သွေးမုတ်ဆိတ်နှင့် ဟန်ချန်းရန်တို့သည် ချူးဖုန်း၏ အခန်းထဲမှ ထွက်ခွာလာပြီးနောက် မှောင်ရိပ်ခိုကာ ဓားဘုရင်စံအိမ်အတွင်းမှ တိတ်တဆိတ် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် သူတို့ တံတိုင်းပေါ်သို့ ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် မမျှော်လင့်ထားသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ လမ်းမထက်တွင် မီးရှူးမီးတိုင်များ ထိန်ထိန်လင်းနေပြီး စစ်သည်အုပ်စုများက ထိုဧရိယာတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ထားကြသည်။ ခြေလှမ်းသုံးလှမ်းလျှင် ကင်းစောင့်တစ်ယောက်၊ ငါးလှမ်းလျှင် ကင်းပုစွန်တစ်ယောက်နှုန်းဖြင့် လုံခြုံရေးကို အထူးတင်းကျပ်ထားချေပြီ။
"ဒုက္ခပဲ... ငါကြားတာတော့ ဧကရာဇ်က အဲဒီလုပ်ကြံသတ်ဖြတ်သူကို ဖမ်းဖို့ လူလွှတ်ထားတာ ရက်တော်တော်ကြာတဲ့အထိ ရှာမတွေ့သေးဘူးတဲ့။ အဲဒါကြောင့် ဒေါသထွက်ပြီး ဦးစီးဗိုလ်ချုပ်နှစ်ယောက်ကိုတောင် ကွပ်မျက်လိုက်ပြီလို့ ကြားတယ်။ အခုတော့ တတိယမြောက် ဗိုလ်ချုပ်ကို ခန့်အပ်လိုက်ပြီ ထင်တယ်"
"အဲဒီလူနာမည်က လျူခွေ တဲ့... မင်းသားလျူစံအိမ်ရဲ့ ကျောထောက်နောက်ခံရှိတဲ့ တော်တော်လေး လက်ရဲဇာတ်ရဲရှိတဲ့သူပဲ!"
"အခု သူတို့ ဒီနေရာကို ပိတ်ဆို့ထားတယ်ဆိုတော့ တစ်ခုခု သဲလွန်စရထားလို့ ဖြစ်ရမယ်"
သွေးမုတ်ဆိတ်သည် လောကီနယ်ပယ်မှ လူတစ်ယောက်မျှသာ ဖြစ်သော်လည်း 'သွေးဓားဂိုဏ်း' ၏ အဖွဲ့ဝင်များမှာ 'ကျန်းယွန်းမင်းဆက်' တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ ထို့ကြောင့် တော်ဝင်မြို့တော်အတွင်းအပြင်ရှိ အရေးကိစ္စအဝဝကို သူ ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
ယခင်က မင်းသားလျူသည် စစ်တပ်အတွင်းရှိ အရာရှိငယ်လေးတစ်ဦးသာ ဖြစ်ခဲ့စဉ်က လျူမိသားစုမှာ ယခုကဲ့သို့ အာဏာမရှိသေးပေ။ သူ၏ ဘိုးဘေးမှာ 'ရွှမ်ကျန်းဗျူရို' မှ အမှုစစ်အရာရှိတစ်ဦးမျှသာ ဖြစ်ခဲ့သည်။
မင်းသားလျူသည် ထိုအမှုစစ်အရာရှိဖြစ်သော ဘိုးဘေး၏ အကူအညီဖြင့် ကြီးမားသော စစ်ဘက်ဆိုင်ရာ အမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
ယင်းမှာ ကြီးမားသော နိုင်ငံတော်ပုန်ကန်မှုကြီးတစ်ခုကို တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုညက ရရှိခဲ့သော ကြီးမားလှသည့် အောင်မြင်မှုကြောင့် သူသည် ရာထူးခုနစ်ဆင့်ကို တစ်ပြိုင်နက်တည်း တိုးမြှင့်ပေးခြင်း ခံခဲ့ရသည်။ မကြာမီမှာပင် ဧကရာဇ်၏ အလေးပေးမှုကို ရရှိကာ တော်ဝင်မြို့တော်သို့ ပြန်လည်ခေါ်ယူခြင်း ခံရပြီး 'မင်းသား' ရာထူးအထိ တိုးမြှင့်ခြင်း ခံခဲ့ရသည်။
