အခန်း ၃၃ - ပြီးပြည့်စုံသော နိဂုံး
"ဝူး..."
စုဟန်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏လက်ချောင်းများကို ရှေ့သို့ အားပါပါဖြင့် လှမ်းဖမ်းလိုက်သည်။ ပူနွေးနီရဲပြီး အားအင်အပြည့်ရှိသော စွမ်းအင်များသည် ခုန်ပေါက်နေသော မီးလျှံများကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်လာပြီး နေရောင်အောက်တွင် ရိပ်ခနဲ အရိပ်များ ကျန်ရစ်ခဲ့သည်။ အပေါ်ယံရှိ စိမ်းလန်းစိုပြည်သော သစ်ကိုင်းများသည် ရှဲရှဲမြည်သွားပြီးနောက် လူကြီးတစ်ဦး၏ လက်ကောက်ဝတ်ခန့် အထူရှိကာ တစ်မီတာကျော် ရှည်လျားသော သစ်ကိုင်းတစ်ကိုင်းသည် ကောင်းကင်ယံမှ ပြုတ်ကျလာပြီး စုဟန်၏လက်ထဲသို့ ရောက်ရှိသွားသည်။
ပိုမိုပြင်းထန်လာသော သန့်စင်သောယန် ကျင့်စဉ်၏ စစ်မှန်သောခွန်အားများသည် ထိုသစ်ကိုင်းကြီးအတွင်းသို့ စီးဝင်သွားသည်။
ရှူး...။
သစ်ကိုင်းဆီမှ အငွေ့အမည်းများ အလိပ်လိုက် တက်လာသည်။ ၎င်းသည် မီးဖိုထဲတွင် ထည့်၍ ဖုတ်ခြင်း ခံလိုက်ရသကဲ့သို့ အတွင်းရှိ အစိုဓာတ်များမှာ လျင်မြန်စွာ ခမ်းခြောက်သွားသည်။
ဂျောက်!
သစ်ကိုင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မီးသွေးခဲအမည်းများအဖြစ် မြေပြင်ပေါ်သို့ ကြွေကျသွားလေသည်။
"ဒါက မီးအဆိပ် ရဲ့ အစွမ်းပဲ။ သစ်ပင်ပေါ်က ခုတင်တင် ခုတ်ယူထားတဲ့ သစ်ကိုင်းစိုကိုတောင် ချက်ချင်း မီးကျွမ်းသွားစေတာပဲ။ တကယ်လို့ ဒီမီးဆိပ်နဲ့ ရောနှောနေတဲ့ သန့်စင်သောယန် စွမ်းအားတွေသာ လူ ဒါမှမဟုတ် မိစ္ဆာတစ်ကောင်ရဲ့ အသွေးအသားထဲကို စီးဝင်သွားမယ်ဆိုရင်..."
ထိုမြင်ကွင်းကို စဉ်းစားမိရုံနှင့် စုဟန်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရသည်။ လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် သန့်စင်သောယန် စွမ်းအားများသည် ပြိုင်ဘက်၏ ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက် ဖုတ်ကင်ပစ်နိုင်မည် ဖြစ်သည်။ အကယ်၍ တိုက်ပွဲကသာ အနည်းငယ် ကြာမြင့်သွားပြီး ထူးခြားသော ကာကွယ်ရေးနည်းလမ်း မရှိပါက ပြိုင်ဘက်၏ သွေးများ ခမ်းခြောက်သွားကာ အလောင်းခြောက်ကြီးအဖြစ်သို့ ပြောင်းလဲသွားပေလိမည်။
"မိစ္ဆာကျင့်စဉ်တွေက တကယ့်ကို အနိုင်ကျင့်လွန်းတဲ့ ကျင့်စဉ်တွေပဲ" ဟု စုဟန် မပြောဘဲ မနေနိုင်တော့ပေ။
အမှန်စင်စစ် မီးဆိပ်သည် ယခုမျှ ပြင်းထန်နေရခြင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ယန်အစွန်းရောက်အမည်းရောင် မိစ္ဆာကျင့်စဉ့် နှင့် ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက အဆိပ်နီကျင့်စဉ် တစ်ခုတည်းဖြင့်ဆိုလျှင် မီးဆိပ်က သေစေနိုင်လောက်သော်လည်း စုဟန်၏ အစွမ်းကဲ့သို့ အဆမတန် ပြင်းထန်မည် မဟုတ်ပေ။
