အခန်း(၁၅)- မိစ္ဆာကောင်၏တိုက်ခိုက်မှု
"ရွာလူကြီး... ခင်ဗျားကတော့ ဟိုကောင်လေးက ငါတို့ရွာကို ကာကွယ်ပေးလိမ့်မယ်လို့ပဲ တတွတ်တွတ် ပြောနေတာ၊ အခုလို အရေးကြီးတဲ့ အချိန်ကျတော့ သူ့အရိပ်အယောင်တောင် မမြင်ရပါလားဗျာ၊၊"
"ဟုတ်တယ်ဗျ၊ အဲဒီကောင် တိတ်တဆိတ် ထွက်ပြေးသွားတာ ကြာလှရောပေါ့၊၊"
"သူက အလကား အချောင်နှိုက်တဲ့ ကောင်ပဲ၊၊"
ရွာသားအားလုံး၏ ဝိုင်းဝန်းမေးမြန်းမှုများကြောင့် ဖာမာ ပင်လျှင် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်၊၊ သူသည် လေယင်းအပေါ် အလွန်တရာ ယုံကြည်ကိုးစားခဲ့သည် မဟုတ်ပါလား၊၊ မိမိ၏ သမီးပျိုနှင့်ပင် ပေးစားရန် စိတ်ကူးခဲ့သူဖြစ်ရာ ထိုကောင်လေးက မိမိကို ဤသို့ ပစ်ပယ်သွားလိမ့်မည်ဟုမထင်။အကယ်၍သာ ထိုသို့ တကယ်ဖြစ်ခဲ့လျှင် သူသည် လူမွဲကို လူတော်မှတ်ပြီး လူမှားယုံခဲ့မိသည့် မိမိ၏ မျက်စိမွဲမှုကိုသာ အပြစ်တင်ရပေလိမ့်မည်၊၊
ဖာမာက သမီးဖြစ်သူ ဗာဒန်အား "ဗာဒန်... သမီး တောင်နောက်ဖေးဘက်ကို သွားပြီး လေယင်းကို နောက်တစ်ခေါက်လောက် ထပ်ရှာကြည့်ပါဦး၊ အကယ်၍ တွေ့ခဲ့ရင် ဒီက အခြေအနေတွေကို သူ့ကို အမြန်ပြောပြလိုက်ပါ၊၊" ဟု စေခိုင်းလိုက်သည်၊၊
ဗာဒန်သည် ခေါင်းငြိတ်ကာ ရွာနောက်ဖေးရှိ တောင်တန်းများဆီသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်၊၊
ထိုအချိန်တွင် အန်ဒါဆန်၏ ပင်လယ်ဓားပြအဖွဲ့သည် ကျွန်းပေါ်သို့ တက်ရောက်လာခဲ့ပြီ ဖြစ်သည်၊၊ အန်ဒါဆန်သည် သူ၏ညီဖြစ်သူလောက် အရပ်မရှည်သော်လည်း ၁.၉ မီတာခန့် မြင့်မားသဖြင့် သာမန်လူများနှင့် ယှဉ်လျှင်မူ ထောင်ထောင်မောင်းမောင်းကြီး ဖြစ်နေဆဲပင်၊၊ သူ၏ ကြွက်သားအမြောင်းမြောင်းနှင့် တောင့်တင်းလှသော ခန္ဓာကိုယ်၊ ၎င်းအပြင် သူပိုင်ဆိုင်ထားသော နတ်ဆိုးအသီးစွမ်းရည်တို့ကြောင့် ရွာသူရွာသားများသည် ယနေ့တွင် မိမိတို့ ရွာကလေး ဘေးဆိုးနှင့် တိုးပြီဟု စိုးရိမ်ရေမှတ်သို့ ရောက်ရှိသွားကြသည်၊၊ ထို့အပြင် အန်ဒါဆန် ခေါ်ဆောင်လာသော လူအင်အားမှာ ရွာသားများထက် နှစ်ဆမက များပြားလှသဖြင့် အန်ဒါဆန် ကိုယ်တိုင် လက်ဖျားနှင့်မျှ မတို့လျှင်ပင် ရွာသားများဘက်မှ အနိုင်ရရန် အခွင့်အလမ်း လုံးဝ မရှိသလောက်ပင် ဖြစ်သည်၊၊
