အခန်း (၆၈) - လုပ်ကြံသူ
ချူးဖုန်းက သူမကို အထပ်ထပ်အခါခါ ကတိပေးပြီးနောက် အပြင်ဘက်တွင် ရိုးရိုးသားသား ထိုင်ကာ ကျင့်ကြံနေလိုက်သည်။ တစ်ဆက်တည်းမှာပင် သူမအတွက် အစောင့်အဖြစ်ပါ တာဝန်ယူပေးထားလိုက်၏။ သူသည် လူကြီးလူကောင်း တစ်ယောက် မဟုတ်သော်ငြား၊ အမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို ခိုးကြည့်ရလောက်အောင်တော့ အဂ္ဂိရတ်ပညာရှင် ချူးဖုန်း၏ ဂုဏ်သိက္ခာက အောက်တန်းမကျလှပေ။
ယခုအချိန်တွင် ညအတော်ပင် နက်နေပြီဖြစ်ကာ အခန်းအပြင်ဘက်၌ လေပြင်းများ တိုက်ခတ်နေသည်။ သစ်ရွက်များက လေထဲတွင် တဝှီးဝှီး မြည်ဟီးနေကြ၏။
အရှေ့လေက ကြည်လင်သော်လည်း အနောက်လေက မိုးကို ခေါ်ဆောင်လာတတ်သည်။ ယခုအခြေအနေကို ကြည့်ရလျှင် မကြာမီ မိုးရွာတော့မည့်ဟန် ရှိသည်။
ချူးဖုန်းသည် 'ဖေယွမ်' ဆေးလုံးတစ်လုံးကို ထုတ်ကာ ပါးစပ်ထဲ သွင်းလိုက်ပြီးနောက် ဆေးစွမ်းအင်များကို ဖြည်းညင်းစွာ သန့်စင်ကာ အတုအယောင် ဓားသွေးကြောများထဲသို့ စီးဆင်းသွားစေရန် လမ်းညွှန်ပေးလိုက်သည်။
ပေါက်ကွဲထွက်မတတ် ပြင်းထန်လှသော ဆေးစွမ်းအင်များက ချူးဖုန်း၏ ခန္ဓာကိုယ်အတွင်း လှည့်လည် စီးဆင်းသွားပြီးနောက် သူ၏ ဓားသွေးကြောများအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။ သူ၏ရင်ထဲတွင်မူ စိုးရိမ်သောကများက အမြဲတစေ ကိန်းအောင်းနေဆဲပင်။
ပုံမှန် ဓားသွေးကြောများသာ ဆိုလျှင် မည်သို့မျှ စိုးရိမ်စရာ မရှိပေ။
သို့သော် အတုအယောင် ဓားသွေးကြောများမှာမူ ကွာခြားလှသည်။ ၎င်းတို့၏ နံရံများကို အတုအယောင် သွေးကြောဆေးလုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။ ပျော့ပျောင်းမှုနှင့် ခံနိုင်ရည် အပိုင်းတွင်မူ အစစ်အမှန် ဓားသွေးကြောများကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။ အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် သွေးကြောများ ပေါက်ထွက်သွားနိုင်ချေ ရှိသည်။
ချူးဖုန်း၏ ဂရုတစိုက် လမ်းညွှန်ထိန်းချုပ်မှုအောက်တွင် ဖေယွမ်ဆေးလုံး၏ ဆေးစွမ်းအင်များကို သူ၏ မီးသဘာဝ ဓားသွေးကြောက ဖြည်းညင်းစွာ စုပ်ယူသွားလေသည်။ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း လျင်မြန်စွာ မြင့်တက်လာနေ၏။
ဓားသွေးကြောများ ရှိနေခြင်းကြောင့် ဖေယွမ်ဆေးလုံး တစ်လုံး၏ အာနိသင်သည် ဆေးတစ်ပုလင်းစာနှင့်ပင် ညီမျှနေလေသည်။
"ဟင်?"
