အခန်း (၄၀) - မော့ရှန်ကို အကွက်ဆင်ခြင်း
သူ ဆုတ်ခွာရန် ရည်ရွယ်ချက်ရှိသော်လည်း နို့နံ့မစင်သေးသော ကလေးတစ်ယောက်၏ နယ်ရုပ်အဖြစ် အသုံးချခံရုံမျှမက၊ သူ၏ လက်ထပ်စာချုပ်မှာလည်း ဆုတ်ဖြဲခံလိုက်ရပေသည်။ ဤသို့ ပါးရိုက်ခံရသကဲ့သို့ အရှက်ခွဲခံရခြင်းက မော့ရှန်ရော မင်းသားလျူ အိမ်တော်ကိုပါ ထိခိုက်သွားစေခဲ့သည်။
သူသာ ဒီတိုင်း ထွက်သွားခဲ့ရင် ရှုံးနိမ့်ပြီး ခိုးကြောင်ခိုးဝှက် ထွက်ပြေးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
မော့ရှန်က မြေပြင်ပေါ်တွင် မီးလောင်သေဆုံးနေပြီဖြစ်သော အိမ်တော်ထိန်းလောင်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ ဆူနာမီလှိုင်းလုံးကြီးတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက အခန်းအတွင်းသို့ ရိုက်ခတ်လာပြီး ထိုနေရာရှိ လူအားလုံးကို လွှမ်းမိုးဖိနှိပ်သွားလေသည်။
ဧည့်ခန်းမကြီး တစ်ခုလုံးသည် သူ၏ ကြီးမားလှသော အရှိန်အဝါလွှမ်းမိုးမှုအောက်သို့ ကျရောက်သွားတော့သည်။
"ချူးဖုန်း... မင်းက တော်တော်ရဲတင်းနေပါလား! လောင်ချူတဲက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးကျူးထားတဲ့သူကွ။ သူ ဘယ်လောက်ပဲ အမှားကြီးကြီး လုပ်ခဲ့ပါစေ၊ သူ့ကို ရှင်းလင်းဖို့ဆိုတာ မင်းနေရာ မဟုတ်ဘူး! အနည်းဆုံးတော့ ဧကရာဇ်မင်းမြတ်ဆီ သတင်းပို့ပြီး ကိုယ်တော်တိုင် ဆုံးဖြတ်ခွင့်ပေးရမှာပေါ့!"
"ပြီးတော့ မင်း အဖမ်းခံရလိမ့်မယ်။ မင်းသားလျူက ဧကရာဇ်မင်းမြတ်ဆီ သတင်းပို့ပြီးသွားရင် မင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်ကြလိမ့်မယ်!"
စကားပြောရင်း မော့ရှန်က ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ ချူးဖုန်း၏ ရှေ့တည့်တည့်သို့ ချက်ချင်း ရောက်ရှိလာလေသည်။
သို့သော် သူသည် ရမ်းကားစွာ မလှုပ်ရှားရဲပေ။ အထူးသဖြင့် ချူးဖုန်းက မီးတောက်ပေါက်ကွဲမှု ဆေးလုံးကို အသုံးပြု၍ အိမ်တော်ထိန်းလောင်အား ယခုလေးတင် သတ်ဖြတ်လိုက်ခြင်းက ထိုနေရာရှိ ရန်သူများအားလုံးကို ပြင်းထန်စွာ ခြိမ်းခြောက်ဟန့်တားထားနိုင်သောကြောင့် ဖြစ်သည်။
မော့ရှန်း၏ လက်ချောင်းထိပ်များတွင် အလွန်တရာ ခိုင်မာသိပ်သည်းသော ဓားစွမ်းအင်သုံးခု ပေါ်ထွက်လာသည်။
ဓားသွေးကြောတစ်ခု ပွင့်သွားတိုင်း ဓားစွမ်းအင်တစ်ခုကို ဖော်ထုတ်နိုင်စွမ်း ရှိလေသည်။
