အခန်း (၉) - အံ့ဩမှင်တက်သွားတဲ့ အိုဘီတို
စာမေးပွဲမေးခွန်းကို အသည်းအသန် ဖြေဆိုနေတဲ့ အိုဘီတိုတစ်ယောက် သူတို့နှစ်ယောက်ရဲ့ စကားပြောသံကို ကြားလိုက်ရတဲ့အခါ ခေါင်းမော့ကြည့်မိပြီး ကြောင်အမ်းသွားခဲ့တယ်။ သူက ရှီစုအီ ကို မှတ်မိတာကိုး။ အုချီဟာ မျိုးနွယ်စုတွေက ကိုနိုဟာက သတ်မှတ်ပေးထားတဲ့ မျိုးနွယ်စုနယ်မြေထဲမှာ အတူတူ စုပေါင်းနေထိုင်ကြတာ ဖြစ်လို့၊ တစ်မျိုးဆက်တည်းသားချင်းဆိုရင် အတော်အသင့် သိကြပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်မိသားစုတည်းသားတွေပဲဥစ္စာ။ လူချင်း မဆုံဖူးရင်တောင်မှ အခြားသူတွေ ပြောတာကို ကြားဖူးကြတာပေါ့။ ဥပမာ - ရှီစုအီီလို ပါရမီရှင်မျိုးဆိုရင် လူကြီးတွေရဲ့ ပါးစပ်ဖျားမှာ "သူများအိမ်က ကလေး" အဖြစ် ခဏခဏ ပါလာတတ်တာမို့လို့ မမှတ်မိဘဲ နေဖို့က ခက်ခဲပါတယ်။
အိုဘီတိုအနေနဲ့ ဘာလို့ ရှီစုအီီက ဒီနေရာကို ရောက်နေရတာလဲ၊ ပြီးတော့ မူယွဲ့နဲ့လည်း အရမ်း ရင်းနှီးနေပုံရတာကို နည်းနည်း ဇဝေဇဝါဖြစ်သွားခဲ့တယ်။ 'ဆရာဟာနျူက ရှီစုအီီရဲ့ အဝေးကတော်စပ်တဲ့ ဆွေမျိုးများလား?' လို့ အိုဘီတိုရဲ့ စိတ်ထဲမှာ အဓိပ္ပာယ်မရှိတဲ့ အတွေးတစ်ခု ပေါ်လာခဲ့တယ်။
"ဆရာ... ကျွန်တော် ပြီးပြီဗျာ!"
အိုဘီတိုတစ်ယောက် အတွေးကမ္ဘာထဲ ရောက်နေတုန်းမှာပဲ သူ့ဘေးက မိုက်ဂိုင် က စိတ်အားထက်သန်စွာနဲ့ အော်ပြောလိုက်တယ်။
"ဒီလောက်တောင် မြန်တာလား?" အိုဘီတို ကြောင်သွားခဲ့တယ်။ သူ စဉ်းစားနေမိတာ သိပ်လည်း မကြာသေးပါဘူး၊ ဘာလို့ ဂိုင်က ချက်ချင်း ပြီးသွားတာလဲ။ အိုဘီတို စပ်စုချင်စိတ်နဲ့ ဘေးကို လှမ်းကြည့်လိုက်တဲ့အခါ မိုက်ဂိုင်က ရှေ့ဆုံးက အဖြေရွေးချယ်ရမယ့် မေးခွန်း သုံးခုပဲ ဖြေထားပြီး ကျန်တဲ့ မေးခွန်းတွေကို ကွက်လပ်အတိုင်း ထားခဲ့တာကို တွေ့လိုက်ရတယ်။
အိုဘီတို ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ ဘာလို့လဲဆိုတော့ တစ်အုပ်လုံးမှာ မေးခွန်း ဆယ်ခုပဲ ရှိတာဖြစ်ပြီး ၄ ခုက အဖြေရွေးရတာ၊ ၆ ခုက စာပြန်ရေးရတာ ဖြစ်လို့ပါ။ သူကိုယ်တိုင်လည်း မေးခွန်းအများကြီး မဖြေတတ်ဘူး ဆိုပေမဲ့လည်း၊ စာမေးပွဲစာရွက်ကို ကြည့်ကောင်းအောင်လို့ အနည်းဆုံးတော့ အပြည့်ဖြည့်စွက်ထားတတ်တာမျိုးပါ။
မိုက်ဂိုင် ပြောတာကို ကြားရတဲ့အခါ မူယွဲ့ လျှောက်လာခဲ့ပြီး ဂိုင်ရဲ့ အဖြေတွေ မှန်၊ မမှန် စစ်ဆေးပေးခဲ့တယ်။ သုံးခု ဖြေထားတဲ့အထဲမှာ နှစ်ခုက မှားနေပြီး ပထမဆုံး မေးခွန်းတစ်ခုပဲ မှန်ပါတယ်။
