အပိုင်း (၁၂) ဒါဆိုရင် ကျွန်တော် တစ်ချက်လောက် စမ်းကြည့်တာပေါ့
ရော့ခ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဘော့ဘ် တစ်ယောက် ကြောင်အမ်းသွားပြီး စိတ်ထဲကနေ ရေရွတ်မိသည်။
'ကျိန်စာတိုက်မိတဲ့အတိုင်းပဲ။ ခင်ဗျား တကယ်ကြီး နောက်နေတာ မဟုတ်ဘူးပဲ။ ကျွန်တော် ဘာမှတောင် အဆင်သင့်မဖြစ်သေးဘူး!'
အနားမှာ ရှိနေကြတဲ့ ကျန်တဲ့လူတွေလည်း အံ့အားသင့်သွားကြသည်။ သူ ဘာကို ဆိုလိုတာလဲ။ ဘော့ဘ်ရဲ့ သိုင်းပညာ ကောင်းမွန်ကြောင်း လူတိုင်း သိထားကြသော်လည်း ခေါင်းဆောင်က သူ့ကို ထိုကဲ့သို့ အကွက်မျိုး ထုတ်ပြခိုင်းခြင်းသည်... ဒါက တမင်တကာ သိက္ခာချဖို့ လုပ်နေတာ မဟုတ်ပါလား။ ထိုအကွက်ကို ထုတ်နိုင်ရန် ဘုရင်အရှိန်အဝါဟာကီ နိုးထရုံတင်မကဘဲ ပြင်ပသို့ ထုတ်လွှတ်နိုင်စွမ်းပါ ရှိဖို့ လိုအပ်သည်။
လူအများက အမျိုးမျိုး တွေးတောမှန်းဆလာကြသည်။ စောစောက အခန်းထဲမှာ ဘော့ဘ်နှင့် ခေါင်းဆောင်တို့အကြား တစ်စုံတစ်ခု ပဋိပက္ခဖြစ်ပွားခဲ့ပုံရသည်ဟု ထင်ကြ၏။ ထို့ကြောင့် ခေါင်းဆောင်က လူအများရှေ့တွင် ဘော့ဘ်ကို အရှက်ခွဲချင်နေခြင်း ဖြစ်ပေလိမ့်မည်။ အချို့က ထိုသို့ တွေးမိကာ ဘော့ဘ်ကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေကြသည်။ သူတို့ အလိုချင်ဆုံးအရာမှာ ပါရမီရှင်ဟု အမွှန်းတင်ခံထားရသူ အရှက်ကွဲသွားသည်ကို မြင်တွေ့ရဖို့ပင်။
ဝါရင့်ပင်လယ်ဓားပြအဖွဲ့ဝင်များကမူ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ အကယ်၍ ဘော့ဘ်နှင့် ရော့ခ်တို့ အဆင်မပြေပါက သူ၏ တပ်ခွဲမှုး ရာထူးသည်လည်း မြဲပါတော့မလား။ အချိန်မရွေး အောက်ကလူတစ်ယောက်ယောက်နှင့် အစားထိုးခံရနိုင်ပေသည်။
ရော့ခ်ရဲ့ စကားကို စဉ်းစားနေကြသည့် တပ်ခွဲမှုးအချို့မှာလည်း အနည်းငယ် အံ့အားသင့်နေကြသည်။ သို့သော် သူတို့က အခြားလူများလိုတော့ မတွေးတောကြချေ။ ရော့ခ်ရဲ့ အကြောင်းကို ကောင်းကောင်းနားလည်ထားသူများ ဖြစ်ကြသည်။ အကယ်၍ ခေါင်းဆောင်က ထိုသို့ ပြောလာသည်ဆိုလျှင် အကြောင်းရင်းတစ်ခုခု ရှိရမည်။ ဘော့ဘ်သည် ဘုရင်အရှိန်အဝါဟာကီ နိုးထနေခဲ့ပြီလား။
မုတ်ဆိတ်ဖြူသည် တစ်စုံတစ်ခုကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။ စောစောက ရော့ခ်နှင့် ထိပ်တိုက်တွေ့ခဲ့သည့် အခြားသော အရှိန်အဝါတစ်ခုသည် ဘော့ဘ်ရဲ့ ဘုရင်အရှိန်အဝါဟာကီ ဖြစ်နေဖို့ အခွင့်အလမ်း အလွန်များပြားသည်။
ထိုသို့ တွေးမိသည်မှာ မုတ်ဆိတ်ဖြူ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော အရာရှိကြီးများလည်း ဤအချက်ကို သဘောပေါက်သွားကြသည်။ သူတို့အားလုံး ဆွံ့အမှင်တက်နေသော မျက်နှာပေးများဖြင့် ဘော့ဘ်ကို လှမ်းကြည့်လိုက်ကြသည်။
