အခန်း (၃၇) - ဓားဘုရင်စံအိမ်တော်ကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ
"မင်း... မင်း... ဟွန့်၊ ဒါက တကယ့်ကို ခွေးက ကျေးဇူးရှင်ကို ပြန်ကိုက်တာပဲ၊ စေတနာကို ဝေဒနာလို့ ထင်နေတာကိုး!"
ချူးဖုန်း၏ စကားကြောင့် အိမ်တော်ထိန်းလောင်မှာ မျက်နှာကြီးနီရဲကာ လည်ပင်းကြောများ ထောင်လာသည်အထိ ဆွံ့အသွားခဲ့ရသည်။ သူသည် အစေခံတစ်ဦးဖြစ်သော်လည်း သူ့ကိုယ်သူ အစေခံဟု တစ်ခါမျှ မသတ်မှတ်ခဲ့ပေ။ သူသည် သူ့ကိုယ်သူ ဓားဘုရင်စံအိမ်တော်၏ လျှို့ဝှက်သခင်တစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့သူဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဓားဘုရင်စံအိမ်တော်ရှိ မင်းသားနှစ်ပါးနှင့် မင်းသမီးတို့သည် အားနည်းကြပြီး သူ့အနေဖြင့် အလွယ်တကူ အနိုင်ကျင့် ဗိုလ်ကျနိုင်သည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ထို့အပြင် သူ၏နောက်ကွယ်တွင် မင်းသားလျူ အိမ်တော်နှင့် ဧကရာဇ်တို့က လျှို့ဝှက်စွာ ကျောထောက်နောက်ခံ ပေးထားသောကြောင့်လည်း သူက ဤမျှ မောက်မာရိုင်းစိုင်းကာ အစေခံတစ်ဦးဖြစ်လျက်နှင့် သခင်များကို ဖိနှိပ်ရဲနေခြင်း ဖြစ်သည်။
မင်းသားလျူ အိမ်တော်မှ မော့ရှန်က ဤလျှို့ဝှက်နယ်ရုပ်ဖြစ်သော အိမ်တော်ထိန်းလောင်မှာ အသုံးမဝင်တော့သည်ကို မြင်လိုက်ရသဖြင့် သူကိုယ်တိုင် လူလုံးထွက်ပြကာ ဝင်ပါလာတော့သည်။
ဖားပြုပ်တစ်ကောင်ကဲ့သို့သော သူ၏ ခန္ဓာကိုယ်ကြီးက အနည်းငယ် တုန်ခါသွားပြီး ကြမ်းကြုတ်သော အကြည့်များက ချူးဖုန်းထံသို့ စိုက်ကျသွားသည်။ ထို့နောက် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး "ခွိခွိ... တကယ့်ကို 'သုံးရက်လောက် မတွေ့ရုံနဲ့ လူတစ်ယောက်က မှတ်မိနိုင်စရာမရှိအောင် ပြောင်းလဲသွားနိုင်တယ်' ဆိုတာ အမှန်ပဲကိုး!"
"ကိုယ်တိုင် မျက်မြင်မတွေ့ရဘူးဆိုရင် စာပေရော သိုင်းပညာမှာပါ အသုံးမကျဘဲ ငိုဖို့လောက်ပဲ တတ်တဲ့ ဓားဘုရင်စံအိမ်တော်က သခင်လေးပါလို့ လျူအိမ်တော်ကိုအုပ်ချူပ်သူတစ်ယောက်အနေနဲ့ ငါတောင် ယုံနိုင်စရာအကြောင်း မရှိဘူး!"
