“ဒီလိုပါ၊ ဒီနေ့မနက် အတန်းထဲမှာ လက်တွေ့တိုက်ခိုက်ရေးစမ်းသပ်မှုတစ်ခု လုပ်ခဲ့တယ်လေ။” မူယွဲ့က အတန်းထဲမှာ ဖြစ်ပျက်ခဲ့သမျှကို တာနီမူရာ ညန်ဟီရိုကို ပြောပြလိုက်တယ်။ ဒါပေမဲ့ မူယွဲ့က ကျောင်းသားတွေရဲ့ မကျေနပ်ချက်တွေကို နည်းနည်း ပြန်လှပြီး ပြောပြခဲ့တာပါ၊ မဟုတ်ရင် တာနီမူရာ စိတ်ဆိုးသွားနိုင်လို့ ဖြစ်တယ်။
“ငါက သူတို့ကို စိတ်အားထက်သန်စေချင်ပြီး ပိုကြိုးစားစေချင်ရုံတင်ပါ၊ ဒီလိုမျိုး ဖြစ်လာမယ်လို့ မထင်ထားမိဘူး။ တကယ်ကို အားနာပါတယ်ဗျာ။” မူယွဲ့က တောင်းပန်တဲ့လေသံနဲ့ ပြောတယ်။
“ငါ့ဘက်က ဝေဖန်တာ ပြင်းထန်သွားလို့ ငါ့အမှားပါ။ သူတို့အပေါ် ပိုပြီး သည်းခံပေးခဲ့ရမှာ။” မူယွဲ့က အပြစ်အားလုံးကို သူ့အပေါ်ပဲ ပုံချလိုက်တယ်။
တကယ်တော့ တာနီမူရာ ညန်ဟီရိုရဲ့ သင်ကြားမှု ညံ့ဖျင်းလို့ ကျောင်းသားတွေ မကျေမနပ် ဖြစ်ရတာ ဖြစ်ပြီး မူယွဲ့က မီးစာပဲ လုပ်ပေးခဲ့တာပါ။ ဒါပေမဲ့ မူယွဲ့က သူ့ရဲ့စိတ်နေသဘောထားမှာ အပြစ်အနာအဆာ အဖြစ်မခံချင်တာကြောင့် ဖြစ်သမျှအကြောင်းအရာတွေကို တာနီမူရာကို တိုက်ရိုက်ပြောပြပြီး အမှားဝန်ခံခဲ့တယ်၊ စေတနာလွန်ပြီး အမှားပါသွားတဲ့ပုံစံမျိုးပေါ့။ ဒီလိုလုပ်လိုက်ရင် နောက်ပိုင်း ဘာပဲဖြစ်လာဖြစ်လာ မူယွဲ့ကို မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူလို့ ဘယ်သူမှ သတ်မှတ်လို့ မရတော့ပါဘူး။ အကြောင်းကတော့ ကိစ္စဖြစ်ပြီးချင်းမှာတင် သူက တာနီမူရာကို အကုန်ပွင့်ပွင့်လင်းလင်း ပြောပြခဲ့လို့ပဲလေ။ လုပ်ဖော်ကိုင်ဖက်အပေါ် ဒီလောက် စာနာတတ်တဲ့သူက မကောင်းတဲ့စိတ် ရှိနိုင်ပါ့မလား။
“ဒါကတော့…” တာနီမူရာ ညန်ဟီရိုတစ်ယောက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ကျောင်းသားတွေ ပြောတာ မှန်တယ်ဆိုတာ သူကိုယ်တိုင်လည်း သိနေတာကိုး။ သူ့ရဲ့ သင်ကြားမှုအဆင့်က မူယွဲ့ကို မမှီတာ အမှန်ပဲ။
