အခန်း (၄၆) - စိတ်ညှို့မြက်ပင်
"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်၊ ငါကိုယ်တိုင် လဲပစ်လိုက်တာ!"
"မင်းက အရက်ထဲကို ဆေးခတ်ပြီး ငါ့ကိုယ်တွင်းက မီးအဆိပ်ကို ဆွပေးကာ ငါ့ကို သတ်ချင်နေတာလေ။ ငါက အဲဒါကို ရိပ်မိသွားမှတော့၊ မင်းကို မင်းရဲ့ နည်းလမ်းနဲ့ပဲ ပြန်ပြီး တုံ့ပြန်ရမှာပေါ့။ အဲဒီ ဝက်မအိုကြီးက မင်းကို ကိုက်မသတ်သွားအောင် လွှတ်ထားပေးတာကပဲ ငါ့ရဲ့ ယဉ်ကျေးမှု တစ်ခုလို့ မှတ်လိုက်!"
ချူးဖုန်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ သို့သော် သူ့ရှေ့တွင် ဒူးထောက်ရမည် ဆိုသည်မှာကား ဟာသတစ်ခုမျှသာ ဖြစ်ပေသည်။ လျူဖျင်က သူ့ရှေ့တွင် လာရောက် အကြံအစည်များ ကြံစည်နေခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေခြင်းသက်သက်သာ ဖြစ်သည်။
"ဒါဆိုရင် မင်းလက်ချက်ဆိုတာ အသေအချာပဲပေါ့! ဒီမင်းသားက နောက်ဆုံး မေးခွန်းတစ်ခုလောက် မေးပါရစေဦး၊ ပြီးတာနဲ့ မင်းကို သေမင်းဆီ ပို့ပေးမယ်!" လျူဖျင်၏ မျက်နှာအမူအရာမှာ ပို၍ ကြမ်းကြုတ်ခက်ထန်လာပြီး သူ၏ မျက်လုံးများမှာလည်း ပိုမို အေးစက်ကာ ကောက်ကျစ်စဉ်းလဲမှုများ ပြည့်နှက်နေလေသည်။
"မင်းနဲ့ လင်းယွီရှင်းကြားမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ"
လျူဖျင်သည် ငတုံးတစ်ယောက် မဟုတ်ပေ။ ကျောင်းတော်၏ အဝင်ဝတွင် သူတို့နှစ်ဦး၏ အမူအရာများနှင့် စကားပြောဆိုမှုများကြား၌ ပုံမှန်မဟုတ်သော အရာတစ်ခုခု ရှိနေကြောင်းကို သူ ခံစားမိခဲ့သည်။
"ဟုတ်တယ်... လျှို့ဝှက်ချက် ရှိတာပေါ့၊ မင်းကို ပြောပြလိုက်လို့လည်း ဘာမှ မထိခိုက်ပါဘူး!" ချူးဖုန်းက လျူဖျင်ကို လက်ယပ်ခေါ်လိုက်သည်။
စူးစမ်းချင်စိတ် ပြင်းပြနေသော လျူဖျင်သည် သတိလက်လွတ်ဖြင့် ချူးဖုန်းအနီးသို့ တိုးကပ်သွားလေသည်။
"အခု ပြောလို့ရပြီ!" ဟု လျူဖျင်က အလျင်စလို ပြောလိုက်သည်။
ဘိုင်း!
ချူးဖုန်းက ရုတ်တရက် ပေါင်ကြားသို့ ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ထည့်လိုက်ရာ လျူဖျင်မှာ လုံးဝ အငိုက်မိသွားတော့သည်။ ဝိုင်းရံပိတ်ဆို့ ခံထားရချိန်တွင် ချူးဖုန်းက ဤသို့ တန်ပြန်တိုက်ခိုက်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ချူးဖုန်း၏ သိုင်းပညာရပ်များက ထူးချွန်ပြောင်မြောက်လှပြီး တိုက်ခိုက်ရေး အတွေ့အကြုံများမှာလည်း အလွန်တရာ ကြွယ်ဝလှပေသည်။
ထိုခြေကန်ချက်က ပစ်မှတ်ကို အတိအကျ ထိမှန်သွားခဲ့သည်။
"အား...! မင်းကို ငါ သတ်ပစ်မယ်..." လျူဖျင်မှာ နာကျင်လွန်း၍ အော်ဟစ်လိုက်ပြီး သူ၏ လက်များက ပေါင်ကြားကို အလိုအလျောက် ဆုပ်ကိုင်ထားမိလျက်သား ဖြစ်သွားကာ ခေါင်းကို ရှေ့သို့ငိုက်ကာ ခါးကိုင်းကျသွားတော့သည်။
ဘိုင်း!
