အခန်း ၅၈ - အပြန်အလှန် ဒုက္ခပေးကြခြင်းက ပိုကောင်းပါတယ်
“နောက်ဆုံးတော့…”
“နောက်ဆုံးတော့ ပြီးသွားပြီဟေ့။”
အုချီဟာ အိုဘီတိုက နောက်ဆုံးမေးခွန်းကို အပြီးသတ်လိုက်နိုင်တဲ့အချိန်မှာ ဝမ်းသာအားရ အော်ဟစ်လိုက်ပါတယ်။ ဆယ်ရက်ကျော်ကျော်လောက် အပြင်းအထန် ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ သူက အရစ်ကျစာရင်းထဲက မေးခွန်းတွေအားလုံးကို နောက်ဆုံးမှာတော့ အပြီးလုပ်နိုင်ခဲ့ပါပြီ။ ဒီနေ့ကစပြီး သူ နေ့တိုင်း မေးခွန်းတွေ ဖြေစရာမလိုတော့ပါဘူး။
“ဘာပြီးတာလဲ အုချီဟာ အိုဘီတို၊ ဘာတွေအော်နေတာလဲ။ ထပြီး မေးခွန်းကို ဖြေစမ်း။”
အုချီဟာ အိုဘီတိုရဲ့ အော်သံကြောင့် လန့်သွားတဲ့ ဆရာအီကေဒါ အီဆာမူက မကျေမနပ်နဲ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူ အံ့ဩသွားရတာက အုချီဟာ အိုဘီတိုက မေးခွန်းကို မှန်အောင် ဖြေသွားနိုင်လို့ပါပဲ။ ဆရာအီကေဒါ အီဆာမူလည်း ခေါင်းညိတ်ပြီး အုချီဟာ အိုဘီတိုကို ပြန်ထိုင်ခိုင်းကာ စာကို သေချာနားထောင်ဖို့ ပြောလိုက်ရပါတော့တယ်။
“ရင်း၊ ဒီနေ့ညကျရင် အပြင်သွားဆော့ရအောင်။”
အုချီဟာ အိုဘီတိုက ပြန်ထိုင်လိုက်ရင်း ပြုံးလျက် ပြောပါတယ်။
“ဒီနေ့ညလား။ မနက်ဖြန်က စနေနေ့လေ။ မနက်ဖြန်မှ သွားဆော့ရင်ကော ဘယ်လိုလဲ။”
နိုဟာရာရင်းက ပြောပါတယ်။
“ဗျာ… ပိတ်ရက် ရောက်ပြန်ပြီလား။”
အုချီဟာ အိုဘီတိုက မျက်လုံးအစုံ ပြူးသွားပြီး အံ့ဩတုန်လှုပ်တဲ့ မျက်နှာထား ဖြစ်သွားပါတယ်။ သူက အရစ်ကျမေးခွန်းတွေကို အခုတင်ပဲ ပြီးအောင်လုပ်ထားတာကို ဘာဖြစ်လို့ မေးခွန်းတွေ ထပ်ရဦးမယ့် ပိတ်ရက်က ချက်ချင်း ရောက်လာရပြန်တာလဲ။
“အိုဘီတို၊ မင်း မကြာသေးခင်က စာတွေ အရမ်းလုပ်လို့ ဇဝေဇဝါ ဖြစ်နေတာ ထင်တယ်။ ဒီနေ့က သောကြာနေ့ ရှိနေပြီလေ။”
နိုဟာရာရင်းက စနောက်ပြီး ပြောပါတယ်။ သူမက အုချီဟာ အိုဘီတိုရဲ့ မကြာသေးခင်က ကြိုးစားမှုတွေကို တွေ့မြင်ထားရတာဖြစ်လို့ အရင်ကနဲ့ တကယ်ကို ကွဲပြားခြားနားနေတာပါ။
“နောက်ဆုံးတော့ ပိတ်ရက်ကို ရောက်ပြီ။ ကျောင်းတက်ရတဲ့အချိန်က နှေးကွေးပြီး ပိတ်ရက်ကျရင် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသလိုပဲ။”