နှစ်ဖက်အဖွဲ့သည် ထိပ်တိုက် ရင်ဆိုင်လျက် ရှိနေကြပြီး အန်ဒါဆန်က ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် "ဖာမာ... ငါ ခရီးထွက်နေတဲ့ အချိန်မှာ မင်းတို့က ငါ့ညီကို သတ်ပစ်လိုက်တယ်ပေါ့လေ၊ ငါကတော့ ဒါကို ဘာမှမဖြစ်ခဲ့သလိုမျိုး မျက်စိမှိတ် မနေနိုင်ဘူးနော်၊၊" ဟု ဟိန်းဟောက်လိုက်သည်၊၊
ဖာမာသည် တိတ်ဆိတ်စွာ နေခဲ့သည်၊၊ ထိုအချိန်တွင် စိတ်မထိန်းနိုင်တော့သော ရွာသားတစ်ဦးက "အန်ဒါဆန်... မင်းညီကို သတ်တာ ငါတို့ မဟုတ်ဘူးဗျ၊ လေယင်း လို့ ခေါ်တဲ့ အပြင်က လာတဲ့ ကောင်လေး သတ်တာ၊၊" ဟု ကမူးရှူးထိုး အော်ပြောတော့သည်၊၊
"ဟုတ်တယ်ဗျ... ငါတို့နဲ့ လုံးဝမဆိုင်ပါဘူး၊၊"
အန်ဒါဆန်၏ မျက်နှာမှာ ပိုမိုခက်ထန်သွားပြီး "အေး... ဒါဆိုရင် မင်းတို့ပြောတဲ့ ကောင်လေးက အခု ဘယ်မှာလဲ၊၊" ဟု မေးလိုက်သည်၊၊
လူတိုင်း အချင်းချင်း မျက်လုံးပြူးကြည့်လိုက်ကြပြီး "အဲဒီကောင်လေး... သူ ထွက်ပြေးသွားပြီ ထင်တယ်..." ဟု တိုးတိုးတိတ်တိတ် ဆိုကြသည်၊၊
မမျှော်လင့်ဘဲ အန်ဒါဆန်က တဟားဟား လှောင်ရယ်လိုက်ပြီး "မင်းတို့က ငါ့ကို လာပြီး ပြက်လုံးထုတ်နေတာလား၊၊"
ရွာခွဲလူကြီးကလည်း ရှေ့သို့လှမ်းကာ "မဟုတ်ပါဘူး၊ ဒါ အမှန်တရားပါဗျာ၊ အဲဒီလို ကောင်လေးတစ်ယောက် တကယ်ရှိခဲ့တာပါ၊ သူပဲ အန်ဒရင့်ကို သတ်လိုက်တာ..." ဟု ဝိုင်းဝန်း ရှင်းပြသည်၊၊
"ကဲ... မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါက ဘယ်လိုလုပ် ယုံရမှာလဲ၊ မင်းတို့က ငါ့ညီကို သတ်ပြီးတော့ ဘယ်သူမှန်းမသိတဲ့ ကောင်ပေါ် အပြစ်ပုံချတယ်၊ ပြီးတော့ အဲဒီလူက ထွက်ပြေးသွားတယ် ဟုတ်လား၊ ငါကသာ မင်းတို့ကို အဲဒီလို လာပြောရင် မင်းတို့ကော ယုံမှာလား၊၊"
