အခန်း (၃၆) - ကျုပ် သဘောမတူဘူး
"မင်းသားလျူ အိမ်တော်က လူတွေ ရောက်နေကြတယ်! ဒုတိယသခင်မလေး တစ်ခုခုဖြစ်သွားတယ်ဆိုလို့ လာပြီး သတင်းမေးကြတာတဲ့လေ!" အာချန်က ခနဲ့တဲ့တဲ့ ပြုံးရင်း ဖြေလိုက်သည်။
မင်းသားလျူ အိမ်တော်ဆိုသည်မှာ ဧကရာဇ်၏ ခွေးအ တစ်ကောင်မျှသာ ဖြစ်ပြီး ဓားဘုရင်စံအိမ်တော်၏ လှုပ်ရှားမှုမှန်သမျှကို လျှို့ဝှက်စောင့်ကြည့်နေသူများ ဖြစ်သည်။
၎င်းတို့က ဓားဘုရင်စံအိမ်တော်ကို အမြဲတမ်း ထောင်ချောက်ဆင် ဖိနှိပ်နေခဲ့ကြသည်ဖြစ်ရာ ချူးဖုန်း၏ အစ်မဖြစ်သူကို မည်သို့လုပ် စေတနာထား ဂရုစိုက်နိုင်မည်နည်း။
ဤသည်မှာ ကြက်ကလေးများကို မြွေပါက နှစ်သစ်ကူး ဂါရဝပြုသကဲ့သို့ပင်... လုံးဝ ရိုးသားမည့် အကြံအစည်မျိုး မဟုတ်ပေ!
ချူးဖုန်းက မထွက်သွားဘဲ ရစ်သီသီလုပ်နေသော ခွေးအစေခံ အာချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤကောင် သူ့အခန်းထဲ ခိုးဝင်လာမည်ကို စိုးရိမ်သဖြင့် လက်ကို အင်္ကျီထဲ အမြန်ရုပ်သိမ်းလိုက်ကာ တံခါးလက်ကိုင်ဖုပေါ်သို့ ယားယံစေသော အမှုန့်အချို့ကို တိတ်တဆိတ် ဖြူးချလိုက်သည်။
ထို့နောက်မှသာ သူသည် အိမ်ရှေ့ဆောင်ဘက်သို့ ထွက်လာခဲ့လေသည်။
အာချန်သည် ချူးဖုန်း ထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် တံခါးကို တွန်းဖွင့်ရန် လက်လှမ်းလိုက်သည်။ တံခါးလက်ကိုင်ဖုတွင် ချူးဖုန်း လက်တည့်စမ်းထားသည်ကိုမူ သူ လုံးဝ သတိမထားမိခဲ့ပေ။
သို့သော် မကြာမီမှာပင် သူ၏ လက်များ၌ မခံမရပ်နိုင်အောင် ယားယံလာပြီး ထိုယားယံမှုက တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
ယားယံလာလျှင် ကုတ်ဖဲ့ခြင်းက သဘာဝပင်ဖြစ်သော်လည်း ကုတ်လေလေ ပိုယားလေလေ ဖြစ်လာခဲ့သည်။
"ကျက်သရေတုံးလိုက်တာ၊ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ယားလာရတာလဲ" အာချန်သည် မူလက ချူးဖုန်း၏ အခန်းထဲဝင်၍ သေချာစစ်ဆေးချင်ခဲ့သည်။
ယခုတော့ ယားယံမှုဒဏ်ကို အလူးအလဲ ခံစားနေရသဖြင့် အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အခန်းရှေ့မှ အမြန် ထွက်ပြေးရတော့သည်။
သူ၏ အခန်းသို့ ပြန်ရောက်သောအခါ လက်များကို အမြန်ဆေးကြောပြီး ရေပါချိုးလိုက်သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။
"ယားလိုက်တာ၊ ယားလွန်းလို့ သေတော့မယ်!"