"ခေါင်းဆောင်... ကျွန်တော့်ကို အဲဒီအကွက် ထုတ်ပြစေချင်တာ သေချာလို့လား"
ဘော့ဘ်က လေသံကို ခပ်မှန်မှန် ထိန်းကာ သေချာအောင် ထပ်မံ မေးမြန်းလိုက်သည်။
"ဘာလဲ... ငါ့ကို ဒုတိယအကြိမ် ထပ်ပြောခိုင်းနေတာလား"
ရော့ခ်သည် အနားတွင် လက်ပိုက်လျက် ထိုင်နေရင်း အေးတိအေးစက် ပြန်ပြောလိုက်သည်။ သူ၏ အသံတွင် အာဏာစက်နှင့် ထူးကဲသော ဖိအားများ ပြည့်နှက်နေသည်။
ဘော့ဘ်က ဘေးပတ်ဝန်းကျင်ရှိ လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများပေါ်တွင် အမျိုးမျိုးသော အမူအရာများကို မြင်တွေ့ရသည်။ သို့သော် ထိုအကြည့်အားလုံးကို စကားလုံးတစ်လုံးတည်းဖြင့် အဓိပ္ပာယ်ဖွင့်ရလျှင် 'မျှော်လင့်စောင့်စားခြင်း' ဟု ဆိုရမည်။
ဘော့ဘ်က ပခုံးတွန့်လိုက်သည်။ အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီမို့ ဘာပဲဖြစ်ဖြစ် သူ ရှေ့ဆက်ရတော့မည်။
"နားလည်ပါပြီ!"
ထိုစကားလုံးများ သူ၏ နှုတ်ဖျားမှ ထွက်လာသည်နှင့်တစ်ပြိုင်နက်...
ဘော့ဘ်ရဲ့ အရှိန်အဝါသည် ရုတ်တရက် ထိုးတက်လာပြီး ပြင်းထန်သော ဖိအားများ ပတ်ဝန်းကျင်သို့ လျှံထွက်လာသည်။ သူသည် လူတိုင်း၏ ရှေ့မှောက်တွင် ဘုရင်အရှိန်အဝါဟာကီကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
ဖြစ်ပေါ်လာသော လေစီးကြောင်းကြောင့် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ စောစောက ရော့ခ် ထုတ်ပြခဲ့သည့် လွှမ်းမိုးချုပ်ကိုင်မှုမျိုးလောက် မပြင်းထန်သော်လည်း သိသိသာသာကို အရှိန်အဝါကြီးမားလှသည်။ အနားတွင် ရှိနေကြသော အချို့သော ပင်လယ်ဓားပြများသည် ဤမြင်ကွင်းကို ကြည့်ရင်း တောင့်ခံနိုင်ရန် ရုန်းကန်နေကြရသည်။
ရော့ခ်သည် ထိုဟာကီ ထွက်ပေါ်လာမှုကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ စောစောက အခန်းထဲတွင် ရှိခဲ့စဉ်ကထက် ပိုမို အားကောင်းလာသည်။မိမိ အသုံးပြုပြခဲ့တာကို တစ်ချက်ကြည့်ရုံနဲ့တင် ဘော့ဘ်က အဓိကသော့ချက်ကို သဘောပေါက်သွားပုံရသည် တကား။တကယ့် သတ္တဝါဆန်းကြီးပါပဲ။
ဝါရင့်အဖွဲ့ဝင်အချို့မှာမူ ပို၍ပင် တုန်လှုပ်ချောက်ချားသွားကြသည်။ ဤလူသစ်သည် တကယ်ပဲ ထိုမျှလောက် အံ့မခန်းဖွယ်ကောင်းသော ဘုရင်အရှိန်အဝါဟာကီကို ပိုင်ဆိုင်ထားသည်လား။ သူက အသက် ဘယ်လောက်ပဲ ရှိသေးလို့လဲ။ သူတို့သည် ကြယ်ပွင့်အသစ်တစ်ပွင့် ထွန်းတောက်လာမှုကို ကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
"ဂူရာရာရာရာ!"