ဤအနေအထားက ချူးဖုန်း ရိုက်နှက်နိုင်ရန်အတွက် သူကိုယ်တိုင် အလွယ်တကူ ထိုးအပ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ချူးဖုန်းက လုံးဝ တွန့်ဆုတ်မနေဘဲ လျူဖင်၏ နှာခေါင်းရိုးတည့်တည့်ဆီသို့ ပေါက်ကွဲထွက်မတတ် ပြင်းထန်သော လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။ ချက်ချင်းပင် လျူဖျင်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်ရည်များနှင့် နှာခေါင်းသွေးများ ဒလဟော စီးကျလာတော့သည်။
ချူးဖုန်းထက် ကျင့်ကြံမှုအဆင့် နှစ်ဆင့်တိတိ မြင့်မားနေသော်လည်း လျူဖျင်သည် ခွေးသေတစ်ကောင်အလား အလွယ်တကူ ရိုက်နှက်ခံလိုက်ရလေသည်။
ယခုမှစ၍ သူသည် ချူးဖုန်းကို မြင်လိုက်သည်နှင့် သူ၏ ပေါင်ကြားကို အုပ်ကာ မျက်နှာကို ကာကွယ်ရတော့မည်မှာ သေချာလှသည်။
"တိုက်ကြစမ်း... သူ့ကို ငါ့အတွက် သတ်ပေးကြစမ်း!" လျူဖျင်က မိန်းမစိုးတစ်ယောက်၏ အသံအလား စူးရှစွာ အော်ဟစ်လိုက်သည်။ သူ ခေါ်လာသော နောက်လိုက်ဆယ်ယောက်ကျော်မှာ လျူဖျင် ရိုက်နှက်ခံလိုက်ရသည်ကိုပင် သတိမထားမိလိုက်ချိန်တွင် ချူးဖုန်းက လျင်မြန်စွာ ထွက်ပြေးသွားလေပြီ။
"လိုက်ကြ!"
လျူဖျင်၏ နောက်လိုက် ဆယ်ယောက်ကျော်သည် ဆေးတူးသည့် ပေါက်တူးများကို ကိုင်ဆောင်လျက် အပြင်းအထန် လိုက်လံ ဖမ်းဆီးကြတော့သည်။
မကြာမီ ချူးဖုန်းမှာ ရပ်တန့်သွားရသည်။ သူ၏ ရှေ့တွင်ရှိသော ချောက်ကမ်းပါးကြီးကို ကြည့်ရင်း အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ ကျက်သရေတုံးလိုက်တာ၊ ကံဆိုးလွန်းတယ်... ရှေ့ဆက်သွားစရာ လမ်းမရှိတော့ဘူးပဲ။
"ပြေးလေကွာ... သောက်ကောင်၊ ဆက်ပြေးလေ!" ရှေ့ဆုံးမှ ဦးဆောင်လာသော ဆဋ္ဌမအဆင့် ဓားသမား နှစ်ယောက်သည် ဤတစ်ကြိမ်တွင် ဆေးတူးသည့် ပေါက်တူးများကို လက်နက်များအဖြစ် တိုက်ရိုက် အသုံးပြုထားကြသည်။
"ဒီ ချူး ဆိုတဲ့ ခွေးမသားကို သတ်နိုင်တဲ့သူကို ဒီမင်းသားက ငွေစင်တုံး ၅၀၀ အပို ဆုချမယ်ကွ!" လျူဖျင်၏ ကြမ်းတမ်းသော အော်ဟစ်သံက ပဲ့တင်ထပ်သွားသည်။
ချူးဖုန်း၏ ခြေကန်ချက်ကြောင့် သူ၏ ပေါင်ကြားထဲသူရဲ့ညီလေးမှာ ပေါက်ကွဲထွက်မတတ် ဖြစ်သွားခဲ့ရပြီး ယခုအခါ ဒုက္ခိတတစ်ယောက်အလား ခြေတစ်ရွတ်ဆွဲကာ လမ်းလျှောက်နေရလေသည်။
သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မခံမရပ်နိုင်အောင် နာကျင်နေရသည်။
သူ၏ နှာခေါင်းရိုးမှာလည်း ရောင်ကိုင်းနေပြီး သွေးများ စီးကျနေဆဲ ဖြစ်သည်။
သူ၏ ရုပ်သွင်မှာ အလွန်တရာ သနားစရာ ကောင်းနေလေသည်။
ဤမျှ ကြီးမားလှသော ဆုကြေးငွေကြောင့် လျူဖျင်၏ နောက်လိုက် ဆယ်ယောက်ကျော်မှာ ချက်ချင်းပင် ရူးသွပ်သွားကြတော့သည်။ သူတို့သည် အသက်ကို ပဓာနမထားဘဲ ချူးဖုန်းထံသို့ ပြေးဝင်လာကြသည်။ မည်မျှပင် ကျွမ်းကျင်သော သိုင်းပညာရှင်ဖြစ်စေကာမူ ဤကဲ့သို့ ရူးသွပ်နေသော အုပ်စုလိုက် တိုက်ခိုက်မှုမျိုးကို အရှုံးပေးရတတ်လေသည်။
ထို့အပြင် ချူးဖုန်း၏ ကျင့်ကြံမှုမှာ ဤလူများကိုပင် မမီသေးပေ။ ဤအချိန်တွင် ထူးခြားသော မီးတောက်ကို အသုံးပြုလိုက်မည်ဆိုလျှင်တောင်မှ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ပေ။
သူက သွားကို တင်းတင်းကျိတ်လိုက်သည်။ ထိုပေါက်တူးများဖြင့် အပေါက်ခံပြီး သေရမည်ထက်စာလျှင် သူ့ဘာသာသူ ခုန်ချလိုက်သည်ကမှ ပို၍ ကောင်းဦးမည်။
သူ၏ ကံကြမ္မာက အောက်ဆုံးအထိ ထိုးကျမနေသေးသရွေ့ သူ၏ အသက်ကို ကယ်တင်နိုင်စွမ်း ရှိရမည်။
"အောက်တန်းစားတွေ... မှတ်ထားကြစမ်း၊ မင်းတို့နဲ့ ဒီစာရင်းကို အနှေးနဲ့အမြန် ငါ ရှင်းမယ်!" ကျိန်ဆဲပြီးနောက် ချူးဖုန်းသည် ချောက်ကမ်းပါးဘက်သို့ ကျောခိုင်းကာ နောက်ပြန် ခုန်ချလိုက်လေတော့သည်။ လေထဲတွင် မည်သည့် အားပြုစရာမျှ မရှိသလို လှည့်ထွက်ရန်လည်း မဖြစ်နိုင်တော့ပေ။ ဤသည်ကပင် ချူးဖုန်း၏ ပါးနပ်မှု ဖြစ်လေသည်။
သူက အပြင်ဘက်ကို ကျောခိုင်းကာ ချောက်ကမ်းပါးဘက်သို့ မျက်နှာမူထားခြင်းက ချောက်ကမ်းပါး နံရံကို ဖမ်းဆုပ်ရန် သို့မဟုတ် အခြားသော ကိုယ့်ကိုယ်ကိုယ် ကယ်တင်မည့် နည်းလမ်းများကို အသုံးပြုရန်အတွက် ပို၍ အဆင်ပြေစေလေသည်။
ချောက်ကမ်းပါးမှာ မတ်စောက်ပြီး ချောမွတ်နေကာ ဖမ်းဆုပ်စရာ နေရာဟူ၍ လုံးဝနီးပါး မရှိပေ။
ချူးဖုန်းသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ဆေးတူးပေါက်တူးကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ချောက်ကမ်းပါးနံရံဆီသို့ ချိတ်တွယ်ရန် ကြိုးစားလိုက်သည်။
ဒက်... ဒက်...