အာချန်မှာ မခံမရပ်နိုင်စွာ အော်ဟစ်ညည်းတွားနေမိသည်။ သို့သော် သူက ပါးနပ်သူပီပီ ဆေးကုသဆောင်သို့ အမြန်ပြေး၍ ဆေးသွားယူရန် စဉ်းစားမိလိုက်သည်။
"ဒီလို ရုတ်တရက်ကြီး ယားယံလာတာ အရမ်း ထူးဆန်းတယ်။ အဂ္ဂိရတ်ကျောင်းတော်မှာ ပညာနည်းနည်းပါးပါး သင်ထားဖူးတဲ့ အဲဒီ အသုံးမကျတဲ့ တတိယသခင်လေးက ငါ့ကို ဒုက္ခပေးဖို့ အဆိပ်တစ်ခုခု ဖော်စပ်လိုက်တာ ဖြစ်ရမယ်!"
"ဆေးဆရာအဖွဲ့အစည်းက ဆေးပညာရှင်တွေက စွမ်းဆောင်ရည် မြင့်မားကြတာဆိုတော့ ငါ့ကို အလွယ်တကူ ကုသပေးနိုင်မှာပါ!"
လွန်ခဲ့သည့် ရက်အနည်းငယ်က ချူးဖုန်း၏ ထူးခြားသော မီးတောက်ကြောင့် လောင်ကျွမ်းခံထားရသည့် အာချန်၏ ခြေထောက်များမှာ ယခုတိုင် အပြည့်အဝ မသက်သာသေးပေ။ ထို့ကြောင့် သူသည် ခြေတရွတ်ဆွဲကာသာ သွားနိုင်တော့သည်။
စိတ်ထဲတွင်လည်း ချူးဖုန်းကို ထပ်မံ ကျိန်ဆဲနေမိသည်။
သူ စံအိမ်တော်ထဲမှပင် မထွက်ရသေးမီ အစောင့်နှစ်ယောက်က ရိုးရှင်းသော လူနာထမ်းစင်တစ်ခုကို ထမ်းလျက် လျှောက်လာကြသည်ကို မြင်လိုက်ရသည်။
ထမ်းစင်ပေါ်တွင် လူတစ်ယောက်ကို တုပ်နှောင်ထားပြီး ထိုသူမှာ အဆက်မပြတ် အော်ဟစ် ညည်းတွားနေလေသည်။
"အဲဒါ ဘယ်သူလဲ?" ထမ်းစင်ပေါ်တွင် တုပ်နှောင်ခံထားရသူကို အာချန် သတိထားမိလိုက်သည်။ ထိုသူမှာ ညိုမည်းယောင်ယမ်းနေရုံသာမက မျက်နှာနှင့် လက်မောင်းကဲ့သို့ ဖော်ထားသော နေရာများတွင် အနာများ ပေါက်ပြဲကာ ပြည်များ တည်နေလေသည်။
ပြည်များက အဆက်မပြတ် စိမ့်ထွက်နေပြီး အလွန် ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်နေသည်။
"သူက အုပ်ချူပ်သူ လောင်မာအိုလေ! မနေ့က လမ်းကြားလေးတစ်ခုထဲမှာ သန်းကောင်တွေ အကိုက်ခံရပြီး မခံမရပ်နိုင်အောင် ယားယံလာလို့ ကုတ်ဖဲ့ရာကနေ အခုလို ဖြစ်သွားတာပဲ!" ထမ်းစင်ထမ်းလာသော အစောင့်တစ်ဦးက ရှင်းပြလိုက်သည်။
လောင်မာအိုသည် အိမ်တော်ထိနလောင်၏ ဝမ်းကွဲညီအစ်ကို ဖြစ်ရာ သာမန် အစေခံတစ်ဦး မဟုတ်ဘဲ စံအိမ်တော်ရှိ အုပ်ချူပ်သူတစ်ဦး ဖြစ်သည်။
သူသည် အာဏာအနည်းငယ်လည်း ရှိသူဖြစ်သည်။
မနေ့က သူ အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ ချူးဖုန်း၏ ယားယံဆေးမှုန့် မိသွားပြီးနောက် သူသည် အိမ်တော်ထိန်းလောင်၏ မယားငယ်ထံ သွားရောက် အကူအညီတောင်းခဲ့သည်။ ရလဒ်အနေဖြင့် အိမ်တော်ထိန်းလောင်က သူ၏ မယားငယ်ကို စော်ကားရန် ကြိုးစားသည်ဟု ထင်ကာ ဖမ်းဆီး၍ အပြင်းအထန် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
