အခန်း (၅၆) - ထူးခြားသောမီးတောက်ကို အဆင့်မြှင့်တင်ခြင်း
"ဒါက သိပ်တော့ အရေးမကြီးပါဘူး၊ ကျွန်တော် သိချင်ရုံသက်သက်ပါပဲ။ အဲဒီ ထိုက်ယင် ရွှေရောင်လင်းကျီးမှိုကို ခင်ဗျား ဘယ်ကနေ ရခဲ့တာလဲ" ချူးဖုန်းက သူ၏ ထူးခြားသောမီးတောက်ကို အဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။
ဤမျှလောက် အားထုတ်ထားခဲ့ရသည်ဖြစ်ရာ အချည်းနှီးတော့ အဖြစ်မခံနိုင်ပေ။
သူ အကျိုးအမြတ် တစ်ခုခုတော့ ရမှဖြစ်မည်။
"လူလေး... မင်းက ဘာလို့ ဒါကို မေးရတာလဲ။ ထိုက်ယင် ရွှေရောင်လင်းကျီးမှိုကို လိုက်ရှာချင်လို့လား"
"အဲဒီအတွေးကို ဖျောက်လိုက်ဖို့ ငါအကြံပေးချင်တယ်။ မင်းကို ဖုံးကွယ်မထားပါဘူးကွာ၊ အဲဒီ ထိုက်ယင် ရွှေရောင်လင်းကျီးမှိုက ငါ့ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူကို ပြောင်းရွှေ့မြှုပ်နှံတဲ့အချိန်မှာ မတော်တဆ တွေ့ခဲ့ရတာပဲ။
အဲဒီအချိန်က ခေါင်းတလားပျဉ်ပြားပေါ်မှာ ပေါက်နေခဲ့တာလေ။ နေရာအနှံ့ လိုက်ရှာကြည့်ပေမဲ့ အဲဒီတစ်ခုတည်းကိုပဲ တွေ့ခဲ့ရတာ"
ဝန်ကြီးဝူ၏ အဖြေက ချူးဖုန်းကို စိတ်ပျက်မသွားစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်နှာပေါ်တွင် 'ငါထင်ထားတဲ့အတိုင်းပဲ' ဆိုသည့် အမူအရာမျိုး ပေါ်လွင်နေခဲ့သည်။
ထိုက်ယင် ရွှေရောင်လင်းကျီးမှိုသည် အလွန်တရာမှ ရှားပါးလှပြီး ရှင်သန်ကြီးထွားရန်အတွက် လိုအပ်သော ပတ်ဝန်းကျင်အခြေအနေများကလည်း အထူးပင် တင်းကျပ်လှသည်။
အလွန်အမင်း အေးစက်သော ယင်စွမ်းအင်ရှိသည့် မြေနေရာ လိုအပ်သည့်အပြင် နေရောင်ခြည်နှင့် လရောင်တို့ကလည်း အလှည့်ကျ ကျရောက်နေရန် လိုအပ်သေးသည်။ ထို့အပြင် ၎င်းက ကြီးထွားလာစေရန် ခေါင်းတလားများထဲမှ အလောင်းကောင်များ၏ အငွေ့အသက်ကို စုပ်ယူရန်လည်း လိုအပ်ပေသည်
ခေါင်းတလားအတွက် လိုအပ်ချက်များကလည်း အလွန်မြင့်မားလှသည်။
ထိုက်ယင် ရွှေရောင်လင်းကျီးမှို ပေါက်ရောက်နိုင်ချေ အများဆုံးရှိသည့် ခေါင်းတလားများမှာ တန်ဖိုးကြီးမားသော ရွှေချည်မျှင်နန်မုသစ်သားဖြင့် ပြုလုပ်ထားသော ခေါင်းတလားများဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။
ခေါင်းတလားထဲရှိ အလောင်းကောင်နှင့် ပတ်သက်၍လည်း သတ်မှတ်ချက်များ ရှိနေသေးသည်။
