အခန်း (၅၀) : လေယင်း၏အခြားတစ်ဖက်ခြမ်း
"ရေတပ်ဌာနချုပ်ကနေ ဥပဒေမဲ့ဇုန်ကို သွားမယ်ဆိုရင်တော့ ခရီးသွားဧရိယာကို ဖြတ်သွားရမှာပဲ" လို့ လေယင်း တစ်ယောက် ဆာဘိုဒီကျွန်းစုရဲ့ မြေပုံကို ပြန်လည်အမှတ်ရနေမိသည်။ လမ်းလျှောက်နေစဉ်အတွင်း နေရောင်ခြည်အောက်မှာ ရောင်စုံပူဖောင်းတွေက ကောင်းကင်ထက်ကို အဆက်မပြတ် တက်လာနေကြသည်။ ဒါသည် ဆာဘိုဒီကျွန်းစုမှာသာ မြင်တွေ့နိုင်တဲ့ ထူးခြားတဲ့ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ မသိလိုက်မသိဘာသာနဲ့ပင် သူသည် ကျွန်းရဲ့နယ်မြေတွေထဲကတစ်ခုဖြစ်တဲ့ နံပါတ် (၄၅) ကို ရောက်လာခဲ့သည်။ ထိုနေရာမှာတော့ သူသည် ဆာဘိုဒီကျွန်းစုမှာသာ ရှိတဲ့ ပူဖောင်းဆိုင်ကယ်တစ်စီးကို ငှားရမ်းလိုက်ပြီး လူသူကင်းမဲ့တဲ့ အရပ်ဆီသို့ မောင်းနှင်သွားတော့သည်။
ဆာဘိုဒီကျွန်းစုရဲ့ နံပါတ် (၈) ဧရိယာကို ရောက်သည်နှင့် တစ်ပြိုင်နက် ယိုယွင်းပျက်စီးနေတဲ့ ပတ်ဝန်းကျင်အငွေ့အသက်ကို သူခံစားလိုက်ရသည်။ နေရာအနှံ့မှာ အပျက်အစီးတွေ ရှိနေပြီး ထိုအပျက်အစီးတွေကြားမှာတော့ ဘာသာရေးအသီးသီးက လူစုလူဝေးတွေ ရှိနေကြသည်။ သူတို့တွေသာ ဆုငွေရှာသူတွေ မဟုတ်ခဲ့ရင် ပင်လယ်ဓားပြတွေ ဖြစ်နေကြမှာ အသေအချာပင်။
"ဒီနှစ်က ဘယ်နှစ်နှစ်လဲကွ။ ဥပဒေမဲ့ဇုန်ကိုတောင် လာရဲတဲ့သူတွေ ရှိနေသေးတယ်ပေါ့"
"သူ့ဦးနှောက် အလုပ်မလုပ်တော့တာ ဖြစ်မယ်"
"ဖမ်းလိုက်စမ်း! လူကုန်ကူးတဲ့နေရာကို ရောင်းစားပြီး ငါတို့ညီအစ်ကိုတွေ အရက်သောက်ဖို့ ပိုက်ဆံရှာရအောင်"
ဓားတွေ၊ သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူတစ်စုက ထိုသို့ပြောဆိုရင်း ပူဖောင်းဆိုင်ကယ်စီးနေတဲ့ လေယင်း ကို ဝိုင်းပတ်လိုက်ကြသည်။ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဓားကိုင်ထားတဲ့ လူကြီးက လေယင်း ကို ကြည့်ပြီး "ကောင်လေး၊ ငါတို့ညီအစ်ကိုတွေ ငွေနည်းနည်း လိုနေလို့ ငါတို့နဲ့ လိုက်ခဲ့ပေးရမယ်" လို့ ပြောလိုက်သည်။ သူ့ဘေးက လူတွေကလည်း လေယင်း ကို ကြည့်ပြီး ပြုံးစိစိနဲ့ ရှိနေကြသည်။ ထိုလူကြီးပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ လေယင်း ကို ဖမ်းဆီးပြီး ကျွန်အဖြစ် ရောင်းစားဖို့ ဆိုလိုခြင်းပင်။
အမြန်ငွေရဖို့အတွက် လူတစ်ယောက်ကို လူကုန်ကူးတဲ့နေရာသို့ ပို့လိုက်ခြင်း၊ တစ်သက်လုံး နေရောင်ခြည်ကိုတောင် မမြင်ရတော့ဘဲ ဆင်းရဲဒုက္ခတွေနဲ့ ဖြတ်သန်းသွားရမယ့် ဘဝမျိုးကို ပို့ဆောင်ပေးခြင်းသည် ပင်လယ်ဓားပြတွေထက်ပင် ပိုမိုရွံရှာစရာကောင်းလှသည်။
"ခင်ဗျားတို့ ဖမ်းနိုင်စွမ်းရှိတယ်ဆိုရင်တော့ လာဖမ်းကြည့်ကြလေ" ဟု လေယင်း က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"သေစမ်း! ဒီမသိတတ်တဲ့ကောင်ကို ဖမ်းပြီး ရောင်းစားလိုက်ကြ!" အဖွဲ့ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အဖြူရောင်စွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ဝှိုက်ဘလိတ်ဒ်!"
