အခန်း (၅၁) - ရုပ်သေးဆေးလုံး
ယနေ့သည် ကျောက်ရှန်းအတွက်တော့ အတိဒုက္ခရောက်သော နေ့တစ်နေ့ဖြစ်သည်မှာ အသေအချာပင်။ ချူးဖုန်း၏ အရှက်ခွဲမှုကြောင့် သူ၏ ဂုဏ်သိက္ခာများ မြေပေါ်ကျကာ အရှက်ကွဲ အကျိုးနည်းဖြစ်ခဲ့ရလေပြီ။ "ချူးဖုန်း... ဒီနေ့ မင်းက ဆရာမတို့အတန်းအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့တယ်။ မင်းရဲ့စွမ်းဆောင်ရည်က တကယ်ကို ထူးချွန်လွန်းပါတယ်။ မင်း ပထမရခဲ့တဲ့အတွက် ချက်ချင်းပဲ ဆုချီးမြှင့်သင့်ပေမဲ့ မင်းရဲ့ ဓားတာအိုပါရမီက သိပ်မကောင်းတာကို ထောက်ထားပြီး ကျောင်းအုပ်ကြီးက မင်းအတွက် တတိယအဆင့် ကိုယ်ကာယချဲ့ထွင်ဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်..."
"နောက်ထပ် နှစ်ရက်၊ သုံးရက်လောက်ဆိုရင်တော့ အဲဒီဆေးလုံးကို မင်း ရရှိပါလိမ့်မယ်"
ဆရာမ ရှီဘင်းက လျှောက်လာရင်း ချူးဖုန်းအား အားကျလေးစားမှုများ ပြည့်နှက်နေသည့် တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
အိုယန်ရှုးအား အရှက်ခွဲကာ သူမ၏ ရင်ထဲက အမုန်းတွေကို ဖြေဖျောက်နိုင်ခဲ့ခြင်းမှာ ချူးဖုန်း၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် သူမက ချူးဖုန်းအပေါ် တစ်နေ့တခြား ပို၍ အထင်ကြီး လေးစားလာခဲ့လေသည်။
ကိုယ်ကာယချဲ့ထွင်ဆေးလုံးများဆိုသည်မှာ အရိုးအကြောများကို ပြန်လည်ပုံသွင်းပေးနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးကာ ဓားတာအိုပါရမီကို မြှင့်တင်ပေးနိုင်စွမ်းရှိပေသည်။
ဤဆေးလုံးသည် အလွန်တန်ဖိုးကြီးမားလှပြီး အနည်းဆုံး တတိယအဆင့်ရှိသော အဂ္ဂိရတ်ပညာရှင်များမှသာ ဖော်စပ်နိုင်ခြင်း ဖြစ်သည်။
ကျန်းယွန်းမင်းဆက်အတွင်း၌ ဤကိုယ်ကာယချဲ့ထွင်ဆေးလုံးများကို အလွန်မြင့်မားသော အဆင့်မြင့်ဆေးလုံးများအဖြစ် သတ်မှတ်ထားကြပေသည်။
ဤတစ်ကြိမ်တွင် ချူးဖုန်းသည် နှစ်တစ်ထောင်သက်တမ်းရှိ ကြယ်ခုနစ်ပွင့်မြက်ပင်ကို ရှာဖွေတွေ့ရှိကာ ကြီးမားသော အောင်မြင်မှုကို ရယူနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ တန်ဖိုးကြီးမားလှသည့် ဆုလာဘ်ကို ရရှိခဲ့ခြင်း ဖြစ်တန်ရာ၏။
"ဆရာမ... ကျောင်းအုပ်ကြီးရဲ့ ဂရုစိုက်မှုတွေအတွက် ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောကြားပေးပါဗျာ"
ချူးဖုန်း၏ မျက်နှာထက်တွင် ဝမ်းမြောက်မှုနှင့် ကျေးဇူးတင်မှုတို့ အထင်းသား ပေါ်လွင်နေလေသည်။
စင်စစ်အားဖြင့် သူ၏အမြင်တွင်ကား ထိုတတိယအဆင့် ကိုယ်ကာယချဲ့ထွင်ဆေးလုံးဆိုသည်မှာ သာမန်အရာတစ်ခုမျှသာ ဖြစ်ပေသည်။
ချူးဖုန်း၏ စွမ်းဆောင်ရည်အရဆိုလျှင် ဤကိုယ်ကာယချဲ့ထွင်ဆေးလုံးထက် အဆရာ၊ အဆထောင်မက ပိုမိုစွမ်းပကားထက်မြက်သည့် 'ကြွက်သားပြုပြင်ဆေးလုံး' များနှင့် 'ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံး' များကဲ့သို့သော အဖိုးမဖြတ်နိုင်သည့် ရတနာများကိုပင် ဖော်စပ်နိုင်စွမ်း ရှိပေသည်။