အကောင်းဆုံးမှာ အဆိုပါအလောင်းသည် စစ်ပွဲများစွာတွင် ရန်သူများစွာကို သတ်ဖြတ်ခဲ့ပြီး လွှမ်းမိုးနိုင်သော မိစ္ဆာအငွေ့အသက်များ ရှိနေသည့် စစ်သူကြီးတစ်ဦး၏ အလောင်းဖြစ်ရမည်။ ထိုသို့သောသူ၏ အလောင်းကောင်အငွေ့အသက်ကသာ ထိုက်ယင် ရွှေရောင်လင်းကျီးမှိုကို ရှင်သန်ကြီးထွားစေနိုင်သည်။ ထိုသို့မဟုတ်ပါက ပေါက်လာခဲ့လျှင်တောင်မှ ညှိုးနွမ်းပျက်စီးသွားမည်သာ ဖြစ်သည်။
"ဝန်ကြီးဝူ ပြောင်းရွှေ့မြှုပ်နှံခဲ့တဲ့ မိသားစုသင်္ချိုင်းက မူလက ဘယ်နေရာမှာ ရှိခဲ့တာလဲ" ဟု ချူးဖုန်းက ထပ်မံမေးမြန်းလိုက်သည်။ "သိပ်မဝေးပါဘူး၊ မြို့တော်ရဲ့ အနောက်ဘက် မြို့တံခါးအပြင်ဘက်က နာမည်ကြီး ဓားတစ်လက်တောင်ထွတ်ရဲ့ တောင်ခြေမှာပါ။ မင်း ကံစမ်းကြည့်ချင်ရင်တော့ မြေသားအသစ်တွေ တူးဆွထားတဲ့ နေရာကိုသာ သွားရှာပေတော့။ ဘာလို့လဲဆိုတော့ အဲဒီဘိုးဘေးသင်္ချိုင်းကို ပြောင်းရွှေ့မြှုပ်နှံခဲ့တာက လွန်ခဲ့တဲ့ ငါးရက်၊ ခြောက်ရက်လောက်ကမှလေ"
...
ဝန်ကြီးဝူကို နှုတ်ဆက်ပို့ဆောင်ပြီးနောက် ချူးဖုန်းသည် နျူးပေါ့ထျန်းထံမှ မြင်းတစ်ကောင်ကို ချက်ချင်းငှားရမ်းကာ အနောက်ဘက် မြို့တံခါးအပြင်ရှိ ဓားတစ်လက်တောင်ထွတ်ဆီသို့ ဒုန်းစိုင်းနှင်သွားခဲ့သည်။ နျူးပေါ့ထျန်းက သူ၏လုံခြုံရေးအတွက် စိုးရိမ်သဖြင့် ကာကွယ်ပေးရန် ချူးဖုန်းနှင့်အတူ လိုက်ပါမည်ဟု ကမ်းလှမ်းခဲ့သည်။
သို့သော် ချူးဖုန်းက ငြင်းပယ်ခဲ့သည်။
ချူးဖုန်းက သူ၏ အံ့မခန်း အဂ္ဂိရတ်ပညာရပ်များကို ဆက်လက်ထုတ်ဖော်ပြသလာသည်နှင့်အမျှ သူ၏အပေါ်ထားရှိသော နျူးပေါ့ထျန်း၏ သဘောထားမှာလည်း ပိုမို၍ ရိုသေလေးစားလာခဲ့သည်။
ပြင်ပလူများရှေ့တွင် သူက ချူးဖုန်း၏ ဆရာသမားဖြစ်သည်။ ပြင်ပလူများ မရှိချိန်တွင်မူ သူက ချူးဖုန်း၏ အစေခံတစ်ဦးပမာပင်။
ချူးဖုန်းသည် မြင်းကိုစီးကာ အနောက်ဘက် မြို့တံခါးမှ ဖြတ်သန်းသွားသောအခါ စစ်ဆေးမှုများ အလွန်တင်းကျပ်နေသည်ကို တွေ့လိုက်ရသည်။ သူက တံခါးပေါက်တွင် ကင်းစောင့်နေသော ဂိုဏ်းတူအစ်ကိုကြီးကို တွေ့ရရန် မျှော်လင့်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် မတွေ့ခဲ့ရပေ။