ဒါပေမဲ့ နင်ဂျာအကယ်ဒမီ တစ်ကျောင်းလုံးမှာ မူယွဲ့နဲ့ ယှဉ်နိုင်တဲ့သူ မရှိပါဘူး။ ဆရာအသစ်လေးက စာသင်တာ နှစ်လလောက်ပဲ ရှိသေးပေမဲ့ တစ်ကျောင်းလုံးမှာ နာမည်ကြီးနေပြီလေ။ ဆရာ၊ ကျောင်းသားအားလုံးရဲ့ အသိအမှတ်ပြုမှုကို ခံထားရပြီး တာဝန်ရှိသူတွေရဲ့ ချီးကျူးမှုကိုတောင် ရထားတဲ့သူ ဖြစ်တယ်။ အဲတော့ သူလို သာမန်ဆရာတစ်ယောက်အနေနဲ့ မူယွဲ့နဲ့ ပြိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
“ငါကတော့ သူတို့ကို ဆရာ့အပေါ် မဝေဖန်ဖို့ တားထားပါတယ်၊ ဒါပေမဲ့ သူတို့က ကလေးတွေဆိုတော့ အပြင်မှာ ဘာဆက်လုပ်မလဲဆိုတာ မှန်းရခက်တယ်။” မူယွဲ့က အားနာတဲ့မျက်နှာထားနဲ့ သက်ပြင်းချရင်း ပြောတယ်။
“ရပါတယ်၊ ငါ စိတ်ထဲမထားပါဘူး။ သူတို့က ခြောက်နှစ်အရွယ် ကလေးတွေပဲဥစ္စာ။” တာနီမူရာ ညန်ဟီရိုက ပြုံးပြီး ပြောလိုက်တယ်။
ကျောင်းသားတွေက သူ့မျက်နှာချင်းဆိုင် လာပြောရင်တောင် တာနီမူရာကတော့ အတန်း ၁ ရဲ့ ကိုယ်ခံပညာဆရာနေရာကို လက်လွှတ်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ဒီအတန်းရဲ့ စာမေးပွဲရလဒ်တွေက တစ်ကျောင်းလုံးမှာ ထိပ်ဆုံးက ဖြစ်နေလို့ပဲ။ ဒီလိုရလဒ်မျိုးက သူ့သင်ကြားမှုကြောင့် မဟုတ်မှန်း သိပေမဲ့ ဒါက တကယ့်ရလဒ်တွေလေ။ ဒီတော့ ရလဒ်အတွက် ပူစရာမလိုဘဲ အပိုဆုကြေးတွေတောင် ပိုရဦးမှာ။
“ငါ သိပါတယ် ဆရာဟန်ယု၊ မင်းက ကျောင်းသားတွေအတွက် အမြဲတွေးပေးတာပဲ။” တာနီမူရာက မူယွဲ့ရဲ့ စေတနာကို နားလည်တယ်လို့ ပြောတယ်။ ဒီလိုကိစ္စဖြစ်သွားပေမဲ့ မူယွဲ့ဟာ ပြဿနာရှိရင် ချက်ချင်းလာတောင်းပန်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လို့ သူ သတ်မှတ်ထားဆဲပါ။
မူယွဲ့ကလည်း တခြားဆရာတွေကို ကူညီပေးလေ့ရှိတယ်ဆိုတာ သူ ကြားဖူးပါတယ်။ သင်ကြားမှုအဆင့်လည်း မြင့်တယ်၊ တစ်ကျောင်းလုံးမှာလည်း ထိပ်ဆုံးက ဦးဆောင်နေတယ်၊ ပြီးတော့ ရုပ်ရည်ကလည်း ချောမောခန့်ညားသေးတယ်။ ရုံးခန်းထဲက အမျိုးသမီးဆရာမတွေ မူယွဲ့အကြောင်းကို နေ့တိုင်း ဘာလို့ ပြောနေကြလဲဆိုတာ တာနီမူရာ အခုမှ သဘောပေါက်တော့တယ်။
