အပိုင်း (၁၇) ရွှေခြင်္သေ့၏ စိန်ခေါ်မှု
ရေတပ်ဘက်က အသည်းအသန် လှုပ်ရှားနေရမှုနှင့် နှိုင်းယှဉ်လျှင် ရော့ခ်ပင်လယ်ဓားပြအဖွဲ့ကမူ သိသိသာသာ ပို၍ စိတ်အေးလက်အေး ရှိနေကြသည်။ ရေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ပြီးနောက် ဒုတိယမြောက်နေ့ မွန်းတည့်ချိန်တွင် ဖြစ်သည်။ ကောင်းကင်ယံ၌ တိမ်တိုက်တစ်ကိုယ်မျှမရှိဘဲ နေမင်းသည် အထက်တွင် မြင့်မားစွာ သာယာနေပြီး ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေသည်။ တည်ငြိမ်နေသော ပင်လယ်ပြင်ထက်တွင် ရော့ခ်ပင်လယ်ဓားပြသင်္ဘောကြီးသည် တည်ငြိမ်စွာ ခရီးနှင်နေသည်။ သည်အချိန်တွင် သင်္ဘော၏ ကုန်းပတ်ပေါ်၌ အပေါ်အင်္ကျီမပါဘဲ လေ့ကျင့်ခန်းလုပ်နေသော လူတစ်ယောက် ရှိနေသည်။ သင်္ဘောဦးပိုင်းမှ သင်္ဘောပဲ့ပိုင်းအထိ အသွားအပြန် ပြေးလွှတ်ကာ လေ့ကျင့်ခန်းလုပ်နေခြင်းဖြစ်ပြီး သူသည် မရေမတွက်နိုင်သော အလှည့်ပတ်များကို ပြီးစီးအောင် ပြေးထားပြီး ဖြစ်သည်။
"တပ်ခွဲမှူး ဘော့ဘ်၊ လေ့ကျင့်ခန်း ပြန်လုပ်နေပြန်ပြီပဲ။"
"တပ်ခွဲမှူးက တကယ့်ကို စည်းကမ်းရှိတာပဲ။"
"ပုံမှန်လုပ်နေကျ အစီအစဉ်အရဆိုရင် ဒါ နောက်ဆုံးအဆင့် ဖြစ်ရမယ်။"
"..."
ဘော့ဘ် လေ့ကျင့်ခန်းလုပ်နေသည်ကို မြင်သော သင်္ဘောသားများသည် တစ်ယောက်တစ်ပေါက် စကားဆိုကြသည်။ သူတို့သည် သည်မြင်ကွင်းကို ကျင့်သားရနေပြီ ဖြစ်ပုံရသည်။ ရွက်လွှင့်လာခဲ့သည့် အချိန်ကတည်းက ဘော့ဘ်သည် ကြီးမားသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သင်္ဘောပေါ်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်အနည်းငယ်ခက်ခဲမှုရှိစေသည်။ ဒိုက်ထိုးခြင်းနှင့် အိပ်ထမတင်လုပ်ခြင်းတို့က အဆင်ပြေ သော်လည်း ကီလိုမီတာ တစ်ဆယ် ပြေးရန်မှာမူ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။ မိမိ၏ နေ့စဉ်လေ့ကျင့်ခန်း အစီအစဉ်ကို ထိန်းသိမ်းရန်နှင့် မိမိ၏ အကန့်အသတ်များကို အမြန်ဆုံး ကျော်ဖြတ်နိုင်ရန်အတွက် ဘော့ဘ်သည် နေ့တိုင်း ကုန်းပတ်ပေါ်တွင် အသွားအပြန် ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။ သို့သော်လည်း ဒါက အခြားပြဿနာတစ်ခုကို သယ်ဆောင်လာခဲ့သည်။ ထိုအရာကတော့ သူသည် အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံရလွယ်ခြင်းပင် ဖြစ်သည်။
"ဂီဟားဟားဟား။"
"ယို။ ဘော့ဘ်၊ ပြေးနေပြန်ပြီလား။"
ဘော့ဘ်တစ်ယောက် လေ့ကျင့်ခန်းလုပ်ရင်း ချွေးဒီးဒီးကျနေစဉ်မှာပင် ခပ်အက်အက် အသံတစ်သံ ထွက်ပေါ်လာသည်။ ခန့်မှန်းနေစရာပင် မလိုချေ။ သည်ရယ်သံကို ကြားရုံမျှဖြင့် ထိုလူသည် ရွှေခြင်္သေ့ ဖြစ်ကြောင်း ဘော့ဘ် သိလိုက်သည်။ အသံလာရာသို့ ကြည့်လိုက်လျှင် သည်အချိန်၌ ရွှေခြင်္သေ့သည် ပါးစပ်တွင် ဆေးပြင်းလိပ်တစ်လိပ်ကို ခဲထားပြီး လက်မောင်းကို ပိုက်ကာ အေးအေးလူလူ လမ်းလျှောက်လာနေသည်။
