အခန်း (၆)- သတ်ဖြတ်ခြင်းနှင့်တန်ပြန်တိုက်စစ်
မြို့တော်ဝန် ဦးဆောင်သည့် ဓားကိုယ်စီနှင့် လူနှစ်ဆယ်၊ သုံးဆယ်ခန့်သာရှိသော လူအုပ်စုက မိမိအား ခုခံရန် တွန်းတိုက်လာသည်ကို မြင်လိုက်ရသောအခါ ဘတ်ဂီ မရယ်ဘဲ မနေနိုင်တော့ပေ၊၊
ဦးနှောက်မရှိတဲ့လူတွေဆိုတာ ဒါမျိုးပေါ့၊၊ ဒီလူအုပ်က တကယ်ပဲ အသေအလဲကို မသိကြတာပဲ၊၊"
ထိုသို့ ရေရွတ်ပြီးနောက် ဘတ်ဂီက "ကဲ... ပစ်ကြစမ်း၊၊" ဟု အမိန့်ပေးလိုက်သည်၊၊
ပင်လယ်ဓားပြများသည် အမိန့်ရသည်နှင့် အမြောက်ဆန်များကို ပြောင်းဝထဲသို့ ထိုးထည့်ကာ စနက်တံကို မီးရှို့လိုက်ကြရာ မှောင်မည်းသော အမြောက်ဆန်ကြီးများ ပြေးထွက်သွားတော့သည်၊၊ အမြောက်ဆန်ငါးလုံးသည် လူအုပ်အနီးသို့ ကျရောက်ကာ ပြင်းထန်သော မီးပွားများနှင့်အတူ ပေါက်ကွဲသွားသည်၊၊ ဝုန်းခနဲ မြည်ဟီးသံနှင့်အတူ မြို့သူမြို့သားများမှာ အပိုင်းပိုင်းအစစ လွင့်စင်ကုန်ကြသည်၊၊ မြို့သူမြို့သားများ၏ အသားစ၊ သွေးစများကို ကြည့်ရင်း ဘတ်ဂီသည် သူ၏ အနီရောင်နှာခေါင်းကြီးကို ပွတ်သပ်ကာ သင်္ဘောပေါ်တွင် ပို၍ပင် ဝင့်ဝံစွာ ရယ်မောနေတော့သည်၊၊
ပင်လယ်ဓားပြများသည်လည်း ဤအောင်ပွဲကြောင့် စိတ်တက်ကြွလာပြီး ဘတ်ဂီအား အတူတူတိုက်ခိုက်ရန် ဖိတ်ခေါ်ကြသည်၊၊
"ကပ္ပတိန်၊ ကမ်းပေါ်ဆင်းပြီး သူတို့ကို ချေမှုန်းကြရအောင်၊၊"
ဘတ်ဂီက ပြုံးလိုက်ပြီး "မလောပါနဲ့ဦး၊ ငါ သူတို့ကို နောက်တစ်ချက်လောက် လက်ဆောင်ပေးပါရစေဦး၊၊" ဟု ဆိုသည်၊၊
ထိုသို့ ပြောပြီးနောက် ဘတ်ဂီသည် သူ၏ခြေထောက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ဖိနပ်ညာဘက်ဘေးတွင် ကျည်ပေါက်သုံးပေါက် ပေါ်လာသည်၊၊
"မတ်ဂီဘော
ယင်းနောက်တွင် ဖိနပ်၏ ဂျောက်ပေါက်တစ်ခုထဲမှ ပဲစေ့အရွယ်အစားမျှသာရှိသော အမြောက်ဆန်လေးတစ်လုံး ပြေးထွက်သွားသည်၊၊ ၎င်းသည် လူနေအိမ်ခြေများရှိရာသို့ ကျရောက်သွားပြီးနောက် မူလကထက် အဆပေါင်းများစွာ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်၊၊ အမြောက်ဆန် ပေါက်ကွဲသွားသော နေရာတွင် မီးခိုးလုံးကြီးများ အလိပ်လိုက် တက်လာတော့သည်၊၊ ကျွန်းပေါ်ရှိ အဆောက်အအုံ အမြောက်အမြားမှာလည်း အနည်းနှင့်အများဆိုသလို ပျက်စီးဆုံးရှုံးသွားရသည်၊၊ ဘတ်ဂီသည် လူများကို တိုက်ခိုက်ရာတွင် အမြောက်ဆန် သုံးရသည်ကို အလွန်နှစ်သက်ပြီး၊ ယခု [မတ်ဂီ ဘော] သည် ဖျက်ဆီးနိုင်စွမ်း အလွန်ပြင်းထန်အောင် ဘတ်ဂီကိုယ်တိုင် တီထွင်ထားသော အမြောက်ဆန် ဖြစ်သည်၊၊