လောင်မာအို ခံစားနေရသော ယားယံမှုမှာ လုံးဝ မရပ်တန့်သွားဘဲ ဆက်တိုက် ကုတ်ဖဲ့နေရုံသာ တတ်နိုင်ခဲ့သည်။
နောက်တစ်နေ့ နံနက်သို့ ရောက်သောအခါ ကုတ်ဖဲ့ထားသော နေရာများမှ အနာများဖြစ်လာပြီး ပြည်များ စိမ့်ထွက်လာတော့သည်။ အသက်အန္တရာယ် ရှိလာနိုင်သဖြင့် အိမ်တော်ထိန်းလောင်မှာ အခြားရွေးချယ်စရာမရှိတော့ဘဲ လောင်မာအိုကို ကြိုးဖြင့်တုပ်ကာ ဆေးကုသဆောင်သို့ ထမ်းပို့စေခဲ့ရသည်။
မထင်မှတ်ဘဲ ဆေးကုသဆောင်သို့ ရောက်သွားပြီးနောက် ဆေးပညာရှင်များက နည်းလမ်းစုံဖြင့် ကုသပေးသော်လည်း မည်သည့်အကျိုးထူးမှ မရခဲ့ပေ။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူ့ကို ပြန်သယ်လာခဲ့ရခြင်း ဖြစ်သည်။
သူ၏ လက်ရှိ အခြေအနေမှာ သေမင်းကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
ဤဖြစ်စဉ်က အလွန်တရာ နာကျင်ခံခက်ပြီး ဆင်းရဲဒုက္ခများလှပေမည်။ မခံမရပ်နိုင်သော ယားယံမှုနှင့် နာကျင်မှုများကြားတွင် ဖြည်းညင်းစွာ သေဆုံးသွားရမည် ဖြစ်သည်။
"ဟာ... အုပ်ချူပ်သူလောင် ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားရတာလဲ?" အာချန်က အနီးကပ် သေချာကြည့်လိုက်ရာ အမှန်တကယ်ပင် အုပ်ချူပ်သူ လောင်မာအို ဖြစ်နေကြောင်း သိလိုက်ရပြီး သူ၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်သွားတော့သည်။
အကြောင်းမူကား လောင်မာအိုတွင် ထိုထူးဆန်းသော ယားယံသည့်ရောဂါ ရှိနေပြီး ယခု သူ့တွင်လည်း ထိုရောဂါ ကူးစက်ခံနေရပြီ ဖြစ်သောကြောင့်တည်း။
ငါတော့ လောင်မာအိုလို ကြောက်မက်ဖွယ် ရုပ်သွင်မျိုး လုံးဝ မဖြစ်ချင်ဘူး!
မှုန်ကုပ်နေသော မျက်နှာဖြင့် အာချန်သည် ဆေးကုသဆောင်သို့ အမြန်ဆုံးပြေးသွားကာ သူ့ကိုယ်သူ ကုတ်ဖဲ့ရင်း ဆေးပညာရှင်များကို ကုသပေးရန် တောင်းပန်လေတော့သည်။ သူ၏ စိတ်ထဲတွင်လည်း လောင်မာအို၏ အခြေအနေမျိုး မဖြစ်ပါစေနှင့်ဟု အဆက်မပြတ် ဆုတောင်းနေမိသည်။
နောက်ဆုံးတွင် ဆေးပညာရှင်များက သူ့ကို သေချာစွာ စစ်ဆေးပြီးနောက် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ လန့်ဖျပ်သွားကြပြီး သူ့အနီးမှ အလျင်စလို ခွာပြေးကြတော့သည်။
"အစောင့်တွေ၊ သူ့ကို အခုချက်ချင်း ကန်ထုတ်လိုက်စမ်း!"
"ဒီလူရဲ့ ထူးဆန်းတဲ့ရောဂါက မကြာခင်လေးကမှ ရောက်လာတဲ့ ဓားဘုရင်စံအိမ်တော်က လောင်မာအိုရဲ့ ရောဂါနဲ့ အရမ်းဆင်တူတယ်! ဒီရောဂါက ကုသလို့မရတဲ့အပြင် ကူးစက်နိုင်ခြေလည်း ရှိတယ်!"