ထို့နောက် ဓားသွေးကြောများအတွင်း သိုလှောင်ထားသော ဓားစွမ်းအင်၏ အင်အားအပေါ် မူတည်၍ ၎င်းကို အဆင့်ဆယ်ဆင့် ခွဲခြားနိုင်လေသည်။
ဥပမာအားဖြင့် ချူးဖုန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော အိမ်တော်ထိန်းလောင်သည် ဓားသွေးကြောတစ်ခုကိုသာ ဖော်ထုတ်နိုင်ပြီး သူ၏ ဓားစွမ်းအင်မှာ အားနည်းသဖြင့် ပထမအဆင့်ရှိ အခြေခံအဆင့် ဓားသခင်တစ်ဦးမျှသာ ဖြစ်လေသည်။
မော့ရှန်၏ ဓားစွမ်းအင် သိပ်သည်းမှုက အချိန်မရွေး ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဖော်ပြနေပြီး သူ၏ ကျင့်ကြံမှုမှာ ဒသမအဆင့်ရှိ အဆင့်မြင့် ဓားသခင်အဆင့်သို့ ရောက်ရှိနေရန် များလှသည်။ သူသည် မဟာဓားသခင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလိုမျှသာ လိုတော့သည်။
ဓားဘုရင်စံအိမ်တော် တစ်ခုလုံးတွင် မည်သူကမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ချူးကျန်းလန်၌ပင် ဒသမအဆင့်ရှိ အခြေခံအဆင့် ဓားသခင် ကျင့်ကြံမှုသာ ရှိရာ မော့ရှန်ထက် များစွာ နိမ့်ကျနေပေသည်။
မော့ရှန်သည် အပေါ်ယံတွင် အလွန် အစွမ်းထက်ပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ အလွန်တရာ သတိကြီးသူ ဖြစ်သည်။ သူ၏ ဘယ်ဘက်လက်က အမြဲတမ်း ကာကွယ်သည့် အနေအထားတွင် ရှိနေပြီး ညာဘက် ခြေဖျားလေးသာ မြေကြီးနှင့် ထိထားလေသည် — သူသည် အချိန်မရွေး ဆုတ်ခွာနိုင်ရန် သို့မဟုတ် ရှောင်တိမ်းနိုင်ရန် အသင့်အနေအထားဖြင့် ဟန်ရေးပြ ရပ်တည်နေခြင်း ဖြစ်သည်။
"ငါ့ကို ဖမ်းမယ် ဟုတ်လား။ လုပ်ရဲရင် လုပ်ကြည့်လေ!" ချူးဖုန်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အစွမ်းထက်လှသော မော့ရှန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ကောင်လေး... မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ" မော့ရှန်က ချူးဖုန်းကို စိုက်ကြည့်ရင်း နှုတ်မှသာ အသံကျယ်နေသော်လည်း တကယ်တမ်း လှုပ်ရှားရန် မရဲဝံ့သည်မှာ သိသာလှသည်။
ထိုကဲ့သို့ ကြောက်ရွံ့မှုကို ဖုံးကွယ်၍ ဟန်ရေးပြနေခြင်းက ချူးဖုန်း၏ အမြင်မှ မလွတ်ကင်းနိုင်ခဲ့ပေ။ သူ၏ နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။
ချူးဖုန်းသည် မော့ရှန်ကို အလကားသက်သက် ခြောက်လှန့်နေခြင်း မဟုတ်ပေ။ မီးတောက်ပေါက်ကွဲမှု ဆေးလုံးကို အသုံးပြုပြီးသွားသော်လည်း သူ့တွင် ထူးခြားသော မီးတောက်ကို အသုံးပြုနိုင်စွမ်း ရှိနေသေးသည်။