ချက်ချင်းပင် ပေါက်တူးနှင့် ကျောက်ဆောင်တို့ ပွတ်တိုက်မိပြီး မီးပွင့်များ ထွက်ပေါ်လာသည်။ သို့သော် ဤကဲ့သို့ အရှိန်လျှော့ချသည့် နည်းလမ်းမှာ အလွန်တရာ ထိရောက်လှပေသည်။ သူသာ သေချာစွာ ထိန်းချုပ်နိုင်ပါက အောက်သို့ ပြုတ်ကျနေသော အရှိန်ကို ကြီးမားစွာ လျှော့ချပေးနိုင်မည် ဖြစ်သည်။
ဤကိုယ့်ကိုယ်ကိုယ် ကယ်တင်သည့် နည်းလမ်းမျိုးကို ချူးဖုန်း တစ်ယောက်သာလျှင် လုပ်ဆောင်နိုင်စွမ်း ရှိပေမည်။
၎င်းသည် စက်ဘီးစီးသည်နှင့် တူလေသည်။ ဟန်ချက်ထိန်းခြင်းကို နားမလည်ပါက စီးလိုက်သည်နှင့် တစ်ပြိုင်နက် လဲကျသွားပေလိမ့်မည်။ အကယ်၍ ချူးဖုန်းက ပေါက်တူးဖြင့် ပွတ်တိုက်ရာတွင် အားပြုမှု နည်းပါးသွားပါက သူ၏ အရှိန်ကို လျှော့ချပေးနိုင်မည် မဟုတ်ပေ။
အကယ်၍ အားပြုမှု များလွန်းသွားပါကလည်း သူသည် အပြင်ဘက်သို့ တွန်းကန်ခံရပြီး ချောက်ကမ်းပါးနှင့် လျင်မြန်စွာ ကင်းကွာသွားကာ ပြန်လည် ထိတွေ့နိုင်တော့မည် မဟုတ်ပေ။
ဤလုပ်ဆောင်ချက်တွင် ကြီးမားလှသော ကျွမ်းကျင်မှုများ ပါဝင်နေလေသည်။
ချူးဖုန်းသည် မြေပြင်နှင့် သုံးမီတာခန့် အကွာသို့ ရောက်ရှိလာချိန်တွင် ပေါက်တူးကို ရုတ်တရက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ချောက်ကမ်းပါးနံရံထဲသို့ ပြင်းထန်စွာ တူးခတ်လိုက်လေသည်။
ဘိုင်း!
ဆေးတူးပေါက်တူး၏ ထိပ်ဖျားမှာ ကျောက်နံရံအတွင်းသို့ တစ်လက်မကျော်ခန့် စိုက်ဝင်သွားလေသည်။
တန်ပြန် ရိုက်ခတ်လာသော အားကြောင့် ချူးဖုန်းမှာ ပေါက်တူးလက်ကိုင်ကို လွတ်ကျသွားမတတ် ဖြစ်သွားရသည်။ ပြုတ်ကျနေသော သူ၏ ခန္ဓာကိုယ်မှာ ခဏတာမျှ ရပ်တန့်သွားသော်လည်း၊ ပေါက်တူးက လုံလောက်အောင် နက်ရှိုင်းစွာ မစိုက်ဝင်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်ကို မထိန်းထားနိုင်ခဲ့ပေ။ ကျောက်တုံးငယ် တစ်တုံး ကွဲထွက်သွားပြီး သူသည် အောက်သို့ ဆက်လက် ပြုတ်ကျသွားလေသည်။
"ဟူး... ဒီခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုက တကယ်ကို အားနည်းလွန်းတယ်! နောက်ထပ် နှစ်လက်မလောက် ပိုနက်အောင် တူးနိုင်ခဲ့ရင်တောင် ငါ အန္တရာယ်ကင်းကင်းနဲ့ ဆင်းနိုင်မှာကို!"
