အခန်း (၂၀) - စိတ်လှုပ်ရှားစရာ ပြဇာတ်တစ်ပုဒ်ကို ရှုစားလိုက်ပါ
ချူးဖုန်းလည်း သူ၏အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို မြင်လိုက်ရသောအခါ လျူဖျင်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
မကြာမီ ချူးဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ အပူမီးများ တောက်လောင်လာပြီး သူ၏ကိုယ်တွင်းရှိ ယန်မီးတောက်ကို လှုံ့ဆော်ပေးကာ၊ ထိုယန်မီးတောက်၏ လောင်ကျွမ်းမှုကြောင့် သေပွဲဝင်ရတော့မည်ဟု သူ ကျိန်းသေပေါက် ယုံကြည်နေသည်။
ထိုသို့မဖြစ်မီ သူ လုပ်စရာလေးတွေ ကျန်နေသေးသည်။ "အဟမ်း... ညီလေး ချူးဖုန်း၊ ငါတို့ လမ်းနည်းနည်းလောက် လျှောက်သင့်တယ် မထင်ဘူးလား။ မင်းက အတန်းဖော် လင်းယွီရှင်းကို တစ်ဖက်သတ် ကြွေနေခဲ့တာ ငါ သိတာပေါ့ကွ။ ဒီတစ်ခါတော့ သူမနဲ့ စကားပြောပြီး ရွှန်းရွှန်းဝေအောင် ချစ်ရေးဆိုဖို့ မင်းကို ငါ အခွင့်အရေး ပေးမယ်လေ။"
လျူဖျင်သည် အလွန်ယုတ်မာကောက်ကျစ်သူ ဖြစ်သည်။ ချူးဖုန်းကို သတ်ရုံသက်သက်ဖြင့် သူ့အတွက် မလုံလောက်ပေ။ မသေခင်မှာ ချူးဖုန်းကို ပို၍ကြီးမားသော အရှက်ကွဲမှုမျိုး ခံစားသွားစေချင်သေးသည်။
ထို့အပြင် ဆေးသောက်ပြီးနောက် အာနိသင် အမြန်ပြစေရန်အတွက် မိန်းမတစ်ယောက်ကို ခေါ်လာရန် လိုအပ်သည်။ သာမန်မိန်းမတစ်ယောက်ဆိုလျှင် သူလိုချင်သော အာနိသင်ကို ရရှိရန် လုံလောက်မည်မဟုတ်ဘဲ သံသယဝင်စရာလည်း လွယ်ကူလှသည်။
ချူးဖုန်းတစ်ယောက် လင်းယွီရှင်းကို ကြိတ်ကြွေနေသည်ဆိုခြင်းမှာ လူတိုင်းသိနေသည့် လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေသည်။
ဆေးရည်ကို သောက်ပြီးနောက် ချူးဖုန်း၏ အိပ်မက်နတ်သမီးလေးကို အနားသို့ ခေါ်လိုက်မည်ဆိုပါက ချူးဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ယန်မီးတောက်သည် မီးပွားလေးတစ်စ ပက်လိုက်ရုံဖြင့် သေချာပေါက် တောက်လောင်လာမည်သာ ဖြစ်သည်။
"အို... ငါတို့ ဘယ်ကို လမ်းလျှောက်မှာလဲ။ ဒီစားပွဲကြီးပေါ်က ဟင်းတွေကိုတောင် သေချာမစားရသေးဘူးလေ။" အရသာရှိသော အစားအစာများကို တစ်ခါမျှ မစားဖူးသူတစ်ယောက်လို ဟန်ဆောင်ကာ ချူးဖုန်းက မထွက်သွားချင်ဟန်ဖြင့် အတင်းငြင်းဆန်နေသည်။ အမှန်တကယ်တော့ သူသည် လျူဖျင်ကို တမင်တကာ စမ်းသပ်နေခြင်းဖြစ်သည်။
"ရောက်ရင် မင်း သိသွားလိမ့်မယ်။ လင်းယွီရှင်းက အောက်ထပ်မှာပဲ ရှိနေတာ၊ သူမကို ငါတို့နဲ့ လာပူးပေါင်းဖို့ သွားဖိတ်ကြရအောင်။"
"ဒီစားပွဲပေါ်က ဟင်းတွေကို ဘယ်သူမှ သိမ်းသွားမှာ မဟုတ်ပါဘူးကွာ။ ငါတို့ လမ်းနည်းနည်းလျှောက်ပြီးမှ ပြန်လာစားလည်း အတူတူပဲပေါ့။ ပြီးတော့ မင်း လင်းယွီရှင်းကိုပါ အတူတူ စားဖို့ ခေါ်လို့ရတာပဲ!"