“ဟုတ်ပ၊ ကျောင်းပိတ်ရက်အရှည်ကြီးတွေက ကျောင်းတက်ရတဲ့ ငါးရက်လောက်တောင် မကြာသလို ခံစားရတယ်။”
…
လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက မတူညီကြပါဘူး၊ အုချီဟာ အိုဘီတိုကတော့ သူတို့တွေ ဆူညံနေကြတယ်လို့ပဲ ခံစားရပါတယ်။ သူက တနင်္လာနေ့ကနေ သောကြာနေ့အထိ အချိန်တွေကို အခိုးခံလိုက်ရသလိုပါပဲ။ သတိပြုမိတဲ့အချိန်တိုင်းမှာ သောကြာနေ့ ကျောင်းဆင်းချိန် ရောက်လုနီးပါး ဖြစ်နေပြီး အဲဒီနောက်မှာတော့ အလွန်ရှည်လျားတဲ့ ပိတ်ရက် လေ့ကျင့်ရေးတွေ ရှိနေပါတယ်။
“ရင်း၊ ဒီနေ့ညပဲ သွားရအောင်။ မနက်ဖြန် နေ့ခင်းဘက်ကျရင် လေ့ကျင့်ရမှာဆိုတော့ ညဘက်ကျရင် အားရှိမှာ မဟုတ်တော့ဘူး။”
အုချီဟာ အိုဘီတိုက အားမရှိတဲ့အသံနဲ့ ပြောပါတယ်။
ကျောင်းပိတ်ရက် စာမေးပွဲ နီးကပ်လာတာနဲ့အမျှ ပိတ်ရက် လေ့ကျင့်ရေးတွေက အရင်ကထက် ပိုပြီး ခက်ခဲလာပါတယ်။ အရင်က မိုက်ဂိုင်နဲ့ တိုက်ခိုက်တဲ့အခါ သူက တောအုပ်မြေပြင် အနေအထားကို အသုံးချပြီး ရှောင်ကွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကွင်းပြင်အပြားပေါ်မှာပဲ တိုက်ခိုက်ခိုင်းပါတော့တယ်။ သူက အရှိန်နဲ့ ရွေ့လျားမှု နည်းပညာတစ်ခုတည်းကိုပဲ အားကိုးရပါတော့တယ်။ ဒါကြောင့်မို့လည်း အုချီဟာ အိုဘီတိုက နိုဟာရာရင်းနဲ့ ဒီနေ့ညပဲ သွားဆော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ သောကြာနေ့ လေ့ကျင့်ရေးကတော့ တော်တော်လေး သက်သာပါတယ်။
“ဒါဆိုလည်း ဒီနေ့ပဲ သွားကြတာပေါ့။ ကျောင်းဆင်းရင် မင်းဆီ လာခဲ့မယ်၊ ပြီးရင် ခါခါရှီ ဟာတာကဲကိုပါ တူတူသွားခေါ်ကြမယ်။”
နိုဟာရာရင်းက ခေါင်းညိတ်ပြီး ပြောပါတယ်။
အုချီဟာ အိုဘီတိုက ဘာဖြစ်လို့ ခါခါရှီ ဟာတာကဲ ပါလာရတာလဲလို့ မေးချင်ပေမယ့် ပါးစပ်ဟပြီးမှ နောက်ဆုံးတော့ မမေးဖြစ်ခဲ့ပါဘူး။
'ရင်းက ခါခါရှီ ဟာတာကဲမှာ အတူတူဆော့မယ့်သူ မရှိဘူးထင်လို့ ခေါ်တာ ဖြစ်မှာပါ။'
အုချီဟာ အိုဘီတိုက သူ့စိတ်ထဲကနေ တွေးလိုက်ပါတယ်။