သူ့ဘာသာသူတော့ သင်တာ သာမန်ပဲဆိုတာ သိပေမဲ့ ဒီအတန်းရဲ့ ကိုယ်ခံပညာဆရာနေရာကိုတော့ မစွန့်လွှတ်နိုင်ပါဘူး။ နင်ဂျာအကယ်ဒမီမှာ စာသင်တယ်ဆိုတာ ဘေးကင်းကင်းနဲ့ ပိုက်ဆံရှာဖို့ပဲလေ။ ဒါက သက်သက်သာသာနဲ့ အပိုဆုကြေးအများကြီး ရနိုင်တဲ့ အခွင့်အရေးပဲ။
“ဆရာတာနီမူရာက ဒီလိုတွေးပေးတော့ ငါ စိတ်အေးသွားပါပြီ။” မူယွဲ့က စိတ်ပေါ့ပါးသွားတဲ့ပုံစံနဲ့ နူးညံ့စွာ ပြုံးလိုက်တယ်။
“ဟာဟာ၊ အချိန်ရရင် အတူတူ သောက်ကြတာပေါ့။” တာနီမူရာကလည်း ရယ်ပြီး ပြောတယ်။
မူယွဲ့က ပြုံးပြီး ခေါင်းညိတ်ပြတယ်၊ ပြီးတော့ တခြားအရေးမကြီးတဲ့ အကြောင်းအရာတွေကို ခဏလောက် စကားစမြည်ပြောပြီးနောက် ပြန်ဖို့ အကြောင်းပြချက်ရှာပြီး ထွက်လာခဲ့တယ်။
တာနီမူရာ ရုံးခန်းပြန်ရောက်တော့ ဘေးက ဆရာမက စိတ်ဝင်တစားနဲ့ လာမေးတယ် “ဆရာတာနီမူရာ၊ ဆရာဟန်ယုက ဘာကိစ္စရှိလို့လဲဟင်။”
“ဘာမှမဟုတ်ပါဘူး၊ ကျောင်းသားတွေကြားထဲက ကိစ္စအသေးအမွှားလေးပါ၊ ဒါပေမဲ့ ဆရာဟန်ယုကတော့ တကယ့်ကို လူကောင်းပဲဗျာ။” တာနီမူရာက ဝင်ထိုင်ရင်း ပြောလိုက်တယ်။
သူ့ရဲ့ သင်ကြားမှုမကောင်းလို့ ကျောင်းသားတွေ ဝေဖန်တာကိုတော့ သူ အရှက်ရလို့ အမှန်အတိုင်း မပြောရဲပါဘူး၊ ဒါပေမဲ့ မူယွဲ့အကြောင်းကို သုံးပြီး ဆရာမနဲ့ စကားစမြည်ပြောဖို့ အကြောင်းပြချက် လုပ်လိုက်တာပါ။
ကျောင်းတက်ခေါင်းလောင်းသံ မြည်ပြီးနောက် တာနီမူရာက အတန်း ၁ ဆီ လျှောက်သွားခဲ့တယ်။ အတန်းထဲဝင်သွားတော့ ထူးခြားတာ ဘာမှမတွေ့ရပါဘူး။ ပုံမှန်အတိုင်းပဲ ကိုယ်ခံပညာရဲ့ သီအိုရီပိုင်းကို အရင်သင်ပြီး ကွင်းထဲမှာ ပတ်ပြေးခိုင်းတယ်။ ပြေးပြီးနောက်မှာတော့ ကိုယ်ခံပညာရဲ့ လှုပ်ရှားမှုပုံစံတွေကို သင်ပေးတယ်။ တစ်ခေါက်ပြပြီးတာနဲ့ ကျောင်းသားတွေကို သူတို့ဘာသာ လွတ်လွတ်လပ်လပ် လေ့ကျင့်ခိုင်းလိုက်တယ်။
“ဆရာတာနီမူရာ၊ နောက်ထပ် လေးငါးခေါက်လောက် ထပ်ပြပေးလို့ ရမလား။ စောနက သေချာနားမလည်လိုက်လို့ပါ။” ဟွန်းဒေါင်က မေးတယ်။