ထိုသို့ပြောပြီးနောက် လျူဖျင်က ဦးဆောင်ကာ မတ်တတ်ရပ်၍ အပြင်ဘက်သို့ ထွက်သွားလေသည်။
သူ အနည်းငယ် မွန်းကျပ်ပြီး ပူအိုက်လာသလို ခံစားရသဖြင့် အင်္ကျီကြယ်သီး နှစ်လုံးကို မသိမသာ ဖြုတ်လိုက်မိသည်။
"အရက်နည်းနည်း သောက်လိုက်လို့ နေမှာပါ။ ပြီးတော့ မကြာခင်မှာ မျက်စိစူးစရာကောင်းတဲ့ ချူးဖုန်းကို ရှင်းလင်းပစ်နိုင်တော့မှာမို့ စိတ်လှုပ်ရှားပြီး ပူအိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။" လျူဖျင်သည် သိပ်မတွေးတော့ဘဲ အပြင်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။
လင်းယွီရှင်းသည် အပြင်ဘက်ရှိ စားပွဲတစ်လုံးတွင် ထိုင်ကာ အခြား မိန်းကလေးအချို့နှင့်အတူ စားသောက်နေသည်။
လျူဖျင်က အနားသို့သွားကာ အပြုံးဖြင့် "ယွီရှင်း၊ မင်းကို ငါပြောစရာ အရေးကြီးကိစ္စလေးတစ်ခု ရှိလို့ပါ။ ငါနဲ့ အနောက်ဘက်ကို ခဏလောက် လိုက်ခဲ့ပေးလို့ ရမလား။" ဟု ပြောလိုက်သည်။
ပြောရမည်ဆိုလျှင် လျူဖျင်သည် လိမ်ဆင်ဖန်တီးရာတွင် အတော်လေး ကျွမ်းကျင်လှသည်။
သူက မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာပြောဆိုနိုင်သူဖြစ်သည်။
"အင်း... ကောင်းပြီလေ။" လင်းယွီရှင်းက ဘာမှ သံသယမဝင်မိပေ။ အဘယ်ကြောင့်ဆိုသော် သာမန်အားဖြင့် လျူဖျင်နှင့် သူမသည် အတန်းထဲတွင် ထိပ်တန်းကျောင်းသားများ ဖြစ်သောကြောင့်ပင်။
သူမသည် လျူဖင်အပေါ် အမြင်ကောင်းရှိသဖြင့် စားသောက်ဆိုင်၏ အနောက်ဘက်သို့ ချက်ချင်းပင် လိုက်သွားခဲ့သည်။
အံ့ဩစရာကောင်းသည်မှာ ထိုနေရာတွင် ချူးဖုန်းလည်း ရှိနေခြင်းဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ ချစ်သူအဖြစ် သရုပ်ဆောင်ရန် ချူးဖုန်းကို အလောတကြီး ဆွဲခေါ်ခဲ့မိသည်ကို သတိရသွားကာ သူမ အနည်းငယ် နေရခက်သွားပြီး ချူးဖုန်းကို မျက်နှာချင်းဆိုင် မကြည့်ရဲဖြစ်နေသည်။
"ချူးဖုန်း... မင်းရဲ့ နှလုံးသားထဲက နတ်သမီးလေးကို မြင်ရလို့ ပျော်နေပြီလား။ စိတ်လှုပ်ရှားနေပြီလား။"
"မင်းလို အမှိုက်ကောင် ကျောင်းသားတစ်ယောက်အတွက်က သာမန်ဆိုရင် အတန်းရဲ့အလှပန်းလေးနဲ့ ဒီလောက်နီးနီးကပ်ကပ်နေဖို့ အခွင့်အရေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
လင်းယွီရှင်းလို ထူးချွန်ပြီး လှပတဲ့ မိန်းကလေးမျိုးဆိုတာ မင်းအတွက်တော့ အဝေးကနေ မော့ကြည့်ရုံပဲ တတ်နိုင်တဲ့ ဖားပြုတ်က ဟင်္သာကိုစားဖို့ အိပ်မက်မက်နေရသလိုမျိုးပဲ..."