သူ ဓားဘုရင်စံအိမ်တော်သို့ မပြန်ဖြစ်သည်မှာ တစ်ရက်ကျော်ကြာခဲ့ပြီဖြစ်သည်။ သူက သတင်းစကား ပါးထားခဲ့သော်လည်း ဂိုဏ်းတူအစ်ကိုကြီးနှင့် အခြားသူများ စိုးရိမ်နေမည်ကို သူ ပူပန်နေမိဆဲဖြစ်သည်။
သူသည် မြို့တော်ရှိ ဓားဘုရင်စံအိမ်တော်မှ နာမည်ကျော် 'အသုံးမကျသူ' တတိယသခင်လေး ဖြစ်သောကြောင့် သူ၏ ကိုယ်ရေးအချက်အလက်ကို သက်သေပြနိုင်သည့် အမှတ်အသားပြားများနှင့် ပတ်သက်လျှင် အားလုံး ပြည့်စုံစွာရှိနေသည်။
ထို့ကြောင့် သူ မြို့ပြင်ထွက်ရာတွင် အလွန်ချောမွေ့ခဲ့ပြီး အစောင့်များကလည်း သူ့ကို သိပ်ပြီး အခက်အခဲ မပေးခဲ့ကြပေ။
သို့သော် ကိုယ်ရေးအချက်အလက် မရှင်းလင်းသူများကိုမူ စစ်ဆေးရေးလုပ်နေသော စစ်သည်များက အလွယ်တကူ လွှတ်မပေးခဲ့ကြချေ။ လူအများအပြားမှာ တိုက်ရိုက်ဖမ်းဆီးခံခဲ့ရပြီး မည်မျှပင် တောင်းပန်နေစေကာမူ လျစ်လျူရှုခံခဲ့ရသည်။
ဒီစစ်သားတွေက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီးကို လိုက်ရှာနေတာပဲ ဖြစ်ရမယ်။ ငါ မပြန်ဖြစ်တာ တစ်ရက်တောင် ရှိနေပြီ၊ သူတော့ အခုလောက်ဆို ဆာလောင်နေတော့မှာပဲ။ ချူးဖုန်း ထွက်မလာခင်က လျှို့ဝှက်အခန်းထဲတွင် ရေနှင့် သရေစာအချို့ကို တမင်တကာ ချန်ထားပေးခဲ့သည်။
သို့သော် ထိုရိတ်က္ခာများက အများဆုံး တစ်ရက်ခန့်သာ ခံနိုင်မည်ဖြစ်သည်။
မြို့တော်၏ မြို့တံခါးမှ ချူးဖုန်း ထွက်သွားပြီး များမကြာမီမှာပင် စစ်သည်တစ်ဦးက သူထွက်သွားသည်ကို ကြည့်ကာ အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
"အဘိုးချန်း၊ ကျုပ်နေရာကို ခဏလောက် တာဝန်ယူထားပေးဦး! ကျုပ် မင်းသားလျူစံအိမ်တော်ကို သွားလိုက်ဦးမယ်"
ကျောက်လျူ ဟုအမည်ရသော ဤစစ်သည်မှာ မင်းသားလျူစံအိမ်တော်မှ လူဖြစ်သည်။
ချူးဖုန်း မြို့တော်မှ ထွက်သွားသည်ကို မြင်သောအခါ ဤသတင်းကောင်းကို လျူဖင်ထံ ချက်ချင်း သွားရောက်သတင်းပို့ခြင်းဖြစ်သည်။
မြို့တော်၏ နယ်နိမိတ်အတွင်း ချူးဖုန်းကို သတ်ရန်မှာ သိပ်မလွယ်ကူလှပေ။
သို့သော် မြို့အပြင်ဘက်တွင်မူ ထိန်းချုပ်ကန့်သတ်မှုများက အများကြီး ပိုနည်းပါးသွားလေပြီ။ ထိုအချိန်ရောက်၍ လျူဖျင်သာ အောင်မြင်သွားပါက ဤသတင်းကို ယူဆောင်လာပေးသော စစ်သည်ကို ရက်ရက်ရောရော ဆုချီးမြှင့်မည်မှာ သေချာလှသည်။
...