"ဘော့ဘ် ဒီလိုအရာမျိုး ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ သူ ဘုရင်အရှိန်အဝါဟာကီ နိုးထနေပြီဆိုတာကို ငါတောင် မသိခဲ့ဘူးပဲ!"
မုတ်ဆိတ်ဖြူသည် အတော်လေး အံ့အားသင့်သွားရသည်။ ဘော့ဘ်ကို သိုင်းပညာပဲ တော်တာဟု သူ အမြဲ တွေးထားခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ဤကဲ့သို့သော ဝှက်ဖဲ ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ အရာပင်။
အနားတွင် ရပ်နေသည့် ရွှေခြေင်္သေ့ ရှီကီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိတ်လိုက်သည်။
ဘော့ဘ်သည် ဟာကီများကို အပြင်သို့ ထုတ်လွှတ်ထားရင်း ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားမှုကို အာရုံစိုက် ခံစားကြည့်နေသည်။ သူ၏ စိတ်ထဲတွင် စောစောက ရော့ခ် လှုပ်ရှားသွားပုံများကို ပြန်လည် ပုံဖော်နေသည်။ ကွင်းပြင်ကျယ်ကြီးရဲ့ ဘေးတွင် ရှိနေသော ကျောက်တုံးကြီးတစ်တုံးကို မျက်နှာမူလျက် သူသည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"ဘုန်း!!"
လက်သီးချက်ရဲ့ ပြင်းအားကြောင့် လေထု ဖိသိပ်သွားပြီး စူးရှသော အသံကြီးတစ်သံ ဟိန်းထွက်သွားသည်။ ထူးကဲသော အရှိန်အဝါများ ဖုံးလွှမ်းနေသည့် လက်သီးချက်သည် တစ်ခဏချင်းအတွင်းမှာပင် ထိုဧရာမ ကျောက်တုံးကြီးဆီသို့ ရိုက်ခတ်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေး၌ ခိုင်ခံ့စွာ တည်ရှိနေသော ကျောက်တုံးကြီးသည် အစအနမကျန် အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားခဲ့သည်။ လွင့်စင်လာသော ကျောက်စကျောက်နအချို့သည် ပင်လယ်ဓားပြအချို့၏ မျက်နှာများကို လာမှန်သဖြင့် သွေးစွန်းသော ဒဏ်ရာများပင် ရရှိသွားကြသည်။
"အမလေး ဘုရားရေ! ဘော့ဘ်က ဘယ်လို သတ္တဝါဆန်းကြီးလဲ"
"ဘုရင်အရှိန်အဝါဟာကီ ဟုတ်လား။ ဒီကောင်က တကယ်ပဲ လူသစ်ဟုတ်လို့လား"
"ဒီဘက်ခေတ် လူငယ်တွေက သီးသန့် အသစ်သွန်းလုပ်ထားတဲ့အတိုင်းပဲလား။ အစက ကိုင်ဒို၊ အခုကျတော့ ဘော့ဘ်က ပိုပြီးတော့တောင် ထူးဆန်းနေသေးတယ်!"
"အခုမှပဲ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ငါ နားလည်နိုင်တော့တယ်။ ဘော့ဘ်ကို တပ်ခွဲမှုးအဖြစ် ရာထူးတိုးပေးတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်!"
"..."