လျူဖျင်က အထက်စီးဆန်သော လေသံဖြင့် ချူးဖုန်း၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဆေးပညာဆောင်တွင် လူအများရှေ့၌ လင်းယွီရှင်းကိုယ်တိုင် ချူးဖုန်း၏ လက်မောင်းကို ချိတ်ကာ သူမ၏ ချစ်သူဟု ခေါ်ဆိုခဲ့သည်ကိုသာ သူ သိခဲ့မည်ဆိုလျှင် လျူဖျင် တစ်ယောက် ဒီလောက် ယုံကြည်ချက်ရှိနေဦးမည်လားဆိုတာ ဘယ်သူသိနိုင်မည်နည်း။
လင်းယွီရှင်းက အလွန်သတိထားနေပုံရသည်။ လျူဖျင်က ချူးဖုန်းကို တီးတိုးပြောနေသည်ကို မြင်လိုက်ရသဖြင့် သူမက အေးစက်သော လေသံဖြင့် "လျူဖျင်... နင် ငါ့ကို ဒီနောက်ကို ဘာလို့ ခေါ်လာတာလဲ။ နင် ဘာလုပ်ချင်တာလဲ။" ဟု ချက်ချင်း မေးလိုက်သည်။
"မင်းကို စိတ်လှုပ်ရှားစရာ ပြဇာတ်တစ်ခု ပြချင်လို့ပါ။ မကြာခင် မင်း သိရမှာပါ၊ ဒါက မင်းတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသေးတဲ့ အရာမျိုးဖြစ်ရမယ်လို့ ငါ အာမခံတယ်။"
လျူဖျင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
ဤအချိန်တွင် သူတို့သည် ခေါ်ဆောင်ရာ နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
စားသောက်ဆိုင်က ဤမျှသာ ကျယ်ဝန်းသည်ဖြစ်ရာ အနောက်ဘက်ဧရိယာတွင် ပစ္စည်းမျိုးစုံ သိမ်းဆည်းရန် အသုံးပြုသည့်အပြင် တိရစ္ဆာန်များမွေးမြူရန် ဝက်ခြံတစ်ခုလည်း ရှိနေသည်။
အထဲတွင် အလွန်ဝဖြိုးသော ဝက် ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ရှိသည်။ အခြားဝက်ခြံတစ်ခုတွင်မူ ပေါင် လေးငါးရာခန့် အလေးချိန်ရှိသော ဝက်မကြီးတစ်ကောင် ရှိနေသည်။ "ရွံစရာကြီး... ဒီနေရာက နံစော်နေတာပဲ! နင် ဘာလိုချင်တာလဲ။ မပြောရင် ငါ သွားတော့မယ်နော်။" လင်းယွီရှင်းက နှာခေါင်းကိုပိတ်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
လင်းယွီရှင်းကို မြင်လိုက်ရချိန်တွင် လျူဖျင်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဘာမှန်း တိတိကျကျ မပြောတတ်သော်လည်း သူမကို ဖက်ထားချင်စိတ်များ ပြင်းပြနေပြီး သူငယ်ချင်းအဆင့်ထက် ကျော်လွန်သော ပတ်သက်မှုမျိုးကို လိုလားနေမိသည်။
ထို့အပြင် လျူဖျင်သည် အလွန်အမင်း ပူအိုက်လာပြီး သူ၏ ဆီးခုံအောက်ပိုင်းတွင် မီးလုံးတစ်လုံး ပြင်းထန်စွာ လောင်ကျွမ်းနေသကဲ့သို့ ခံစားလာရသည်။
ထိုအပူရှိန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ့ကို အလုံးစုံ ဝါးမျိုလောင်ကျွမ်းပစ်တော့မည့်အလား ပူလောင်နေသည်။
"ကျစ်... ဒီနေ့ ဘာတွေဖြစ်နေတာလဲကွာ။ နတ်ပူးနေသလိုမျိုး ငါ့စိတ်ထဲက မရိုးသားတဲ့ ဆန္ဒတွေကို ဘာလို့ မထိန်းချုပ်နိုင်တော့တာလဲ။ ဒီအလှလေး လင်းယွီရှင်းကို အခုချက်ချင်းပဲ သိမ်းပိုက်လိုက်ချင်တော့တာပဲ!"