အချို့ကလည်း မင်းသားလျူ၏ လျင်မြန်လှသော ရာထူးတက်လှမ်းမှုမှာ 'မင်းသားကျန်း' ကျဆုံးမှုနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်ဟု ဆိုကြသည်။
ထိုစဉ်က တုန်လှုပ်ချောက်ချားဖွယ် စစ်ဘက်ဆိုင်ရာ ဖြစ်ရပ်တွင် မင်းသားလျူသည် ဧကရာဇ်၏ ကွပ်မျက်သူအဖြစ် တာဝန်ယူခဲ့ပြီး သစ္စာရှိသူများကို နှိပ်ကွပ်ကာ မင်းသားကျန်းကို ပုန်ကန်မှုဖြင့် စွပ်စွဲရန် ယုတ်မာသော အစီအစဉ်များကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သည်ဟု အများက သံသယရှိနေကြသည်။
သို့သော်လည်း ဧကရာဇ်က ထိုအတိတ်အကြောင်းများကို ပြောဆိုခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားသဖြင့်
ထိုကိစ္စ၏ အမှန်တရားကို အများပြည်သူတို့ မသိရှိနိုင်ကြပေ။
ထိုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့သော အဓိကပုဂ္ဂိုလ်များသာလျှင် အသေးစိတ် အချက်အလက်များကို အမှန်တကယ် သိရှိကြပေလိမည်။
...
မင်းသားလျူစံအိမ်သည် မူလကတည်းက ရွှမ်ကျန်းဗျူရိုနှင့် ပတ်သက်မှုရှိခဲ့သဖြင့် ရာဇဝတ်ကောင်များကို ဖမ်းဆီးရာတွင် ထူးကဲသော ကျွမ်းကျင်မှုများ ရှိကြသည်။
ယခင် ဗိုလ်ချုပ်နှစ်ဦးမှာ တော်ဝင်မြို့တော်တစ်ခုလုံးကို ဗောင်းဗန်လန်အောင် ရှာဖွေခဲ့ကြသော်လည်း ထိုအမျိုးသမီး လုပ်ကြံသတ်ဖြတ်သူ၏ ခြေရာကို ရှာမတွေ့ခဲ့ကြပေ။
ယင်းမှာ သူတို့တွင် အရည်အချင်းမရှိ၍ မဟုတ်ဘဲ အာဏာနှင့် ကျောထောက်နောက်ခံ မတောင့်တင်းသဖြင့် 'မင်းသားလမ်းမ' ပေါ်ရှိ မင်းသားများ၊ ဗိုလ်ချုပ်များနှင့် အရာရှိကြီးများ၏ စံအိမ်များကို ဝင်ရောက်ရှာဖွေရန် မဝံ့ရဲခဲ့ကြသောကြောင့် ဖြစ်သည်။
ဤလျူခွေမှာမူ မင်းသားလျူစံအိမ်၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် မည်သူ့ကိုမျှ အားနာနေမည့်သူ မဟုတ်ပေ။
အကယ်၍ သူသာ ထိုအမျိုးသမီးကို ရှာမတွေ့ပါက သူ၏ အသက်မှာ လမ်းဆုံးသွားမည် ဖြစ်သည်။
သို့သော် ရှာတွေ့ခဲ့လျှင်မူ ကြီးမားသော ဂုဏ်ပြုဆုလာဘ်များ ရရှိပေလိမည်။
ထို့အပြင် သူသည် သဲလွန်စအချို့ကို ရရှိထားပြီးဖြစ်ကာ ထိုအမျိုးသမီးမှာ မင်းသားလမ်းမပေါ်ရှိ စံအိမ်တစ်ခုခုတွင် ပုန်းအောင်းနေနိုင်ကြောင်း အတည်ပြုထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် မင်းသားလမ်းမကို ပိတ်ဆို့ကာ ရှာဖွေရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း မင်းသားလမ်းမပေါ်ရှိ စံအိမ်များကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။