"ကောင်လေးတွေ... အောက်ဆင်းပြီး ဒီမြို့ကို သိမ်းပိုက်ကြစမ်း၊၊"
"ဝူး... ဟေး...၊၊"
ဘတ်ဂီ အမိန့်ပေးလိုက်သည်နှင့် ပင်လယ်ဓားပြများသည် မူစကတ်သေနတ်များနှင့် ဓားများကို ကိုင်ဆောင်ကာ သင်္ဘောပေါ်မှ ဝုန်းခနဲ ဆင်းပြေးကြတော့သည်၊၊ မိုဂျီ သည် သူ၏ခြင်္သေ့ကြီး ရီချီ ကို စီးနင်းပြီး၊ ကာဘာဂျီ ကမူ ဘီးတစ်လုံးတပ်စက်ဘီးကို စီးလျက် အပြစ်မဲ့ပြည်သူများကို အတုံးအရုံး သတ်ဖြတ်ကြသည်၊၊ အော်ဟစ်ငိုကြွေးသံများနှင့် အသက်ချမ်းသာပေးရန် တောင်းပန်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်၊၊ သို့သော်လည်း သနားညှာတာမှုကင်းမဲ့သော ဓားချက်များနှင့် ကျည်ဆန်များကိုမူ မည်သည့်အရာကမှ တားဆီးနိုင်ခြင်း မရှိချေ၊၊ ဤသည်ကား တစ်ဖက်သတ် သတ်ဖြတ်မှုသက်သက်သာဖြစ်ပြီး တွန့်ဆုတ်မှုမရှိသော တိုက်ပွဲတစ်ခုပင် ဖြစ်သည်၊၊
အချိန်ကား လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်၊၊
မနေ့က စွမ်းအင်များစွာ အသုံးပြုလိုက်ရသဖြင့် ညဉ့်နက်မှ အိပ်ပျော်ခဲ့ရသောကြောင့် လေယင်းသည် ယခုမှသာ နိုးလာခြင်း ဖြစ်သည်၊၊ သူသည် နံနက်ခင်းက တိုက်ပွဲအော်ဟစ်သံများကို မကြားလိုက်ရပေ၊၊ လေယင်းသည် သင်္ဘော၏ အောက်ထပ်အခန်းမှ ယခုမှသာ လွတ်မြောက်လာခြင်းဖြစ်ပြီး ပျက်စီးယိုယွင်းနေသော အော်ရိန်ဂျ်မြို့ကို မြင်လိုက်ရသည့်အခါ အကြံတစ်ခုစဉ်းစားမိသွားသည်။
လေယင်းကို အခန်းထဲတွင် နှစ်ရက်တိုင်တိုင် ပိတ်လှောင်ထားရန် ဘတ်ဂီ အမိန့်ပေးထားခဲ့သော်လည်း၊ ယခုအချိန်တွင်မူ မည်သူကမှ သူ့ကို ဂရုစိုက်မနေတော့ပေ၊၊ သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများအားလုံးသည် ကျွန်းပေါ်သို့ သွားရောက်ကာ မီးရှို့လုယက်နေကြပြီ ဖြစ်သည်၊၊ အပြင်သို့ ရောက်လာသော လေယင်းသည် သင်္ဘောပေါ်မှ ခုန်ချကာ အော်ရိန်ဂျ်မြို့ဆီသို့ လျှောက်လှမ်းလာခဲ့သည်၊၊
"မင်းက ဘာလို့ အပြင်ထွက်လာတာလဲ၊၊"
ပင်လယ်ဓားပြအချို့က သူ့ကို မြင်သွားကြသည်၊၊ ပင်လယ်ဓားပြများ၏ မောက်မာသော မေးခွန်းကို ကြားလိုက်ရသော်လည်း လေယင်းက ဂရုမစိုက်ဟန်ဖြင့် နားကိုနှိုက်ရင်း ပြောလိုက်သည်၊၊
"မင်းတို့ရဲ့ အဲဒီဆွေးမြည့်နေတဲ့ သစ်သားတံခါးအစုတ်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား၊၊"
ထိုအချိန်တွင် တိုက်ပွဲ 'ရလဒ်များ' ကို တွက်ချက်နေသော ဘတ်ဂီ ရောက်လာပြီး ပြောလိုက်သည်၊၊
"မင်းက ခိုးထွက်လာရဲသေးတယ်ပေါ့..."