လျူဖျင်သည် ခေါင်းကို အတင်းခါယမ်းလိုက်ရာ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းလာသည်။
သူ၏ အသိစိတ်မှာ ယန်မီးတောက်၏ လွှမ်းမိုးမှုကို တဖြည်းဖြည်း ခံလာရလေပြီ။
"အား... ငါ သည်းမခံနိုင်တော့ဘူး!"
လျူဖျင်က အရူးတစ်ယောက်လို ရုတ်တရက် အော်ဟစ်လိုက်သဖြင့် လင်းယွီရှင်းမှာ ကြောက်လန့်သွားပြီး အပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွားကာ နောက်ကျောဘက်ရှိ တံခါးကို 'ဒိုင်း' ခနဲ မြည်အောင် ဆွဲပိတ်လိုက်လေသည်။
ထိုလုပ်ရပ်က ချူးဖုန်းနှင့် လျူဖျင်ကို အနောက်ဘက်ရှိ ဝက်ခြံထဲတွင် အသေအချာ ပိတ်လှောင်လိုက်သလို ဖြစ်သွားသည်။
ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို ချူးဖုန်းက စောစောစီးစီးကတည်းက နားလည်ပြီးဖြစ်သည်။ လျူဖျင်ဆိုတဲ့ ဒီခွေးကောင်က သူ့ကို ယန်မီးတောက်နဲ့ လောင်ကျွမ်းသေဆုံးစေဖို့တင်မကဘဲ မသေခင်မှာ အရှက်ခွဲဖို့ ရည်ရွယ်ပြီး ဆေးခတ်ခဲ့တာ ဖြစ်ရမည်။ ထိုဆေးက လူတစ်ယောက်၏ စိတ်အာရုံကို လမ်းလွဲသွားစေရန် လုံလောက်သော အာနိသင်ရှိသည်။
ဒီဝက်ခြံထဲမှာဆိုရင် အဲဒီအခြေအနေနဲ့ ဝက်မကြီးတစ်ကောင်ကိုတောင် စိတ်ဝင်စားသွားနိုင်လောက်သည်။
လင်းယွီရှင်းကို ခေါ်လိုက်ခြင်းက လျူဖျင်အနေဖြင့် ချူးဖုန်းကို အခွင့်အရေးပေးရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ယင်းအစား ချူးဖုန်းကို သူ၏ နှလုံးသားထဲက နတ်သမီးလေးရှေ့တွင် အရှက်အရဆုံးပုံစံကို ထုတ်ဖော်ပြသစေချင်သောကြောင့် ဖြစ်သည်။ ဒီလိုဖြစ်ပြီးသွားရင် လင်းယွီရှင်းကို ပိုးပန်းဖို့ အခွင့်အရေးဆိုတာ လုံးဝ ပျောက်ကွယ်သွားတော့မည်။
ဒီလူရဲ့ ကောက်ကျစ်စဉ်းလဲမှု အတိမ်အနက်နဲ့ သူ၏ အတွေးထဲက ယုတ်မာမှုတွေက ချူးဖုန်း ပြန်လည်မွေးဖွားလာပြီးကတည်းက ပထမဆုံး မြင်ဖူးခြင်းပင်ဖြစ်သည်။ အိမ်တော်ထိန်းလောင်တောင်မှ လျူဖျင်လောက် စိတ်သဘောထား ယုတ်မာချင်မှ ယုတ်မာပေလိမ့်မည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
လျူဖျင်က တံခါးကို အသည်းအသန် ထုရိုက်နေသဖြင့် တံခါးကို အတင်းဖိကပ်ပိတ်ထားသော လင်းယွီရှင်းမှာ အဆက်မပြတ် အော်ဟစ်နေတော့သည်။
မကြာမီ ဆူညံသံများကြောင့် ကျောင်းသားအုပ်ကြီးတစ်အုပ် ရောက်ရှိလာကြသည်။
အလှလေးတစ်ယောက်၏ ဆွဲဆောင်မှုမှာ အဆုံးအစမရှိပေ။ ကျောင်းသားများစွာက လင်းယွီရှင်းကို ကူညီရန် ချက်ချင်း ရောက်လာကြပြီး တံခါးကို ဝိုင်းတွန်းပေးထားကာ ဘာဖြစ်တာလဲဟု စိုးရိမ်တကြီး မေးမြန်းကြလေသည်။