ထိုစံအိမ်ပိုင်ရှင်များမှာ ကိုင်ရခက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
၎င်းတို့ တစ်ဦးချင်းစီမှာ တော်ဝင်မြို့တော်တွင် ဩဇာအာဏာ ကြီးမားလှပြီး ထူးကဲသော အဆင့်အတန်းများ ရှိကြသည်။
လုပ်ကြံသတ်ဖြတ်သူက ရိပ်မိပြီး ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် လျူခွေသည် ဦးစွာ ဝိုင်းရံထားပြီးမှ ဧကရာဇ်ထံသို့ သွားကာ 'တော်ဝင်အမိန့်တော်' တောင်းခံရန် အစီအစဉ် ချမှတ်လိုက်သည်။ ဓားဘုရင်စံအိမ်၏ တံတိုင်းပေါ်တွင် ဝပ်နေသော ဟန်ချန်းရန်နှင့် သွေးမုတ်ဆိတ်တို့သည် ခဏတာ အခြေအနေကို စောင့်ကြည့်ပြီးနောက် တိုးတိုးတိတ်တိတ် ဆွေးနွေးလိုက်ကြသည်။
"အဲဒီ အမျိုးသမီး လုပ်ကြံသတ်ဖြတ်သူက ငါတို့သခင်နဲ့အတူ ရှိနေတာ... ဒီစစ်သားတွေ မကြာခင် ဓားဘုရင်စံအိမ်ကို လာရှာကြတော့မှာပဲ။ အကယ်၍ သူတို့သာ ရှာတွေ့သွားရင် ဓားဘုရင်စံအိမ်လည်း လမ်းဆုံးပြီ၊ ငါတို့သခင်လည်း သေရလိမ့်မယ်" ဟု ဟန်ချန်းရန်က စိုးရိမ်တကြီး ပြောလိုက်သည်။
"ငါတို့ သခင် ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် နည်းလမ်းတစ်ခုခု စဉ်းစားရမယ်!" သွေးမုတ်ဆိတ်၏ မျက်နှာတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေသည်။
သူတို့နှစ်ဦးစလုံးမှာ ချူးဖုန်း၏ ရုပ်ဆေးဆေးလုံးဖြင့် ထိန်းချုပ်ခံထားရပြီး အစေခံများ ဖြစ်သွားကြပြီ ဖြစ်သဖြင့် ချူးဖုန်းအပေါ် သစ္စာရှိမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချူးဖုန်းအတွက်ဆိုလျှင် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ရန်ပင် သူတို့ ဝန်လေးကြမည်မဟုတ်ပေ။ ယခုအခါ ချူးဖုန်းအတွက် အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ရသဖြင့် သူတို့ ချက်ချင်းပင် ဖြေရှင်းနည်းများကို စဉ်းစားတော့သည်။
"သခင်ကြီးဆီ သွားသတင်းပို့ကြမလား" လောလောဆယ်တွင် ပိုကောင်းသော နည်းလမ်းကို မစဉ်းစားနိုင်သဖြင့် ဟန်ချန်းရန်က ချူးဖုန်းနှင့် တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။ "မင်း ရူးနေလား။ သခင်ကြီးက ဟိုအလှလေးကို အဆိပ်ဖြေပေးနေတာလေ... ငါတို့ အခုသွားနှောင့်ယှက်ရင် သူတို့ရဲ့ ကိစ္စကောင်းကို ဖျက်ဆီးလိုက်သလို ဖြစ်မသွားဘူးလား" သွေးမုတ်ဆိတ်သည် ချူးဖုန်းကို အလွန်အမင်း ကြောက်ရွံ့သဖြင့် သွားရောက်နှောင့်ယှက်ရန် မဝံ့ရဲပေ။
...