ချူးဖုန်းက စိတ်ထဲမှ သက်ပြင်းချလိုက်ရင်း မြေပြင်ပေါ်သို့ 'ဘုန်း' ခနဲ အသံကြီးနှင့်အတူ ပြုတ်ကျသွားလေသည်။ သူသည် ခြေထောက်နှစ်ဖက်ဖြင့် အရင် ကျရောက်ခဲ့ပြီး ပြုတ်ကျလာသော အရှိန်ကြောင့် ဒူးခေါင်းရိုးများ ကျိုးကြေမသွားစေရန် လျင်မြန်စွာ ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။
မြေပြင်သို့ ကျရောက်ပြီးနောက် သူသည် ကျန်ရှိနေသော အရှိန်များကို လျှော့ချရန်အတွက် နောက်ပြန် တစ်ပတ်လိမ့်လိုက်ပြီး မြေပြင်ပေါ်မှ ခပ်ယိုင်ယိုင် ထရပ်လိုက်လေသည်။
ခါးအနည်းငယ် လိမ်သွားသဖြင့် နာကျင်နေသည်မှလွဲ၍ သူသည် ကြီးကြီးမားမား ဒဏ်ရာမရခဲ့ပေ။
အကယ်၍ အခြားတစ်ယောက်သာ ဆိုပါက၊ နဝမအဆင့် ဓားသမားတစ်ယောက်ပင် ဖြစ်လင့်ကစား၊ မီတာဆယ်ပေါင်းများစွာ မြင့်သော ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျလာပါက သေချာပေါက် ရိုက်ပုတ်ခံရသလို သေဆုံးသွားပေလိမ့်မည်။
ချူးဖုန်းက သူ၏ ခါးကို ပွတ်သပ်ကာ အနည်းငယ် လှည့်ပတ်ကြည့်လိုက်သည်။ ကြီးကြီးမားမား ပြဿနာ မရှိကြောင်း ခံစားသိရှိပြီးနောက် သူသည် ပတ်ဝန်းကျင်ကို စတင် အကဲခတ်ကြည့်ရှုလေသည်။
ချောက်ကမ်းပါး၏ အောက်ခြေမှာ အလွန် စိုစွတ်နေပြီး နေရောင်ခြည် များများစားစား မလိုအပ်သော အပင်များစွာ ပေါက်ရောက်ရှင်သန်နေလေသည်။
"အယ်... ဟိုအရောင်အသွေး စုံလင်နေတဲ့ မြက်ပင်တွေက ဘာတွေလဲ" ချူးဖုန်း၏ မျက်လုံးများက အဝေးမှ အရောင်အသွေးစုံလင်သော မြက်ပင်များဆီသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
ထိုအရောင်အသွေးစုံလင်သော မြက်ပင်များမှာ စိတ်ညှို့မြက်ပင်များ (မိစ္ဆာစွဲလန်းမြက်ပင်များဟုခေါ်ဝေါ်ကြသည်။) ဖြစ်ကြောင်း သူ သိလိုက်ရသဖြင့် သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေလေသည်။
အမှန်တကယ်ပင် သူ အနီးသို့ ချဉ်းကပ်သွားသည်နှင့် တစ်ပြိုင်နက် ထူးခြားသော ရနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ ထိုရနံ့ နှာခေါင်းထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ အမြင်အာရုံများ စတင် ဝေဝါးလာတော့သည်။
"ထီပေါက်တာပဲ... တကယ်ကို စိတ်ညှို့မြက်ပင်တွေပဲ၊ ပြီးတော့ ဒီလောက် အများကြီးဆိုတော့ သိပ်မိုက်တာပေါ့!" ချူးဖုန်း၏ လက်ရှိ အင်အားမှာ အလွန်တရာ အားနည်းနေသဖြင့် သူ၏ အသက်ကို ကယ်တင်နိုင်မည့် ဆေးလုံးအချို့ကို အရေးတကြီး ဖော်စပ်ရန် လိုအပ်နေပေသည်။
ဤစိတ်ညှို့မြက်ပင်များကို ရုပ်သေးရုပ်ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုနိုင်ပေသည်။ ဖော်စပ်ပြီးသွားသည်နှင့် ထိုဆေးလုံးကို မည်သူပင် သောက်သုံးသည်ဖြစ်စေ ထိုသူကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ ၎င်း၏ အာနိသင်မှာ ဒဏ္ဍာရီလာ စိတ်နှလုံးထိန်းချုပ်ရေး ဂူ အဆိပ်ကောင်နှင့် အနည်းငယ် ဆင်တူလေသည်။
ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်လာပါက ကံကောင်းခြင်းများ ရောက်လာတတ်သည်ဟူသော စကားမှာ အမှန်တကယ်ပင် မှန်ကန်နေပေသည်။
ချူးဖုန်းက သူ၏ လျှာဖျားကို တစ်ချက် ကိုက်လိုက်ရာ ချက်ချင်းပင် သူ၏ သတိအာရုံများ ပြန်လည် ကြည်လင်လာတော့သည်။ စိတ်ညှို့မြက်ပင်များကို ခူးဆွတ်ရန်အတွက် ၎င်း၏ ရနံ့ကို မရှူမိသရွေ့ မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပေ။ အရောင်အသွေးများ တောက်ပနေသော်လည်း ဤမြက်ပင်များမှာ အနည်းငယ်မျှ ချစ်စရာကောင်းနေခြင်း မရှိပေ။
နားမလည်သော သူများအနေဖြင့် ၎င်းတို့၏ ရနံ့ကို ရှူရှိုက်မိပြီးနောက် လျင်မြန်စွာ ထိန်းချုပ်ခံလိုက်ရပေမည်။ ထိုသူတို့သည် ထိုနေရာတွင်ပင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြမည် သို့မဟုတ် ထိုနေရာ၌ပင် ရပ်လျက် သေဆုံးသွားသည်အထိ ပိတ်မိနေကြပေလိမ့်မည်။ သူတို့ သေဆုံးသွားပြီးနောက် ဤစိတ်ညှို့မြက်ပင်များက သူတို့၏ ခန္ဓာကိုယ်များမှ အာဟာရဓာတ်များကို စုပ်ယူကြလေသည်။ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကြောင့် ၎င်းတို့ကို အလောင်းစားမြက်ပင်များ ဟုလည်း ခေါ်ဝေါ်ကြသေးသည်။
ချူးဖုန်းက နှာခေါင်းကို တင်းကျပ်စွာ ပိတ်ထားလျက် မြက်ပင်များအနီးသို့ ချဉ်းကပ်သွားလေသည်။ ဤမြက်ပင်များ၏ အနီးတွင် ပထမအဆင့် အရိုးစု အကြွင်းအကျန်များ ရှိနေလေသည်။
အချို့မှာ လူတို့၏ အရိုးစုများဖြစ်ပြီး အချို့မှာမူ တိရစ္ဆာန်များ၏ အရိုးစုများ ဖြစ်ကြသည်။
ချူးဖုန်းသည် ဆေးတူးပေါက်တူးကို အားကုန်သုံးကာ တူးဖော်ပြီးမှသာ အပင်တစ်ပင်ကို အောင်မြင်စွာ တူးထုတ်နိုင်ခဲ့သည်။
ထို့နောက် သူက ခပ်လှမ်းလှမ်းသို့ အလျင်အမြန် ပြေးထွက်သွားကာ လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ရသည်။
မကြာမီ သူသည် စိတ်ညှို့မြက်ပင် တစ်ပင်ကို ဘေးကင်းစွာ တူးဖော်နိုင်ခဲ့သည်။ သို့ရာတွင် ၎င်းကို ဤအတိုင်း ယူဆောင်သွားရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ကျောင်းတော်၏ ဆေးတောင်တော်ဖြစ်ရာ ခူးဆွတ်ရရှိသမျှသော ဆေးဘက်ဝင် ပစ္စည်းများအားလုံးကို ပြန်လည် အပ်နှံရမည် ဖြစ်သည်။
စိတ်ညှို့မြက်ပင်မှာ အလွန်တရာ အဖိုးတန်ပြီး ရှားပါးလှသဖြင့် ကျောင်းတော်က သေချာပေါက် သိမ်းယူသွားပေလိမ့်မည်။
ဘယ်လိုလုပ်ရမလဲ။
ချူးဖုန်းတွင် သူ၏ ကိုယ်ပိုင် နည်းလမ်းများ ရှိလေသည်။ သူသည် ထူးခြားသော မီးတောက်ကို အသုံးပြု၍ ၎င်းကို ထိုနေရာတွင်ပင် သန့်စင်လိုက်မည်ဖြစ်ပြီး၊ ထို့နောက်မှ ကျောက်စိမ်းသေတ္တာငယ် တစ်လုံးအတွင်း သိမ်းဆည်းကာ နောင်လိုအပ်သည့်အခါ အသုံးပြုရန် သိမ်းထားလိုက်မည် ဖြစ်သည်။