ထို့နောက် ဆရာမ ရှီဘင်းက အားပေးစကား အနည်းငယ် ထပ်မံပြောကြားပြီးနောက် ကျက်သရေရှိစွာဖြင့် လှည့်ထွက်သွားခဲ့လေသည်။
ထိုအခါ ချူးဖုန်းတစ်ယောက် တံတွေးကို မသိမသာ မြိုချလိုက်မိသည်။ တကယ့်ကို ဆွဲဆောင်မှုအပြည့်ရှိလှသည့် အလှတရားပင်။ အနာဂတ်တွင် မည်သည့်ယောကျ်ားကများ ဆရာမရှီဘင်းကို လက်ထပ်ခွင့်ရလောက်အောင် ကံထူးလေမည်နည်းဟု သူ တွေးတောနေမိ၏။
ဤနေရာတွင် ဆက်နေရန် စိတ်မဝင်စားတော့သဖြင့် ဆေးတောင်တော်မှ သူရရှိခဲ့သော မိစ္ဆာစွဲလန်းမြက်ကို သတိရသွားကာ ချူးဖုန်းသည် ဆေးပညာရှင်ဂိုဏ်း၏ ခန်းမဆောင်ဆီသို့ ခပ်သုတ်သုတ် ခြေလှမ်းလိုက်လေသည်။
နျူးပေါ့ထျန်း၏ ဆေးဖော်စပ်ရာ အခန်းမှာ ယခုအခါ ချူးဖုန်း၏ ကိုယ်ပိုင်ဆေးဖော်ခန်းကဲ့သို့ပင် ဖြစ်နေလေပြီ။
ထိုမိစ္ဆာစွဲလန်းမြက်သည် အလွန်တရာ အစွမ်းထက်လှသည့် 'ရုပ်သေးဆေးလုံး' ကို ဖော်စပ်ရာတွင် အသုံးပြုနိုင်ပေသည်။
ရန်သူတစ်ဦးအား ဤရုပ်သေးဆေးလုံး တစ်လုံးကိုသာ မျိုချစေလိုက်မည်ဆိုပါက ဓားသူတော်စင်အဆင့်ရှိသူပင်လျှင် ချူးဖုန်း၏ အစေခံအဖြစ် ချက်ချင်းပြောင်းလဲသွားမည်ဖြစ်ပြီး သူစေခိုင်းသမျှကို မလွန်ဆန်နိုင်ဘဲ လုပ်ဆောင်ရမည် ဖြစ်သည်။
"ဒီရုပ်သေးဆေးလုံးတွေရဲ့ တန်ဖိုးက မီးတောက်ပေါက်ကွဲဆေးလုံးတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ အဆင့်မှာတောင် မရှိဘူး။ တစ်လုံးလောက် ရောင်းချလိုက်ရုံနဲ့တင် ငါ ကြီးမားတဲ့ ဥစ္စာဓနတွေကို ရနိုင်မှာပဲ"
လက်ရှိတွင် ချူးဖုန်းအနေဖြင့် သွေးကြောတုဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးဘက်ဝင်ပစ္စည်းများကို ဝယ်ယူနိုင်ရန် နည်းလမ်းရှာဖွေနေရပြီး ငွေကြေးအလွန် လိုအပ်လျက်ရှိသည်။
ရုပ်သေးဆေးလုံး တစ်လုံး ဖော်စပ်လိုက်နိုင်ရုံဖြင့် ဤအရေးတကြီး လိုအပ်ချက်ကို ပြေလည်သွားစေနိုင်ပေမည်။
ထို့အပြင် ဓားဘုရင်စံအိမ်တော်ကြီး ချို့ချို့တဲ့တဲ့ မနေရစေရန်အတွက် ဂိုဏ်းတူအစ်ကိုနှင့် မရီးဖြစ်သူတို့ကိုပါ ကူညီထောက်ပံ့ပေးနိုင်မည့် ပိုလျှံငွေများပင် ရရှိနိုင်ဦးမည် ဖြစ်သည်။ လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး ချူးဖုန်းနှင့် ချူးယွန်းတို့ ကြီးပြင်းလာစေရန်အတွက် သူတို့နှစ်ဦးမှာ အတော်လေးကို အငတ်ငတ်အပြတ်ပြတ်ဖြင့် ဒုက္ခခံကာ စုဆောင်းခဲ့ကြရသည် မဟုတ်ပါလော။
၎င်းအပြင် သူတို့သည် အိမ်တော်ထိန်းလောင်၊ မင်းသားလျူ စံအိမ်တော်နှင့် တော်ဝင်မိသားစုတို့ထံမှ ဖိနှိပ်မှုများကိုပါ ရင်ဆိုင်ခဲ့ကြရသေးသည်။
သူတို့၏ ဘဝခရီးလမ်းသည် မည်မျှအထိ ကြမ်းတမ်းခက်ခဲခဲ့မည်ဆိုသည်ကို တွေးကြည့်လိုက်ရုံမျှဖြင့် သိနိုင်ပေသည်။
...