ဆုငွေရှာသူတွေ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်
ခင်မှာတင် လေယင်း ရဲ့ ဓားချက်အောက်မှာ သူတို့ရင်ဘတ်တွေ ပွင့်ထွက်သွားကြသည်။ အချို့ရဲ့ နှလုံးသားတွေ၊ အချို့ရဲ့ အဆုတ်တွေ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး မြေပြင်ပေါ်မှာ သွေးအိုင်ထဲ လူးလိမ့်ကာ အရုပ်ဆိုးအကျည်းတန်စွာနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။
သို့သော် လေယင်းသည် လူတစ်ယောက်ကိုတော့ အသက်ရှင်လျက် ချန်ထားခဲ့သည်။ ထိုသူသည် မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ သွေးတွေနဲ့ ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့သူတွေကို မြင်ပြီး ကြောက်လွန်းလို့ သေးထွက်ကျလေတော့သည်။ လေယင်း က ဆိုင်ကယ်ပေါ်ကနေ ခုန်ဆင်းပြီး သူ့ပုခုံးကို ပုတ်လိုက်ကာ "ဟေ့လူ၊ ငါမေးစရာရှိတယ်။ အမှန်အတိုင်း ဖြေရမယ်" လို့ ပြောလိုက်သည်။
ထိုသူသည် ကြောက်လွန်း၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သူသည် လေယင်း ကို မြင်
လိုက်ရတာက သေမင်းကို မြင်လိုက်ရသလိုပင်။ မြေပြင်ပေါ်မှာ စီးကျနေတာက ခရမ်းချဉ်သီးဆော့စ် မဟုတ်ဘဲ အစစ်အမှန်သွေးတွေ ဖြစ်နေတာကြောင့် သူတစ်ချက်လေးတောင် မလှုပ်ရဲဘဲ အကြောက်ကြီး ကြောက်နေမိသည်။ လေယင်းကတော့ သူ့ကို ဂရုမစိုက်ဘဲ "ကာပွန်ဘီဂျီ ဘယ်မှာလဲ" လို့ မေးလိုက်သည်။
လေယင်း က သူ့ကို ရှာဖွေဖို့ ရောက်လာခြင်းဖြစ်သည်။ ဒီလောက် ကျယ်ပြောတဲ့နေရာမှာ သူတစ်ယောက်တည်းကို လိုက်ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ ထိုသူက ကြောက်လွန်းအားကြီး၍ စကားမပြောနိုင်သေးပေ။ လေယင်း က "ခင်ဗျား ဆက်ပြီး မပြောဘူးဆိုရင်တော့ ပြောလာအောင် လုပ်ရလိမ့်မယ်။ သေဆုံးရမယ့်နည်းလမ်းပေါင်း တစ်သောင်းကျော် ငါ့ဆီမှာ ရှိတယ်။ ဘယ်လောက်ကြာကြာ နာကျင်ရမလဲဆိုတာတော့ ခင်ဗျားပဲ ရွေးချယ်ပါ" လို့ ဆိုလိုက်သည်။
ထိုလူသည် ငရဲသံကို ကြားလိုက်ရသလိုပင် ချက်ချင်း အော်ဟစ်လိုက်သည်။ "အစ်ကိုကြီး၊ ကျွန်တော်တကယ် မသိပါဘူး။ ကျွန်တော့်ကို လွှတ်ပေးပါ..."