ဤစကားက ချူးဖုန်းကို ချီးကျူးနေပုံရသော်လည်း အမှန်တကယ်တွင်မူ ချူးဖုန်း၏ ငယ်ဘဝ အမာရွတ်များကို ဖော်ကောင်လုပ်ကာ လှောင်ပြောင် သရော်လိုက်ခြင်းပင် ဖြစ်သည်။
"ချူးဖုန်းလေး... နားထောင်လို့ မကောင်းတဲ့စကား ပြောရရင် ဓားစွမ်းအင်ကို ဖိနှိပ်ပေးနိုင်တဲ့ ရတနာ ငှားရမ်းတဲ့ကိစ္စက မင်းအစ်မရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာကွ၊ ကလေးတွေ ကစားတဲ့ကိစ္စ မဟုတ်ဘူး။"
"လူငယ်တွေဆိုတာ အရွယ်ရောက်ပြီလို့ ထင်လာရင် ကိုယ့်ကိုယ်ကိုယ် ပြချင်ကြတာပဲလေ! တကယ့် ယောက်ျားကောင်းတွေဖြစ်ပြီး ဆုံးဖြတ်ချက်တွေ ချနိုင်ပြီဆိုတာကို သက်သေပြချင်ကြတာ! ငါတို့ နားလည်ပေးလို့ ရပါတယ်။"
"ဒါပေမဲ့ မင်းက ဝင်အစွမ်းပြချင်ရင်တောင် ဘာကိစ္စလဲဆိုတာကို ကြည့်ရဦးမယ်! ဒီနေ့ မင်းက ငါတို့ မင်းသားလျူ အိမ်တော်ရဲ့ အကူအညီကို ငြင်းပယ်လိုက်မယ်ဆိုရင် မင်းအစ်မရဲ့ အသက်လမ်းကြောင်းကို မင်းကိုယ်တိုင် ဖြတ်တောက်လိုက်တာပဲ! အုပ်ချူပ်သူတစ်ယောက်အနေနဲ့ ငါ အကြံပေးချင်တာကတော့ ကိုယ်ရောသူပါ မနစ်နာရအောင် မင်းမှာမရှိတဲ့ အရည်အချင်းတွေကို ထုတ်မပြတာ အကောင်းဆုံးပဲ!"
မော့ရှန်၏ အပြောအဆိုများက အိမ်တေယ်ထိန်းလောင်ထက် များစွာ အစွမ်းထက်လှသည်။ သူ မင်းသားလျူ အိမ်တော်တွင် နေရာရကာ ကြီးပွားတိုးတက်နေသည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
ချူးကျန်းလန်နှင့် သူ၏ မရီးဖြစ်သူတို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြပြီး တွန့်ဆုတ်သွားသည်မှာ သိသာလှသည်။
သူတို့၏ အမြင်တွင် ချူးဖုန်းမှာ အရွယ်မရောက်သေးသော ကလေးတစ်ယောက်မျှသာ ဖြစ်သည်။ ချူးဖုန်း တစ်ဇွတ်ထိုး လုပ်နေမည်ကို သူတို့ အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်နေကြသည်။
မော့ရှန်းက ချူးကျန်းလန်၏ စိတ်ကို အသေအချာ ဖမ်းဆုပ်ထားနိုင်ပုံရသည်။ သူက ချူးကျန်းလန်ကို မောက်မာစွာ ပြုံးပြရင်း "ချူးကျန်းလန်... မင်းရဲ့ ညီမကို ငါတို့ မင်းသားလျူ အိမ်တော်က သခင်ကြီး လျူချုံးနဲ့ ပေးစားသင့်တယ်။ ဒါက အကျိုးအမြတ်တွေချည်းပဲ ရှိပြီး ဘာဆိုးကျိုးမှ မရှိဘူးကွ!"
"မင်း မြို့တံခါးစောင့်အဖြစ် တာဝန်ထမ်းဆောင်နေတာ နှစ်အနည်းငယ် ရှိနေပြီ။ တခြားသူတွေက မင်း ဘာကြံစည်နေလဲဆိုတာ မသိနိုင်ပေမဲ့ အုပ်ချူပ်သူတစ်ယောက်ဖြစ်တဲ့ ငါကတော့ အရမ်းကို ရှင်းရှင်းလင်းလင်း သိနေတာပေါ့!"