သူ၏ ယန်ကိုးပါး ထူးခြားသောမီးတောက်မှာ အားနည်းနေသေးသော်လည်း အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုပါက ဓားသမားတစ်ယောက်ကို ပြာကျသွားစေရန် လုံလောက်သည်ထက်ပင် ပိုနေပေသည်။
"ငါ့ညီကို ထိရဲရင် မင်းကို အသေခံတိုက်မယ်!" ချူးကျန်းလန်က ဓားကိုဝှေ့ယမ်းလျက် ခုန်ဝင်လာကာ ချူးဖုန်း၏ ဘေးတွင် မားမားမတ်မတ် ရပ်လိုက်သည်။
"အစ်ကိုကြီး... အဲဒီလို လုပ်စရာ မလိုပါဘူး။ ဒီလူအိုကြီးကို သတ်ရတာ ခွေးတစ်ကောင်ကို သတ်ရတာနဲ့ ဘာမှ မကွာပါဘူးဗျာ!" ချူးဖုန်း၏ လက်များက အင်္ကျီထဲတွင် ရှိနေသဖြင့် သူ၏ အင်အားကို ခန့်မှန်းရခက်စေသည်။ သူ၏ အမူအရာနှင့် လေသံတို့တွင် ကြီးမားလှသော ယုံကြည်ချက်များ အပြည့်အဝ ပါဝင်နေသည်။
ဤကဲ့သို့ ပြတ်သားဝင့်ကြွားမှုက မော့ရှန်၏ အမြင်တွင် အစစ်အမှန် ယုံကြည်ချက်နှင့် အားကိုးရာတစ်ခုခု ရှိနေပုံရပေသည်။
ချူးဖုန်း၏ နောက်ကွယ်တွင် ခိုင်မာသော ကျောထောက်နောက်ခံတစ်ခုခု သေချာပေါက် ရှိရမည်ဟု သူ ပို၍ပင် ယုံကြည်သွားတော့သည်။ ထိုသို့မဟုတ်ပါက သူ၏ရှေ့တွင် ဤမျှ မောက်မာရဲမည် မဟုတ်ပေ။
အိမ်တော်ထိန်းလောင်ကို သတ်ဖြတ်ပြီးခါစဖြစ်သော ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် အရှိန်အဝါများကို သယ်ဆောင်လျက် အားနည်းသူဖြစ်သော ချူးဖုန်းက ရှေ့သို့ တစ်လှမ်းတက်ကာ အားကြီးသူကို တုန်လှုပ်သွားစေသည်။ သူ၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေလေသည်။
ရယ်မောဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။
ဒသမအဆင့်ရှိ အဆင့်မြင့် ဓားသခင် ကျင့်ကြံမှုရှိသော မော့ရှန်မှာ တတိယအဆင့် ဓားသမားလေးမျှသာဖြစ်သော ချူးဖုန်း၏ ဖိအားပေးမှုကြောင့် နောက်သို့ ဆုတ်လိုက်ရလေသည်။
ချူးဖုန်း ရှေ့သို့ တစ်လှမ်းတိုးတိုင်း မော့ရှန်းက နောက်သို့ တစ်လှမ်း ဆုတ်ရလေသည်။
မော့ရှန်၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာသော်လည်း ချူးဖုန်းကမူ ခံစားချက်ကင်းမဲ့သော အမူအရာကို ထိန်းသိမ်းထားကာ အလွန်တရာ ယုံကြည်မှုရှိပုံ ပေါ်နေသည်။
"ချူးဖုန်း... မင်း ပြဿနာ မရှာတာ ကောင်းမယ်နော်! ငါက လောင်ချူတဲမဟုတ်ဘူး၊ မင်းသားလျူ အိမ်တော်ရဲ့ အုပ်ချူပ်သူကွ၊ မင်းတို့ ဓားဘုရင်စံအိမ်တော်က အစေခံ မဟုတ်ဘူး!"
"ငါ့ရဲ့ ဆံပင်တစ်ပင်ကိုများ ထိကြည့်လိုက်၊ မင်းတော့ ပြန်လမ်းမဲ့သွားလိမ့်မယ်!"