"တောင်းပန်ပါတယ်ဆရာ၊ ကျွန်တော်..." မိုက်ဂိုင်က သူဖြေထားတဲ့ သုံးခုထဲက နှစ်ခုတောင် မှားနေတာကို မြင်ပြီး ခဏလောက် ဘာပြောရမှန်း မသိဖြစ်သွားခဲ့တယ်။
"ရပါတယ်၊ မလုပ်တတ်တာက သဘာဝကျပါတယ်ကွာ။ မင်းတို့သာ အကုန်လုပ်တတ်နေရင် ဆရာက သင်ပေးနေစရာ မလိုတော့ဘူးပေါ့" လို့ မူယွဲ့က ပြုံးပြီး အားပေးလိုက်တယ်။ "ကိုယ့်ရဲ့ ရမှတ် နည်းနေရုံနဲ့တင် စိတ်မပျက်ပါနဲ့ဦး။ အမြင်တစ်ခုကို ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ မင်းမှာ တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီး ရှိနေသေးတာပဲ။ ဘာပဲဖြစ်ဖြစ် ရမှတ် ၅ မှတ်ကနေ ၂၅ မှတ် ဖြစ်အောင် လုပ်ရတာက ၈၀ မှတ်ကနေ ၁၀၀ မှတ် ဖြစ်အောင် လုပ်ရတာထက် ပိုပြီး လွယ်ကူတာ သေချာတာပေါ့။"
မူယွဲ့ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ မိုက်ဂိုင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အားအင်တွေ ပြန်ပြည့်လာခဲ့တယ်။ အမြဲတမ်း အညံ့ဆုံး ကျောင်းသားအဖြစ် သတ်မှတ်ခံရပြီး ပစ်ပယ်ထားခြင်း ခံခဲ့ရတဲ့ သူ့ဘဝမှာ သူ့အဖေကလွဲရင် အခြားသူတစ်ယောက်ဆီကနေ အားပေးစကား အကြံဉာဏ်ကို ရရှိခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။
"ဆရာ ပြောတာ အမှန်ပဲဗျာ၊ ကျွန်တော့်မှာ တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိသေးတယ်!" မိုက်ဂိုင်က ရုတ်တရက် စိတ်အားထက်သန်မှုတွေ ပြည့်နှက်သွားခဲ့တယ်။ မူယွဲ့ရဲ့ နောက်ထပ် ရှင်းပြချက်တွေကိုလည်း မိုက်ဂိုင်တစ်ယောက် အရမ်းကို အလေးအနက်ထားပြီး နားထောင်ခဲ့ပါတယ်။ နားလည်ရ ခက်ခဲရင်တောင်မှ သူ အစွမ်းကုန် နားလည်အောင် ကြိုးစားခဲ့တယ်။
နောက်တစ်ယောက်ကတော့ အိုဘီတိုပေါ့။ အိုဘီတိုက မေးခွန်း ခြောက်ခု ဖြေထားပေမဲ့ နှစ်ခုပဲ မှန်ပါတယ်။ မူယွဲ့က မိုက်ဂိုင်ကို လုပ်ပေးခဲ့သလိုမျိုးပဲ အိုဘီတိုကိုလည်း အရင်ဆုံး အားပေးစကားပြောပြီးမှ မေးခွန်းအကြောင်းကို ရှင်းပြခဲ့တယ်။ ရှင်းပြပြီးတဲ့နောက် မူယွဲ့က ပုံစံတူ မေးခွန်းဟောင်း နောက်ထပ် နှစ်စောင်ကို ထုတ်ပြီး သူတို့နှစ်ယောက်ဆီ ပေးလိုက်ပြန်တယ်။
"နောက်ထပ် လုပ်ရဦးမှာလား..." အိုဘီတိုက ညည်းတွားလိုက်ရင်း ဘေးနားမှာ မီးလျှံစွမ်းရည်ကို စတင်လေ့ကျင့်နေတဲ့ ရှီစုအီီဆီကနေ မျက်လုံး မလွှဲနိုင် ဖြစ်နေခဲ့တယ်။
"မီးလျှံစွမ်းရည်·မီးလုံးကြီးအတတ်!"