ကျန်ရှိနေသော အမှတ် (၃၀) ကို သူ မတွန့်ဆုတ်ဘဲ အသစ်ပေါင်းစပ်ထားသော အနီအစွန်းရောက်အမည်းရောင် မိစ္ဆာကျင့်စဉ် အတွက် အသုံးပြုလိုက်ရာ အဆင့် (၉) မှ အဆင့် (၁၀) သို့ တက်လှမ်းသွားသည်။ ထိုအမှတ် (၃၀) စလုံး ကုန်ဆုံးသွားသော်လည်း ယခုတစ်ကြိမ်တွင် အထူးအာနိသင် ကော်လံ၌ မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
စုဟန် မျက်လုံးမှိတ်၍ အာရုံခံကြည့်လိုက်ရာ သူ၏ အလုံးစုံသော အင်အားများသည် ၃၀ ရာခိုင်နှုန်းခန့် တိုးပွားလာကြောင်း ခံစားလိုက်ရသည်။ သို့သော်လည်း အရည်အသွေးပိုင်းဆိုင်ရာ ထူးခြားသော ပြောင်းလဲမှု ဖြစ်ပေါ်ရန်အတွက်မူ ယခုအင်အားသည် မလုံလောက်သေးပေ။
"နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှ ဖြစ်မှာထင်တယ်" ဟု စုဟန် ခန့်မှန်းလိုက်သည်။
သူသည် အမှတ်စာရင်းကို ပြန်ကြည့်လိုက်ရာ ကျင့်စဉ်နှစ်ခု၏ အထောက်အပံ့ကြောင့် သွေးကြောဗီဇပြောင်းလဲမှု ဖြစ်စဉ်သည် ၇၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းနီးပါးအထိ ခုန်တက်သွားသည်ကို တွေ့ရသည်။ ဝေဝါးမှုနှင့် ရှင်းလင်းမှုကြားတွင် စုဟန်သည် ပြည့်စုံတော့မည့် ခံစားချက်ကို ရရှိလိုက်သည်။
"နောက်လာမယ့် ရက်ပိုင်းအတွင်းမှာတင် အဆင့်တက်တော့မှာပဲ။ မြန်ရင် ငါးရက် ခြောက်ရက်၊ နှေးရင်လည်း လဝက်ထက် မကျော်နိုင်ဘူး"
စုဟန်သည် ဤတိုးတက်မှုအပေါ် များစွာ ကျေနပ်မိသည်။ သို့သော်... ရေနတ်ဘုရားမိစ္ဆာ၏ အသွေးအသားများမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ကျားသစ်ဖြူ၏ အသွေးအသား အနည်းငယ် ကျန်ရှိနေသေးသော်လည်း များများစားစား မဟုတ်တော့ပေ။ ထို့ပြင် စစ်မှန်သော မိစ္ဆာများနှင့် နှိုင်းယှဉ်လျှင် ကျားသစ်ဖြူ၏ အသွေးအသားမှာ များစွာ နိမ့်ကျလွန်းသည်။
ဟေးခွေတောင်တန်း သည်လည်း မြူဖြူများဖြင့် ဖုံးလွှမ်းနေသဖြင့် 'အသားမျှင် မိစ္ဆာပင်' ၏ အသားကို ရယူရန် မဖြစ်နိုင်ပေ။ စုဆောင်းထားသော အသွေးအသားများ အားလုံး ကုန်ဆုံးသွားချိန်တွင် မိစ္ဆာအသစ်များကို မသတ်နိုင်ပါက အမှတ်များ စုဆောင်းရခြင်းမှာ များစွာ နှေးကွေးသွားပေလိမ့်မည်။
"အရင်ကတော့ အဲဒီ မြူမိစ္ဆာက ကျားသစ်ဖြူပဲလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အတွေ့အကြုံအရ ငါ့အထင် မှားနေတယ်ဆိုတာ သိလိုက်ရပြီ။ ကျားသစ်ဖြူကလွဲရင် ဟေးခွေတောင်မှာ ရှိနိုင်တဲ့ တစ်ခုတည်းသော မိစ္ဆာက အသားမျှင် မိစ္ဆာပင်ပဲ။ သူ့အသားကို ငါ အများကြီး စားခဲ့ဖူးပေမဲ့ သူ့ရဲ့ ပုံစံအစစ်အမှန်ကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး..."
"မြူမိစ္ဆာနဲ့ အသားမျှင် မိစ္ဆာပင်... သူတို့ကြားမှာ ထူးခြားတဲ့ ဆက်နွှယ်မှု တစ်ခုခု ရှိနေမလား?"