ကျောင်းဆင်းပြီးနောက် အုချီဟာ အိုဘီတိုက ထုံးစံအတိုင်း လေ့ကျင့်ရေးကွင်းဆီကို သွားခဲ့ပြီး အမြဲတမ်းလိုလို အနောက်ဆုံးမှ ရောက်လာပါတယ်။ အရင်အတိုင်းပဲ အစပိုင်းမှာ ဒိုက်ထိုးတာ၊ တန်းဆွဲတာ၊ ထိုင်ထလုပ်တာ စတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု လေ့ကျင့်ခန်း အမျိုးမျိုးကို လုပ်ရပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးတဲ့နောက်မှာတော့ တိုက်ခိုက်ရမယ့်အချိန် ရောက်လာပါပြီ။
“ဒီနေ့ တိုက်ပွဲစည်းကမ်းကို ငါ ပြောင်းလဲလိုက်မယ်။”
မူယွဲ့က မိုက်ဂိုင်နဲ့ အုချီဟာ အိုဘီတိုတို့ကို အနားခေါ်ပြီး ပြောပါတယ်။
“ပြိုင်ဘက်ကို တစ်ကြိမ် ထိမှန်တိုင်း ပြိုင်ဘက်က မေးခွန်းနှစ်ခု ပိုရမှာဖြစ်ပြီး မင်းဘက်ကတော့ မေးခွန်းတစ်ခု လျော့ပါမယ်။ တိုက်ပွဲအချိန်က ခုနစ်မိနစ် ဖြစ်ပါတယ်။”
“တစ်ခါတည်းနဲ့ မေးခွန်းနှစ်ခု ပိုတိုးလာမှာ၊ ပြီးတော့ ခုနစ်မိနစ်တောင်။”
အုချီဟာ အိုဘီတိုကတော့ သူ့ဆီကို မေးခွန်းတောင်ကြီးတစ်လုံး ပြိုကျလာသလို ခံစားလိုက်ရပါတယ်။ အရင်က တစ်ကြိမ်ထိရင် တစ်ခုပဲတိုးပြီး တိုက်ပွဲအချိန်က ငါးမိနစ်ပဲ ရှိတာပါ။ ဒါက နှစ်ဆထက်တောင် ပိုများသွားပါပြီ။ တည်းတည်းသော အားသာချက်ကတော့ ပြိုင်ဘက်ကို ပြန်ထိမှန်ရင် ကိုယ့်ဘက်က မေးခွန်းတစ်ခု လျော့ပါမယ်။ မင်းသာ ပြိုင်ဘက်ကို အကြိမ်ရေအများကြီး ထိအောင် တိုက်နိုင်ရင် မေးခွန်းတစ်ခုမှ ဖြေစရာမလိုပါဘူး။ ပြဿနာကတော့ သူက အရင်တိုက်ပွဲတွေကတည်းက အမြဲတမ်း အောက်စီးက ဖြစ်နေလို့ပါ။
သူက ကြိုတင်မြော်မြင်ပြီး ဒီနေ့ညပဲ နိုဟာရာရင်းနဲ့ သွားဆော့ဖို့ ချိန်းဆိုထားခဲ့တာကို တကယ့်ကို ကံကောင်းတယ်လို့ ထမှတ်ပါတယ်။ ဒီလို ပြင်းထန်မှုမျိုးဆိုရင် ပိတ်ရက်အတွင်းမှာ သေချာပေါက် အလွန်ပင်ပန်းမှာဖြစ်ပြီး ပြန်လည်သက်သာဖို့ ရက်အနည်းငယ် ကြာမြင့်မှာပါ။
'ရှာရင်းဂန်း… ရှာရင်းဂန်း…'
အုချီဟာ အိုဘီတိုက အုချီဟာ မျိုးနွယ်စုရဲ့ သွေးပါရမီ စွမ်းအားကို နှိုးဆွချင်ဇောနဲ့ စိတ်ထဲကနေ တဖွဖွ ရွတ်ဆိုနေပါတယ်။
“ဆရာမူယွဲ့၊ ကျွန်တော့်မှာ အစကတည်းက ရှိနေတဲ့ မေးခွန်းငါးဆယ် အကြွေးကကော ဘယ်လိုဖြစ်သွားမလဲ။”
မိုက်ဂိုင်က မျှော်လင့်ချက်အပြည့်နဲ့ မူယွဲ့ကို မေးပါတယ်။
“မေးခွန်းလေးဆယ်အထိ လျှော့ပေးမယ်။”