ရှီစုအီီက လျင်မြန်စွာ လက်ဟန်ပြုလုပ်လိုက်ပြီး ပါးစပ်ကနေ နှစ်မီတာလောက် မြင့်တဲ့ မီးလုံးကြီးတစ်လုံးကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ အဲဒီမီးလုံးကြီးက မြစ်ပြင်ဆီကို ပြေးဝင်သွားခဲ့တယ်။
ကြီးမားလှတဲ့ မီးလုံးကြီးကို ကြည့်ပြီး အိုဘီတိုတစ်ယောက် အံ့ဩချီးကျူးမိသွားခဲ့တယ်၊ သူဟာ မျိုးနွယ်စုထဲမှာ နာမည်ကြီးတဲ့ ပါရမီရှင် ဖြစ်တာ တကယ်ပဲ မဆန်းပါဘူးလို့ တွေးလိုက်မိတယ်။ အုချီဟာ တစ်ယောက်အနေနဲ့ သူကိုယ်တိုင်လည်း ဒီမီးလုံးကြီးအတတ်ကို သုံးတတ်တာပါပဲ။ ဒါပေမဲ့ သူ့ရဲ့ မီးလုံးကြီးရဲ့ အရွယ်အစားနဲ့ စွမ်းအားက ရှီစုအီီနဲ့ နှိုင်းယှဉ်ရင်တော့ မီးခိုးလုံးလေးအဆင့်ပဲ ရှိတာမို့လို့ပါ။
'သူကလည်း ကာကာရှီလို ပါရမီရှင်မျိုးလား?' မိုက်ဂိုင်က ဘေးကနေ ရှီစုအီီကို မသိပေမဲ့လည်း ရှီစုအီီရဲ့ ပုံစံနဲ့ ရုပ်ရည်ကို ကြည့်လိုက်တယ်။ သူက အလွန်ဆုံးရှိမှ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ပဲ ရှိဦးမှာပါ။ ဒီလောက်အရွယ်နဲ့ ဒီလောက် သန်မာတဲ့ နင်ဂျာအတတ်ကို သုံးနိုင်တာကို ဂိုင် တကယ်ပဲ အံ့ဩသွားခဲ့ရတယ်။ ဒါက မိုက်ဂိုင်ကို သူ့ရဲ့ ကမ္ဘာဦးရန်သူလို့ သတ်မှတ်ထားတဲ့ ကာကာရှီကို ပြန်သတိရသွားစေခဲ့တယ်။
နင်ဂျာကျောင်းမှာ ကျောင်းတက်ရက် သုံးခွဲစနစ် ရှိပါတယ်။ ပထမ ကျောင်းတက်ရက်က ဧပြီလကနေ ဇူလိုင်လအထိ ဖြစ်ပြီး၊ အဲဒီနောက် နွေရာသီကျောင်းပိတ်ရက် ရှိပါတယ်။ ဒုတိယ ကျောင်းတက်ရက်က စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ဖြစ်ပြီး၊ အဲဒီနောက် ဆောင်းရာသီကျောင်းပိတ်ရက် ရှိပါတယ်။ တတိယ ကျောင်းတက်ရက်ကတော့ ဆောင်းရာသီ ကျောင်းပိတ်ရက်အပြီးမှာ စတင်တာပါ။ ကာကာရှီက ဒုတိယ ကျောင်းတက်ရက်တောင် မပြီးသေးခင်မှာတင် ကျောင်းစောစောပြီးဖို့ လျှောက်ထားခဲ့ပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပါရမီအဆင့်အတန်းကို စိတ်ကူးကြည့်လို့ ရနိုင်ပါတယ်။ အခုအချိန်မှာ ရှီစုအီက မိုက်ဂိုင်ကို ကာကာရှီရဲ့ ငယ်စဉ်က ပုံစံမျိုး ခံစားရစေခဲ့တာ ဖြစ်ပါတယ်။