"ငါ ပြောပါရစေဦး၊ မင်း ငါ လေ့ကျင့်ခန်းလုပ်တာကို နေ့တိုင်း လာကြည့်နေတာ မပျင်းဘူးလား။"
"ငါ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အဲ့လောက်တောင် ဆွဲဆောင်မှု ရှိနေလို့လား၊ မင်းက ဂေးများ ဖြစ်နေတာလား။"
ရွှေခြင်္သေ့ အနားသို့ ချဉ်းကပ်လာစဉ် ဘော့ဘ်သည် အနည်းငယ် သက်ပြင်းချရင်း ခေါင်းကို ခါယမ်းလိုက်သည်။ ဒါက သူ ပထမဆုံးအကြိမ် လာခြင်းမဟုတ်ချေ။ ဘော့ဘ် သင်္ဘောပေါ်တွင် ပြေးနေသည်ကို မြင်ကတည်းက သူသည် လေ့လာစောင့်ကြည့်ရန် နေ့တိုင်းလိုလို ရောက်လာခဲ့သည်။ သင့်တင့်မျှတသော ကြံ့ခိုင်မှုက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ပြီး လွန်ကဲသော ကြံ့ခိုင်မှုက တူညီသောလိင်ကို ဆွဲဆောင်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ဘော့ဘ်ကမူ ထိုမျှလောက်အထိ ပြင်းထန်သော လေ့ကျင့်ခန်းကို လုပ်နေခြင်း မဟုတ်ချေ။ သည်ပင်လယ်ဓားပြ ကမ္ဘာတွင်မူ သည်ပမာဏသည် အခြေခံမျှသာ ရှိသေးသည်။
"လစ်လိုက်စမ်း။"
"မင်းက ငါ့ကို အဲ့လိုပြောဖို့ မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ။"
ရွှေခြင်္သေ့သည် ဆေးလိပ်ငွေ့တစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။ ဘော့ဘ် လေ့ကျင့်ခန်းလုပ်သည်ကို သူ လာကြည့်ရသည့် အဓိကရည်ရွယ်ချက်မှာ ကြွက်သားများကို လာရောက်ချီးမွမ်းရန် မဟုတ်ချေ။ ဘော့ဘ်၏ ကိုယ်ခံပညာနှင့် ခန္ဓာကိုယ်က အဘယ်ကြောင့် သည်မျှအထိ သန်မာနေရသနည်းဆိုသည်ကို သူ ဇဝေဇဝါ ဖြစ်နေရခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူ၏ နေ့စဉ်လေ့ကျင့်ခန်းများသည် သည်ပမာဏမျှသာ ရှိပြီး အခြေခံအကျဆုံး လေ့ကျင့်ခန်းအချို့သာ ဖြစ်နေသည်။ ထို့ကြောင့် စုစုစပ်စပ် ရှိလှသော ရွှေခြင်္သေ့သည် ဘော့ဘ်၏ လေ့ကျင့်ခန်းလုပ်နည်းကို စောင့်ကြည့်ခြင်းဖြင့် အဖြေကို ရှာဖွေချင်နေခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် သူသည် ထူးခြားသော အရာတစ်ခုကိုမျှ ရှာမတွေ့ခဲ့ချေ။
"တကယ်ပါပဲ၊ မင်းက သည်လိုမျိုးပဲ လေ့ကျင့်နေပြီး ဘယ်လိုလုပ် သန်မာလာတာလဲ။"
ရွှေခြင်္သေ့သည် သူ၏ မေးစေ့ကို လက်ဖြင့်ပွတ်သပ်ရင်း ဘော့ဘ်၏ အရှေ့တွင် အသွားအပြန် လမ်းလျှောက်နေပြီး အနုပညာလက်ရာတစ်ခုကို အမွှမ်းတင်နေသည့်အလား ကြည့်နေသည်။ ရွှေခြင်္သေ့၏ ပြင်းထန်သော အကြည့်ကို ခံစားရသဖြင့် ဘော့ဘ်သည် ချမ်းစိမ့်စိမ့်ပင် ဖြစ်သွားရသည်။ 'အောက်မေ့ဖူးပါ့... ရွှေခြင်္သေ့ရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေပါလိမ့်...'