ကျင့်ကြံနေဆဲဖြစ်သော ချူးဖုန်းက ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး နေရာမှ ချက်ချင်း ခုန်ထလိုက်သည်။
အကြောင်းမူကား အခန်းတစ်ခုလုံးကို လွှမ်းခြုံလာသော ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို သူ ခံစားလိုက်ရသောကြောင့်ပင်။
ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်များက အဆတစ်ရာထက်မက အားနည်းသွားခဲ့သည်။ သို့သော် မရေမတွက်နိုင်သော သေရေးရှင်ရေး တိုက်ပွဲများမှ သွေးစွန်းကာ ရရှိလာခဲ့သည့် အာရုံခံစားနိုင်စွမ်းကတော့ အသုံးဝင်နေဆဲပင် ဖြစ်သည်။ လုပ်ကြံသူသည် သူ့အတွက် လာခြင်းဖြစ်ကြောင်းကို ချူးဖုန်း ချက်ချင်းပင် သိလိုက်သည်။
"အစ်ကိုကြီးနဲ့ မရီးတို့ ဘေးကင်းကြပါစေလို့ပဲ မျှော်လင့်ရတော့မယ်!" ချူးဖုန်းသည် ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ လျှို့ဝှက်ခန်း၏ ယန္တရားဆီသို့ ပြေးသွားကာ ပြတ်သားစွာ နှိပ်လိုက်သည်။
သူက အစ်ကိုကြီးနှင့် မရီးဖြစ်သူ၏ လုံခြုံရေးအတွက် အလွန် စိုးရိမ်နေသော်လည်း ဒုတိယအစ်မဖြစ်သူအတွက်မူ ထိုမျှလောက် စိုးရိမ်မနေခဲ့ပေ။
အကြောင်းမှာ ဓားတစ်သောင်းဂိုဏ်းသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ သူမသည် သက်သာလာသည်နှင့် တစ်ပြိုင်နက် တံခါးပိတ်ကျင့်ကြံရန် လျှို့ဝှက်ခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သောကြောင့် ဖြစ်သည်။ သူမက ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် အပြည့်အဝ ရူးသွပ်သူတစ်ဦး ဖြစ်သည်။
သေချာသည်ကတော့ သူမ၏ အစွန်းရောက်သော ကြိုးစားအားထုတ်မှုနှင့် ပေးဆပ်မှုများက ဓားဘုရင်စံအိမ်ကြီးကို ကာကွယ်ရန်အတွက်လည်း ဖြစ်ပေသည်။ ထို့ပြင် ချူးကျန်းလန်နှင့် ချူးဖုန်းတို့အတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ဖန်တီးပေးနိုင်ရန်ပင် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဓားဘုရင်စံအိမ်၏ လက်ရှိအခြေအနေမှာ အလွန် အန္တရာယ်များလှပြီး တော်ဝင်မိသားစု၏ ဖျက်ဆီးခြင်းကို အချိန်မရွေး ခံရနိုင်ချေ ရှိနေသည်။
"ဝုန်း!"
လျှို့ဝှက်ခန်း၏ လေးလံသော ကျောက်တံခါးကြီးက တဂျုန်းဂျုန်း မြည်ဟီးသွားပြီးနောက် ပေဝက်ခန့် ကျယ်သော အက်ကွဲကြောင်းငယ်လေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချူးဖုန်းက မည်သည့်အန္တရာယ်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အတင်းတိုးဝင်သွားလေသည်။
သူ တိုးဝင်သွားသည့် အချိန်လေးမှာပင် အပြင်ဘက်အခန်း၏ တံခါးမင်းတုပ်က "ခွမ်း" ခနဲ မြည်ကာ ဓားအလင်းတန်း တစ်ချက်အောက်တွင် အလွယ်တကူ ပြတ်တောက်သွားလေသည်။
ဓားအလင်းတန်းကို ထုတ်လွှတ်နိုင်သူသည် အဆင့်မြင့် ဓားသခင် တစ်ဦး ဖြစ်မည်မှာ သေချာပေါက်ပင်။
