမှ ပေါက်ကွဲထွက်လာသော ဟာကီသည် ပိုမို သိပ်သည်းလာခဲ့သည်။
"ဆက်တိုက်လာနေသော သာမန်လက်သီး"
နောက်တစ်စက္ကန့်တွင် ဘော့ဘ် သည် သူ၏ လက်သီးများကို ရှေ့သို့ လျင်မြန်စွာ လွှဲယမ်းလိုက်လေသည်။ လေထုထဲမှ အသံထက်မြန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ခေါင်းဆောင် များပင်လျှင် ပုံရိပ်ယောင်များကိုသာ မြင်တွေ့နိုင်လောက်အောင် မြန်ဆန်လှပေသည်။ ဝင်ရောက်လာသော ဓားအရှိန်အဝါများကို ဆက်တိုက်ဆိုသလို ရိုက်ခွဲပစ်ရာ ထက်မြက်ပြီး အားကောင်းလှသော ဓားအရှိန်အဝါများသည် ဘော့ဘ် ၏ မနားမနေ ထိုးနှက်ချက်များအောက်တွင် မူလက စူးရှတောက်ပသော အလင်းရောင်များ ဖြာထွက်နေရာမှ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရလေသည်။
နောက်ထပ် လျှပ်တပြက်အတွင်းမှာပင်...
"ချွမ် ချွမ် ချွမိ”
ဖန်ခွက်များ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသလိုအသံကြီးသည် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။ ဤဓားအရှိန်အဝါများသည် ဘော့ဘ် ၏ လက်သီးများအောက်တွင် ရက်ရက်စက်စက် အပိုင်းပိုင်းအပြတ်ပြတ် ကွဲကြေသွားခဲ့ရ၏။ဓားအရှိန်အဝါများ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားချိန်၌ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး... မမြင်ရသည့် ဘီလူးကြီးတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်သော လက်ဝါးကြီးကဲ့သို့ ထိုပတ်ဝန်းကျင်တစ်ခုလုံးကို မညှာမတာ ဖျက်ဆီးပစ်ရင်း ဖြတ်သန်းတိုက်ခတ်သွားလေသည်။ အဝေးမှ လှမ်းကြည့်မည်ဆိုပါက ထိုကျွန်း၏ အထက်ကောင်းကင်ယံတစ်ခုလုံးကို သိသိသာသာ မှောင်မိုက်သွားစေသည့် ကပ်ဘေးသင့် မိုးလေဝသ ကာလတစ်ခု ကျရောက်နေသည့်အလား ထင်မှတ်ရပေတော့သည်။