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ စစ်သည်များမှာလည်း နေရာအနှံ့ ဖြန့်ကြက်ပြီးသွားပြီ ဖြစ်သည်။
သို့သော်လည်း ညဉ့်နက်သန်းခေါင် ဖြစ်နေသဖြင့် ဧကရာဇ်ထံမှ တော်ဝင်အမိန့်တော် တောင်းခံရန်မှာ မသင့်လျော်ပေ။ လျူခွေတွင်လည်း ထိုသို့လုပ်ဆောင်ရန် အရည်အချင်း မရှိသေးပေ။
နံနက်ခင်း ညီလာခံစတင်ချိန်အထိ စောင့်ဆိုင်းပြီးမှ နန်းတော်အတွင်းသို့ ဝင်ကာ အမိန့်တော် တောင်းခံရမည် ဖြစ်သည်။
နေရာချထားမှုများ ပြီးစီးပြီးနောက် လျူခွေသည် မင်းသားလျူစံအိမ်အတွင်းသို့ အမြန်ဝင်သွားလိုက်သည်။ သူသည် နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို မင်းသားလျူနှင့် တိုင်ပင်ရန် လိုအပ်သည်။ နာရီဝက်ခန့် ကြာပြီးနောက် မင်းသားလျူနှင့် လျူခွေတို့ အတူတကွ ထွက်လာကြသည်။
"ဓားဘုရင်စံအိမ်ဆိုတာ အညစ်အကြေးတွေ စုဝေးရာနေရာပဲ၊ နာမည်ပဲ ရှိတော့တာ။ အဲဒီကနေ အရင်စရှာ!" မင်းသားလျူက ဓားဘုရင်စံအိမ်ကို လက်ညှိုးထိုးပြကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။
အခြားသော စံအိမ်များကို ရှာဖွေရန်အတွက် တော်ဝင်အမိန့်တော် လိုအပ်သည်။
သို့သော် မင်းသားလျူအတွက်မူ ဓားဘုရင်စံအိမ်သည် ဟင်းသီးဟင်းရွက် ဈေးတန်းတစ်ခုနှင့် မခြားပေ။သူတို့ အချိန်မရွေး၊ ဘယ်လိုပဲဖြစ်ဖြစ် လာရောက်နှိပ်စက်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။ သူတို့ ရှာချင်သည့်အချိန်တွင် ဝင်ရှာရုံသာ ရှိတော့သည်။ လျူခွေသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာဖြင့် ဓားဘုရင်စံအိမ်ထံသို့ ဦးတည်လိုက်သည်။ သူ့လက်အောက်ရှိ စစ်သည်များမှာလည်း စံအိမ်၏ အရှေ့ဘက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း!
တံခါးကို ကြမ်းတမ်းစွာ ထုရိုက်သံကြောင့် ချူးတန်ဇီမှာ အိပ်မက်လှလှလေးထဲမှ လန့်နိုးသွားခဲ့သည်။ သူသည် အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်ရင်း "လာပြီ... လာပြီ! ဘယ်သူလဲဗျ" ဟု မေးလိုက်သည်။ လျူခွေ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းပြီး စိတ်မရှည်ဟန်ဖြင့် နှာခေါေါင်းတစ်ချက် ရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်။
"ငါက လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဖို့ အမိန့်အရ လာတာပဲ။ ဓားဘုရင်စံအိမ်က ဒီလောက်ကြာတဲ့အထိ တံခါးမဖွင့်ပေးတာကို ကြည့်ရင် တစ်ခုခုတော့ ရှိနေပြီပဲ။ အဲဒီ လုပ်ကြံသူက ဓားဘုရင်စံအိမ်ထဲမှာ ပုန်းနေတာ ဖြစ်ရမယ်"
ဤစကားများမှာ မင်းသားလျူနှင့် ကြိုတင်တိုင်ပင်ထားပြီးသား ဖြစ်သည်။
စစ်သည်များကို တံခါးထုခိုင်းသည့် အချိန်မှ ယခုအထိသည် လေးငါးခါမျှ အသက်ရှူရုံသာ ကြာမြင့်သေးသည်။
ဤမျှ တိုတောင်းသော အချိန်အတွင်း၊ ၎င်းပြင် လူအများ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ညဉ့်နက်သန်းခေါင်အချိန်တွင် တံခါးကို မည်သို့လျှင် ချက်ချင်း ဖွင့်ပေးနိုင်ပါမည်နည်း။ လျူခွေသည် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဟောင်းနွမ်းနေပြီဖြစ်သော ဓားဘုရင်စံအိမ်၏ တံခါးမကြီးကို အားကုန် သုံး၍ ကန်ထည့်လိုက်တော့သည်။
ဂျိန်း!