ချူးကျန်းလန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ တည်ငြိမ်အောင် နေလိုက်ရင်း "ငါ့မှာ ဘာအကြံအစည် ရှိနိုင်မှာမို့လို့လဲ!" ဟု ပြန်ပြောလိုက်သည်။
ချူးဖုန်း၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူ၏ အစ်ကိုကြီး မြို့တံခါးစောင့် ဖြစ်နေရခြင်းမှာ မင်းသားလျူ အိမ်တော်က တမင်သက်သက် အရှက်ခွဲခြင်းဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုသို့ မဟုတ်တန်ရာ။ အစ်ကိုကြီးတွင် အခြား ရည်ရွယ်ချက်များ ရှိနေပုံရသည်။
ထိုအချိန်မှာပင် မော့ရှန်က အေးစက်စွာ ရယ်မောလိုက်ပြီး "ဟီးဟီး... ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက မြို့တံခါးကို တိတ်တဆိတ် ထိန်းချုပ်ဖို့ ကြံစည်နေတာပဲ။ ပြီးတော့ အခွင့်အရေးရတာနဲ့ မင်းရဲ့ မောင်နှမတွေကို ခေါ်ပြီး မြို့တော်ကနေ ထွက်ပြေးဖို့ပေါ့။ မင်းသားကျန်းရဲ့ သားအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အားကိုးပြီး နယ်စပ်က စစ်တပ်တွေကြားမှာ မင်း လွှမ်းမိုးနိုင်စွမ်း နည်းနည်း ရှိနေသေးတယ်လေ!"
မော့ရှန်က အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ချူးကျန်းလန်၏ အကြံအစည်ကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ရုံသာမက အခြေအနေအရပ်ရပ်ကိုလည်း အလွန် ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း ရှိပေသည်။
"ဟားဟား... အုပ်ချူပ်သူမော့ရဲ့ စိတ်ကူးယဉ်ဉာဏ်က နည်းနည်း လွန်ကဲနေသလားလို့! မြို့တံခါးစောင့် ဖြစ်လာရတာကလည်း အဲဒီတုန်းက မင်းသားလျူရဲ့ ကျေးဇူးကြောင့်လေ၊ ဘယ်လိုလုပ်ပြီး အကြံအစည်တွေ လှည့်ကွက်တွေ ဒီလောက် အများကြီး ရှိနိုင်မှာလဲ?"
ချူးကျန်းလန်သည် တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားနေသော်လည်း သူ၏ သေးငယ်သော လှုပ်ရှားမှုအချို့နှင့် မျက်နှာပေါ်ရှိ စိုးရိမ်တကြီး အမူအရာများက သူ၏ အတွင်းစိတ်ကို ဖော်ပြနေပေသည်။
မော့ရှန်း ခန့်မှန်းလိုက်သည်မှာ မှန်ကန်နေရန် ရာခိုင်နှုန်းများလှသည်။ ချူးကျန်းလန်၏ နဖူးပေါ်မှ ချွေးစေးများ စိမ့်ထွက်လာသည်ကိုပင် သဲ့သဲ့လေး မြင်နိုင်ပေသည်။
အလွန် ပြောင်မြောက်သော လူတစ်ယောက်ဖြစ်သည့် မော့ရှန်းသည် ဤနေရာတွင်ပင် စကားရပ်လိုက်ပြီး ထိုကိစ္စကို ဆက်လက် မပြောတော့ပေ။ သူသည် အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ယုံကြည်ထားသဖြင့် ပြုံးယောင်သန်းလျက် "ဓားဘုရင်စံအိမ်တော်ရဲ့ အကျပ်အတည်းကို မင်း သေသေချာချာ သိမှာပါ၊ လူတိုင်းက ကပ်ရောဂါကြီးတစ်ခုလို ရှောင်ဖယ်နေကြတာလေ!"
"ငါတို့ မင်းသားလျူ အိမ်တော် တစ်ခုတည်းကသာ အပြစ်တွေ ပါလာမှာကို မကြောက်တာ! မိသားစုနှစ်ခု လက်ထပ်မိတ်ဖက် ပြုပြီးတာနဲ့ မင်းသားလျူ အိမ်တော်က ဓားဘုရင်စံအိမ်တော်အတွက် အစွမ်းကုန် ဖြေရှင်းပေးပြီး မင်းတို့ မိသားစုရဲ့ အပြစ်ကင်းစင်မှုနဲ့ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိအောင် လုပ်ပေးလိမ့်မယ်!"