မိုဂျီကလည်း "ကပ္ပတိန်၊ ဒီကောင်က ကပ္ပတိန်ရဲ့အမိန့်ကို ဖီဆန်ဝံ့တယ်" ဟု ဆိုသည်၊၊
"ဟုတ်တယ်... ဟုတ်တယ်..." ဟု သူ၏လက်အောက်ခံ ပင်လယ်ဓားပြများကလည်း ထပ်ဆင့်ထောက်ခံကြသည်၊၊
ဤပင်လယ်ဓားပြများသည် မြို့ကို ယခုတင်တင်တင် သတ်ဖြတ်လုယက်လာခဲ့ကြသူများဖြစ်သဖြင့်၊ အားနွဲ့လှသည်ဟု ထင်ရသော လေယင်းကိုပါ သတ်ဖြတ်ပစ်ချင်နေကြသည်၊၊ ထို့ပြင် ဤကောင်က ကပ္ပတိန်ကိုပါ စော်ကားထားသည် မဟုတ်လား၊၊
လေယင်းက ရယ်မောလိုက်ပြီး "ငါ မင်းတို့ကို မစော်ကားချင်ပါဘူး၊ ဒါပေမဲ့ မင်းတို့ကောင်တွေ ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး" ဟု ဆိုသည်၊၊
ဘာလဲ... ဟု ဆိုကာ လေယင်း၏စကားကြောင့် အားလုံးမှာ အစပိုင်းတွင် ဆွံ့အသွားကြသော်လည်း၊ ယင်းနောက်တွင်မူ တပြိုင်နက်တည်း ဟားတိုက်ရယ်မောလိုက်ကြတော့သည်၊၊
"ဒီကောင်... ဦးနှောက်များ ပျက်နေတာလား၊၊"
"ဟားဟား... ရယ်စရာကောင်းလိုက်တာ..."
"ဟေး... ငါ အကြားမှားတာ မဟုတ်ပါဘူးနော်၊ သူက ငါတို့ သူ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ပြောလိုက်တာလား၊၊"
"ဒီကောင် နှိပ်စက်ခံရလွန်းလို့ စိတ်နောက်သွားတာ နေမှာပါ၊၊"
လှောင်ပြောင်သရော်သံများ စီစီညံသွားတော့သည်၊၊ ပင်လယ်ဓားပြအချို့ဆိုလျှင် ဗိုက်ကိုနှိပ်၍ပင် အူလှိုက်သည်းလှိုက် ရယ်မောနေကြသည်၊၊
'ရယ်ထားကြဦးပေါ့... ခဏနေရင် ငါ မင်းတို့ကို ငိုခိုင်းရမယ်...၊၊'
ကာဘာဂျီကမူ စိတ်မထိန်းနိုင်တော့ဘဲ ဘီးတစ်လုံးတပ်စက်ဘီးကို စီးလျက်၊ သားကောင်ကို ချောင်းနေသော လင်းတတစ်ကောင်ကဲ့သို့ မျက်နှာပေးဖြင့် ဘတ်ဂီကို ပြောလိုက်သည်၊၊
"ကပ္ပတိန်၊ ဒီကောင်ကို ကပ္ပတိန်ကိုယ်စား ငါပဲ အပြတ်ရှင်းလိုက်ပါ့မယ်၊၊"
ဘတ်ဂီက ရင်ဘတ်ပေါ် လက်ပိုက်လျက် "ကောင်းပြီ" ဟု ဆိုသည်၊၊
ထိုသို့ကြားရသည်နှင့် ကာဘာဂျီသည် သူ၏ဓားကို ဝှေ့ယမ်းကာ လေယင်းအား ထိုးစိုက်လိုက်တော့သည်၊၊ သို့သော်လည်း လေယင်းက သူ၏တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးနောက်၊ ကာဘာဂျီ၏ နံဘေးဆီသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်၊၊ ထိုလက်သီးချက်ကြောင့် ကာဘာဂျီသည် ဘီးတစ်လုံးတပ်စက်ဘီးပေါ်မှ လွင့်ထွက်သွားပြီး မီတာအနည်းငယ်အကွာသို့ ကျရောက်သွားကာ အော်ဟစ်ညည်းတွားရင်း ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်၊၊
အမှန်စင်စစ် ဤလက်သီးချက်သည် သာမန်လက်သီးချက် မဟုတ်ချေ၊၊ လေယင်းသည် ဤမျှ ပြင်းထန်သော စွမ်းအားထွက်ပေါ်လာစေရန် သူ၏လက်သီးတွင် ချက်ကရာစွမ်းအင်ကို ထည့်သွင်းအသုံးပြုခဲ့ခြင်း ဖြစ်သည်၊၊