ကျယ်လောင်သော အသံကြီးနှင့်အတူ ဓားဘုရင်စံအိမ်၏ တံခါးမကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်ကာ ပျက်စီးသွားတော့သည်။
ချူးတန်ဇီမှာ ထိုမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားတော့သည်။
သူ သတိမဝင်နိုင်သေးခင်မှာပင် ဝံပုလွေများကဲ့သို့ ကြမ်းတမ်းသော စစ်သည်များမှာ အတွင်းသို့ တိုးဝင်လာကြသည်။
"ရှာကြစမ်း! သေချာ ရှာကြ!"
လျူခွေက အာဏာအပြည့်ဖြင့် အေးစက်စွာ အမိန့်ပေးလိုက်သည်။
"အို... အို... စစ်သည်တော်ကြီးတို့ခင်ဗျာ၊ ရှာလို့မဖြစ်ပါဘူး၊ မရှာပါနဲ့ဗျာ! အခု စံအိမ်ထဲမှာ အိမ်ရှေ့စံမင်းသား၊ ဒုတိယမင်းသမီးနဲ့ တတိယမင်းသားတို့ အိပ်ပျော်နေကြတာပါ။ ရှာချင်တယ်ဆိုရင်လည်း ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသားတို့ကို အရင် သတင်းပို့ပါရစေဦးဗျာ!"
ချူးတန်ဇီသည် သူ၏ တာဝန်ကို အမှန်တကယ် သစ္စာရှိလှသည်။ သေမတတ် ကြောက်နေသော်လည်း စစ်သည်များ၏ လမ်းကြောင်းကို ခိုင်မြဲစွာ ပိတ်ဆို့ထားဆဲပင်။သူသည် လျူခွေနှင့် အခြားသူများကို အဆက်မပြတ် ဦးညွှတ်ကာ အသနားခံနေတော့သည်။
"ဖယ်စမ်း!"
"ဘာအိမ်ရှေ့စံမင်းသားလဲ၊ ဘာဒုတိယမင်းသမီးလဲ! ဓားဘုရင်စံအိမ်ဆိုတာ နာမည်ပဲ ရှိတော့တာ။ အဲဒီလို အသုံးမကျတဲ့ အမှိုက်ကောင်တွေကတောင် မင်းသားတို့၊ မင်းသမီးတို့လို့ ခေါ်ရဲသေးတာလား"
လျူခွေက ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ ချူးတန်ဇီမှာ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများထွက်ကာ မြေပေါ်သို့ လဲကျသွားတော့သည်။ ထို့နောက် လျူခွေက အေးစက်သော မျက်နှာဖြင့် လက်ဝှေ့ယမ်းကာ "ရှာကြစမ်း!" ဟု အမိန့်ပေးပြီးနောက် သူကိုယ်တိုင်လည်း အတွင်းသို့ ပြေးဝင်သွားတော့သည်။ မင်းသားလျူမှာမူ နောက်မှနေ၍ မခိုးမခန့်ဟန်ဖြင့် အေးအေးဆေးဆေး လိုက်ပါလာခဲ့သည်။