ဆေးပညာရှင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အာချန်သည် 'ဒူး' ခနဲ ဒူးထောက်ကျသွားပြီး "ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆေးနည်းနည်းလောက် ပေးပါခင်ဗျာ!" ဟု တောင်းပန်လိုက်သည်။ သူ၏ ရောဂါအခြေအနေကို သိလိုက်ရပြီးနောက် သူ လုံးဝ မျှော်လင့်ချက်မဲ့သွားတော့သည်။
ပြီးသွားပြီ၊ လောင်မာအိုလို ထူးဆန်းတဲ့ရောဂါမျိုး ငါ့ဆီ ကူးစက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
မကြာမီ လော့မာအိုကဲ့သို့ ဖြစ်လာတော့မည်ကို တွေးမိပြီး အာချန်မှာ မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။
ဖြန်း!
ကြာပွတ်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်ပြီး ဆေးကုသဆောင်မှ အစောင့်က ခက်ထန် ကြမ်းကြုတ်သော မျက်နှာထားဖြင့် "ထွက်သွား၊ အခုချက်ချင်း ထွက်သွားစမ်း!" ဟု အော်ဟစ်လိုက်သည်။
အာချန်သည် ဆေးဆရာအဖွဲ့အစည်း၏ ဆေးကုသဆောင်မှ နှင်ထုတ်ခံခဲ့ရသော်လည်း မျှော်လင့်ချက် မလျှော့ဘဲ မြို့တော်ရှိ ဆေးကုသဆောင်များနှင့် ဆေးဆိုင်များအားလုံးသို့ အပြေးအလွှား သွားရောက်ခဲ့သော်လည်း ချွင်းချက်မရှိပေ။ အားလုံးက သူ့ကို ကူညီပေးရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။
ထာဝရအသက်ရှင်ခြင်း ဆေးပညာရှင်ဧကရာဇ် ဖော်စပ်ထားသည့် အဆိပ်က ထိုမျှ အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါ့မလား။
သေးငယ်လှသော ကျန်းယွန်းမင်းဆက်မှာဆိုလျှင် ထားလိုက်ပါ၊ ပိုမို အင်အားကြီးမားသော အင်ပါယာကြီးများတွင်ပင် ဤအဆိပ်ကို ကုသနိုင်သူ ရှိမည်မထင်ပေ။
...
ချူးဖုန်းသည် အိမ်ရှေ့ဆောင်ရှိ ဧည့်ခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် လူတစ်ယောက်က မောက်မာစွာ ပြောဆိုနေသံကို ချက်ချင်း ကြားလိုက်ရသည်။ "ချူးကျန်းလန်၊ မင်း သေသေချာချာ စဉ်းစားတာ ကောင်းမယ်! ဓားဘုရင်စံအိမ်တော်ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ဓားစွမ်းအင်ကို ဖိနှိပ်ပေးနိုင်တဲ့ ရတနာကို မင်း ငှားရမ်းနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။"
"ဒုတိယသခင်မလေး ချူးယွမ်ကို ငါတို့ရဲ့ သခင်ကြီး လျူချုံးရဲ့ ဇနီးအဖြစ် ပေးစားဖို့သာ သဘောတူလိုက်ပါ။ အဲဒီလိုဆိုရင် မင်းသားလျူ အိမ်တော်က ဓားစွမ်းအင် ဖိနှိပ်ပေးနိုင်တဲ့ ရတနာကို မင်းတို့ဆီ ချက်ချင်း ပေးအပ်လိမ့်မယ်!"
