အခန်း (၃၉) - အချည်းနှီး သေဆုံးရခြင်း
"အဲဒီမှာပဲ ဆက်ဒူးထောက်နေ! မထနဲ့ဦး!" လက်ထပ်စာချုပ်ကို လက်ခံရယူပြီးနောက် ချူးဖုန်းက ခံစားချက်ကင်းမဲ့စွာဖြင့် အမိန့်ပေးလိုက်သည်။
အိမ်တော်ထိန်းလောင်က သူ၏သွားများကို အသံ မြည်အောင် ကျိတ်လိုက်မိသည်။
သူက စိတ်ထဲမှ ကြိမ်းဝါးနေလိုက်သည်။ "ငါ နည်းနည်းလောက် ထပ်သည်းခံလိုက်ဦးမယ်။ ဒီအသုံးမကျတဲ့ကောင် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး လက်ဗွေနှိပ်တာ ပြီးသွားတာနဲ့၊ အတိုးရော အရင်းပါပေါင်းပြီး လက်စားပြန်ချေပြမယ်။"
ချူးဖုန်းက တမင်သက်သက် အပြစ်ရှာပြီး အိမ်တော်ထိန်းလောင်ကို ရန်စနေခြင်းအပေါ် မော့ရှန်က မည်သို့မျှ ဂရုမစိုက်ပေ။
ချူးဖုန်း လက်ဗွေနှိပ်မည့်အချိန်ကို သူက သည်းခံနိုင်စွမ်း နှစ်ဆတင်ကာ စောင့်ဆိုင်းနေခဲ့သည်။
"လက်ထပ်စာချုပ်မှာ ဘာပြဿနာမှ လုံးဝ မရှိဘူး! ရှာရခက်တဲ့ ဒီလိုအခွင့်အရေးကောင်းကြီး ရှေ့မှောက်ရောက်နေတာတောင် ဘာလို့ တွန့်ဆုတ်နေရတာလဲ?"
"လက်ဗွေနှိပ်လိုက်တာနဲ့ ဒီငွေလက်မှတ်တွေနဲ့ ဆေးလုံးတွေက ဓားဘုရင်စံအိမ်တော်ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားရုံသာမကဘူး၊ မင်းသားလျူ အိမ်တော်ရဲ့ ကျောထောက်နောက်ခံကိုပါ ရသွားမှာမို့ အကျိုးအမြတ်တွေကတော့ အဆုံးအစမရှိဘူးလေ! ဓားဘုရင်စံအိမ်တော်အတွက် စကားနည်းနည်းပါးပါး ဝင်ပြောပေးလိုက်ရုံနဲ့ မင်းတို့ ညီအစ်ကိုနှစ်ယောက် ခွေးတွေလို ရှင်သန်နေရတဲ့ ဘဝကနေ လွတ်ကင်းသွားလိမ့်မယ်။"
"မင်းတို့လည်း ခေါင်းမော့ ရင်ကော့ပြီး မွန်မြတ်တဲ့ မှူးမတ်တွေလိုမျိုး နေနိုင်သွားမယ်။ မင်းသားလျူ အိမ်တော်ရဲ့ မျက်နှာကိုယူပြီး ဝင့်ဝင့်ကြွားကြွားတောင် လျှောက်သွားလို့ ရဦးမယ်!"
မော့ရှန်က အထက်စီးဆန်သော အမူအရာဖြင့် ချူးဖုန်းကို ဖြားယောင်းသွေးဆောင်နေသော်လည်း သူ၏ သည်းခံနိုင်စွမ်းမှာ တဖြည်းဖြည်း ကုန်ခမ်းလာခဲ့ပြီဖြစ်သည်။
မထင်မှတ်ဘဲ ချူးဖုန်းက လက်ထပ်စာချုပ်ကို အေးအေးဆေးဆေး ခေါက်လိုက်ပြီးနောက် မော့ရှန်နှင့် အခြားသူများဘက်သို့ လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။
"ခင်ဗျားတို့က ကျုပ်ကို လက်ဗွေနှိပ်စေချင်နေတာလား။ ခင်ဗျားတို့ ဆန္ဒတွေကို လိုက်လျောပေးဖို့ ကျုပ် ငြင်းတယ်!"
ဖြတ်! ဖြတ်!