မူယွဲ့က ပြန်ဖြေပါတယ်။ မျှတမှုရှိစေရန်အတွက် လောလောဆယ် လုံးဝ ပယ်ဖျက်ပေးလို့ မရသေးပါဘူး၊ ဘာလို့လဲဆိုတော့ မိုက်ဂိုင်ရဲ့ ကိုယ်ခံပညာက အုချီဟာ အိုဘီတိုထက် အများကြီး ပိုပြီး သန်မာနေလို့ပါ။
လုံးဝ ပယ်ဖျက်မပေးဘူးဆိုပေမယ့် ဆယ်ခုလောက် လျော့သွားတဲ့အတွက် မိုက်ဂိုင် တော်တော်လေး ဝမ်းသာသွားပါတယ်။
“ပြီးတော့ လေ့ကျင့်ခန်းလုပ်ပြီး မေးခွန်းတွေကို ခုနှိမ်လို့ရတယ်။ မေးခွန်းစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းအထိ ခုနှိမ်ခွင့်ရှိပါတယ်။ ဒိုက်အကြိမ် ၃၀၀ ထိုးရင် မေးခွန်းတစ်ခု ခုနှိမ်နိုင်ပြီး တခြား လေ့ကျင့်ခန်းတွေကိုလည်း အသုံးပြုလို့ရတယ်။”
မူယွဲ့က ထပ်လောင်းပြောပါတယ်။
တစ်ကြိမ်ထိရင် မေးခွန်းနှစ်ခု တိုးလာမှာဖြစ်လို့ မေးခွန်းအရေအတွက်က ရုတ်တရက် အများကြီး ဖြစ်သွားနိုင်ပါတယ်။ မူယွဲ့က တိုးပွားလာမယ့် မေးခွန်းတွေကို လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းနဲ့ ခုနှိမ်တဲ့နည်းလမ်းကို ထည့်သွင်းပေးလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် မေးခွန်းတွေ ပေးရခြင်းရဲ့ မူလရည်ရွယ်ချက်က သူတို့နှစ်ယောက်ရဲ့ စာပေဗဟုသုတကို တိုးတက်စေဖို့ဖြစ်ပြီး သာမန်အပြစ်ပေးတဲ့ စနစ်သက်သက် မဟုတ်ပါဘူး။ အဲဒီမေးခွန်းတွေက သူ သင်ကြားပေးချင်တဲ့ အချက်တွေဖြစ်လို့ လုပ်ပြီးရင်လည်း အလဟဿ မဖြစ်ပါဘူး။
“၆၀ ရာခိုင်နှုန်း ခုနှိမ်လို့ရတယ် ဟုတ်လား။”
အုချီဟာ အိုဘီတို ဒီစကားကို ကြားတော့ မျက်လုံးတွေ လင်းလက်သွားပေမယ့် မေးခွန်းတစ်ခုတည်းအတွက် ဒိုက်အကြိမ် ၃၀၀ ထိုးရမယ်ဆိုတာကို ကြားတဲ့အခါမှာတော့ အလွန်အမင်း ဖိအားဝင်သွားပါတယ်။
“မေးခွန်းတစ်ခုအတွက် ဒိုက် ၃၀၀ လား။ ဟာဟာဟာ။”
မိုက်ဂိုင်ကတော့ အော်ဟစ်ရယ်မောလိုက်ပါတယ်၊ သူကတော့ ၆၀ ရာခိုင်နှုန်းအပြည့်ကို သေချာပေါက် ခုနှိမ်နိုင်မှာပါ။
အော်ဟစ်ရယ်မောနေတဲ့ မိုက်ဂိုင်ကို ကြည့်ပြီး အုချီဟာ အိုဘီတိုက နောက်ပိုင်းကျရင် မိုက်ဂိုင်လည်း စာရွက်တွေကြားထဲ ခေါင်းမဖော်နိုင်ဖြစ်မယ့် ပုံစံကို တွေးတောရင်း စိတ်ကူးရသွားပြီး တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ်။