လေယင်း သည် ဒေါသထွက်သွားပြီး "အော်... အဲ့လိုလား။ ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့" လို့ ပြောလိုက်သည်။ လေယင်း တိုက်ခိုက်တော့မည့်ပုံစံကို မြင်လိုက်ရတော့ သူသည် ချက်ချင်း ဒူးထောက်လိုက်သည်။ "အစ်ကိုကြီး... မဟုတ်ပါဘူး၊ အရှင်သခင်။ ကာပွန်ဘီဂျီ ဆုငွေ သိန်း ၇၀ ရှိတယ်ဆိုတာပဲ ကျွန်တော် သိတာပါ။"
သူသည် ကြောက်လွန်းလို့ ဒူးထောက်ပြီး အသနားခံနေသည်။ တကယ်လည်း သူဘာမှ မသိပုံပင်။ လေယင်း က "ဒါဆိုရင် တခြား ပင်လယ်ဓားပြတွေကိုရော သိသေးလား။ ဆုငွေ များလေ ပိုကောင်းလေပဲ" လို့ ထပ်မေးလိုက်သည်။
"အော်... ကျွန်တော် သိတဲ့သူ တစ်ယောက် ရှိပါတယ်။ ဆုငွေ သိန်း ၅၀ ကျော်ရှိတဲ့ သူတစ်ယောက်..." ထိုသူပြောပြတဲ့ ပင်လယ်ဓားပြအကြောင်းအရာတွေကို နားထောင်ပြီးနောက် လေယင်း ထွက်ခွာသွားတော့သည်။
လေယင်း တွင် လူတွေကို ဆက်ဆံရာမှာ တစ်ခုတည်းသော မူဝါဒ ရှိသည်။ အဲ့ဒါကတော့ "လူကို လူလို ဆက်ဆံဖို့" ဖြစ်သည်။ဂါ့ပ် တို့၊ အိန်း တို့လို သဘောကောင်းတဲ့သူတွေကို သူကလည်း သဘောကောင်းကောင်း ဆက်ဆံသည်။ ဗယ်ရီဂုဒ် တို့၊ ဘရန်းနူး တို့လို သူ့ကို ခြိမ်းခြောက်ပြီး ဖိနှိပ်ချင်တဲ့သူတွေကိုတော့ သူကလည်း လက်သီးနဲ့ တုံ့ပြန်သည်။ အခုလို ကိုယ့်အကျိုးအတွက်နဲ့ သူတစ်ပါးကို ငရဲခန်းသို့ ပို့ပေးတဲ့ ဆုငွေရှာသူတွေကိုတော့ လေယင်း ကအရက်စက်ဆုံး ပုံစံဖြင့်သာ ဆက်ဆံသည်။ သူတို့တွေ မပြောဘူးဆိုရင်လည်း ရက်စက်စွာ သတ်ပစ်ဖို့ လေယင်း မတွန့်ဆုတ်ပါ။ သူတို့တွေသည် မကောင်းဆိုးဝါးတွေ ဖြစ်တဲ့အတွက် ငရဲသို့သာ သွားသင့်သည်။
သူတို့ လူကုန်ကူးတဲ့နေရာသို့ ပို့လိုက်ရတဲ့ ဆင်းရဲသားတွေအတွက်ဆိုရင်တော့ ဒီလိုလူမျိုးတွေကို သတ်ပစ်လိုက်ခြင်းသည်သာ သူတို့အတွက် အကောင်းဆုံးပင် ဖြစ်သည်။ ကောင်းကင်တမန်တွေနဲ့ဆိုရင် ကောင်းကင်တမန်အတိုင်း ဆက်ဆံပြီး၊ မကောင်းဆိုးဝါးတွေနဲ့ဆိုရင် မကောင်းဆိုးဝါးအတိုင်း ဆက်ဆံရမည်။ ဒါသည် "မကောင်းဆိုးဝါး" ဘက်က လူတွေအပေါ် လေယင်း ရဲ့ မူဝါဒပင် ဖြစ်သည်။
...