ချူးဖုန်းမှာမူ သူ စောင့်ကြည့်ခံနေရသည်ကို လုံးဝ သတိမထားမိဘဲ ဓားတစ်လက်တောင်ထွတ်ဆီသို့သာ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့သည်။ ဤတောင်ထွတ်က ရှာရအလွန်လွယ်ကူသည်။ တိမ်တိုက်များထဲအထိ မြင့်မားစွာ ထိုးထွက်နေပြီး ဓားတစ်လက်ကဲ့သို့ ဖြောင့်တန်းကာ တစ်ခုတည်းသော အထီးကျန်တောင်ထွတ်လည်း ဖြစ်သည်။ ဝန်ကြီးဝူ၏ ဘိုးဘေးများထဲတွင် စစ်သူကြီးများစွာ ထွက်ပေါ်ခဲ့ဖူးသည်။ သူတို့၏ မိသားစုက အလွန် ဩဇာတိက္ကမ ကြီးမားခဲ့သည်။
သို့ရာတွင် သူတို့မိသားစုမှ သေဆုံးသွားသူများကို ယင်စွမ်းအင် သန့်သန့်နှင့် အထီးကျန်ဆန်သော ရှား စွမ်းအင်များရှိသည့် ဤမျှ လူသူကင်းမဲ့သောနေရာ၌ အဘယ်ကြောင့် ရွေးချယ်မြှုပ်နှံခဲ့ကြသနည်းဆိုသည်ကမူ မသိရပေ။ အဓိကမိသားစုကြီး အများစုက ထိုသို့သော ဖုန်းရွှေ အခင်းအကျင်းမျိုးကို ရွေးချယ်ကြမည် မဟုတ်ပေ။
ဤသည်မှာ ဓနဥစ္စာကြွယ်ဝမှု မျိုးဆက်သုံးဆက်ထက် မကျော်လွန်နိုင်စေသော ပုံမှန် ဖုန်းရွှေပုံစံတစ်ခု ဖြစ်သည်။
အကြောင်းမှာ ဘိုးဘေးများကို ထိုသို့သော နေရာမျိုးတွင် မြှုပ်နှံထားခြင်းဖြင့် သားစဉ်မြေးဆက်များသည် အစပိုင်းတွင် အောင်မြင်ကြီးပွားပြီး ပိုမိုကြွယ်ဝချမ်းသာလာနိုင်သော်လည်း၊ ဤဖုန်းရွှေအခင်းအကျင်းက ထောက်ပံ့ပေးနိုင်သည့် အမြင့်ဆုံးအဆင့်တစ်နေရာသို့ မိသားစု၏ ကြီးပွားတိုးတက်မှုက ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အလျင်အမြန်ပင် ကျဆင်းသွားမည်ဖြစ်သည်။
ဝန်ကြီးဝူသည် စစ်ရေးဝန်ကြီးဟူသော ရာထူးမြင့်နေရာသို့ ရောက်ရှိနေပြီဖြစ်ရာ အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်ပုံရသည်။ နောက်ထပ် ဝန်ကြီးဝူ၏ သားများ မျိုးဆက်သို့ ရောက်သောအခါ တစ်မိသားစုလုံးကို တိုက်ရိုက်ဖျက်ဆီးမိပြီး အောက်ခြေဆုံးအထိ ထိုးကျသွားနိုင်ချေ အလွန်များပြားလှသည်။
ဝန်ကြီးဝူက သူ၏ ဘိုးဘေးသင်္ချိုင်းကို ကြိုတင်တူးဖော်ပြီး ပြောင်းရွှေ့ခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ဝူမိသားစုက သူတို့၏ ဘိုးဘေးများကို မြှုပ်နှံခဲ့စဉ်က မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် မိသားစုလမ်းညွှန်ချက်တစ်ခု ရှိခဲ့ပုံရသည်။ ၎င်းက မျိုးဆက်သုံးဆက်မြောက်တွင် ဘိုးဘေးသင်္ချိုင်းကို ပြောင်းရွှေ့ရန် သားမြေးများကို အကြံပြုထားခဲ့ခြင်းဖြစ်သည်။
ချူးဖုန်းက အခြားသူများ၏ မိသားစုရေးရာကိစ္စများကို ဂရုစိုက်မနေနိုင်ပေ။ ဝူမိသားစု၏ အနိမ့်အမြင့် အတက်အကျများသည် သူနှင့် ဘာမှမဆိုင်ပေ။