"ဒီလို မမျှော်လင့်ထားတဲ့ ကံကောင်းမှုမျိုးကို နှစ်ခါ စဉ်းစားနေစရာ မလိုတော့ဘူး မဟုတ်လား?"
စကားပြောရင်း မော့ရှန်က မင်းသားလျူ အိမ်တော်မှ ကျွမ်းကျင်သိုင်းသမားတစ်ဦးကို ရတနာသေတ္တာတစ်လုံး ဖွင့်ရန် အချက်ပြလိုက်သည်။
ချလွမ်!
ရတနာသေတ္တာအတွင်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်ကို မြင်လိုက်ရပြီး ထိုအထဲတွင် သံလိုက်အိမ်မြှောင်အရွယ်အစားရှိ ရွှေရောင်ရှစ်ထောင့်ပုံ ပြားချပ်တစ်ခု ရှိနေလေသည်။ ၎င်း၏အပေါ်တွင် မှော်စာလုံးများ ပေါ်ပေါက်နေပြီး ရွှေရောင်အလင်းများက အဆုံးအစမရှိ ပေါ်လွင့်လှည့်ပတ်နေသည်။ ခန့်မှန်းရခက်သော အလင်းစက် ခုနစ်ခုကလည်း ထိုရွှေရောင်ပြားချပ်ပေါ်တွင် အဆက်မပြတ် တလက်လက် တောက်ပနေသည်ကို သဲ့သဲ့မျှ မြင်တွေ့နိုင်လေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းမှာ သာမန်မဟုတ်သော ရတနာတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။
"ဒါ... ဒါက သတ်ဖြတ်ခြင်းခုနစ်ပါး ဓားပြားချပ်များလား?"
ယခုအချိန်အထိ စကားတစ်ခွန်းမျှ မဟသေးသော မရီးဖြစ်သူမှာ တကယ်တော့ ထူးချွန်သော အကဲခတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမသည် ဤရွှေရောင် ရှစ်ထောင့်ပြားချပ်၏ ဇာစ်မြစ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်လေသည်။
"ဟီးဟီး... သခင်မလေးကျောက်က တကယ့်ကို ထူးခြားတဲ့ အကဲခတ်စွမ်းရည်ရှိတဲ့ မွန်မြတ်တဲ့ မိသားစုကြီးက သမီးတစ်ယောက် ပီသပါပေတယ်! ဒီရတနာက တကယ်ပဲ သတ်ဖြတ်ခြင်းခုနစ်ပါး ဓားပြားချပ်ပါပဲ၊ သာမန် ဓားစွမ်းအင်လောက်တင် မဟုတ်ဘူး၊ ဓားအလင်းတန်းကိုတောင် သူက ဖိနှိပ်ပေးနိုင်တယ်။ ရန်သူ့ရဲ့ ဓားအလင်းတန်းကို ထိန်းချုပ်ပြီး ရန်သူကို ပြန်လည်တိုက်ခိုက်ဖို့တောင် အသုံးချနိုင်သေးတယ်ဗျ။"
မော့ရှန်း၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေသည်။
သတ်ဖြတ်ခြင်းခုနစ်ပါး ဓားပြားချပ်သည် မင်းသားလျူ အိမ်တော်၏ တန်ဖိုးအထားရဆုံး ရတနာများအနက်မှ တစ်ခုဖြစ်ပြီး ကျန်းယွန်းမင်းဆက် တစ်ခွင်လုံးတွင် အလွန် နာမည်ကျော်ကြားလေသည်။
ဖြန်း! ဖြန်း!