ချူးဖုန်း မော့ကြည့်လိုက်ရာ မင်းသားလျူ အိမ်တော်မှ လူငါးယောက် ခြောက်ယောက်ခန့် ဧည့်ခန်းအတွင်း၌ အေးဆေးစွာ ထိုင်နေကြသည်ကို မြင်လိုက်ရသည်။
စကားပြောနေသူမှာ မင်းသားလျူ အိမ်တော်၏ အကြီးအကဲ အုပ်ချူပ်သူ မော့ရှန် ဖြစ်သည်။ သူသည် ခွန်အားကြီးမားရုံသာမက ကောက်ကျစ်စဉ်းလဲသော ဉာဏ်ပညာရှိသူဖြစ်ပြီး မင်းသားလျူ၏ ယုံကြည်အားထားမှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။
သူသည် မင်းသားလျူ အိမ်တော်အတွက် ချီးကျူးထိုက်သော ကိစ္စရပ်များစွာကိုလည်း စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။
ဓားဘုရင်စံအိမ်တော်မှ အိမ်တောင်ထိန်း ချူတဲကို ငွေဖြင့်ပေါက်ကာ သိမ်းသွင်းရန်နှင့် ဧကရာဇ်ကိုယ်တိုင် လောင်ချူတဲကို ချီးကျူးလာစေရန် ကြံစည်ခဲ့သည်မှာလည်း သူ၏ အကြံအစည်ပင် ဖြစ်သည်။
နှစ်များတစ်လျှောက်လုံးတွင် ချူးကျန်းလန်သည် သူ့ကို လုံးဝ မယှဉ်နိုင်ခဲ့ဘဲ သူ၏ လှည့်ကွက်များအောက်တွင် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ရသည်။
"ဟီးဟီး... မိန်းမရပြီဆိုတော့ ပျော်စရာကြီးပေါ့..."
မော့ရှန်၏ ဘေးတွင် ထိုင်နေသူမှာ အလွန်တရာ ဝဖြိုးနေသော အသက် သုံးဆယ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် ငတုံးတစ်ယောက်လို ပြုံးနေပြီး နှုတ်ခမ်းထောင့်မှ တံတွေးများ စီးကျနေကာ သူ၏ မျက်လုံးများမှာ အနက်သားထက် အဖြူသားက ပိုများနေလေသည်။
ဤသူကား မင်းသားလျူ အိမ်တော်၏ သခင်ကြီး လျူချုံးပင် ဖြစ်ပြီး မြို့တော်တစ်ခွင်လုံးတွင် ငတုံးတစ်ယောက်အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
သတင်းများအရ လျူချုံးသည် ဇနီးသုံးယောက် ယူဖူးသည်ဟု ဆိုကြသည်။ ပထမတစ်ယောက်မှာ ချမ်းသာသော မိသားစုမှဖြစ်ပြီး မင်္ဂလာပွဲကျင်းပနေစဉ်အတွင်း တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိသွားကာ မင်္ဂလာပွဲကို ချက်ချင်း ဖျက်သိမ်းခဲ့သည်။ ထိုသတို့သမီးမှာ ငိုယိုကာ ထွက်ပြေးသွားခဲ့လေသည်။
ကျန်နှစ်ယောက်မှာမူ ကံမကောင်းခဲ့ပေ။ တစ်ယောက်မှာ ဤငတုံး၏ ဖိနှိပ်မှုကြောင့် သေဆုံးခဲ့ရပြီး၊ ဒုတိယတစ်ယောက်မှာ မျက်နှာသစ်နေစဉ် ဤငတုံးက ရေဇလုံထဲသို့ ခေါင်းကို ဖိနှစ်ထားခဲ့သဖြင့် ရေနစ်သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။
လှပရုံသာမက ပါရမီပါ ထူးချွန်သော ချူးဖုန်း၏ အစ်မဖြစ်သူသည် ဤကဲ့သို့သော ငတုံးမျိုးနှင့် လုံးဝ လက်ထပ်နိုင်စရာ အကြောင်းမရှိပေ။
ဤအချိန်တွင် အိမ်တော်ထိန်းလောင် ကလည်း ဝင်၍ မြှောက်ထိုးပင့်ကော် လုပ်လိုက်သည်။ "ကျွန်တော်တို့ရဲ့ ဓားဘုရင်စံအိမ်တော်က လမ်းဆုံးရောက်နေပါပြီ။ ဒုတိယသခင်မလေးကို ကယ်တင်ဖို့ဆိုရင် ဒါက နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ပါတယ်!"