"ဒါမှမဟုတ် မြူမိစ္ဆာကိုယ်တိုင်က အသားမျှင် မိစ္ဆာပင်လို အမျိုးအစားမျိုး ဖြစ်နေမလား!"
စုဟန်သည် အဝတ်ဖြူသန့်သန့် တစ်ထည်ဖြင့် ခြေထောက်မှ ရွှံ့များကို သုတ်လိုက်ပြီး ခြေအိတ်နှင့် ဖိနပ်ကို ပြန်စီးကာ အိမ်ထဲသို့ ဝင်ခဲ့သည်။ နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် သပ်ရပ်နေသော စားပွဲပေါ်သို့ ဖြာကျနေသည်။ စားပွဲပေါ်တွင် မြို့နယ်မှတ်တမ်းစာအုပ် အထူကြီးတစ်အုပ်နှင့် ၎င်းကြားထဲတွင် ညှပ်ထားသော စာတစ်စောင် ရှိနေသည်။
စုဟန်သည် ထိုစာကို ဖွင့်ဖတ်လိုက်သည်။ လက်ရေးမှာ အနည်းငယ် ကစဥ်ကလျား ဖြစ်နေသည်။ ခဏအကြာတွင် စုဟန်သည် စာကို ပြန်လိပ်ပြီး ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်မှ သစ်ပင်ရိပ်များကို ကြည့်ရင်း စုဟန်၏ တွန့်ချိုးနေသော မျက်ခုံးတန်းများမှာ တဖြည်းဖြည်း ပြေလျော့သွားပြီးနောက် နောက်ဆုံးတွင် အားရပါးရ ရယ်မောလိုက်တော့သည်။
"ဒါဆိုရင်တော့... ဒီအခွင့်အရေးကို သုံးပြီး မမကို အားလုံး ရှင်းပြရတော့မှာပဲ။ ဒီအတိုင်းကြီး ဆွဲထားလို့ မဖြစ်တော့ဘူး"
... ... ...
ညနေခင်းအချိန်သို့ ရောက်ရှိလာသည်။
စုအိမ်တော်၏ ရှေ့ဘက် မြေညီလမ်းမကျယ်ပေါ်တွင် စုဟန်သည် အလွန်ထူထဲပြီး ကျယ်ဝန်းသော မြင်းရထားပေါ်သို့ တက်လိုက်ရာ ရထားမှာ သိသိသာသာ နိမ့်ဆင်းသွားပြီး တကျွီကျွီ မြည်သံ ထွက်ပေါ်လာသည်။
လီစီး ကွယ်လွန်သွားပြီးနောက် စုဟန်၏ နေ့စဉ်သွားလာမှုများအတွက် သန်မာပြီး ကျွမ်းကျင်သော ရထားမောင်းသမား အသစ်တစ်ဦး ရောက်ရှိလာသည်။ ထိုသူ၏ အမည်မှာ ဝမ်လင်း ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက 'သံသဲလက်ဝါး' ဟုခေါ်သော ပြင်ပအားစိုက် ကျင့်စဉ်တစ်ခုကို သင်ယူခဲ့သူ ဖြစ်ပြီး သူ၏ လက်ဝါးများသည် သာမန်လူထက် ပိုမိုကြီးမားကာ အားအင် အလွန်တောင့်တင်းသည်။ သိုင်းလောက အဆင့်အတန်းအရဆိုလျှင် သူ့ကို ပထမတန်းစား ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
"သွားစို့!"