ချက်ချင်းဆိုသလိုပဲ ရှီစုအီီက နဂါးမီးအတတ်ကို ဆက်လက် လေ့ကျင့်ခဲ့ပြန်တယ်။ ရှီစုအီီက အခြား မီးလျှံစွမ်းရည် နင်ဂျာအတတ်တွေကိုပါ တတ်မြောက်နေတာကို မြင်တော့ မိုက်ဂိုင် ပိုပြီးတော့တောင် အံ့ဩသွားခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ သူ ကျောင်းမှာ သင်ပေးတဲ့ အခြေခံကိုယ်ပွားအတတ် သုံးမျိုးကို သုံးနှစ်တောင် လေ့ကျင့်ခဲ့ရပြီး အခုမှပဲ မနည်း တတ်မြောက်သေးလို့ပါပဲ။
ကောင်းကင်ထက်မှာ ဝဲပျံနေတဲ့ မီးနဂါးကို ထိန်းချုပ်နေတဲ့ ရှီစုအီကို ကြည့်ပြီး အိုဘီတို အရမ်း အားကျမိသွားခဲ့တယ်။ တကယ်လို့ သူသာ ဒါမျိုး လုပ်နိုင်မယ်ဆိုရင် လင်းကို သေချာပေါက် အထင်ကြီးအောင် လုပ်နိုင်မှာပဲ။
"ပထမဆုံးအကြိမ်ထက်စာရင် ပုံသဏ္ဌာန်ပြောင်းလဲခြင်းပိုင်းမှာ အများကြီး တိုးတက်လာတာကို တွေ့ရတယ်။ မီးနဂါးက ပိုပြီး မြန်ဆန်လာတယ်။ မနေ့က အိမ်ပြန်ရောက်တော့ အများကြီး လေ့ကျင့်ခဲ့တာ ထင်တယ်" လို့ မူယွဲ့က သုံးသပ်ချီးကျူးလိုက်တယ်။
"အဓိကကတော့... ဆရာမူယွဲ့ရဲ့ လေ့ကျင့်ရေးလမ်းညွှန်စာအုပ်က ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့လို့ပါခင်ဗျာ" လို့ မူယွဲ့ရဲ့ ချီးကျူးမှုကို ကြားရတဲ့အခါ ရှီစုအီီက ပြုံးပြီး ပြောလိုက်တယ်။
"ဆရာ မင်းကို နောက်တစ်ကြိမ် ထပ်ပြီး ပြသပေးမယ်။" မူယွဲ့ ရှီစုအီီရဲ့ ရှေ့ကို လျှောက်သွားခဲ့ပြီး လက်နှစ်ဖက်ကို ပူးလိုက်ကာ သူ့ခန္ဓာကိုယ်ထဲက ချာကာရာတွေကို လျင်မြန်စွာ စုစည်းပြီး ဖိသိပ်လိုက်ပါတော့တယ်။
တစ်စက္ကန့်အတွင်းမှာပဲ သူ ပါးစပ်ဖွင့်လိုက်ပြီး ပြင်းထန်လှတဲ့ မီးနဂါးကြီး သုံးကောင်ကို ချက်ချင်း ထုတ်လွှတ်လိုက်တယ်။ ပြင်းပြင်းထန်ထန် တောက်လောင်နေတဲ့ ကြီးမားလှတဲ့ မီးနဂါးကြီး သုံးကောင်ကို ကြည့်ပြီး အိုဘီတိုတစ်ယောက် ပါးစပ်အဟောင်းသားနဲ့ မှင်တက်သွားခဲ့ရတယ်။ လွန်ခဲ့တဲ့ တစ်စက္ကန့်က သူ ရှီစုအီီရဲ့ နဂါးမီးအတတ်ကို အရမ်းမိုက်တယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ မူယွဲ့ရဲ့ နဂါးမီးအတတ် ထွက်လာပြီးတဲ့နောက်မှာတော့ အိုဘီတိုရဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့ပါပြီ။