"သခင်လေး ချူးဖုန်း... ရောက်လာပြီပဲ၊ ကျေးဇူးပြုပြီး ထိုင်ပါဦးဗျ"
နျူးပေါ့ထျန်းသည်လည်း ရောက်ရှိလာသည်မှာ သိပ်မကြာသေးပေ။ သူသည် မျက်မှောင်ကြီးကုတ်ကာ ထူထဲလှသော ဆေးကျမ်းကြီးတစ်အုပ်ကို လှန်လှောဖတ်ရှုနေလေသည်။
ဆေးပညာရှင်ဂိုဏ်း၏ ခန်းမဆောင်မှ အထိုင်အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့် သူသည် မျိုးစုံလှသော ဆေးဖော်စပ်မှုအလုပ်များကို မကြာခဏ လက်ခံရရှိလေ့ရှိသည်။ ယခု နျူးပေါ့ထျန်း၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ဤတစ်ကြိမ်တွင် အထူးခက်ခဲသော အလုပ်တစ်ခုကို လက်ခံထားမိပြီဆိုသည်မှာ ထင်ရှားနေပေသည်။
အထိုင်အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်ရခြင်းမှာ အပြင်ပန်းတွင် ဂုဏ်ကျက်သရေရှိလှသည်ဟု ထင်ရသော်ငြား အမှန်တကယ်တွင်ကား ဖိအားများစွာ ရှိလှပေသည်။
အကယ်၍ ဖောက်သည်တစ်ဦးမှ ဆေးလာရောက် အပ်နှံချိန်တွင် ဖောက်သည်၏ လိုလားချက်ကို ပြည့်မီအောင် ဖော်စပ်ပေးနိုင်ပါက သင်၏ နာမည်ဂုဏ်သတင်းမှာ နေရာအနှံ့ ကျော်စောသွားပေလိမ့်မည်။
ဖောက်သည်များ ကျေနပ်မှုရှိခြင်းက ဆေးပညာရှင်ဂိုဏ်းမှလည်း သင့်အား ပိုမိုတန်ဖိုးထားလာစေမည် ဖြစ်သည်။
သို့ရာတွင် ယနေ့ ဖောက်သည်တစ်ဦး ဆေးလာအပ်ချိန်၌ သင်က ခေါင်းခါလျက် "ကျွန်တော် ဖော်စပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး" ဟု ငြင်းဆိုလိုက်မည်။ မနက်ဖြန်တွင် နောက်ထပ် ဖောက်သည်တစ်ဦး ထပ်ရောက်လာချိန်၌လည်း ထိုသို့ပင် မသေမချာ ဖြစ်နေဦးမည်ဆိုလျှင်တော့ ဂုဏ်ပြုပါသည်... သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းကို သင်ကိုယ်တိုင် ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်တော့သည်။
ဖောက်သည်များ၏ လှောင်ပြောင်မှုကို ခံရမည့်အပြင် ဆေးပညာရှင်ဂိုဏ်းကလည်း သင့်အား ဆက်လက်ထားရှိမည် မဟုတ်တော့ပေ။ အကောင်းဆုံးအခြေအနေဆိုလျှင်ပင် သာမန်ဆေးလုံးလေးများသာ ဖော်စပ်ရန်အတွက် သင့်ကို နောက်ဘက်ရှိ အဂ္ဂိရတ်ခန်းမကြီးဆီသို့ အဆင့်လျှော့ချ ပို့ဆောင်ခံရမည် ဖြစ်သည်။ အဆိုးဆုံးအခြေအနေတွင်ကား သင့်အား တံခါးပေါက်မှနေ၍ အပြီးအပိုင် မောင်းထုတ်ခံရပေလိမ့်မည်။