လောကတွင် သေရမည်ကို မကြောက်သူဟူ၍ မရှိပေ။
ကြီးမားလှသော ဖိအားများနှင့် သေမင်း၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောအခါ မော့ရှန်းသည် သူ၏ ကြောက်ရွံ့မှုကြောင့် နောက်ဆုံးတွင် အသက်ချမ်းသာပေးရန် တောင်းပန်သည့်အလား စကားမျိုးကို ပြောဆိုလိုက်ရလေတော့သည်။
ဤအရှက်ကွဲမှုမှာ သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။ သူ ထွက်သွားရန် ပြင်ဆင်ပြီးဖြစ်သော်လည်း မျက်နှာရရန် မိုက်မဲစွာ ကြိုးစားခဲ့မိသည်။
ရလဒ်အနေဖြင့် သူ၏ ဂုဏ်သိက္ခာကို ပြန်လည် မဆယ်တင်နိုင်ခဲ့သည့်အပြင် ရှိရင်းစွဲ သိက္ခာများပါ ပိုမို ဆုံးရှုံးသွားခဲ့ရသည်။
သူ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပြိုလဲသွားခဲ့ပြီး ရယ်စရာ ဟာသတစ်ခုအဖြစ်သို့ အပြည့်အဝ ရောက်ရှိသွားခဲ့လေသည်။
"ဝူးဝူး... အိမ်တော်ထိန်းလောင်... ကယ်ပါဦး! ကျွန်တော့်ကို ကယ်ကြပါဦး..." အပြင်ဘက်မှ သနားစဖွယ် ငိုယိုအော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ မိဘများ သေဆုံးသွား၍ ငိုကြွေးနေရသည်ထက်ပင် ပို၍ ဆွေးမြည့်ဖွယ် ကောင်းနေလေသည်။
ဤသည်က မော့ရှန်အတွက် အခြေအနေမှ ရှောင်ထွက်ရန် အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိုက်လေသည်။
မော့ရှန်က လျင်မြန်စွာ နောက်သို့ ခုန်ဆုတ်လိုက်ကာ ချူးဖုန်းနှင့် အကွာအဝေးကို ချဲ့လိုက်ပြီး တစ်ချိန်တည်းမှာပင် ဧည့်ခန်းမအဝင်ဝဆီသို့ လှည့်ကြည့်လိုက်သည်။
မြင်လိုက်ရသည်မှာ ခြေတရွတ်ဆွဲကာ ငိုယိုလျက် ဧည့်ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာသော အာချန်ပင် ဖြစ်သည်။ သူ၏ မျက်နှာနှင့် လက်မောင်းများတွင် ကြောက်မက်ဖွယ်ကောင်းသော အနီရောင် အဖုအပိမ့်များ ထွက်ပေါ်နေလေသည်။
"အစေခံတစ်ယောက်ကများ ဒီဧည့်ခန်းမကြီးထဲကို ဖြစ်သလို ဝင်လာရဲတယ်ပေါ့! အခုချက်ချင်း ထွက်သွားစမ်း!"
ချူးကျန်းလန်၏ မျက်နှာ မည်းမှောင်သွားကာ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
လက်ရှိ ဧည့်သည်များကို လက်ခံတွေ့ဆုံနေချိန်တွင် အိမ်တော်အတွင်းမှ အောက်တန်းစား အစေခံတစ်ဦးက ရိုင်းစိုင်းစွာ ဝင်ရောက်လာခြင်းမှာ ဓားဘုရင်စံအိမ်တော်၏ ဂုဏ်သိက္ခာအတွက် မည်သို့မျှ လက်ခံနိုင်စရာ မရှိပေ။ ဤသည်က အခြားသူများ၏ ရယ်မောစရာ ဖြစ်မသွားနိုင်ဘူးလား။
အခြားသူများက ဓားဘုရင်စံအိမ်တော်ကို စည်းကမ်းသေဝပ်မှုနှင့် ယဉ်ကျေးမှု လုံးဝမရှိဘဲ ဈေးတစ်ခုလို ရှုပ်ထွေးနေသည်ဟုသာ ထင်မှတ်သွားကြပေမည်။
မင်းသားတစ်ပါး၏ စံအိမ်တော်ကို ထားလိုက်ပါဦး — သာမန် မြေပိုင်ရှင်တစ်ဦး၏ အိမ်တော်တွင်ပင် အထက်အောက် အဆင့်အတန်းခွဲခြားမှုကို တင်းကြပ်စွာ လိုက်နာကြလေသည်။
အစေခံများအနေဖြင့် သတ်မှတ်ထားသော နေရာများတွင်သာ သွားလာလုပ်ကိုင်သင့်ပြီး အခြားနေရာများသို့ လုံးဝ ကျူးကျော်ဝင်ရောက်ခွင့် မရှိပေ။