အန်ဒါဆန်၏ တုံ့ပြန်မှုကို ရွာသူရွာသားများအနေဖြင့် မည်သို့မျှ ပြန်လည် မချေပနိုင်ကြတော့ချေ၊၊ ၎င်းတို့ ပြောသမျှသည် ရာနှုန်းပြည့် အမှန်တရား ဖြစ်သော်လည်း သူတစ်ပါး နားထောင်လျှင်မူ ဆင်ခြေဆင်လက် လိမ်ညာနေသကဲ့သို့ ထွက်ပေါ်နေသည် မဟုတ်ပါလား၊၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ဘာမျှ မတတ်နိုင်တော့ချေ၊၊ အန်ဒါဆန်၏ အမူအရာကို ကြည့်ရုံဖြင့် မိမိညီအတွက် တရားမျှတမှု မရမချင်း ဤကိစ္စကို လုံးဝ လက်လျှော့မည် မဟုတ်ကြောင်း သိသာလှသည်၊၊
ဖာမာက ရှေ့သို့တိုးကာ "အန်ဒါဆန်... မင်း ငါတို့ကို လွှတ်ပေးဖို့အတွက် ဘာကို လိုချင်တာလဲ၊၊" ဟု မေးလိုက်သည်၊၊
သူ၏ စကားကို ကြားလိုက်ရသည့်အခါ အန်ဒါဆန်က တဟားဟားနှင့် ထပ်မံ လှောင်ရယ်ပြန်သည်၊၊
"ဟားဟားဟား... ဒါပေါ့ဗျာ၊ ခင်ဗျားက ရွာလူကြီးဆိုတော့ တကယ့်ကို အမြင်ရှိတဲ့သူပဲ၊ သာမန်လူတွေထက် အခြေအနေကို ပိုနားလည်သားပဲ၊၊ ကောင်းပြီလေ... ငါ့ညီ အန်ဒရင့် အသတ်ခံရတဲ့ ကိစ္စကို ငါ မျက်စိမှိတ်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ မင်းတို့ဘက်က ငါ့ရဲ့ အခြေအနေ နှစ်ခုကို သဘောတူရမယ်၊၊"
အန်ဒါဆန်က ဤသို့ ပြောသည်ကို ကြားလိုက်ရသည့်အခါ ရွာသူရွာသားများ၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားကြသည်၊၊ ဤကိစ္စမှာ ညှိနှိုင်း၍ ရနိုင်သေးသည်ဟု ထင်မြင်မိသောကြောင့် ဖြစ်သည်၊၊
ဖာမာသည်လည်း သက်ပြင်းချလျက် "ပြောပါဦး... ဘာတွေလဲ၊၊"
အန်ဒါဆန်သည် သူ၏ လက်ညှိုးကို ထောင်ပြလိုက်ပြီး "ပထမအချက်က... ရွာသားတစ်ယောက်ချင်းစီ တင်ပြရမယ့် ဆက်ကြေးကို တစ်လကို ဘီလီ ငါးသောင်း အထိ တိုးမြှင့်ရမယ်၊၊"
ဘီလီ ငါးသောင်း ဟုတ်လား၊၊ ဤသည်မှာ မူလပမာဏထက် ငါးဆမျှ ပိုမိုများပြားသွားခြင်း ဖြစ်ရာ ရွာသူရွာသားများ၏ မျက်နှာမှာ ဖြူဖျော့ကုန်ကြတော့သည်၊၊ ဖာမာကမူ တည်ငြိမ်စွာဖြင့်ပင် "ဒုတိယအချက်ကကော ဘာလဲ၊၊" ဟု မေးသည်၊၊
အန်ဒါဆန်သည် ယုတ်မာကောက်ကျစ်သော အကြည့်ဖြင့် စိုက်ကြည့်ကာ "ဒုတိယအချက်ကတော့... ခင်ဗျားရဲ့သမီး ဗာဒန်နဲ့ ဟိုရွာခွဲလူကြီးရဲ့ သမီး ဂျင်းနီတို့ကို ငါနဲ့အတူ လိုက်ခဲ့ခိုင်းရမယ်၊၊"
"ဘာကြီးဗျာ..."