“ဆရာမူယွဲ့၊ ဒါက မမျှတဘူး ထင်တယ်။ လေ့ကျင့်ခန်းနဲ့ ခုနှိမ်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ကို ပိုပြီး လေ့ကျင့်ခန်းလုပ်ဖြစ်အောင် တွန်းအားပေးတာမို့လို့ ဒါက တစ်ယောက်ချင်းစီရဲ့ လေ့ကျင့်မှု တိုးတက်မှုအပေါ် မူတည်သင့်တာပေါ့။ ဘယ်လိုဖြစ်လို့ သတ်မှတ်ချက် အရေအတွက်တစ်ခုတည်းကိုပဲ ပုံသေထားရတာလဲ။”
သူက တစ်ယောက်တည်း မေးခွန်းတွေအများကြီး မလုပ်ချင်ပါဘူး။
“အိုဘီတို ပြောတာလည်း အကြောင်းပြချက် ရှိတာပဲ။ ဒါဆိုရင်တော့ ဂိုင်အတွက်က မေးခွန်းတစ်ခုကို ဒိုက်အကြိမ် တစ်ထောင်လို့ သတ်မှတ်မယ်။”
မူယွဲ့က စဉ်းစားကြည့်ပြီးနောက် ဒါကလည်း အဆင်ပြေတယ်လို့ ယူဆလိုက်ပါတယ်။
မိုက်ဂိုင်က အံ့ဩမှင်သက်တဲ့ မျက်နှာထားနဲ့ အုချီဟာ အိုဘီတိုကို လှည့်ကြည့်လိုက်ရာ သူ့မျက်နှာက အပြုံးတွေ ချက်ချင်း ခဲသွားပါတယ်။
“ဂိုင်၊ ငါသိပါတယ်၊ မင်းက ပိုပြီး ကောင်းမွန်တဲ့ လေ့ကျင့်ခန်းကို လိုချင်နေတာ မဟုတ်လား။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ။”
အုချီဟာ အိုဘီတိုက ပြုံးရင်း မိုက်ဂိုင်ကို လက်မထောင်ပြလိုက်ပါတယ်။
“ကောင်းပြီလေ အိုဘီတို၊ မင်းလည်း အစွမ်းကုန် တိုက်ခိုက်ရမယ့် တိုက်ပွဲကို လိုလားနေတာ ဖြစ်ရမယ်။”
မိုက်ဂိုင်က အလေးအနက်ထား တိုက်ခိုက်ဖို့အတွက် ခြေထောက်တွေကို ဖိပြီး သွေးပူလေ့ကျင့်ခန်း စလုပ်ပါတော့တယ်။
ခုနစ်မိနစ်အကြာမှာတော့ တိုက်ပွဲက ပြီးဆုံးသွားပါတယ်။
“အိုဘီတိုက မေးခွန်းတစ်ရာ၊ ဂိုင်က မေးခွန်းနှစ်ဆယ်။”
မူယွဲ့က တိုက်ပွဲရလဒ်ကို ကြေညာလိုက်ပါတယ်။
“ငါသိပါတယ် အိုဘီတို၊ မင်းက ပိုပြီး လေ့လာဖို့ မေးခွန်းတွေ အများကြီး လိုချင်နေတာ မဟုတ်လား။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။”
မိုက်ဂိုင်က သူ့ရဲ့ တောက်ပဖြူစင်တဲ့ သွားတွေကို ပေါ်အောင် ပြုံးပြရင်း လက်မထောင်ပြလိုက်ပါတယ်။
အုချီဟာ အိုဘီတိုကတော့ လွန်ခဲ့တဲ့ ခုနစ်မိနစ်က မိမိကိုယ်ကိုယ် ပါးရိုက်ပစ်ချင်စိတ် ချက်ချင်း ပေါက်သွားပါတယ်။ ဘာလို့များ သွားပြီး စပ်စုမိပါလိမ့်။ အခုတော့ အဆင်ပြေသွားပြီ၊ နှစ်ယောက်လုံး အပြန်အလှန် ဒုက္ခရောက်ကြပြီ။