ကြည့်ရသည်မှာ နျူးပေါ့ထျန်းတစ်ယောက် မကြာသေးမီက ကံကြမ္မာ အနည်းငယ် မျက်နှာသာမပေး ဖြစ်နေပုံရသည်။ ပထမအကြိမ် ခရမ်းရောင် မန်ဒါလာကို ဖော်စပ်စဉ်က သူကိုယ်တိုင် အဆိပ်သင့်သွားခဲ့ပြီး ထိုအရောင်းအဝယ်ကိစ္စမှာလည်း သဘာဝကျကျပင် ပျက်ပြယ်သွားခဲ့ရသည်။
ယခုတစ်ကြိမ်တွင်လည်း အလွန်တရာ ခက်ခဲလှသော တာဝန်တစ်ခုနှင့် ရင်ဆိုင်နေရပြန်ရာ အကယ်၍ ထပ်မံကျရှုံးခဲ့ပါက ဖြစ်လာမည့် အကျိုးဆက်များကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
ချူးဖုန်း ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ နျူးပေါ့ထျန်းမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား အတိုင်းမသိ ဝမ်းမြောက်သွားတော့သည်။
သူသည် ဆေးကျမ်းကြီးကို ကပျာကယာ အောက်ချလိုက်ပြီး အလိုလိုက် အကြိုက်ဆောင်သည့် အပြုံးမျိုးဖြင့် ခါးကိုအနည်းငယ်ကိုင်းကာ ချူးဖုန်းအား ဆီးကြိုလိုက်လေသည်။ "ခင်ဗျားရဲ့ ဆေးဖော်ခန်းကို ငါ အသုံးပြုဖို့ လိုတယ်"
ချူးဖုန်းသည် အားနာဟန်ပင်မပြဘဲ စာရွက်နှင့် စုတ်တံကို ကောက်ယူကာ ဆေးဘက်ဝင်ပစ္စည်း အနည်းငယ်ကို ရေးချလိုက်ပြီး နျူးပေါ့ထျန်းအား သွားရောက်ဝယ်ယူရန် ညွှန်ကြားလိုက်သည်။
ရုပ်သေးဆေးလုံး တစ်လုံး ဖော်စပ်ရန်အတွက် လိုအပ်သော အရန်ဆေးဘက်ဝင်ပစ္စည်းများမှာ သိပ်မများလှပေ။ အရေးအကြီးဆုံးမှာ အဓိကပါဝင်ပစ္စည်းဖြစ်သည့် မိစ္ဆာစွဲလန်းမြက်ပင် ဖြစ်သည်။
မှော်ဝင်စေရန်ဖြစ်စေ၊ စိတ်ကို ဖမ်းစားညို့ယူရန်ဖြစ်စေ ဤဆေးမြက်ပင်ကသာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်သည်။
နျူးပေါ့ထျန်း ကြည့်ရှုလိုက်ရာ ဆေးဘက်ဝင်ပစ္စည်း စုစုပေါင်း ငါးမျိုး ပါဝင်သည်ကို တွေ့ရပြီး ထိုအရာများအားလုံးမှာ စိတ်ကို ငြိမ်သက်အေးချမ်းစေရန် အသုံးပြုလေ့ရှိသည့် သာမန်ဆေးပင်များသာ ဖြစ်နေလေသည်။
"ဆေးဆရာချူးက ဒီတစ်ခါ ဘယ်လိုဆေးမျိုးကို ဖော်စပ်ဖို့ ကြိုးစားနေတာပါလိမ့်"
နျူးပေါ့ထျန်းက စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေသော်လည်း အရန်ဆေးဘက်ဝင်ပစ္စည်းများကိုတော့ အမြန်ဆုံး သွားရောက် ရှာဖွေယူဆောင်လာပေးခဲ့သည်။