“ဒါတွေက အခြေခံတွေပဲလေ။ နားမလည်ဘူးဆိုတာ မင်းတို့ လေ့ကျင့်တာ အားနည်းလို့ပဲ၊ ပိုပြီး လေ့ကျင့်ကြ။” တာနီမူရာက ပြောတယ်။
“ဒါပေမဲ့ ဆရာမူယွဲ့ကတော့ ကျွန်တော်တို့ကို သင်ပေးတိုင်း အကြိမ်ကြိမ် ပြသပေးပြီး အသေးစိတ်ကို ရှင်းပြပေးတာပဲ။” ဟွန်းဒေါင်က ပြန်ပြောတယ်။
“နင်ဂျုဆုနဲ့ ကိုယ်ခံပညာက ဘယ်လိုလုပ် တူမှာလဲ။” တာနီမူရာက ဆင်ခြေပေးတယ်။
“ဒါပေမဲ့ ကိုယ်ခံပညာမှာလည်း လက်တွေ့အသုံးချတဲ့ နည်းစနစ်တွေနဲ့ အသေးစိတ်အချက်အလက်တွေ အများကြီး ရှိတာပဲမလား၊ ဒါတွေကို အသေးစိတ် ရှင်းပြသင့်တာပေါ့။” ဂန်းဇီတေက ဝင်မေးတယ်။
တာနီမူရာတစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ပါဘူး။ သူက ဆရာတစ်ယောက်အနေနဲ့ ဒီလောက်အသေးစိတ်အချက်တွေကို ဘယ်လိုလုပ် ထုတ်ပြနိုင်မှာလဲ၊ ဒါကြောင့်ပဲ ပြီးစလွယ် စကားတစ်ခွန်းနဲ့ ဖြတ်ပြောလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကျောင်းသားအများအပြားက မေးခွန်းတွေ အသီးသီး လာမေးကြပြီး အကြံပြုချက်တွေ ပေးကြတော့တယ်။
“တော်ပြီ၊ တော်ပြီ၊ မင်းတို့ဘာသာ အရင်လေ့ကျင့်ကြ၊ နောက်မှ ပြောကြတာပေါ့။” လူပေါင်းများစွာက တစ်ပြိုင်နက် လာမေးကြတော့ တာနီမူရာ ခေါင်းရှုပ်သွားတယ်။
“ဆရာတာနီမူရာ၊ ဒါဆိုရင် အားလုံး တစ်လှမ်းစီ ဆုတ်ကြရအောင်။ ကျွန်တော်တို့လည်း မေးခွန်းမမေးတော့ဘူး၊ ဆရာလည်း ကျွန်တော်တို့ကို ထပ်မသင်ပေးနဲ့တော့။” ရှန်ယွဲ့ အီဇူမိုက အကြံပြုလိုက်တယ်။
တာနီမူရာ မျက်နှာပျက်သွားပြီး အခုခေတ်ကလေးတွေက ဆရာ့ကို စာမသင်ခိုင်းတော့တဲ့အထိ ဖြစ်နေပြီလားလို့ တွေးမိသွားတယ်။ ဒါပေမဲ့ ပိုပြီး ပြင်းထန်တဲ့ စကားတွေက နောက်မှ လာတာပါ။
“ဆရာတာနီမူရာ၊ ဆရာ အနားယူသင့်ပြီလို့ ထင်တယ်။ ဆရာ့ဆီမှာ လုပ်ကွက်လေ့ကျင့်တာ သင်ခဲ့ပေမဲ့ တစ်ခါမှ အလယ်ဗဟိုကို မထိဖူးဘူး။”
“ဟုတ်တယ် ဆရာ၊ ဆရာ့အတန်းကို တက်ကတည်းက တစ်ကျောင်းလုံးက ကျွန်တော်တို့အတန်းကို နင်ဂျုဆုပဲ တော်တယ်လို့ ပြောကြတော့တာ။”