ဤသည်ကို ကြားလိုက်ရသည့်အခါ ဖာမာ အလွန်တရာ ဒေါသထွက်သွားရသည်၊၊
"ငါ့သမီးနဲ့ ရွာခွဲလူကြီးရဲ့ သမီးက အသက် တစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတာ၊ မင်းတို့ဆီကို ဘယ်လိုလုပ် ထည့်ပေးလိုက်နိုင်မှာလဲ၊၊ ပြီးတော့ တစ်ယောက်ကို တစ်လ ဘီလီ ငါးသောင်းဆိုတာ... ငါတို့ ထမင်းမစား ရေမသောက်ဘဲ နေရင်တောင် အိမ်ထောင်စုတစ်စုအနေနဲ့ အဲဒီလောက် ငွေပမာဏကို ရှာဖွေစုဆောင်းနိုင်မှာ မဟုတ်ဘူး၊၊"
အန်ဒါဆန်က ပြုံးလျက် "ဒါတွေ ငါ ဂရုမစိုက်ဘူး၊ ဟို အချောအလှလေး ဗာဒန်ကို ငါ စိတ်ကူးယဉ်နေတာ ကြာပြီ၊ ပြီးတော့ ဂျင်းနီကလည်း တကယ့် အလှပန်းလေးပဲ၊ မင်းတို့က ငါ့ညီကို သတ်ပစ်ခဲ့တာဆိုတော့ ဒါက မင်းတို့ ငါ့ကို ပြန်ပေးဆပ်ရမယ့် အကြွေးပဲ၊၊" ဟု ဆိုသည်၊၊
ဤနေရာသို့ ရောက်သည့်အခါတွင်မူ အန်ဒါဆန်၏ တကယ့်ရည်ရွယ်ချက်မှာ သူ၏ညီဖြစ်သူအတွက် ကလဲ့စားချေရန် မဟုတ်ဘဲ ရွာသူရွာသားများထံမှ ပိုမိုကြီးမားသော အကျိုးအမြတ်ကို မတရား ခေါင်းပုံဖြတ် ရယူလိုခြင်းသာ ဖြစ်ကြောင်း ဖာမာ သဘောပေါက်လိုက်သည်၊၊ တစ်နည်းအားဖြင့် အန်ဒါဆန်သည် သူ၏ညီဖြစ်သူ အန်ဒရင့် သေဆုံးမှုအပေါ် အနည်းငယ်မျှပင် ဝမ်းနည်းကြေကွဲခြင်း မရှိဘဲ၊ ဤအချက်ကို အသုံးချကာ ရွာသားများကို ခြိမ်းခြောက် ငွေညှစ်နေခြင်းသာ ဖြစ်သည်၊၊ သူသည် တကယ့်ကို ယုတ်မာကောက်ကျစ်သော လူစားမျိုး ဖြစ်သည်၊၊ အကယ်၍သာ မိမိ၏ သမီးပျိုကို အန်ဒါဆန်ထံသို့ ထည့်ပေးလိုက်မည်ဆိုပါက သမီးဖြစ်သူကို မီးပုံထဲသို့ အတင်းတွန်းပို့လိုက်သည်နှင့် ဘာထူးပါမည်နည်း၊၊
ဖာမာသည် အန်ဒါဆန်နှင့် ဆန့်ကျင်ဘက်ဖြစ်ရာ မိမိ၏ သမီးလေးကို အနည်းငယ်မျှ ထိခိုက်နာကျင်စေမည့်အစား မိမိကိုယ်တိုင် ရက်ရက်စက်စက် အသတ်ခံရခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်၊၊ ထိုသို့ တွေးတောပြီးနောက် ဖာမာသည် ခါးမှ ဓားကို ဆွဲထုတ်လိုက်ပြီး အန်ဒါဆန်၏ ထံသို့ တည့်တည့်ချိန်ရွယ်ကာ အော်ဟစ်လိုက်သည်၊၊