ဝမ်လင်း၏ ကြီးမားသော လက်ဝါးသည် နှင်တံကို ဆွဲယူကာ မြင်း၏ နောက်ကျောကို လွှဲရိုက်လိုက်သည်။ ငွေစ တစ်ထောင်တန် မြင်းကြီးသည် ဟီးသံပေးကာ ခေါင်းငုံ့လျက် လေးလံသော ရထားကို မြို့ပြင်ဘက်သို့ ခက်ခဲစွာ ဆွဲခေါ်သွားလေသည်။ ရထားသည် ကျောက်ပြားခင်း လမ်းမကျယ်ပေါ်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဝင်လုဆဲဆဲ နေရောင်အောက်တွင် စုလီ နှင့် ရှောင်ချင် တို့၏ ပုံရိပ်များသည် လမ်းတစ်ဖက်ခြမ်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
"သူ ထွက်သွားပြီ" ညနေစောင်းဖြစ်သော်လည်း ရှောင်ချင်မှာ ဆီစိမ်စက္ကူထီးကို ဆောင်းထားဆဲ ဖြစ်သည်။
"သတင်းရထားတာကတော့ သူ မှောင်ခိုစျေးကို ကျင့်စဉ်တချို့ သွားဝယ်တာတဲ့။ သွားပြန်ဆိုရင် တစ်နာရီလောက်တော့ ကြာလိမ့်မယ်"
စုလီသည် လက်သီးကို တင်းတင်းဆုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် အနည်းငယ် စိုးရိမ်နေပုံရသည်။ "ဒီအချိန်ဆိုရင် ဟိုဝင်းထဲက လျှို့ဝှက်ချက်ကို စုံစမ်းဖို့ လုံလောက်ပါတယ်"
"အင်း" ရှောင်ချင် ခေါင်းညိတ်ပြသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက သူတို့သည် စုဟန်၏ နေ့စဉ်သွားလာမှုကို စုံစမ်းခဲ့ကြသည်။ စုဟန်သည် အိမ်တော်တွင် နေလေ့မရှိဘဲ ကျိုထောင်လမ်း ရှိ ဝင်းငယ်တစ်ခုတွင်သာ ကျင့်ကြံနေတတ်ကြောင်း သူတို့ သိရှိခဲ့ရသည်။ စုလီသည် ထိုဝင်းသို့ ရောက်ဖူးသော်လည်း အပေါ်ယံကြည့်လျှင် ထူးခြားမှု မရှိပေ။
သို့သော် သူတို့ အနီးကပ် သွားကြည့်သောအခါ 'မိစ္ဆာရှာ ကိရိယာ' မှာ တုံ့ပြန်မှု ပြသခဲ့သည်။ ၎င်းမှာ စုဟန် အချိန်အတော်ကြာ နေထိုင်ခဲ့သော ထိုဝင်းငယ်သည် ထင်သလောက် မရိုးရှင်းကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။
ထို့ပြင်... စုလီသည် အိမ်ရှိ အစေခံများထံမှ နောက်ထပ် သတင်းတစ်ခုကိုလည်း ကြားခဲ့ရသည်။ ရေနတ်ဘုရားမိစ္ဆာ သေဆုံးသွားသည့်ညက လက်သမားတစ်စုသည် ထိုဝင်းထဲတွင် မြေအောက်ခန်းတစ်ခု ဆောက်လုပ်ခဲ့ကြသည်။ ထိုမြေအောက်ခန်း၏ ရည်ရွယ်ချက်ကိုမူ မည်သူမျှ မသိကြပေ။
လူအများ၏ အာရုံစိုက်မှုကို မခံလိုသဖြင့် စုလီသည် ပေါ်ပေါ်ထင်ထင် မစုံစမ်းနိုင်ခဲ့ပေ။ သို့သော် ရရှိထားသော အချက်အလက်များအရ စစ်မှန်သော လျှို့ဝှက်ချက်သည် ထိုလျှို့ဝှက်မြေအောက်ခန်းထဲတွင် ရှိနေမည်ဟု သူမ တွက်ဆထားသည်။
စဉ်းစားလေလေ စုလီ၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာလေလေပင်။ စုဟန်၏ လျှို့ဝှက်ချက်အပေါ် စပ်စုလိုစိတ်၊ အန္တရာယ်ကြားက ရင်ခုန်သံနှင့် မိမိမောင်လေးကို ကယ်တင်လိုသော အရေးတကြီး စိတ်ဆန္ဒများက သူမ၏ ရင်ထဲတွင် ပြည့်နှက်နေသည်။ ထိုစိတ်များကြောင့်ပင် သူမသည် မကြာသေးမီက သိသိသာသာ ပိန်ကျသွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ စုဟန်မှာ အလုပ်ကိစ္စဖြင့် ထွက်သွားပြီ ဖြစ်ရာ စုလီအတွက် ထိုဝင်းငယ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။
"ဟူး..." စုလီ အသက်ပြင်းပြင်း ရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
"အချိန်မဖြုန်းတော့ဘူး၊ အခုပဲ သွားကြစို့"
စုလီသည် ရှောင်ချင်ကို လက်ယပ်ခေါ်လိုက်ပြီး သူတို့နှစ်ဦးစလုံးသည် တံတိုင်းထောင့်ရှိ အရိပ်များထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြတော့သည်။