အရန်ဆေးဘက်ဝင်ပစ္စည်းများကို လက်ခံရရှိပြီးနောက် တစ်ခုချင်းစီ သေချာစစ်ဆေးကြည့်လိုက်ရာ ချူးဖုန်း အလွန်ပင် ကျေနပ်သွားရသည်။ ဆေးပညာရှင်ဂိုဏ်းမှ ပစ္စည်းများမှာ ထိပ်တန်းအရည်အသွေးများပင် ဖြစ်လေသည်။
"နျူးပေါ့ထျန်း... ခင်ဗျား အရမ်းနီးနီးကပ်ကပ် မလာတာ ပိုကောင်းမယ်၊ မဟုတ်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို ခင်ဗျားဘာသာ တာဝန်ယူရလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ချူးဖုန်းသည် ရုပ်သေးဆေးလုံးအား သူတစ်ဦးတည်း စတင်ဖော်စပ်တော့သည်။
အစပိုင်းတွင် နျူးပေါ့ထျန်းမှာ အနည်းငယ် သံသယဝင်နေမိ၏။ သူသည် ချူးဖုန်း၏ ပြိုင်ဘက်ကင်း ဆေးဖော်စပ်မှုစွမ်းရည်ကို အနီးကပ် လေ့လာသင်ယူချင်နေခဲ့သည်။
သို့သော် ချူးဖုန်းမှ ဆေးပင်အချို့အား ဆေးဖိုအတွင်းသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဆန်းကြယ်လှသော ရနံ့များ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာတော့သည်။
ထိုရနံ့ကို အကြိမ်အနည်းငယ်မျှ ရှူရှိုက်မိလိုက်ရုံဖြင့် နျူးပေါ့ထျန်း၏ သွေးကြောများ ဖောင်းကြွလာကာ ခေါင်းများပါ ထိုးကိုက်လာသည်ကို ခံစားလိုက်ရသည်။
သူ အလွန်အမင်း ထိတ်လန့်သွားပြီး နှာခေါင်းနှင့် ပါးစပ်ကို ကပျာကယာ အုပ်ထားလိုက်ကာ အဝေးသို့ ရှောင်ခွာသွားလေတော့သည်။
အဝေးမှနေ၍ ချူးဖုန်း အလုပ်ရှုပ်နေသည်ကို နာရီဝက်၊ တစ်နာရီကျော်ကြာမျှ စောင့်ကြည့်နေသော်လည်း မီးငြိမ်းသတ်မည့် အရိပ်အယောင်ကိုပင် မတွေ့ရချေ။ ထို့ကြောင့် မည်သို့သော ဆေးလုံးမျိုးကို ဖော်စပ်နေသနည်းဟု သူ ပို၍ပင် ဇဝေဇဝါ ဖြစ်လာမိသည်။ ပုံမှန်အားဖြင့် သာမန် ပထမအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်မည်ဆိုလျှင် အများဆုံး အချိန်နှစ်နာရီအတွင်း ပြီးစီးလေ့ရှိပေသည်။
ချူးဖုန်း၏ မျက်နှာအမူအရာမှာ အလွန်တရာ အာရုံစူးစိုက်ထားပြီး လှုပ်ရှားမှုတိုင်းမှာလည်း အလွန်တည်ငြိမ်လှသည်။ ဆေးဖော်စပ်နေသည့် သူ၏ဟန်ပန်မှာ ပြိုင်ဘက်ကင်း အဂ္ဂိရတ်ပညာရှင်တစ်ပါးနှင့်ပင် တူနေလေတော့သည်။
...