ပင်လယ်ဓားပြများသည် ဘော့ဘ်ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်ဆူညံလာကြသည်။ အစပိုင်းက သူ့ကို လှောင်ပြောင်ချင်နေကြသည့် အဖွဲ့ဝင်အချို့ပင်လျှင် ယခုအခါတွင်မူ ချီးမွမ်းခန်းဖွင့်နေကြပြီ ဖြစ်သည်။
ဤမျှ ငယ်ရွယ်ပြီး ခွန်အားရော အလားအလာပါ ကြီးမားလှသည့် လူငယ်။ သူသည် ရော့ခ်ပင်လယ်ဓားပြအဖွဲ့ရဲ့ အဓိက အရေးပါသူတစ်ဦး ဖြစ်လာရန် သေချာသလောက် ရှိနေချေပြီ။ ထို့ကြောင့် သူတို့အနေဖြင့် ဘော့ဘ်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရန် သတ်မှတ်လိုက်ရတော့သည်။
ဘော့ဘ်အပေါ် မနာလိုဖြစ်နေခဲ့ကြသည့် ဝါရင့်အဖွဲ့ဝင်ကြီးများပင်လျှင် သူ၏ စွမ်းအားကို ဝန်ခံလိုက်ရသည်။ သူတို့သည် ဘော့ဘ်အပေါ် ထားရှိသော ရန်လိုမှုများကို ဘေးဖယ်ထားလိုက်ကြတော့သည်။
ရော့ခ်ပင်လယ်ဓားပြအဖွဲ့တွင် အခြားလူများထက် အနည်းငယ်မျှသာ သာလွန်နေပါက မနာလိုမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ရင်ဆိုင်ရနိုင်သည်။ သို့သော် သင်၏ ခွန်အားသည် သူတို့ လှမ်းမမီနိုင်လောက်အောင် ကွာခြားလွန်းလှလျှင်မူ... သင် ရရှိမည့်အရာမှာ သူတို့၏ ခန့်ညားရိုသေမှုသာ ဖြစ်ပေလိမ့်မည်။
"မဆိုးဘူး! တစ်ကြိမ်တည်း ကြည့်ရုံနဲ့ တတ်မြောက်သွားတာပဲ။ မင်းရဲ့ ခွန်အားက လိုအပ်ချက် ရှိနေသေးပြီး တိုးတက်ဖို့ နေရာအများကြီး လိုသေးပေမဲ့လည်းပေါ့!"
"ဒါပေမဲ့ မင်း ဒါကို လုပ်ပြနိုင်ခဲ့တယ်ဆိုကတည်းက မင်းရဲ့ ပါရမီကို သက်သေပြလိုက်တာပဲ!"
ရော့ခ်က ဘော့ဘ်ဆီသို့ လျှောက်လာပြီး သူ၏ ပခုံးကို ပုတ်ပေးလိုက်သည်။
မူလကမူ ရော့ခ်သည် ဘော့ဘ်ကို အဖွဲ့ဝင်များရှေ့တွင် ဘုရင်အရှိန်အဝါဟာကီ ထုတ်ပြစေချင်ရုံသာ ဖြစ်သည်။ ထိုသို့ဖြင့် ဘော့ဘ် တပ်ခွဲမှုးအဖြစ် ရာထူးတိုးမြှင့်ခြင်းအပေါ် ကန့်ကွက်မှုများကို ငြိမ်သက်သွားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဘော့ဘ်က တစ်ကြိမ်တည်း ပြသရုံမျှဖြင့် ထိုနည်းစနစ်ကို တုပနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ဒါက သူ့အတွက်တော့ နောက်ထပ် ဝမ်းသာစရာ အံ့ဩမှုတစ်ခုပင်။
ရော့ခ်နှင့် မတူဘဲ... အနားတွင် ရပ်နေသည့် ကိုင်ဒိုကမူ သူ၏ လက်သီးကို တင်းတင်းဆုပ်ထားသည်။ ယခုအချိန်တွင် သူသည် ဘုရင်အရှိန်အဝါဟာကီ မနိုးထသေးသလို၊ နတ်ဆိုးသစ်သီးကိုလည်း မစားသုံးရသေးပေ။
မိမိနှင့် အသက်အရွယ်တူလောက်သာ ရှိသေးသော ဘော့ဘ်ကို ကြည့်ရင်း သူသည် ဘေးလူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သို့သော် သူသည် ယင်းကြောင့် စိတ်ဓာတ်ကျမသွားခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပိုမို သန်မာလာစေရန် သူ၏ စိတ်ပိုင်းဖြတ်မှုကိုသာ ပိုမို ခိုင်မာစေခဲ့သည်။ မိမိတွင် ခွန်အား လိုအပ်နေသေးသည်ကို သိရှိသွားပြီးနောက် သူသည် ဘော့ဘ်ကို ကျော်ဖြတ်ရမည့် ပန်းတိုင်အဖြစ် သတ်မှတ်လိုက်တော့သည်။
နောင်နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ကိုင်ဒိုတစ်ယောက် ထိုပန်းတိုင်ကို မည်သည့်အခါမျှ လှမ်းမမီနိုင်တော့မည်ကိုမူ သူ ကိုယ်တိုင်လည်း မသိရှိခဲ့ချေ။