အမည်းရောင် အရိပ်တစ်ခုက လျှပ်တစ်ပြက် လှုပ်ရှားလာပြီး ချူးဖုန်း၏ အခန်းထဲသို့ ဝင်ရောက်လာ၏။
"လျှို့ဝှက်ခန်းထဲကို ထွက်ပြေးဖို့ ကြိုးစားနေတာလား" အနက်ရောင်ဝတ်ရုံရှင်၏ အသံက အရိုးကွဲမတတ် အေးစက်နေပြီး လျှို့ဝှက်ခန်းထဲသို့ တိုးဝင်သွားသည့် ချူးဖုန်းကို ချက်ချင်းပင် ပစ်မှတ်ထားလိုက်သည်။ သူ၏ လက်ထဲတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် ထက်မြက်သော ဓားတစ်လက်ကို ကိုင်ဆောင်ထားလျက် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ချူးဖုန်းနောက်သို့ တိုက်ရိုက် လိုက်သွားလေသည်။
ချူးဖုန်း၏ ပထမဆုံး တုံ့ပြန်မှုကတော့ လျှို့ဝှက်ခန်းတံခါးကို ပြန်ပိတ်ရန်ပင် ဖြစ်သည်။
သို့သော် သူ ခေါင်းမော့လိုက်သည်နှင့် နှာခေါင်းသွေး လျှံကျမတတ် ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
လျှို့ဝှက်ခန်း တံခါးဖွင့်လိုက်သည့် အသံကြောင့် သူမ လန့်ဖြန့်သွားကာ ချက်ချင်း ခုန်ထွက်လာခြင်း ဖြစ်ဟန်တူသည်။
သူ၏ သွေးများ ချက်ချင်း ဆူပွက်လာသလို ခံစားလိုက်ရသည်။
အလှတရား... သူမက အတိုင်းထက်အလွန် လှပလွန်းနေသည်။
ထို့အပြင် ထို အနက်ရောင်ဝတ် မိန်းမပျိုလေးသည် ယခုအချိန်တွင် မျက်နှာဖုံး တပ်ဆင်ထားခြင်း မရှိပေ။ နတ်သမီးလေးတစ်ပါးထက်ပင် ပိုမိုလှပနေသော သူမ၏ ညို့ယူဖမ်းစားနိုင်စွမ်းရှိသည့် မျက်နှာလေးက မြင်တွေ့ရသူတိုင်းကို ရစ်မူးတွေဝေသွားစေနိုင်သည်။
ချူးဖုန်းသည် အလှပန်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးပြီး အလှဆုံးမှာ သူ့ကို တစ်ကြိမ် သစ္စာဖောက်ခဲ့ဖူးသည့် ချန်အယ်ပင် ဖြစ်သည်။ သို့သော် သူ၏ ရှေ့မှောက်ရှိ အနက်ရောင်ဝတ် မိန်းမပျိုလေးမှာ ချန်အယ်ထက် အလှအပရေးရာတွင် အလျဉ်းမနိမ့်ကျလှပေ။
"အာ..." စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ထိုအနက်ရောင်ဝတ် မိန်းမပျိုလေးက အလွန်အမင်း ဒေါသတကြီးဖြင့် "ဟေ့ လူယုတ်မာ... သေဖို့သာ ပြင်ထားလိုက်တော့!" ဟု အော်ဟစ်လိုက်သည်။
ဗုန်း!
ချူးဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို ဥက္ကာခဲတစ်ခုဖြင့် ဝင်တိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး "အာ" ဟု နာကျင်စွာ အော်ဟစ်ရင်း လွင့်စင်သွားကာ မာကျောထူထဲသော ကျောက်နံရံကြီးနှင့် ပြင်းထန်စွာ ဝင်အဆောင့်ခံလိုက်ရသည်။
ထို့နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
"အော့! မရိုက်ပါနဲ့တော့... လူတစ်ယောက် ငါ့ကို လာသတ်နေလို့ပါ..." သူ လျှို့ဝှက်ခန်းထဲသို့ ရုတ်တရက် အကျိုးအကြောင်းမသင့်ဘဲ ဝင်လာမိမှန်း ချူးဖုန်း ကိုယ်တိုင်လည်း သိနေခဲ့သည်။