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချူးဖုန်းက သေသပ်စွာ ခေါက်ထားသော လက်ထပ်စာချုပ်ကို စတင် ဆုတ်ဖြဲပစ်လိုက်တော့သည်။
ချူးဖုန်းက လက်ထပ်စာချုပ်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲနေသည်ကို မော့ရှန်နှင့် အခြားသူများမှာ မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေလိုက်ရသည်။
"သေသေချာချာ နားထောင်စမ်း၊ အောက်တန်းကျတဲ့ အစေခံအုပ်စု... ငါတို့ ချူးမိသားစုက သူများဆီက အလှူခံရမယ့်အစား ငတ်သေခံလိုက်မယ်! ငါပဲဖြစ်ဖြစ်၊ ငါ့အစ်ကိုကြီးပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ဒုတိယအစ်မပဲဖြစ်ဖြစ်၊ ငါတို့ရဲ့ သွေးကြောတွေထဲမှာ ချူးမိသားစုရဲ့ သွေးတွေ စီးဆင်းနေသရွေ့ တစ်သက်လုံး ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး!"
"ဒီငတုံး... ဝက်ထက်ဝတဲ့ကောင်က ငါ့ရဲ့ ဒုတိယအစ်မကို စော်ကားဖို့ အိပ်မက်မက်နေတယ်ဆိုရင်၊ အဲဒီ ယောင်ချာချာ အိပ်မက်ကြီးကို ဆက်ပြီးတော့သာ မက်နေလိုက်တော့!"
"ထွက်သွားကြစမ်း! ဒီသံတိုသံဟောင်း အမှိုက်တွေနဲ့ အသုံးမကျတဲ့ ဆေးလုံးတွေကိုပါ တစ်ပါတည်း ယူသွားကြစမ်း!"
ချူးဖုန်းက လက်ကောက်ဝတ်ကို တစ်ချက်ခါရမ်းလိုက်ရာ စက္ကူစများက နှင်းပွင့်များအလား လွင့်စင်ကျဆင်းသွားတော့သည်။
ညီဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ ချူးကျန်းလန်မှာ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရပြီး လက်သီးများကို တင်းတင်းဆုပ်ထားကာ သူ၏ မျက်လုံးများတွင်လည်း လေးစားအားကျမှုများ တောက်ပနေလေသည်။
"ကောင်းတယ်၊ သိပ်ကောင်းတဲ့စကားပဲ! ငါတို့ ချူးမိသားစုက ခွေးတွေလို ဒူးထောက်ပြီး အသက်ရှင်နေရမယ့်အစား ဂုဏ်သိက္ခာရှိရှိ မားမားမတ်မတ် ရပ်တည်ပြီးတော့ပဲ အသေခံလိုက်မယ်!"
ဤစကားများက ချူးဖုန်းအပေါ် အသိအမှတ်ပြု ထောက်ခံမှုများ အပြည့်အဝ ပါဝင်နေရုံသာမက သူရဲကောင်းဆန်သော စိတ်ဓာတ်များလည်း ပေါက်ကွဲထွက်ပေါ်နေလေသည်။
ကံမကောင်းစွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေရသော အိမ်တော်ထိန်းလောင်အတွက်မူ ထိုစကားများက အထူးတလည် နားခါးစရာ ဖြစ်နေခဲ့သည်။ ဤသည်မှာ သူ ခွေးတစ်ကောင်လို ရှင်သန်နေရသည်ဟု သွယ်ဝိုက်သောနည်းဖြင့် ကျိန်ဆဲလိုက်ခြင်း မဟုတ်ပါလော။
အိမ်၏ မျက်နှာမှာ နဂိုကတည်းက မှုန်ကုပ်နေခဲ့ပြီး ယခုအခါတွင်မူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြမ်းကြုတ်ခက်ထန်သွားတော့သည်။
"ချူးဖုန်း... ခွေးမသား၊ မင်းက ငါ့ကို ခါးညွှတ်ပြီး ဒူးထောက်ခိုင်းတယ်! နောက်ဆုံးကျတော့ မင်းက လက်ထပ်စာချုပ်ကို တစ်ချက်လေးတောင် မကြည့်ဘဲ ဆုတ်ဖြဲပစ်လိုက်တယ်။ မင်းက ငါ့ကို ကစားနေတာ မဟုတ်လား"
အိမ်တော်ထိန်းလောင်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ချူးဖုန်းကို အန္တရာယ်ပြုမည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်၊ ငါက မင်းကို တမင်သက်သက် ကစားနေတာ!"