ဒီလောက်များပြားတဲ့ မေးခွန်းတွေကို တစ်ရက်တည်းနဲ့ ပြီးအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ လေ့ကျင့်ခန်းနဲ့ အချို့ကို ခုနှိမ်ပြီး ကျန်တဲ့အပိုင်းကိုတော့ အရစ်ကျပဲ ခွဲလုပ်ရမှာပါ။
နိုဟာရာရင်းက ခါခါရှိ ဟာတာကဲနဲ့ အတူတူ ဆော့မယ်လို့ ပြောထားတာကြောင့် အုချီဟာ အိုဘီတိုက မိုက်ဂိုင်ကိုပါ အတူတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သူနဲ့ နိုဟာရာရင်းတို့ နှစ်ယောက်တည်း ချိန်းတွေ့တာ မဟုတ်တော့သလို၊ မိုက်ဂိုင်နဲ့ ခါခါရှီ ဟာတာကဲကလည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြလို့ပါ။
ဒါပေမဲ့ အုချီဟာ အိုဘီတို ထင်မထားတာက မိုက်ဂိုင်က ငြင်းဆန်လိုက်ပြီး သူက ဒီနေ့ည အုချီဟာ ရှီဆုအီနဲ့အတူ ခန္ဓာကိုယ် လေ့ကျင့်ဖို့အတွက် ညဘက် ပြေးဖို့ ချိန်းထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူတို့တွေက ညဘက်မှာ ပြန်ဆုံဖြစ်ကြပါတယ်။ သူတို့တွေ ဆော့ကစားနေတုန်း လမ်းမှာ အပြင်းအထန် ပြေးလွှားနေကြတဲ့ အုချီဟာ ရှီဆုအီနဲ့ မိုက်ဂိုင်တို့ကို တွေ့လိုက်ရပါတယ်။
“ရှီဆုအီ၊ ငါ့ကိုယုံစမ်းပါ၊ နောက်တစ်ခါကျရင် ငါ့လိုမျိုး ကိုယ်ကျပ်ဝတ်စုံကို စမ်းဝတ်ကြည့်၊ လေ့ကျင့်ခန်းလုပ်ရတာ တကယ်ကို အဆင်ပြေတယ်။”
မိုက်ဂိုင်က သူ ဝတ်ထားတဲ့ အစိမ်းရောင် ကိုယ်ကျပ်ဝတ်စုံကို အုချီဟာ ရှီဆုအီဆီ လိုက်လံ ကြော်ငြာနေပါတယ်။
အုချီဟာ ရှီဆုအီက စတိုင်ထုတ်နေတဲ့ မိုက်ဂိုင်ကို ကြည့်ပြီး မိမိကိုယ်ကိုယ် ဒီအစိမ်းရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားမယ့် ပုံစံကို စိတ်ကူးကြည့်ကာ ချက်ချင်းပဲ ခေါင်းခါပြီး ငြင်းဆန်လိုက်ပါတယ်။ ဒါက အရမ်း ထူးဆန်းလွန်းလို့ပါ။
“ဂိုင်ရဲ့ ဘေးကလူက ဘယ်သူလဲ။”
ခါခါရှီ ဟာတာကဲက မိုက်ဂိုင်ရဲ့ ဘေးက တစ်ခါမှမမြင်ဖူးတဲ့ လူကို ကြည့်ပြီး မေးပါတယ်။
“သူက ငါတို့ အုချီဟာ မျိုးနွယ်စုရဲ့ ပါရမီရှင်၊ မင်းထက်တောင် ပါရမီ ပိုကြီးတဲ့သူပဲ။”
အုချီဟာ အိုဘီတိုက တမင်တကာ ကြွားလုံးထုတ်ပြီး ပြောလိုက်ပါတယ်။
“ဟက်… မင်းကကော ဘာမို့လို့လဲ၊ အုချီဟာရဲ့ အမြီးဆွဲကောင်ရယ်။”
ခါခါရှီ ဟာတာကဲက ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်ပါတော့တယ်။