သို့သော်လည်း ဓားဘုရင်စံအိမ်တော်မှ အစေခံများမှာ အိမ်တော်ထိန်းလောင်၏ အကာအကွယ်ပေးမှုနှင့် အလိုလိုက်မှုတို့ကြောင့် အလွန်တရာ ရိုင်းစိုင်းမောက်မာနေကြသည်။ သူတို့မှာ မည်သည့် စည်းမျဉ်းစည်းကမ်းမျှမရှိဘဲ လုံးဝ ဥပဒေမဲ့နေကြသည်ဟု ဆိုလျှင်ပင် မှန်ကန်ပေလိမ့်မည်။
စည်းကမ်းဟူ၍သာ ရှိခဲ့မည်ဆိုပါက အစေခံတစ်ဦးဖြစ်သော အာချန်သည် ချူးဖုန်း၏ အခန်းထဲသို့ ရမ်းကားစွာ ဝင်ရောက်ဝံ့မည် မဟုတ်ပေ။
အာချန်သည် ချူးကျန်းလန်၏ ဆူပူကြိမ်းမောင်းမှုကို လုံးဝ ဂရုမစိုက်ဘဲ အလေအလွင့်စကားများအဖြစ်သာ သဘောထားလိုက်သည်။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အိမ်တော်ထိန်းလောင်ကို မတွေ့ရဘဲ ချူးဖုန်းကို မြင်လိုက်ရသည်။
"မင်းပဲ၊ ဒါတွေအားလုံး မင်းလုပ်တာ!" ချက်ချင်းပင် အာချန်သည် ချူးဖုန်းထံသို့ ပြေးဝင်သွားတော့သည်။ သူ၏ မျက်နှာအမူအရာမှာ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်အလား ရူးသွပ်နေလေသည်။
"ထွက်သွားစမ်း!" ချူးဖုန်းက လက်ဝါးဖြင့် တစ်ချက်ရိုက်ချလိုက်ရာ အာချန်မှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဤသို့ လက်ဝါးဖြင့် ရိုက်ချလိုက်စဉ်အတွင်း ယားယံစေသော အမှုန့် တော်တော်များများက အာချန်၏ အဝတ်အစားများပေါ်သို့ ကျရောက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
"ဒီခွေးအစေခံက ငါ့ကိုတောင် ပြန်တိုက်ခိုက်ရဲတယ်ပေါ့၊ ငါ သူ့ကို အလွတ်မပေးဘူး!"
ချူးဖုန်းသည် အစ်ကိုကြီး၏ လက်ထဲမှ ရတနာဓားကို လုယူလိုက်ပြီး အာချန်ကို ကွပ်မျက်ရန် ပြင်လိုက်သည်။
အိမ်တော်ထိန်းလောင်ကို ရှင်းလင်းပြီးဖြစ်ကာ လောင်မာအိုမှာလည်း ယမမင်းထံသို့ သွားရတော့မည်ဖြစ်ရာ တစ်ခုတည်းသော မျက်စိစူးစရာအဖြစ် အာချန်သာ ကျန်ရှိတော့သည်။
တစ်ယောက်သတ်လည်း သတ်တာပဲ၊ နှစ်ယောက်သတ်လည်း သတ်တာပါပဲ။
ဤအခွင့်အရေးကို ဆုပ်ကိုင်၍ သူလျှိုများအားလုံးကို တစ်ပါတည်း ရှင်းလင်းပစ်ခြင်းက ဆိုးရွားသော အကြံအစည်တော့ မဟုတ်ပေ။
အစ်ကိုကြီးကမူ ဟိုတွေးဒီတွေးဖြင့် ရှေ့ရေးနောက်ရေးများကို စိုးရိမ်နေသော်လည်း ချူးဖုန်းတွင် ထိုသို့သော စိုးရိမ်ပူပန်မှုများ လုံးဝ မရှိပေ။
အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကယ်တင်ပြီးနောက်ပိုင်း သူမ ရှိနေကြောင်းကို လုံးဝ မပေါက်ကြားစေရပေ။ ထိုသို့မဟုတ်ပါက ဓားဘုရင်စံအိမ်တော်သည် အမှန်တကယ်ပင် ပြီးဆုံးသွားပေလိမ့်မည်။
ဤအတွင်းသူလျှိုများကို ရှင်းလင်းပစ်ရန်မှာ ယခုက ရွှေရောင်အခွင့်အရေးကြီးပင် ဖြစ်သည်။ ဧကရာဇ်နှင့် မင်းသားလျူ အိမ်တော်တို့က မကျေမနပ် ဖြစ်လျှင်တောင်မှ သူတို့အနေဖြင့် ဘာမှ တတ်နိုင်မည် မဟုတ်ပေ။
"နေပါဦး! ဒီလူကို သတ်လို့ မရဘူး!"