သူတို့နှစ်ယောက် သုံးစွဲနေတဲ့ နင်ဂျာအတတ်က တစ်ခုတည်း ဟုတ်ကောဟုတ်ရဲ့လားလို့ တွေးစရာပါပဲ။ ရှီစုအီ ထုတ်လွှတ်တဲ့ မီးနဂါးနဲ့ မူယွဲ့ ထုတ်လွှတ်တဲ့ မီးနဂါးကတော့ ရိုးရိုးမြွေနဲ့ နဂါးကြီးလိုမျိုး ကွာခြားလွန်းနေလို့ပါပဲ၊ ပြီးတော့ ဘာလို့ မြန်နှုန်းကလည်း ဒီလောက်တောင် မြန်နေရတာလဲ? လက်ဟန်တောင် မလုပ်လိုက်ရသလိုမျိုးပါပဲ။
ကြီးမားလှတဲ့ မီးနဂါးကြီး သုံးကောင်က ကောင်းကင်ထက်မှာ လျင်မြန်စွာ ဝဲပျံနေခဲ့ကြပြီး၊ သူတို့ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတွေမှာ မီးလျှံစာလုံးကြီးတွေ ကျန်ရစ်ခဲ့ကာ နောက်ဆုံးမှာတော့ ကောင်းကင်ထက်မှာ စာလုံးကြီး အချို့အဖြစ် ပုံဖော်သွားခဲ့ပါတော့တယ်။
"ဟိုကြည့်ဒီကြည့် မလုပ်နဲ့တော့၊ မြန်မြန် မေးခွန်းတွေ ဖြေစမ်း။" အိုဘီတိုက ကောင်းကင်ထက်က စာလုံးတွေကို ဖတ်ကြည့်လိုက်ပြီးတဲ့နောက်၊ မူယွဲ့က သူ့ကို နွေးထွေးတဲ့ အပြုံးကြီးနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။
အိုဘီတို ခဏလောက် လန့်သွားခဲ့ပြီး အမြန်ပဲ ရှင်းပြလိုက်တယ်။ "ကျွန်တော်... ကျွန်တော် စာလုပ်ရတာ ပင်ပန်းလို့ ခဏပဲ ကြည့်လိုက်တာပါဗျာ။" သူ မျက်လုံးထောင့်ကနေ မိုက်ဂိုင်ကို လှမ်းကြည့်လိုက်တဲ့အခါ၊ သူ့လိုပဲ လိုက်ကြည့်နေတဲ့ မိုက်ဂိုင်ကတော့ တုံ့ပြန်မှု အရမ်းမြန်စွာနဲ့ ချက်ချင်း စုတ်တံကို ကိုင်ပြီး မေးခွန်းတွေကို အသည်းအသန် ပြန်ဖြေနေတာကို တွေ့လိုက်ရတယ်။
"အခု သေချာ ကြည့်လို့ပြီးပြီလား?" မူယွဲ့က မေးလိုက်တယ်။
"ကြည့်လို့ပြီးပါပြီဗျာ၊ ပြီးပါပြီ။" အိုဘီတိုလည်း အမြန်ပဲ စုတ်တံကို ကိုင်ပြီး မေးခွန်းတွေကို ဆက်ဖြေပါတော့တယ်။
ခဏလောက် မေးခွန်းတွေ ဖြေပြီးတဲ့နောက် အိုဘီတိုက စာရေးတာကို ရပ်လိုက်ပြီး မမေးဘဲ မနေနိုင်ဘဲ မေးလိုက်တယ်။ "ဆရာဟာနျူ... ဆရာနဲ့ ရှီစုအီီက ဘာတော်စပ်တာလဲဟင်?"