"မင်းသားလျူ အိမ်တော်ကသာ ကျွန်တော်တို့ကို တန်ဖိုးထားပြီး ဒီလို အဖိုးတန်တဲ့ ပစ္စည်းမျိုးကို ငှားရမ်းပေးမှာပါ။ အများကြီး စဉ်းစားမနေပါနဲ့ သခင်ကြီးရယ်၊ မြန်မြန်သာ သဘောတူလိုက်ပါတော့!"
ဤကဲ့သို့သော အခြေအနေမျိုးတွင် အစေခံတစ်ဦးက သခင်ဖြစ်သူ၏ နေရာတွင် ဝင်ရောက် ဆုံးဖြတ်ချက်ချပေးနေခြင်းက ဤတာဝန်ခံလောင် မည်မျှအထိ မောက်မာရိုင်းစိုင်းနေပြီဆိုသည်ကို ပြသနေပေသည်။
"ကျုပ် သဘောမတူဘူး!" ချူးဖုန်းက မားမားမတ်မတ် ရပ်လျက် ပြတ်သားစွာ ကြေညာလိုက်သည်။
ဧည့်ခန်းအတွင်းသို့ ဝင်ရောက်လာသော ချူးဖုန်းထံသို့ မျက်လုံးများအားလုံး ရောက်ရှိသွားကြပြီး၊ အထူးသဖြင့် မော့ရှန်မှာ ပို၍ အံ့သြသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ မှတ်ဉာဏ်ထဲတွင် ချူးဖုန်းမှာ သတ္တိကြောင်ပြီး အသုံးမကျသော အမှိုက်တစ်စအဖြစ်သာ ရှိနေသောကြောင့် ဖြစ်သည်။
သူ ဘယ်တုန်းက ဒီလောက် ရဲတင်းပြီး ခန့်ညားတဲ့ အရှိန်အဝါမျိုး ရသွားတာလဲ။
"တတိယသခင်လေးက ငယ်ပါသေးတယ်။ သူက ဒီလို ဆုံးဖြတ်ချက်မျိုးကို ချနိုင်မှာ မဟုတ်ပါဘူးလေ" အိမ်တော်ထိန်းလောင်က ချူးဖုန်းကို အထူးတလည် အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် ချူးဖုန်းကို ရှင်းထုတ်ပစ်ရန် လျူဖျင်ထံမှ အမိန့်ရရှိထားပြီး အခွင့်အရေးကို အမြဲစောင့်ကြည့်နေခဲ့သူ ဖြစ်သည်။
"မင်းက ငါ့ကို သခင်လေးတစ်ယောက်လို့ အသိအမှတ်ပြုနေသေးတာလား။ ဓားဘုရင်စံအိမ်တော်ရဲ့ သခင်လေးတစ်ယောက်ဖြစ်တဲ့ ငါက ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင် မင်းလို အစေခံတစ်ကောင်က ချရမှာလား" ချူးဖုန်းက အိမ်တော်ထိန်းလောင် ကို အေးစက်စက် အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ မနေ့က ဓားဘုရင်စံအိမ်တော်၏ ကြေကွဲဖွယ် သမိုင်းကြောင်းကို ကြားသိပြီးနောက် ချူးဖုန်းသည် ယခင်ကလို ကြောက်ရွံ့နေခြင်း မရှိတော့ပေ။
သူ၏ စိတ်ထဲတွင် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ပေ။ ယနေ့သည် သူ ပြင်းပြင်းထန်ထန် စတင် တန်ပြန်တိုက်ခိုက်မည့် နေ့ပင် ဖြစ်သည်။
မင်းသားလျူ အိမ်တော်ရော၊ ဧကရာဇ်မိသားစုကိုပါ သူ ရင်ဆိုင်သွားမည် ဖြစ်သည်။
အိမ်တော်ထိန်းလောင် ကိုမူ ချူးဖုန်းက အရေးလုပ်ပြီး စဉ်းစားမနေတော့ပေ။ သူသည် ဓားဘုရင်စံအိမ်တော်မှ ချူးဖုန်း ဆွဲနှုတ်ပစ်ရမည့် ပထမဆုံး သံချောင်းတစ်ချောင်းသာ ဖြစ်လေတော့သည်။