သူလိုအပ်သည်မှာ သူ၏ ထူးခြားသောမီးတောက်ကို အဆင့်မြှင့်တင်ပေးနိုင်မည့် ရတနာများသာ ဖြစ်သည်။
ချက်ချင်းပင် သူက မြင်းကိုစီးကာ တောင်ခြေရှိ ဝူမိသားစု ဘိုးဘေးသင်္ချိုင်းဂူနေရာကို စတင်ရှာဖွေလေတော့သည်။
'တောင်ကိုလှမ်းမြင်ရပေမဲ့ သွားရတဲ့မြင်း အသေအလဲမော' ဆိုသည့် စကားအတိုင်းပင် ဖြစ်နေတော့သည်။ ချူးဖုန်းသည် ခေါင်းမူးလာသည့်အထိ ဓားတစ်လက်တောင်ထွတ်ကို ပတ်နေခဲ့သော်လည်း တစ်ပတ်ပြည့်အောင်ပင် မပတ်နိုင်သေးချေ။
"ဒီနားတစ်ဝိုက်မှာ ငွေစက္ကူတွေနဲ့ တခြားပစ္စည်းတွေ ပြန့်ကျဲနေပါလား။ ဒီအနီးအနားမှာပဲ ဖြစ်ရမယ်!" ရှေ့ရှိ ချုံပုတ်များပေါ်တွင် ပြန့်ကျဲနေသော ငွေစက္ကူများကို မြင်လိုက်ရချိန်တွင် ချူးဖုန်း၏ မျက်လုံးများက အရောင်လက်သွားခဲ့သည်။ သူက ချက်ချင်းပင် ဤနေရာကို ဗဟိုပြုကာ ပြန့်ကျဲနေသော ငွေစက္ကူလမ်းကြောင်းကို လိုက်၍ ရှာဖွေလေတော့သည်။ မကြာမီမှာပင် ချူးဖုန်းက ဝူမိသားစု ဘိုးဘေးသင်္ချိုင်းဂူ၏ နေရာကို တွေ့ရှိသွားခဲ့သည်။
အသစ်တူးဆွထားသော မြေသားများကို ပြန်လည်ဖို့ထားသော်လည်း ကောင်းကင်တံခါး၊ မြေကြီးတံခါးနှင့် ပူဇော်ပသရာ စင်မြင့်တို့ကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲဖြစ်သည်။
"ဒီနေရာက တောင်ထွတ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတာပဲ။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ နေရောင်ရဖို့ ခဲယဉ်းတယ်။ မွန်းလွဲပိုင်းလောက်ရောက်မှပဲ နေရောင်ခြည်က ဒီနေရာကို ခဏလောက် ထိုးကျနိုင်လိမ့်မယ်"
"တစ်ဖက်မှာကျတော့ လရောင်က ဒီနေရာကို အချိန်အကြာကြီး လင်းထိန်စေနိုင်တယ်"
"ဝူမိသားစုရဲ့ ဘိုးဘေးတွေက စစ်သူကြီးတွေဖြစ်ခဲ့တော့ သူတို့ရဲ့ အလောင်းတွေက အပြည့်အဝကို သင့်တော်နေတယ်။ ဒီက အထူးမြေမျက်နှာသွင်ပြင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီအခြေအနေတွေက သက်တမ်းရာချီနေတဲ့ ထိုက်ယင် ရွှေရောင်လင်းကျီးမှိုကို ပေါက်ဖွားလာစေခဲ့တာပဲ"
မြေမျက်နှာသွင်ပြင်ကို လေ့လာစူးစမ်းပြီးနောက် ချူးဖုန်း၏ အကြည့်များက နေရာတစ်ခုပေါ်တွင် ရပ်တန့်သွားခဲ့သည်။
ဤနေရာသည် သင်္ချိုင်းဂူများ၏ ခွဲဖြာရာအမှတ်ဖြစ်ပြီး ဗဟိုချက်နေရာလည်း ဖြစ်သည်။ ဂုဏ်သတင်းကြီးမားသော အိမ်တော်များစွာသည် သင်္ချိုင်းဂူပိုင်ရှင်၏ အောင်မြင်မှုများကို မှတ်တမ်းတင်ထားသည့် ကြီးကျယ်ခမ်းနားသော ကျောက်တိုင်ကြီးကို ဤနေရာတွင် စိုက်ထူထားတတ်ကြသည်။
"ငါရှာနေတဲ့ ရတနာက ဒီကျောက်တိုင်ရဲ့ အနောက်ဘက်မှာ ရှိနေရမယ်!"