"မင်းလို မိစ္ဆာကောင်... ဒီလိုအရာမျိုးကို စိတ်ကူးတောင် မယဉ်နဲ့၊ ငါကိုယ်တိုင် ငရဲပြည် ရောက်သွားပါစေဦး... ငါ့သမီးကိုတော့ ဘယ်လိုနည်းနဲ့မှ အထိခိုက် မခံနိုင်ဘူး၊၊"
ဖာမာသည် တိုက်ခိုက်ရေးသမားကောင်း တစ်ဦးမဟုတ်သော်လည်း အလွန်တရာ သတ္တိပြောင်မြောက်သူ ဖြစ်သည်၊၊ သူသည် ရိုးသားဖြူစင်ပြီး ကြံ့ခိုင်သူ ဖြစ်သည်၊၊ မိမိ၏ သမီးကို အသက်ထက်မက ချစ်မြတ်နိုးပြီး လူသားချင်းအပေါ် ခြွင်းချက်မရှိ ယုံကြည်တတ်သူ ဖြစ်သောကြောင့် ရွာသူရွာသားများ၏ လေးစားချစ်ခင်မှုကို အပြည့်အဝ ရရှိထားခြင်း ဖြစ်သည်၊၊
"အဖိုးကြီး... မင်းက တော်တော်လေး သတ္တိရှိသားပဲ၊ ဒါဆိုရင်တော့ ငါ မင်းတို့အားလုံးကို သတ်ပစ်ပြီး အဲဒီ ဗာဒန်ဆိုတဲ့ ကောင်မလေးကို အတင်းအဓမ္မ လုယူရတော့မှာပေါ့..." အန်ဒါဆန်က ယုတ်မာသော အပြုံးဖြင့် ဆိုသည်၊၊
ဖာမာသည် ဤယုတ်မာသူနှင့် တိုက်ခိုက်ရင်း မိမိ အသက်ဆုံးရှုံးသွားပါက သမီးဖြစ်သူ၏ အသက်ကို ဘေးကင်းစေနိုင်လိမ့်မည်ဟု ထင်မြင်ခဲ့မိသည်၊၊ သို့သော်လည်း ဤလူရမ်းကားသည် ဗာဒန်အပေါ်တွင်မူ လုံးဝ လက်လွှတ်မည့်ပုံ မပေါ်ချေ၊၊ ဤသည်မှာ ဗာဒန်တစ်ယောက် အလွန်တရာ လှပချောမောလွန်းနေခြင်းကြောင့် ဖြစ်ရာ မည်သို့မျှ မတတ်နိုင်တော့ချေ၊၊
အန်ဒါဆန်က တိုက်ခိုက်ရန် အမိန့်ပေးတော့မည့် အချိန်မှာပင် ဆိပ်ကမ်းသို့ သင်္ဘောသုံးစင်း ဆိုက်ရောက်လာခဲ့သည်၊၊ လေယင်း ရောက်လာခြင်းလော၊၊ မဟုတ်ပါချေ၊၊ ၎င်းတို့သည် သတင်းကြားသိရသဖြင့် ကူညီရန် ရောက်ရှိလာကြသော အနောက်ရွာမှ ရွာသူရွာသားများ ဖြစ်ကြသည်၊၊ ရွာနှစ်ရွာသည် ရှေးယခင်ကတည်းက အလွန်တရာ စည်းလုံးညီညွတ်ကြပြီး ရွာတစ်ရွာ ပျက်စီးပါက ကျန်တစ်ရွာလည်း ပျက်စီးရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားကြသည်၊၊ အကယ်၍ အရှေ့ရွာသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံရပါက အနောက်ရွာသည်လည်း နောက်ထပ် သတ်ဖြတ်ခံရမည့် စာရင်းထဲတွင် ပါဝင်နေသည် မဟုတ်ပါလား၊၊