"ဘော့ဘ်၊ ငါနဲ့ တိုက်ခိုက်စမ်း။"
ရုတ်တရက် ရွှေခြင်္သေ့သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ၏ မျက်လုံးများ လင်းလက်သွားကာ ထိတ်လန့်စရာ ကမ်းလှမ်းချက်တစ်ခုကို ပြုလုပ်လိုက်သည်။ အနီးနားရှိ ပင်လယ်ဓားပြအချို့သည် ဒါကို ကြားပြီး သိသိသာသာ ဆွံ့အသွားကြသည်။ စကားဝိုင်း အလှည့်အပြောင်းက အလွန် စိတ်စောလွန်းလှသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက စကားကောင်းနေပြီး ယခုမူ သူ့ကို စိန်ခေါ်နေပြီလား။
"လစ်လိုက်စမ်း။"
ဒါကို ကြားသောအခါ ဘော့ဘ်သည် မျက်လုံးကို အပေါ်ပင့်လိုက်ပြီး သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။
"ဂီဟားဟားဟား။"
"ဘော့ဘ်၊ ငြင်းဖို့ သည်လောက် မစောပါနဲ့ဦး။"
"ရော့ခ်ပင်လယ်ဓားပြအဖွဲ့မှာ တပ်ခွဲမှူးတွေဟာ တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်ပိုင်ခွင့် ရှိတယ်၊ ဒါက တပ်ခွဲမှူးတွေရဲ့ သန်မာမှု အဆင့်အတန်းကို သေချာစေဖို့ပဲ။"
"ဒါ့အပြင်..."
"ရော့ခ်ပင်လယ်ဓားပြအဖွဲ့ရဲ့ တပ်ခွဲမှူးတစ်ယောက်အနေနဲ့ မင်းဟာ တကယ့် တိုက်ပွဲတစ်ခု လိုအပ်တယ် ခံစားရတယ်။"
ရွှေခြင်္သေ့သည် ဘော့ဘ်၏ အမူအရာကြောင့် စိတ်မဆိုးဘဲ ဆက်၍ စကားဆိုသည်။ အမှန်စင်စစ် ရော့ခ်ပင်လယ်ဓားပြအဖွဲ့သို့ ဝင်ရောက်ကတည်းက ဘော့ဘ်၏ သန်မာမှုသည် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်း ခံခဲ့ရသည်။ ယခင်တိုက်ပွဲတွင် သူသည် ကိုင်ဒိုကို အနိုင်ယူခဲ့သော်လည်း သာမန်အလုပ်သင် သင်္ဘောသားတစ်ဦးနှင့် တိုက်ခိုက်ခြင်းက သူသည် ခေါင်းဆောင်တစ်ဦး၏ သန်မာမှု ရှိသည်ကို သက်သေမပြနိုင်ချေ။ နောက်ဆက်တွဲ စွမ်းဆောင်ရည်များတွင်လည်း ဘော့ဘ်သည် သူ၏ စွမ်းရည်များကို အရိပ်အမြွက်မျှသာ ပြသခဲ့သည်။ သူ၏ သန်မာမှုသည် အခြားသူများကို ယုံကြည်စေရန် ခက်ခဲစေပြီး သန်မာမှုကို အလေးထားသော ရော့ခ်ပင်လယ်ဓားပြအဖွဲ့တွင် မလိုအပ်သော ပြဿနာများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ ဒါကို တွေးမိသောအခါ ဘော့ဘ်၏ မျက်လုံးများ ရွေ့လျားသွားပြီး အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"စည်းကမ်းချက်က ဘာလဲ။"
"စည်းကမ်းချက်ကတော့... မင်း ရှုံးရင် မင်း ဘယ်လိုလုပ် သည်လောက် သန်မာလာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြရမယ်။"
ရွှေခြင်္သေ့သည် သူ၏ နောက်ဆုံးပန်းတိုင်ကို ဖော်ထုတ်ရင်း မျက်လုံးကို မှေးလိုက်သည်။ သူကိုယ်တိုင် စဉ်းစား၍ မရနိုင်သောကြောင့် သက်ဆိုင်သူနှင့် တိုက်ရိုက် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ပြီးတော့ မင်း ရှုံးရင်ကော။"