"မင်းက ဓားဘုရင်စံအိမ်တော်က ကျွေးမွေးထားတဲ့ ခွေးတစ်ကောင်မျှသာပဲ။ အဲဒါကိုများ ငါတို့ကို ပြန်ပြီး သစ္စာဖောက်ရဲသေးတယ်။ ငါက မင်းကို မကစားရင် ဘယ်သူ့ကို သွားကစားရမှာလဲ"
ချူးဖုန်းမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိသည့်အပြင် ဤခွေးအစေခံကို ကစားနေခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
အိမ်တော်ထိန်းလောင်သည် ဤမျှလောက် အရှက်ကွဲခြင်းနှင့် ဒေါသထွက်ခြင်းမျိုးကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။
သူ၏ ရင်ဘတ်ထဲမှ ဒေါသမီးများမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်လာပြီး ခေါင်းထဲအထိ ဆူပွက်တက်လာသည်ကို ခံစားလိုက်ရသည်။
ဘုန်း!
ဦးနှောက်များ ပူလောင်လာပြီး မျက်လုံးများ မီးဝင်းဝင်းတောက်နေကာ သူ၏ စိတ်ထဲတွင် အတွေးတစ်ချက်တည်းသာ ရှိတော့သည်။ ၎င်းမှာ ဤအသုံးမကျသော ချူးဖုန်းကို သတ်ပစ်ရန်ပင် ဖြစ်သည်။
"အသုံးမကျတဲ့ကောင်... မင်းက သေချင်နေတာပဲ!"
ဒေါသအလွန်အမင်း ထွက်နေသော အိမ်တော်ထိန်းလောင်သည် လက်ချောင်းကို ဓားတစ်လက်အသွင် ပြောင်းလဲလိုက်ပြီး ချူးဖုန်းထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
ရှူး!
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တစ်ခုက သူ၏ လက်ချောင်းထိပ်မှ ပစ်လွှတ်ထွက်ပေါ်လာပြီး ချူးဖုန်း၏ နှလုံးတည့်တည့်ဆီသို့ ဦးတည်သွားလေသည်။
သူသည် အခြေခံအဆင့် ဓားသခင်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ ဓားစွမ်းအင်မှာ ချူးဖုန်း၏ နှလုံးကို ထိုးဖောက်ရန် လုံလောက်သော အင်အားရှိနေပေသည်။
မလှမ်းမကမ်းတွင် ထိုင်နေသော ချူးကျန်းလန်မှာ အလွန်တရာ အံ့သြဒေါသထွက်သွားခဲ့သည်။ လောင်ချူတဲက သူ၏ ညီဖြစ်သူကို လူပုံအလယ်တွင် သတ်ဖြတ်ရန် ကြိုးစားဝံ့လိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။
"လောင်ချူတဲ... မင်းက ဘယ်လိုလုပ်ပြီး ရဲတင်း..." ချူးကျန်းလန်က ဒေါသတကြီး အော်ဟစ်လိုက်ရင်း တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။
"မတ်လေး!" မရီးဖြစ်သူကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
မော့ရှန်ကမူ ဝင်ရောက်တားဆီးရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ ခံစားချက်ကင်းမဲ့စွာဖြင့်သာ စောင့်ကြည့်နေလေသည်။
လောင်ချူတဲ၏ လက်ကို ငှားကာ ချူးဖုန်းကို ရှင်းလင်းပစ်နိုင်ခြင်းကလည်း ဆိုးရွားသော ကိစ္စမဟုတ်ပေ။
ဤသည်မှာ စစ်တုရင်ကစားရာတွင် နယ်ရုပ်တစ်ရုပ်ဖြင့် ရထားကို လဲလှယ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အထူးသဖြင့် စောစောက ချူးဖုန်း၏ အံ့မခန်း စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးနောက် မော့ရှန်သည် သူ့ထံမှ အန္တရာယ်အငွေ့အသက်ကို သဲ့သဲ့မျှ ခံစားလိုက်ရသည်။
ချူးဖုန်းတွင် ဓားသွေးကြောများ မရှိတော့ဘဲ ကျင့်ကြံ၍ မရတော့သော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဉာဏ်ရည်ဉာဏ်သွေးက ဓားဘုရင်စံအိမ်တော်၏ အကြံအစည်ကြီးများကို အသေအချာ ထောက်ပံ့ပေးနိုင်စွမ်း ရှိနေပေသည်။