ချူးဖုန်းက သူ၏ သံဂေါ်ပြားကိုဆွဲယူကာ ကျောက်တိုင်အနောက်ဘက်ကို စတင်တူးဆွလေတော့သည်။ အပြာရောင်အုတ်ခဲနှစ်တုံးကို ဖယ်ရှားလိုက်ပြီးနောက် ပြွန်ပေါက်တစ်ခုကို သူတွေ့လိုက်ရသည်။
၎င်းပြွန်ပေါက်ထဲမှ ယင်လေပြင်းများ အဆက်မပြတ် တိုက်ခတ်ထွက်ပေါ်လာကာ ခန္ဓာကိုယ်နှင့် ထိတွေ့မိချိန်တွင် အလွန်သက်သောင့်သက်သာ မရှိမှုကို ခံစားလိုက်ရသည်။
ဤယင်လေပြင်းထဲတွင် အလောင်းကောင်အငွေ့အသက်နှင့် မိစ္ဆာအငွေ့အသက် အစရှိသည်တို့ ပါဝင်နေသောကြောင့် အားနည်းသူများသာ ဤလေနှင့် ထိတွေ့မိပါက ပြင်းထန်စွာ ဖျားနာခြင်း သို့မဟုတ် ချက်ချင်းသေဆုံးသွားခြင်းပင် ဖြစ်နိုင်သည်။ ချူးဖုန်းမှာမူ ယန်ကိုးပါး ဓားခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်ရာ မကောင်းဆိုးဝါးမှန်သမျှကို ခုခံနိုင်စွမ်းရှိသောကြောင့် သဘာဝကျစွာပင် မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမလိုချေ။ အထူးသဖြင့် သူသည် ယန်ကိုးပါး ထူးခြားသောမီးတောက်ကိုပါ ပိုင်ဆိုင်ထားသေးရာ သူ့ကို ပို၍ပင် ယုံကြည်မှုရှိလာစေသည်။
"သွားစမ်း!"
ချူးဖုန်းက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ယန်ကိုးပါး ထူးခြားသောမီးတောက်က ထွက်ပေါ်လာပြီး သင်္ချိုင်းဂူအတွင်းသို့ ဆက်သွယ်ထားသော ပြွန်ပေါက်မှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်သွားလေသည်။
ဘုန်း... ဘုန်း... ဘုန်း...
မကြာမီမှာပင် သင်္ချိုင်းဂူအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံများကို ကြားလိုက်ရသည်။ သင်္ချိုင်းမြေတစ်ခွင်လုံး တုန်လှုပ်သွားပြီး အသစ်ပြန်ဖို့ထားသော မြေသားများထဲမှ အစိမ်းရောင် ဖော့စ်ဖရပ်စ် မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ အကယ်၍ သတ္တိကြောင်သူ တစ်ဦးဦးသာဆိုပါက အလွန်တရာ အကြောက်လွန်သွားပြီး သရဲတစ္ဆေများဟု အော်ဟစ်ကာ အသက်လု ထွက်ပြေးနေလောက်ပြီ ဖြစ်သည်။
ချူးဖုန်းက အမှန်တကယ်ပင် မီးထိန်းချုပ်ခြင်း မန္တန်ကို အသုံးပြုနေခြင်းဖြစ်ပြီး ထွက်ပေါ်လာသော အစိမ်းရောင် ဖော့စ်ဖရပ်စ် မီးတောက်များကို စတင်စုဆောင်းကာ သန့်စင်လေတော့သည်။