ဘာလဲ... ဟု ဆိုကာ ပင်လယ်ဓားပြများသည် မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေသော ကာဘာဂျီကို ကြည့်ရင်း မိမိတို့မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်၊၊
ဘတ်ဂီကမူ ပို၍ပင် မယုံနိုင်ဖြစ်နေရသည်၊၊ သူ၏ ကြောင်တောင်တောင် လူပြက်မျက်နှာကြီးမှာ ပို၍ပင် ဟာသမြောက်သွားပြီး "မင်း ကာဘာဂျီကို ဘာလုပ်လိုက်တာလဲ" ဟု မေးတော့သည်၊၊
လေယင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "မင်း မျက်စိကန်းနေလို့လား၊ ခုနကပဲ အကုန်မြင်လိုက်ရတာ မဟုတ်လား၊ ရှင်းနေတာပဲကို" ဟု ဆိုသည်၊၊
ဘတ်ဂီ၏ မျက်နှာသည် ပို၍ပင် ပျက်ယွင်းလာပြီး "မင်း ငါ့ကို ဒီလို လေသံနဲ့ ပြောရဲတယ်ပေါ့၊ ဝက်ဝံသည်းခြေ စားလာတာလား" ဟု ဆိုသည်၊၊
"ဒီလိုပြောတော့ ဘာဖြစ်လဲ၊ ငါ မင်းကို သည်းခံလာတာ ကြာပြီကွ၊ ဒီနှာခေါင်းနီ စုတ်ရဲ့၊၊" လေယင်းသည် တည်ကြည်စူးရှသော အကြည့်တို့ဖြင့် ဘတ်ဂီကို စိုက်ကြည့်လိုက်သည်၊၊
ဟင်...!!! ပင်လယ်ဓားပြများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်၊၊ သုံးရက်မပြည့်သေးသော အချိန်အတွင်းမှာပင် ဘတ်ဂီအား နှာခေါင်းနီဟု ခေါ်ဝံ့သူ နှစ်ဦးရှိလာခဲ့ပြီ ဖြစ်သည်၊၊ ပထမတစ်ယောက်မှာ ကောက်ရိုးဦးထုပ်၏ကပ္ပတိန် (လူဖီ) ဖြစ်ပြီး၊ ယခုမူ ကောင်လေးတစ်ယောက်ကပါ ပြူးပြူးပြဲပြဲနှင့် အော်ဟစ်ဆဲဆိုနေခြင်း ဖြစ်သည်၊၊ လူအုပ်ကြီး၏ အမြင်တွင်မူ လေယင်းသည် သေဒဏ်ပေးခံလိုက်ရပြီ ဖြစ်သည်၊၊
"မင်း... ငါ့ကို နှာခေါင်းနီလို့ ခေါ်ရဲတယ်ပေါ့၊ မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ၊ မင်းရဲ့ အရိုးစတောင် မကျန်စေရအောင် ငါ မင်းကို အမှုန့်ကြိတ်ပစ်မယ်၊၊"
"လာလေ... လုပ်စမ်းပါ၊ နှာခေါင်းနီကြီးရဲ့၊၊"
ဘတ်ဂီသည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်လာပြီး "ကောင်းပြီ... ကောင်းပြီ၊ ငါ စိတ်ပြောင်းသွားပြီ၊ ငါ့ရဲ့ မခံချင်စိတ် ပြေပျောက်သွားအောင် မင်းကို ငါ့လက်ဗလာနဲ့ပဲ အသက်ထွက်စေရမယ်" ဟု ဆိုသည်၊၊
ထိုသို့ ပြောပြီးနောက် ဘတ်ဂီသည် သူ၏ခါးတွင် ရှိသော ဓားလေးလက်ကို ညာလက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်၊၊ ထို့နောက် ၎င်းတို့ကို လေယင်းဆီသို့ ပစ်လွှတ်လိုက်တော့သည်၊၊
"ဘာရာ ဘာရာ ဟိုးးး
ညာလက်ဖြင့် ဓားလေးလက်ကို ဆုပ်ကိုင်ထားသော ဘတ်ဂီ၏ ခန္ဓာကိုယ်အစိတ်အပိုင်းသည် လေထုထဲသို့ ပျံသန်းဝင်ရောက်လာချိန်တွင် လေယင်းသည်လည်း သူ၏နင်ဂျုစုကို နောက်ဆုံးတွင် ထုတ်လွှတ်လိုက်တော့သည်...
"လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ၊၊"
ဘတ်ဂီ၏ [ဘာရာ ဘာရာ ဟိုးး] တိုက်ကွက် စီးနင်းဝင်ရောက်လာချိန်တွင် လေယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စီးများဖြင့် ဝန်းရံသွားပြီ ဖြစ်သည်၊၊ သူသည် သူ၏ညာလက်ကို မြှောက်ကာ ကာကွယ်ရေး အနေအထားကို ပြုလုပ်လိုက်သည်...
ဘတ်ဂီသည် လေယင်း၏ ခန္ဓာကိုယ်ကိုပင် မထိရသေးချေ၊၊ သို့သော်လည်း လေယင်း ထုတ်လွှတ်လိုက်သော လျှပ်စီးများကို ထိမိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ တုန်ခါသွားကာ လျှပ်စစ်စီးသွားတော့သည်၊၊ ဘတ်ဂီ၏ ညာလက်သည် သူ၏ခန္ဓာကိုယ်မှ သီးခြားစီ ကွဲထွက်နေခြင်း ဖြစ်ပြီး ဤသည်ကား မိစ္ဆာအသီး၏ စွမ်းရည်ပင် ဖြစ်သည်၊၊ သို့သော်လည်း အမှန်စင်စစ် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးမှာမူ ဆက်နွှယ်နေဆဲ ဖြစ်သည်၊၊ အားလုံးက ဘတ်ဂီကို ပြန်လည်ကြည့်ရှုလိုက်သည့်အခါ သူ၏ အနီရောင်နှာခေါင်းကြီးမှာ လျှပ်စစ်ဓာတ်ကြောင့် မည်းတူးသွားသည်ကို တွေ့လိုက်ရသည်၊၊
ဘတ်ဂီ၏ ကွဲထွက်နိုင်သော ခန္ဓာကိုယ်သည် ခေါင်းဖြတ်ခံရခြင်းကို မကြောက်ရွံ့ဘဲ၊ တိုက်ခိုက်မှုများမှ လျင်မြန်စွာ မလွတ်တမ်း ရှောင်တိမ်းရန် သူ၏စွမ်းရည်ကို အသုံးပြုနိုင်သည်၊၊ သို့သော်လည်း ဤသည်မှာ သူသည် မိုးကြိုး သို့မဟုတ် မီးကဲ့သို့သော သဘာဝဓာတ်စွမ်းအင် တိုက်ခိုက်မှုများကိုပါ မကြောက်ရွံ့ခြင်း မဟုတ်ချေ၊၊
"ကပ္ပတိန် ဘတ်ဂီ...၊၊"
ဘတ်ဂီတစ်ယောက် လျှပ်စစ်ဓာတ်လိုက်ကာ သတိလစ်သွားသည်ကို မြင်လိုက်ရသောအခါ၊ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲနေသော ပင်လယ်ဓားပြအချို့သည် ဓားကိုယ်စီကို ကိုင်ဆောင်ကာ လေယင်းဆီသို့ ပြေးဝင်လာကြတော့သည်...
'အားလုံးက သေချင်လို့ လာနေကြတာပဲ...၊၊' လေယင်း စိတ်ထဲမှ ကျိတ်တွေးရင်း မိမိဆီသို့ ပြေးဝင်လာသော ပင်လယ်ဓားပြများဆီသို့ မညှာမတာဘဲ လျှပ်စီးဓာတ်များကို ဆွဲယူကာ ထုတ်လွှတ်ပစ်လိုက်တော့သည်၊၊