အနက်ရောင်ဝတ် မိန်းမပျိုလေး၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့်သာဆိုလျှင် သူမ တကယ်သာ သတ်ချင်ပါက သူ့ကို ဒဏ်ရာရရုံမျှ မဟုတ်ဘဲ ပွဲချင်းပြီး အဆုံးစီရင်လိုက်နိုင်လောက်သည်။
ထို့ကြောင့် သူက အလျင်စလို ရှင်းပြရန် ကြိုးစားလိုက်သည်။
အနက်ရောင်ဝတ် မိန်းမပျိုလေးက အနည်းငယ် ညှာတာပေးခဲ့သော်လည်း၊ ဤလက်ဝါးရိုက်ချက်က သူ့အတွက်တော့ အတော်လေး ခံလိုက်ရသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေပြီဖြစ်ကာ ခန္ဓာကိုယ် အနှံ့အပြားတွင်လည်း ပြင်းထန်သော နာကျင်မှုများကို ခံစားနေရ၏။
လုံလောက်သော စွမ်းအားမရှိဘဲ သူတစ်ပါးအပေါ် အခွင့်အရေးယူရန် ကြိုးပမ်းခြင်းက သေချာပေါက် ဆင်းရဲဒုက္ခကို ရှာဖွေခြင်းပင် ဖြစ်သည်။
အပြင်ဘက်ရှိ လုပ်ကြံသူများ၏ လက်ချက်ဖြင့် အသတ်ခံရမည့်အစား သူမ၏ အရိုက်ခံရခြင်းကမှ ချူးဖုန်းအတွက် ပိုကောင်းဦးမည်ဖြစ်သည်။
အနက်ရောင်ဝတ် မိန်းမပျိုလေးမှာမူ လျှို့ဝှက်ခန်း အပြင်ဘက်ရှိ အခြေအနေကို လုံးဝ သိရှိထားခြင်း မရှိပေ။
ချူးဖုန်း ပြောသမျှ အဓိပ္ပာယ်မရှိသည့် စကားများကို သူမ လုံးဝ မယုံကြည်ခဲ့ပေ။
"ကောင်းကောင်းမွန်မွန်နဲ့... ဓားဘုရင်စံအိမ်ကြီးထဲမှာ ဘယ်သူကများ ရှင့်ကို သတ်ချင်မှာလဲ"
"ဒါ့အပြင် ရှင့်ရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေနဲ့ဆိုရင် အဆင့်မြင့် ဓားသခင် တစ်ယောက်တောင် ရှင့်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"
တခြားသူများက ချူးဖုန်း၏ စွမ်းဆောင်ရည်များကို မသိကြသော်လည်း အနက်ရောင်ဝတ် မိန်းမပျိုလေးကမူ ထိုအကြောင်းကို အလွန် ရှင်းလင်းစွာ သိထားလေသည်။
သူမက ချူးဖုန်းနှင့် ယခင်က အကြိမ်အနည်းငယ် ထိပ်တိုက်တွေ့ဖူးပြီး သူ ပြသခဲ့သည့် နည်းဗျူဟာများက မဟာ ဓားသခင် ဖြစ်သော သူမကိုပင် သတိထားလာစေခဲ့သည်။ ဤ ဓားဘုရင်စံအိမ်ထဲတွင် ဘယ်သူကများ ချူးဖုန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားရဲမည်နည်း။
ချူးဖုန်းကို ဤမျှလောက်အထိ ကြောက်ရွံ့သွားအောင် လုပ်နိုင်သူ ရှိပါ့မလား။
ချူးဖုန်းက သူမကို ချောင်းကြည့်ရန်အတွက် တမင်တကာ ဆင်ခြေပေးနေခြင်း ဖြစ်သည်ဟု သူမ အပြည့်အဝ ယုံကြည်ထားသည်။
သူမ၏ ရင်ထဲတွင် ပို၍ ရှက်ရွံ့ကာ ဒေါသထွက်လာခဲ့၏။
"ရှင်က ကျွန်မကို အခွင့်အရေးယူချင်နေတာ သိသာလွန်းနေတယ်... အဲ့ဒါကိုများ ဒီလို အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေကို ပေးရဲသေးတယ်ပေါ့လေ။ ရှင့် မျက်လုံးတွေကို ဖောက်ထုတ်ပစ်ရမယ်!" အနက်ရောင်ဝတ် မိန်းမပျိုလေး၏ ဒေါသက အရင်ကလိုပင် မီးတောက်မီးလျှံများကဲ့သို့ ပြင်းထန်နေကာ ချူးဖုန်းကဲ့သို့သော လူယုတ်မာကို အသေသတ်ပစ်ချင်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ ချူးဖုန်းက သူမကို ကယ်တင်ခဲ့ဖူးသူ ဖြစ်ပြီး၊ ဤကာလအတွင်း သူမကို အလွန် ဂရုတစိုက် စောင့်ရှောက်ပေးခဲ့သည် မဟုတ်ပါလား။