"လျူ... လျူဖျင်၊ သူ... သူက ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်..." လင်းယွီရှင်းက သွေးဆုတ်နေသော မျက်နှာဖြင့် ထိတ်လန့်တကြား ပြောလိုက်သည်။ ဒီစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းက ဒေါသထွက်သွားကြသည်။ "လျူမင်းသားစံအိမ်တော်ရဲ့ မင်းသားလေးတစ်ပါး ဖြစ်နေပြီးတော့ နေ့ခင်းကြောင်တောင်ကြီးကို ဒီလောက် အရှက်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်ရက်တယ်။ တကယ်ကို ရွံစရာကောင်းတာပဲ။"
"သူ့ကို ဖမ်းပြီး ပြစ်ဒဏ်ပေးဆောင်ကို ခေါ်သွားကြမယ်။ သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရတာ ငါတို့ မြင်ရမှဖြစ်မယ်!"
အချို့သော ကျောင်းသားများသည် လင်းယွီရှင်းရှေ့တွင် မျက်နှာရလိုသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်ကြပြီး လျူဖျင်ကို တရားဝင် စစ်ဆေးအရေးယူရန် ခေါ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ဧကရာဇ်မင်းသည်ပင် သာမန်ပြည်သူများကဲ့သို့ ဥပဒေ၏ အောက်တွင်သာ ရှိသည်။
မင်းသားလေး၏ အဆင့်အတန်းမှာ မနိမ့်ကျသော်လည်း ငြင်းဆို၍မရသော သက်သေအထောက်အထားများ ရှိနေချိန်တွင် လျူမင်းသား ကိုယ်တိုင်ပင်လျှင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
ကြီးပွားတိုးတက်လိုသော နိုင်ငံတစ်နိုင်ငံသည် ၎င်း၏ ဥပဒေများကို လိုက်နာရမည်ဖြစ်သည်။ သို့မဟုတ်ပါက အကျင့်ပျက်ခြစားမှုများ ကြီးစိုးလာပြီး လျင်မြန်စွာ ပျက်စီးယိုယွင်းသွားပေလိမ့်မည်။
"တံခါးကို ဖွင့်လိုက်! ငါတို့လူတွေ ဒီလောက်အများကြီး ရှိနေတာပဲ၊ လူတစ်ယောက်တည်းကို ကြောက်စရာမလိုဘူး!"
လူအုပ်ကြီး ဒေါသထွက်နေချိန်တွင် ခန္ဓာကိုယ်တောင့်တင်းသန်စွမ်းသော ကျောင်းသားအချို့က တံခါးကို ချက်ချင်း ဖွင့်ချလိုက်သည်။
အာ...
တံခါးပွင့်သွားပြီးနောက် လူတိုင်း မှင်သက်သွားကြသည်။
စင်္ကြံလမ်းတွင် ရပ်နေသော လူတစ်ယောက်က ဝက်ခြံအတွင်းပိုင်းကို လှောင်ပြောင်သော အပြုံးဖြင့် ကြည့်နေသည်ကို သူတို့ မြင်လိုက်ရသည်။
ဝက်မအိုကြီးတစ်ကောင် ရှိနေသော ဝက်ခြံထဲတွင်တော့ လျူမင်းသားစံအိမ်တော်မှ ဂုဏ်သရေရှိ မင်းသားလေးဆိုသူသည် ရမ္မက်မီးများထနေသော အပြုံးကြီးဖြင့် ထိုဝက်မအိုကြီး၏ နောက်သို့ တကောက်ကောက် လိုက်နေလေတော့သည်။