မော့ရှန်က လက်ခုပ်၂ချက်တီးလိုက်ပြီး မင်းသားလျူ အိမ်တော်မှ အခြား သိုင်းပညာရှင်တစ်ဦးကို အချက်ပြလိုက်ပြန်သည်။
ထိုသူက အခြား ရတနာသေတ္တာတစ်လုံးကို ဖွင့်လိုက်ရာ ၎င်းအတွင်း၌ တစ်ရွက်လျှင် ငွေစင်တစ်ထောင်တန်ဖိုးရှိသော တန်ဖိုးကြီး ရွှေလက်မှတ် နှစ်ရွက်ကို တွေ့လိုက်ရသည်။ ထို့အပြင် ဓားသခင်များအားလုံးကို ရူးသွပ်သွားစေနိုင်သည့် အလင်းပြောင်းလဲခြင်း ဆေးလုံး တစ်လုံးပါဝင်သော ကျောက်စိမ်းသေတ္တာငယ် တစ်လုံးလည်း ပါဝင်လေသည်။
ဝါး!
ခန်းမအတွင်းရှိ လူအုပ်ကြီးမှာ အံ့သြတကြီးဖြင့် အာမေဍိတ်သံများ မထွက်ဘဲ မနေနိုင်တော့ပေ။ သူတို့အထဲမှ အများစုမှာ အလင်းပြောင်းလဲခြင်း ဆေးလုံးကို လိုချင်တပ်မက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြလေသည်။
အထူးသဖြင့် ဓားသခင် ကျင့်ကြံမှုအဆင့်ရှိသော အိမ်တော်ထိန်းလောင်နှင့် အခြားသူများဆိုလျှင် ထိုအလင်းပြောင်းလဲခြင်း ဆေးလုံးကို ချက်ချင်းလုယူ၍ မျိုချချင်စိတ်များကိုပင် မထိန်းနိုင်ကြတော့ပေ။
"ရွှေလက်မှတ် ငွေစင်နှစ်ထောင်နဲ့ အလင်းပြောင်းလဲခြင်း ဆေးလုံးတစ်လုံး! မင်းသားလျူ အိမ်တော်ရဲ့ တင်တောင်းပဏ္ဏာတွေက အရမ်းကို ရက်ရောလွန်းပါတယ်။ ဓားဘုရင်စံအိမ်တော်ရဲ့ ဆင်းရဲမွဲတေမှုနဲ့ဆိုရင် ဒီလောက်များပြားတဲ့ ငွေကြေးတွေ၊ ဒီလောက် အဆင့်မြင့်တဲ့ ဆေးလုံးတွေကို အိပ်မက်ထဲမှာတောင် မြင်ဖူးမှာ မဟုတ်ဘူး!"
"လက်ထပ်စာချုပ်လည်း အဆင်သင့် ပြင်ဆင်ပြီးပြီ! လာပြီး လက်ဗွေနှိပ်လိုက်တာနဲ့ ဒါတွေအားလုံး ဓားဘုရင်စံအိမ်တော်ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားလိမ့်မယ်!"