ဘော့ဘ်သည် ရွှေခြင်္သေ့ကို ကြည့်ရင်း သူ၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အပြန်အလှန် မေးခွန်းထုတ်လိုက်သဖြင့် သူ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
"ဟားဟားဟား၊ တကယ့် ဟာသပဲ၊ ငါက ရှုံးရမယ် ဟုတ်လား။"
"မင်း ရေတပ်ဗိုလ်ချုပ်ဒုတိယအဆင့် တစ်ယောက်ကို သတ်ခဲ့ရုံနဲ့ မင်းကိုယ်မင်း ထူးခြားလှပြီလို့ မထင်လိုက်နဲ့၊ အဲ့ဒီ အခြေစိုက်စခန်းက ကောင်တွေကို ငါ ဓားတစ်ချက်တည်းနဲ့ အများကြီး ခုတ်ချပစ်နိုင်တယ်။"
ရွှေခြင်္သေ့သည် အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ခန္ဓာကိုယ်ကြီး တုန်ခါနေအောင်အထိ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ ခဏကြာပြီးနောက်တွင် သူသည် ရယ်မောခြင်းကို ရပ်လိုက်ပြီး ဆက်ပြောသည်။
"ငါ ရှုံးရင် မင်း ကြိုက်တဲ့ စည်းကမ်းချက်ကို သတ်မှတ်နိုင်တယ်။"
"အို။"
ဘော့ဘ်သည် ဒါကို ကြားသောအခါ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဒါက အလွန် ဆွဲဆောင်မှုရှိသော စည်းကမ်းချက်တစ်ခု ဖြစ်ပုံရသည်။ သူ၏ သန်မာမှု လျှို့ဝှက်ချက်က သည်လေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု သူက ကိုယ်တိုင် တွေးနေသဖြင့် ဒါက တကယ်ပင် ထူးခြားမှု မရှိချေ။ ထို့အပြင် စိုင်တမ(ကိုကတုံး)ခန္ဓာကိုယ် တည်ဆောက်ပုံကို အခြားသူများ အတုယူ၍ မရနိုင်ချေ။ အချို့သောအချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် ဘော့ဘ်က "မင်းရဲ့ စိန်ခေါ်မှုကို ငါ လက်ခံတယ်" ဟု ပြောလိုက်သည်။
"ဂီဟားဟားဟား။"
"ကောင်လေး၊ ငါ မင်းရဲ့ လျှို့ဝှက်ချက်ကို မျှော်လင့်နေမယ်။"
ရွှေခြင်္သေ့သည် ဘော့ဘ်၏ ပုခုံးကို ပုတ်ရင်း အားရပါးရ ရယ်မောလိုက်သည်။ သူသည် ရှုံးနိမ့်နိုင်ခြေကို လုံးဝ ထည့်မစဉ်းစားခဲ့ချေ။ တကယ့် ဟာသပင်။ ရော့ခ်ပင်လယ်ဓားပြအဖွဲ့တွင် ရော့ခ်ကိုယ်တိုင်မှလွဲ၍ မည်သူမျှ သူ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု ရွှေခြင်္သေ့ မယုံကြည်ချေ။ မုတ်ဆိတ်ဖြူ ပင်လျှင် မတတ်နိုင်ချေ။ ထို့ကြောင့် သူသည် ဘော့ဘ်၏ လျှို့ဝှက်ချက်ကို ရရှိနိုင်တော့မည်ဟု ယုံကြည်ချက် အပြည့် ရှိနေသည်။ တစ်ချိန်တည်းမှာပင် ဘော့ဘ် လေ့ကျင့်နေသည်ကို စောင့်ကြည့်နေသော ပင်လယ်ဓားပြများသည် ဘော့ဘ်နှင့် ရွှေခြင်္သေ့တို့၏ စကားပြောသံကို ကြားသောအခါ အားလုံး ထိတ်လန့်သွားကြသည်။ တပ်ခွဲမှူး နှစ်ယောက်ကြားက တိုက်ပွဲသည် သာမန်တိုက်ပွဲ မဟုတ်ချေ။ ထို့ကြောင့် တစ်ယောက်မှတစ်ယောက် သတင်းဖြန့်ရင်း သင်္ဘောတစ်စင်းလုံးသို့ သတင်းပြန့်နှံ့သွားရန် အချိန်အများကြီး မကြာခဲ့ချေ။ ကုန်းပတ်ပေါ်တွင် လူများဖြင့် ပြည့်နှက်သွားပြီး အားလုံးက ပွဲကောင်းတစ်ပွဲကို မျှော်လင့်နေသော အမူအရာများဖြင့် ဘော့ဘ်နှင့် ရွှေခြင်္သေ့ကို ကြည့်နေကြတော့သည်။