ထိုသူ ပြောပြတဲ့ နေရာအတိုင်း လေယင်း သည် နံပါတ် (၁၆) ဧရိယာဘက်သို့ တန်းမတ်စွာ လျှောက်သွားလိုက်သည်။ ဆာဘိုဒီကျွန်းစုရဲ့ နံပါတ် ၁ ကနေ ၂၉ အထိ ဧရိယာတွေသည် လူသူကင်းမဲ့နေတတ်သည်။ သို့သော် နံပါတ် ၁၆ ကို ရောက်တဲ့အခါ သူမြင်လိုက်ရတာက နံပါတ် ၈ ဧရိယာနဲ့ လုံးဝ မတူညီပေ။ နံပါတ် ၈ မှာ ပျက်စီးနေတဲ့ အဆောက်အဦးတွေနဲ့ ပြည့်နေပေမဲ့ နံပါတ် ၁၆ မှာတော့ သန့်ရှင်းတဲ့ လမ်းမတွေနဲ့ ခမ်းနားတဲ့ အိမ်တွေ ရှိနေပြီး ဥပဒေမဲ့ဇုန်နဲ့ မတူညီအောင်ကို သပ်ရပ်နေသည်။
ပင်လယ်ဓားပြတိုင်းက ဖျက်ဆီးတတ်ကြတာတော့ မဟုတ်ပေ။ လေယင်း သည် ထိုပင်လယ်ဓားပြ ဒီနေရာမှာ ရှိနေလိမ့်မည်ဟု ယုံကြည်လိုက်သည်။ သူစဉ်းစားနေစဉ်မှာပင် ကြီးမားတဲ့ ခြံဝင်းတစ်ခုထဲကနေ ကောင်မလေးတစ်ယောက် ထွက်ပြေးလာသည်ကို မြင်လိုက်ရသည်။ သူမသည် အလွန်ပင် ထိတ်လန့်နေပြီး မျက်လုံးတွေကလည်း ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေသည်။ သူမနောက်မှာတော့ လူတစ်စုက လိုက်လံ ဖမ်းဆီးနေကြသည်။
"သူ့ကို လွတ်မသွားစေနဲ့။ သူလွတ်သွားရင် သူဌေးက ငါတို့ကို အပြစ်ပေးလိမ့်မယ်၊ ငါတို့အားလုံး သေရလိမ့်မယ်!" ရှေ့ဆုံးက ပြေးလာတဲ့လူက အော်ဟစ်လိုက်သည်။
ကောင်မလေးရဲ့ ခွန်အားသည် ထိုလူတွေနဲ့ ယှဉ်ရင် အဆမတန် နည်းပါးသည်။ မကြာခင်မှာပင် သူမသည် လူတွေရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
"နောက်ထပ် ပြေးဦးမလား?"
"ဒါ ငါတို့ နယ်မြေပဲ၊ မင်း နားမလည်သေးဘူးနဲ့တူတယ်"
"ဘယ်လောက် ဝေးဝေးပြေးပြေး ငါတို့ဆီက မလွတ်ဘူး"
"လိမ္မာပါးနပ်စွာနဲ့ပဲ ငါတို့ သူဌေးဆီ ပြန်လိုက်ခဲ့တော့!"
ကောင်မလေး၏ မျက်နှာသည် ကြောက်လန့်နေတဲ့ ကြောင်ပေါက်လေးတစ်ကောင်လို ဖြူရော်နေသည်။ သူမရဲ့ ကြောက်ရွံ့နေတဲ့ မျက်လုံးတွေရှေ့မှာ ထိုလူတွေက သူမကို ဖမ်းဆီးဖို့ လက်တွေကို ဆန့်တန်းလိုက်ကြသည်။
"မိုးကြိုးဓားချက် ဝှိုက်ဘလိတ်ဒ်!"
ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ကောင်မလေးရှေ့မှာ အဖြူရောင်စွမ်းအင်တန်းတွေ လွင့်ပျံ့သွားကာ ချွန်ထက်တဲ့ ဓားချက်အရှိန်အဟုန်က နေရာအနှံ့သို့ ပြန့်နှံ့သွားတော့သည်။