ကျေးဇူးရှင်ကို ပြန်လည် အန္တရာယ်ပြုရန်မှာ သူမအတွက် အမှန်တကယ် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲလှပေသည်။
"သတိထား... သူ ဝင်လာပြီ!" မိန်းမပျိုလေးက သူမ၏ သွယ်လျသော ကျောက်စိမ်းလက်ကလေးကို ထပ်မံ မြှောက်တင်လိုက်သည်ကို မြင်လိုက်ရသဖြင့် ချူးဖုန်းက အလောတကြီးဖြင့် လျှို့ဝှက်ခန်းတံခါး ရှိရာဘက်သို့ လက်ညိုးထိုးပြလိုက်ရသည်။
လျှို့ဝှက်ခန်းတံခါးက နောက်တစ်ကြိမ် ထပ်ပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသူက အမှန်တကယ်ပင် နောက်မှ လိုက်ဝင်လာခဲ့လေပြီ။
အနက်ရောင်ဝတ် မိန်းမပျိုလေး အံ့အားသင့်သွားပြီးနောက် သူမ၏ ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကာ "ရှင် ဘယ်သူလဲ" ဟု စူးရှစွာ မေးလိုက်သည်။ ခန္ဓာကိုယ်မှ နာကျင်မှုများကို ဂရုမစိုက်နိုင်တော့ဘဲ ချူးဖုန်းသည် အမြန် ကုန်းရုန်းထကာ သူမ၏ ကျောဘက်တွင် မျက်နှာပြောင်တိုက်၍ ပုန်းအောင်းနေလိုက်၏။
ယခုအချိန်သည် ဟန်ရေးပြနေရမည့် အချိန် မဟုတ်ပေ။
ထူးဆန်းသော ဝတ်ရုံကို ဆင်မြန်းထားသည့် ဤလုပ်ကြံသူသည် မဟာ ဓားသခင် ကျင့်ကြံမှုအဆင့်ရှိကာ အလွန် အစွမ်းထက်လှသည်။ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ပါက သူ့အနေဖြင့် ချူးဖုန်းကို ပွဲချင်းပြီး သတ်ဖြတ်နိုင်စွမ်း အပြည့်အဝ ရှိနေပေသည်။
ပြန်လည်မွေးဖွားလာပြီး လမ်းမှန်ပေါ် ပြန်ရောက်ရန် လွယ်ကူလှသည် မဟုတ်ချေ။ ထို့ပြင် ကလဲ့စားချေရန်ကလည်း မျက်မှောက်တွင် ရှိနေသေးသည်။
ချူးဖုန်းသည် တစ်စုံတစ်ယောက်၏ လက်ချက်ဖြင့် အဖြစ်ဆိုးစွာ အသက်မသေချင်သေးပေ။
"ဓားဘုရင်စံအိမ်က အမှိုက်ကောင်... မင်းကို ငါ အထင်သေးမိသွားတယ်။ မင်းရဲ့အခန်းထဲမှာ ဒီလိုလှပတဲ့ မဟာ ဓားသခင်မလေး တစ်ယောက်ကို ဖွက်ထားလိမ့်မယ်လို့ ထင်မထားမိဘူး!" ထူးဆန်းသော ဝတ်ရုံရှင်၏ အသံက အေးစက်ကာ ရက်စက်ကြမ်းကြုတ်လှပြီး သူ ကိုယ်တိုင်လည်း အတော်လေး အံ့သြနေမိသည်။
အကြောင်းမှာ သူ စုဆောင်းထားသော သတင်းအချက်အလက်များအရ ဓားဘုရင်စံအိမ်တွင် မည်သည့် သိုင်းပညာရှင်မှ မရှိဟု သိထားသောကြောင့်ပင်။
ယင်းကပင် သူ ဓားဘုရင်စံအိမ်အတွင်းသို့ ရဲတင်းစွာ ခိုးဝင်ပြီး ချူးဖုန်းကို လုပ်ကြံရန် ရဲရဲဝံ့ဝံ့ ကြိုးပမ်းရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
စကားပြောနေစဉ်မှာပင် ဝတ်ရုံရှင် အမျိုးသားက ရုတ်တရက် ရှေ့သို့ ပြေးဝင်လာကာ သူနှင့် သူ၏ဓားမှာ တစ်သားတည်း ဖြစ်သွားလေသည်။ ထို့နောက် ပြင်းထန်ပြီး ပြိုင်ဘက်ကင်းသော ဓားချီများက အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ရိုက်ခတ်သွားလေတော့သည်။