ကျောင်းသားတွေရဲ့ စကားတွေကို ကြားပြီး တာနီမူရာ အံ့ဩသွားတယ်။ သူ စာသင်လာတာ သုံးနှစ်ကျော်ရှိပြီ ဖြစ်ပေမဲ့ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ အရင်အတန်းတွေကလည်း သူ့ကို သိပ်မကြိုက်ကြမှန်း သိပေမဲ့ ဒီလောက်အထိတော့ မဖြစ်ခဲ့ဖူးဘူးလေ။ တာနီမူရာက မူယွဲ့ရဲ့ ကြိုတင်သတိပေးမှုကို ရထားလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဘာဖြစ်လို့ ဖြစ်မှန်း သိမှာ မဟုတ်ပါဘူး။
“ဟမ်း… အားလုံးပဲ ငြိမ်ငြိမ်နေကြပါ၊ ငါ နောက်ထပ် လေးငါးခေါက် ထပ်ပြပေးပါ့မယ်။” တာနီမူရာက ချောင်းဆိုးဟန်လုပ်ပြီး သက်ပြင်းချရင်း ပြောလိုက်ရတယ်။
အဲဒီနောက်မှာတော့ တာနီမူရာက စိတ်ဝင်စားစရာ အချက်တစ်ခုကို သတိထားမိသွားတယ်။ ကျောင်းသားတွေက သူ့အပေါ် မကျေနပ်ကြပေမဲ့ လေ့ကျင့်တာကိုတော့ ရပ်မသွားဘဲ အရင်ကထက်တောင် ပိုပြီး ကြိုးစားနေကြတာကို တွေ့ရတယ်။ သူ နည်းနည်းတော့ ဝေခွဲမရဖြစ်သွားတယ်၊ သူ့ကို ဒီလောက်မုန်းနေရင် ဘာလို့ ဒီလောက် ကြိုးကြိုးစားစား လေ့ကျင့်နေကြတာလဲပေါ့။
တာနီမူရာက မူယွဲ့ရဲ့ စကားတွေက ထိရောက်မှုရှိတယ်လို့ ခံစားလိုက်ရတယ်။ ကျောင်းသားတွေက သူ့ကို မကျေနပ်ပေမဲ့ မူယွဲ့ရဲ့ စကားကြောင့် လေ့ကျင့်တာကိုတော့ မပေါ့ဆရဲကြတာ ဖြစ်မယ်။ တာနီမူရာက မူယွဲ့ရဲ့ အတန်းအပေါ် ထိန်းချုပ်နိုင်စွမ်းကို အားကျမိသွားတယ်။
“ဒီနှစ်တော့ ဒီအတန်းကိုပဲ အရင်ပြီးအောင် သင်လိုက်ဦးမယ်။” တာနီမူရာက ဒီနေရာကို လက်မလွှတ်ချင်ပါဘူး။ တကယ်လို့ ဒါက သာမန်အတန်းသာဆိုရင် ကလေးတွေကို ဆရာ့ရဲ့ အဆင့်အတန်းအမှန်ကို သိအောင် ဆုံးမလိုက်မှာ သေချာပါတယ်။ ဒါပေမဲ့ ဒါက တစ်ကျောင်းလုံးမှာ အမှတ်အကောင်းဆုံး အတန်းဖြစ်နေလို့ပဲ။
တာနီမူရာက သင်ပေးလေလေ၊ ကျောင်းသားတွေက ဆရာ့ရဲ့ အရည်အချင်း မပြည့်ဝမှုကို ပိုသိလာလေလေ ဖြစ်ပြီး ဆရာလဲဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာလာခဲ့ကြတော့တယ်။