စာပေပိုင်းတွင်ဖြစ်စေ၊ သိုင်းပညာပိုင်းတွင်ဖြစ်စေ ချူးကျန်းလန်နှင့် ပူးပေါင်းလိုက်မည်ဆိုလျှင်၊ ဤညီအစ်ကိုနှစ်ယောက်သာ စိတ်တူကိုယ်တူ ဖြစ်သွားပါက အခြေအနေအရပ်ရပ်ကိုပင် ပြောင်းပြန်လှန်ပစ်နိုင်ခြေ ရှိပေသည်။
ထို့ကြောင့် သူ့ကို မဖြစ်မနေ ရှင်းလင်းပစ်ရမည် ဖြစ်သည်။
နှစ်များတစ်လျှောက်လုံး မင်းသားလျူ အိမ်တော်သည် ဧကရာဇ်၏ ခွေးအအဖြစ် လိုလိုလားလား ခံယူကာ ဓားဘုရင်စံအိမ်တော်ကို ထင်တိုင်းကြဲ ဖိနှိပ်ညှဉ်းပန်းခဲ့သည်။ ဤသွေးကြွေးကို အနှေးနှင့်အမြန် ပြန်လည်ပေးဆပ်ရမည်သာ ဖြစ်သည်။
လူတိုင်းက ချူးဖုန်း သေချာပေါက် သေဆုံးပြီဟု ထင်မှတ်နေချိန်တွင် မထင်မှတ်ဘဲ ချူးဖုန်းက အလွန်တရာ တည်ငြိမ်အေးဆေးစွာဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ် လှည့်လိုက်ကာ သေစေလောက်သော ဓားစွမ်းအင်တိုက်ခိုက်မှုကို အံ့ဖွယ်ကောင်းလောက်အောင် ရှောင်တိမ်းလိုက်နိုင်လေသည်။
"အစေခံက မိမိသခင်ကို လုပ်ကြံသတ်ဖြတ်တာ၊ အောက်လူက အထက်လူကို တိုက်ခိုက်တာ၊ သူ့ကို သေဒဏ်ပေးရမယ်!"
ချူးဖုန်း၏ စကားများတွင် ကြီးမားလှသော သြဇာအာဏာများ အပြည့်အဝ ပါဝင်နေပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေလေသည်။
"ဟားဟား... သာမန် ဓားသမားလေးတစ်ယောက်ကများ အကြီးအကဲ တာဝန်ခံကို သေဒဏ်ပေးချင်တယ် ဟုတ်လား" အိမ်တော့ထိန်းလောင် က လောကတွင် အရယ်ရဆုံးသော ဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလား ရယ်မောလိုက်လေသည်။
သို့သော် စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာပေါ်ရှိ အပြုံးများက အေးခဲသွားတော့သည်။
အကြောင်းမူကား ချူးဖုန်းက ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ်အစားရှိ အနီရောင် ဆေးလုံးတစ်လုံးကို သူ့ထံသို့ ပစ်ပေါက်လိုက်သောကြောင့် ဖြစ်သည်။
ဘုန်း!
အိမ်တော်ထိန်းလောင်က ဆေးလုံးကို ပိတ်ဆို့ ကာကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးလုံးမှာ ချက်ချင်း ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက အိမ်တော်ထိန်းလောင်ကို ဝါးမျိုသွားလေတော့သည်။
"အား... ကယ်ကြပါဦး..."
အိမ်တော်ထိန်းလောင်မှာ မီးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သွေးသံရဲရဲဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာဖြင့် အော်ဟစ်လူးလှိမ့်နေတော့သည်။
ဧည့်ခန်းမကြီး တစ်ခုလုံး၏ အပူချိန်မှာ ချက်ချင်းဆိုသလို ဒီဂရီ နှစ်ဆယ်၊ သုံးဆယ်ခန့် မြင့်တက်သွားပြီး ပြင်းထန်စွာ လောင်ကျွမ်းနေလေသည်။
မည်သူကမျှ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိကြရာ သူ့ကို ကယ်တင်ရန် ကြိုးစားဖို့ဆိုသည်မှာ ဝေလာဝေးပင် မဟုတ်ပါလော။
ဓားဘုရင်စံအိမ်တော်တွင် သူသည် မရေမတွက်နိုင်သော လူများ၏ မုန်းတီးခြင်းကို ခံရသည့် ယုတ်မာပက်စက်တဲ့တစ်ဦး ဖြစ်သည်။ မင်းသားလျူ အိမ်တော်ဘက်မှ ကြည့်လျှင်လည်း အိမ်တော်ထိန်းလောင်မှာ အစေခံတစ်ယောက်မျှသာ ဖြစ်သည်။
ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အိမ်တော်ထိန်းလောင်သည် မင်းသားလျူ အိမ်တော်က ထည့်သွင်းထားသော သူလျှိုတစ်ဦးမျှသာ ဖြစ်သည်။
သူက သူ့ကိုယ်သူ သိပ်အရေးပါလှသည်ဟု ထင်မှတ်နေခဲ့ခြင်းသာ ဖြစ်သည်။
"စောစောက... အဲဒါ မီးတောက်ပေါက်ကွဲမှု ဆေးလုံးလား" မော့ရှန်၏ မျက်လုံးများတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာသည်။
ဟောင်သောခွေးသည် လူမကိုက်၊ ပြည့်နေသောအိုးသည် ဘောင်ဘင်မခတ်ဟူသော စကားများကဲ့သို့ပင်။
အိမ်တော်ထိန်းလောင်သည် အချိန်အတော်ကြာအောင် ကြွားလုံးထုတ်ကာ ဟန်ရေးပြနေခဲ့သော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရမည့်အချိန် ရောက်လာသောအခါ ချူးဖုန်း၏ ချက်ချင်း လက်စတုံး ရှင်းလင်းခြင်းကို ခံလိုက်ရသည်။
ချူးဖုန်း၏ တိတ်ဆိတ်ပြီး တည်ငြိမ်နေသော အမူအရာကို ကြည့်ရသည်မှာ သာမန်မျှသာ ဖြစ်ပုံရသော်လည်း တကယ်တမ်း သတ်ဖြတ်ရမည့် အချိန်တွင်မူ သူသည် လုံးဝ တွေဝေတွန့်ဆုတ်နေခြင်း မရှိပေ။
"ဒီလူငယ်လေးက တကယ့်ကို ထက်မြက်လွန်းတယ်! သူက အိမ်တော်ထိန်းလောင်ကို အစောကြီးကတည်းက သတ်ပစ်လို့ ရနေတာကို တမင်သက်သက် အခုချိန်ထိ စောင့်နေခဲ့တာပဲ! ဒါပေမဲ့ ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ အိမ်တော်ထိန်းလောင်က ဧကရာဇ်ရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရရှိထားပြီး မင်းသားလျူ အိမ်တော်က တမင်သက်သက် ထည့်သွင်းထားတဲ့ သူလျှိုတစ်ယောက် ဖြစ်နေလို့ပဲ။ သူ့ကို လွယ်လွယ်နဲ့ ထိလို့ မရဘူးလေ။ ဒါပေမဲ့ အခုတော့ ကွာသွားပြီ။ အိမ်တော်ထိန်းလောင်က သူ့သခင်ကို ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် သေချင်စောတဲ့ သူ့အပြစ်နဲ့သူ သေရတာ သူထိုက်နဲ့သူ့ကံပဲ။"
"ဘယ်သူကမှ ဘာမှ ဝင်ပြောလို့ မရတော့ဘူး!"
သေဆုံးသွားပြီ၊ အလကား သေလိုက်ရသလိုပင် ဖြစ်သွားသည်။
ချူးဖုန်း၏ လုပ်ဆောင်ချက်များက ရေလုံပိတ်နေအောင် သေသပ်လှသည်။ သူသည် အစကတည်းက ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်နိုင်ပြီး၊ အိမ်တော်ထိန်းလောင်ကို တမင်သက်သက် ရန်စကာ အရင်စတင် တိုက်ခိုက်လာစေရန် ဖိအားပေးခဲ့သည်။ ထို့အပြင် မော့ရှန်၏ သြဇာလွှမ်းမိုးမှုကိုပင် အသုံးချ၍ အိမ်တော်ထိန်းလောင်ကို ဖိနှိပ်ခဲ့သေးသည်။
တကယ့်ကို အံ့မခန်းစရာပင် ဖြစ်သည်။
ဉာဏ်ရည်မြင့်မားလှသော မော့ရှန်ပင်လျှင် ချူးဖုန်း၏ လက်ထဲတွင် မသိလိုက်မသိဘာသာဖြင့် နယ်ရုပ်တစ်ရုပ် ဖြစ်သွားခဲ့ရသည်။
အသုံးချခံလိုက်ရသည်ကို အိမ်တော်ထိန်းလောင်သေဆုံးသွားသည့် အချိန်အထိ သူ မသိလိုက်ပေ။
ချူးဖုန်းအပေါ် သူ၏ သတိထားမှုက အဆင့်များစွာ မြင့်တက်မသွားဘဲ မနေနိုင်တော့ပေ။ "ပြန်ရောက်တာနဲ့ မင်းသားလျူကို ချက်ချင်း သတင်းပို့ရမယ်။ ဒီလူငယ်ကို အမြန်ဆုံး ရှင်းလင်းပစ်မှ ရမယ်။" ယနေ့ အကြံအစည် ပျက်စီးသွားပြီဆိုတာကို မော့ရှန် သိလိုက်သည်။
ဓားဘုရင်စံအိမ်တော်ကို အတင်းအကျပ် လက်ထပ်စာချုပ် လက်မှတ်ထိုးခိုင်းဖို့ဆိုတာ အခုတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။