"ဆရာနဲ့ တပည့် ဆက်ဆံရေးလို့ မင်း ထင်မထားဘူးလား?" မူယွဲ့က မိုက်ဂိုင်ရဲ့ စာရွက်ကို တစ်ချက်ကြည့်ရင်း ပြန်ဖြေလိုက်တယ်။
"ဟီး... ကျွန်တော်လည်း ဆရာနဲ့ တပည့် ဆက်ဆံရေးလို့ ထင်တာပါပဲဗျာ။" အိုဘီတိုက သူ အစောပိုင်းက တွေးခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ အတွေးကိုတော့ ထုတ်မပြောခဲ့ပါဘူး။
"ဆရာဟာနျူ... တကယ်လို့ ကျွန်တော်သာ စာမေးပွဲအောင်ရင် ဆရာ အခုသုံးခဲ့တဲ့ နင်ဂျာအတတ်ကို ကျွန်တော့်ကို သင်ပေးနိုင်မလားဟင်?" အိုဘီတိုက ဆက်ပြီး မေးမြန်းခဲ့တယ်။ သူက အခုကတည်းက ဒီနင်ဂျာအတတ်အသစ်နဲ့ နိုဟာရာရင်းရဲ့ ရှေ့မှာ ဘယ်လို ကြွားရမလဲဆိုတာကို စတင်စဉ်းစားနေခဲ့ပါပြီ။ တစ်နည်းအားဖြင့် ပြောရရင် အောင်ပွဲအတွက် ကြိုတင် အောင်ပွဲခံဖို့ ပြင်ဆင်နေတာမျိုးပေါ့။
"သေချာတာပေါ့။" မူယွဲ့က ခေါင်းငြိမ့်ပြလိုက်တယ်။
"တကယ်ကြီးလားဗျာ!" အိုဘီတို အံ့ဩဝမ်းသာသွားခဲ့တယ်။
"တကယ်ပေါ့။"
"ဆရာဟာနျူ... ဆရာကော ဘယ်လို ကိုယ်ခံပညာ တွေကို တတ်မြောက်ထားလဲဟင်?" မိုက်ဂိုင်ကလည်း မူယွဲ့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်တယ်။ သူကလည်း မူယွဲ့ နဂါးမီးအတတ် သုံးတာကို အရမ်းမိုက်တယ်လို့ ထင်ပေမဲ့လည်း၊ မိုက်ဂိုင်မှာတော့ ပြတ်သားတဲ့ ပန်းတိုင်တစ်ခု ရှိပါတယ်၊ သူက ကိုယ်ခံပညာတစ်ခုတည်းကိုပဲ လေ့ကျင့်တာ ဖြစ်လို့ပါပဲ!
မူယွဲ့ စကားမပြောဘဲ သစ်ပင်ကြီးတစ်ပင်ရဲ့ ရှေ့ကို လျှောက်သွားခဲ့တယ်၊ သူ့ရဲ့ ခြေထောက်နှစ်ဖက်ပေါ်မှာ ချာကာရာတွေကို စုစည်းလိုက်ပြီး ကြွက်သားတွေကို တင်းကြပ်လိုက်ကာ၊ အဲဒီနောက်မှာတော့ အလွန်မြန်ဆန်လှတဲ့ မြန်နှုန်းနဲ့ လေဆင်နှာမောင်း ကန်ချက်ကို ကန်ထုတ်လိုက်ပါတော့တယ်။
ဘုန်း~ ဆိုတဲ့ အသံကြီးနဲ့အတူ သစ်ပင်ကြီးက မြေပြင်ပေါ်ကို ချက်ချင်း လဲပြိုကျသွားခဲ့ပြီး ဖုန်မှုန့်တွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။
"ဒီ ကိုယ်ခံပညာအတတ်ကို မင်း သဘောကျရဲ့လား?" မူယွဲ့ ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဖုန်မှုန့်တွေကို ခါထုတ်ကာ၊ မိုက်ဂိုင်ကို ပြုံးပြီး လှမ်းကြည့်လိုက်ပါတော့တယ်။