အနောက်ရွာမှ လူများ ရောက်ရှိလာခြင်းကြောင့် ပင်လယ်ဓားပြများနှင့် ရွာသားများ၏ လူအင်အားမှာ မတိမ်းမယိမ်း ဖြစ်သွားတော့သည်၊၊ သို့သော်လည်း ဤသည်မှာ ဘာမျှ အသုံးမဝင်လှချေ၊၊ အခြေအနေကို နားလည်သူတိုင်းသည် လူအင်အားချင်း တူညီနေစေကာမူ သေဆုံးမည့်သူ အရေအတွက်သာ ပိုမိုများပြားလာလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာ ရိပ်မိကြသည်၊၊
အနောက်ရွာမှ ရွာသားများ ရောက်ရှိလာသည်နှင့် တပြိုင်နက် "ဝံပုလွေဆိုး ပင်လယ်ဓားပြဂိုဏ်း" ကို ဝိုင်းဝန်းပိတ်ဆို့လိုက်ကြသည်၊၊ ဤသည်ကို ကြည့်ပြီး အန်ဒါဆန်က အထင်သေးသော လေသံဖြင့် လှောင်ရယ်လိုက်သည်၊၊
"ကြည့်ရတာ ဒီနေ့ သေမယ့်လူတွေ ပိုပြီး များလာတော့မယ့် ပုံပဲ၊၊"
ထို့နောက်တွင်မူ ပင်လယ်ဓားပြများနှင့် ရွာသူရွာသားများသည် အပြန်အလှန် လုံးထွေး တိုက်ခိုက်ကြတော့သည်၊၊ ခဏချင်းအတွင်းမှာပင် ဆူညံလှသော အော်ဟစ်သံများ၊ သတ်ဖြတ်သံများနှင့် ဓားချင်း ရိုက်ခတ်မိသံများမှာ ဟိန်းထွက်သွားတော့သည်၊၊ ရွာသူရွာသားများသည် ဝံပုလွေဆိုး ပင်လယ်ဓားပြများကို အသားလွတ် ရန်စလိုခြင်း မဟုတ်ဘဲ အသက်ရှင်သန်ခွင့် ရရှိရန်အတွက်သာ ရုန်းကန်နေကြခြင်း ဖြစ်သည်၊၊ မိမိတို့ကို အသက်ရှင်သန်ခွင့်ပင် မပေးတော့သည့်အဆုံးတွင်မူ ၎င်းတို့လည်း သေရိုးသေစဉ် အသက်စွန့်၍ တိုက်ခိုက်ကြတော့သည်၊၊
အန်ဒါဆန်သည်လည်း လူအုပ်ကြီးထဲသို့ အကြမ်းပတမ်း တိုးဝင်လာခဲ့သော်လည်း မီလာက ရှေ့ကပိတ်၍ တားဆီးလိုက်သည်၊၊
"မင်းရဲ့ ပြိုင်ဘက်က ငါကွ၊၊"
မီလာကို မြင်ရသည့်အခါ အန်ဒါဆန်က အေးစက်စွာ ပြုံးလျက် "မင်းက ဟို 'အုပ်ထိန်းသူ' ဆိုတဲ့ကောင်လား၊ ကြည့်ရအောင်... မင်း ဒီလူတွေကို ဘယ်လောက်ကြာကြာအထိ ကာကွယ်ပေးနိုင်မလဲဆိုတာ..." ဟု ဆိုကာ၊ အန်ဒါဆန်နှင့် မီလာတို့သည် ပြင်းထန်စွာ ထိပ်တိုက်တွေ့ တိုက်ခိုက်ကြတော့သည်၊၊
ထိုအချိန်တွင် တောင်နောက်ဖေးမှ ပြန်ပြေးလာသော ဗာဒန်သည် လမ်းခုလတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊၊ သူမသည် အချင်းချင်း သွေးချောင်းစီး တိုက်ခိုက်နေကြသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ် သွားရပြီး "တိုက်ပွဲက... စတင်နေပြီလား..." ဟု ရင်တထိတ်ထိတ်ဖြင့် ရေရွတ်မိတော့သည်၊၊