မော့ရှန်၏ အသံတွင် အထက်စီးဆန်ပြီး မောက်မာဝင့်ကြွားသော အရှိန်အဝါများ ပါဝင်နေသည်။
မင်းသားလျူ အိမ်တော်အနေဖြင့် သာမန်အရာလေးတစ်ခု ပေးလိုက်ရုံမျှဖြင့် သူတောင်းစားနှင့်တူသော ဓားဘုရင်စံအိမ်တော်အတွက်မူ ၎င်းကို အဖိုးတန်ရတနာတစ်ပါးဟု ယူဆထားပုံရသည်။
"သခင်ကြီး... ဘာကို တွန့်ဆုတ်နေတာလဲ၊ မြန်မြန်လာပြီး လက်ဗွေနှိပ်လိုက်ပါတော့!" အိမ်တော်ထိန်းလောင်က အလောတကြီးဖြင့် တွန်းအားပေးလေတော့သည်။
ချူးဖုန်း၏ မျက်မှောင်များ အပြင်းအထန် ကြုတ်သွားပြီး မင်းသားလျူ အိမ်တော်က ဘာကြောင့် သူ၏ ဒုတိယအစ်မကို ရုတ်တရက် လက်ထပ်ချင်ရသနည်းဟု တွေးတောနေမိသည်။ သူတို့က ဧကရာဇ်ကို အမျက်တော်ရှစေမှာ မကြောက်ကြဘူးလား။ မည်သို့ပင်ဆိုစေကာမူ ဓားဘုရင်စံအိမ်တော်သည် 'ပုန်ကန်ထကြွ၍ ထီးနန်းလုယူရန် ကြံစည်သူများ၏ မျိုးဆက်များ' ဟူသော အမည်ဆိုး တပ်ခံထားရသည် မဟုတ်ပါလော။
မင်းသားလျူ အိမ်တော်က ဤမျှ သတိလက်လွတ် လုပ်ဆောင်နေသည်ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ၎င်းတို့သည် ဤအန္တရာယ်ကို စွန့်ရလောက်အောင် တန်ဖိုးရှိလှသော၊ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်သည့် ကြီးမားသော အကျိုးအမြတ်တစ်ခုကြောင့် တွန်းအားပေးခံနေရခြင်း ဖြစ်ရမည်။
အဲဒါ ဘာဖြစ်နိုင်မလဲ။
ကျန်းယွန်းမင်းဆက်၏ စစ်ရေးဝန်ကြီး ရာထူးနေရာ လစ်လပ်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်ကို ထည့်တွက်ကြည့်ရမည်။ မင်းသားလျူတွင် စစ်တပ်အတွင်း၌ ကြီးမားသော လွှမ်းမိုးမှုများ ရှိနေသည်။ မကြာသေးမီက သူသည် နောက်ကွယ်မှနေ၍ လှုပ်ရှားနေခဲ့ပြီး အခြားယှဉ်ပြိုင်သူများကို လွှမ်းမိုးကာ တစ်ဟုန်ထိုး အောင်ပွဲခံနိုင်ရန် လျှို့ဝှက်စွာ အရှိန်အဟုန် တည်ဆောက်နေခဲ့သည်။
အကယ်၍ သူသာ ဤအရေးကြီးသော အချိန်တွင် ဓားဘုရင်စံအိမ်တော်နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့မည်ဆိုပါက။
မင်းသားကျန်း ကွယ်လွန်သွားပြီ ဖြစ်သော်လည်း သူ၏ စစ်တပ်အတွင်း လွှမ်းမိုးနိုင်မှုက အားကောင်းနေဆဲပင် ဖြစ်သည်။
မင်းသားလျူ၏ တွက်ချက်မှုက တကယ့်ကို ပါးနပ်လှပေသည်!
သူ၏ ငတုံးသားအတွက် ဓားသိုင်းပညာရပ်တွင် ထူးခြားသော ပါရမီရှိသည့် လှပသော သတို့သမီးတစ်ဦးကို ရရှိနိုင်ရုံသာမက စစ်တပ်၏ သစ္စာခံမှုကို စုစည်းကာ စစ်သေနာပတိချုပ် ရာထူးနေရာကိုပါ ရယူနိုင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
ထိုသို့သာဆိုလျှင် မင်းသားလျူ အိမ်တော်သည် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည်မှာ သေချာလှသည်။
ကျန်းယွန်းမင်းဆက်၏ ပဉ္စမမြောက် မွန်မြတ်သော မိသားစုကြီးတစ်ခု အဖြစ်သို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။
ဤကဲ့သို့သော အကြံအစည်များကို ချူးကျန်းလန်က မရိပ်မိနိုင်သော်လည်း အဂ္ဂိရတ်ပညာရှင်ဧကရာဇ်အဖြစ် ပြန်လည်မွေးဖွားလာသော ချူးဖုန်းကမူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။
သူ လုံးဝ သဘောတူမည် မဟုတ်ပေ။
"လောင်ချူတဲ... အဲဒီ လက်ထပ်စာချုပ်ကို ငါကြည့်ဖို့ ယူခဲ့စမ်း!" ချူးဖုန်းက အေးစက်စက် အမိန့်ပေးလိုက်သည်။