ဤတစ်ကြိမ် စောင့်ဆိုင်းရသည့် အချိန်မှာ အလွန်ပင် ရှည်ကြာလှပေသည်။ ချူးဖုန်း၏ ဆေးဖော်စပ်မှု ပြီးစီးရန်အတွက် တစ်ရက်တာ အချိန်အပြည့်အဝ ယူလိုက်ရ၏။ အဆင့်သတ်မှတ်ချက်မရှိသော အမျိုးအစားတွင် ပါဝင်သည့် ဤရုပ်သေးဆေးလုံးအား ဖော်စပ်ရခြင်းမှာ သာမန်ထက် ပို၍ခက်ခဲလွန်းလှပေသည်။
ချူးဖုန်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ဤရုပ်သေးဆေးလုံးကို ဖော်စပ်ရန်မှာ အနည်းငယ် အတင်းအဓမ္မ ကြိုးစားအားထုတ်ရသကဲ့သို့ ဖြစ်နေ၏။
နဖူးမှ ချွေးစများကို သုတ်ဖယ်လိုက်ရင်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသလို ခံစားလိုက်ရသဖြင့် သူ ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျလွန်းနေတယ်၊ နေမင်းကိုးစင်းရဲ့ ထူးခြားသောမီးတောက်ကလည်း အားနည်းနေသေးတယ်။ ဒီနှစ်ခုစလုံးကို ငါ အမြန်ဆုံး အဆင့်မြှင့်တင်မှ ဖြစ်တော့မယ်"
အထူးသဖြင့် နေမင်းကိုးစင်း၏ ထူးခြားသောမီးတောက်သည် ဆေးဖော်စပ်ရာတွင်ရော၊ ရန်သူများနှင့် တိုက်ခိုက်ရာတွင်ပါ အသုံးဝင်လှသဖြင့် သူ၏ ကြီးမားသော အားသာချက်တစ်ခုပင် ဖြစ်ပေသည်။
ဆေးဖိုထဲမှ ရုပ်သေးဆေးလုံးများကို ထုတ်ယူလိုက်ပြီးနောက် ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းသေတ္တာလေးထဲသို့ ဂရုတစိုက် ထည့်သွင်းသိမ်းဆည်းလိုက်သည်။ မိစ္ဆာစွဲလန်းမြက် နှစ်ပင်ကို အသုံးပြုလိုက်ခြင်းဖြင့် ရုပ်သေးဆေးလုံး လေးလုံးတိတိကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။
မူလက ဆေးလုံး ခြောက်လုံး ထွက်ရှိရမည် ဖြစ်သော်လည်း နှစ်လုံးမှာတော့ ဖျက်ဆီးခံလိုက်ရပေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ချူးဖုန်း၏ ဆေးဖော်စပ်မှုစွမ်းရည် ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ဤဆေးလုံးမှာ ဖော်စပ်ရန် အလွန်တရာ ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း နိမ့်ကျနေသေးသဖြင့် ဆေးနှစ်လုံး ပျက်စီးသွားခဲ့ရခြင်း ဖြစ်လေသည်။
နေ့ရောညပါ ဆေးဖော်စပ်ပြီးနောက်တွင် ချူးဖုန်းသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ဝတ်ဆင်ထားသည့် အဝတ်အစားများပင် မလဲနိုင်တော့ဘဲ ဘေးရှိကုလားထိုင်ပေါ်တွင် ချက်ချင်းပင် အိပ်ပျော်သွားလေတော့သည်။
ဆေးကျမ်းကြီးကို ကိုင်ဆောင်ထားသော နျူးပေါ့ထျန်းသည်လည်း ထိုကျမ်းစာအုပ်ထဲမှ အချက်အလက်များကို အာရုံစိုက်ကာ လေ့လာရှာဖွေနေပြီး သူ၏ မျက်မှောင်များမှာလည်း ပို၍ ပို၍ ကြုတ်လာလေသည်။
မူလက သူသည် ချူးဖုန်း ဆေးဖော်စပ်ပြီးသွားချိန်တွင် အကြံဉာဏ်တောင်းခံရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ချူးဖုန်း၏ ဆေးဖော်စပ်မှုမှာ ဤမျှအချိန်ကြာမြင့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့မိပေ။ ယခု ချူးဖုန်း အိပ်ပျော်သွားပြီဖြစ်ရာ နျူးပေါ့ထျန်းအနေဖြင့် သူ့အား မနှောင့်ယှက်ရဲတော့ချေ။
ဖောက်သည်နှင့် သဘောတူ ချိန်းဆိုထားသည့် အချိန်မှာ သုံးရက်ဖြစ်သည်။
အချိန်စေ့ရန် နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ နျူးပေါ့ထျန်းတစ်ယောက် မီးပူတိုက်ခံရသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဂနာမငြိမ်ဖြစ်ကာ ပြာယာခတ်နေလေတော့သည်။