သဘာဝကျစွာပင် မော့ရှန်သည် အာချန်ကို မှတ်မိလေသည်။ အိမ်တော်ထိန်းလောင် မရှိတော့သည့်နောက် အိမ်တော်ထိန်းလောင်၏ နေရာတွင် အစားထိုးရန် အစေခံအသစ်တစ်ဦးကို သူ မြေတောင်မြှောက်ပေးရန် လိုအပ်ပေသည်။
အာချန်မှာ အလွန် သင့်လျော်သော သူတစ်ဦး ဖြစ်သည်။ ထို့အပြင် မော့ရှန်က ချူးဖုန်း၏ စွမ်းဆောင်နိုင်ရည်ကို အသိအမှတ်ပြုထားသည်။ အကယ်၍ ချူးဖုန်းက တစ်စုံတစ်ယောက်ကို သတ်ချင်နေပြီဆိုလျှင်၊ ၎င်းက ထိုသူသည် တန်ဖိုးရှိပြီး အသက်ရှင်လျက် ထားသင့်ကြောင်းကို ပြသနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူ ချက်ချင်း လှုပ်ရှားလိုက်ကာ အာချန်၏ ရှေ့တည့်တည့်သို့ ဝင်ရပ်လိုက်သည်။
"အုပ်ချူပ်သူမော့... ဖယ်စမ်းပါ၊ ဒီမိစ္ဆာအစေခံကို ငါ ကွပ်မျက်လိုက်မယ်!" ချူးဖုန်း၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သတ်ဖြတ်လိုစိတ်များ အပြည့်ဖြစ်နေသည်။
ထိုဖိအားများအောက်တွင် မြေပြင်ပေါ်၌ လူးလှိမ့်နေသော အာချန်မှာ ကပျာကယာ ထရပ်လိုက်ပြီး မော့ရှန်း၏ နောက်သို့ ချက်ချင်း ဝင်ပုန်းကာ သူ၏ အဝတ်အစားများကို ဆုပ်ကိုင်ထားလိုက်သည်။
"အုပ်ချူပ်သူမော့... ကျွန်တော့်အတွက် တရားမျှတတဲ့ စကားတစ်ခွန်းလောက် ဝင်ပြောပေးပါဗျာ! ကျွန်တော်သာ မခံမရပ်နိုင်အောင် မယားယံနေဘူးဆိုရင် ဒီလို ဖီဆန်တဲ့ အမှားမျိုးကို ကျူးလွန်မိမှာ မဟုတ်ပါဘူး..." အာချန်က အခွင့်အရေးကို မည်သို့ ဆုပ်ကိုင်ရမည်ကို ကောင်းစွာ သိသူဖြစ်သည်။ သူက မော့ရှန်နှင့် နီးကပ်စွာ ထိတွေ့လိုက်ပြီး ယားယံစေသော အမှုန့်များကို မော့ရှန်၏ အဝတ်အစားများဆီသို့ ချက်ချင်း ကူးစက်သွားစေလေသည်။
ကြီးကျယ်ခန်းနားသော ပြဇာတ်ကြီး စတင်တော့မည် ဖြစ်သည်။