အခန်း(၁၄)- အပစ်ကင်းစင်သောဂျင်းနီ
ထိုသို့ဖြင့် ရွာလူကြီး ဖာမာ က ဝင်ရောက်ဖျန်ဖြေပေးလိုက်သောကြောင့် လေယင်း နှင့် မီလာတို့၏ တိုက်ပွဲမှာ ရပ်တန့်သွားခဲ့ရသည်၊၊ စုရုံးနေသော လူအုပ်ကြီးသည်လည်း တဖြည်းဖြည်းချင်း လူစုကွဲသွားကြတော့သည်၊၊ လေယင်းသည် ထိုလူများကို အာရုံမစိုက်တော့ဘဲ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရန် ရွာနောက်ဖေးရှိ တောင်တန်းများဆီသို့ ထွက်ခွာလာခဲ့သည်၊၊
တောင်ပေါ်သို့ ရောက်သည့်အခါ လေယင်းသည် သူ၏လက်ဖဝါးပေါ်တွင် ချက်ကရာများကို စုစည်းလိုက်ပြီး လုံးဝန်းပြည့်စုံသော စွမ်းအင်လုံးတစ်လုံးအဖြစ် ပုံဖော်နိုင်ခဲ့ပြီ ဖြစ်သည်၊၊ ယင်းနောက်တွင် သူသည် လက်ထဲရှိ ချက်ကရာစွမ်းအင်လုံးကို မတူညီသော လားရာများသို့ လည်ပတ်စေခြင်းဖြင့် အရပ်မျက်နှာအနှံ့သို့ လေပွေလှိုင်းငယ်များကို ဖြစ်ပေါ်စေခဲ့သည်၊၊ ဤသည်မှာ အပြင်ပန်းကြည့်လျှင် ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်နေသော်လည်း အမှန်စင်စစ်မူ ပြင်းထန်လှသော စွမ်းအင်များကို သိုအောင်းထားခြင်း ဖြစ်သည်၊၊
ဤရက်ပိုင်းအတွင်း အန်ဒါဆန်မှာ နယ်မြေအသစ် ရှာဖွေရန် ခရီးထွက်နေခဲ့သဖြင့် ပြန်မလာသေးချေ၊၊ ရွာကလေးမှာ အပြင်ပန်းအားဖြင့် အေးချမ်းသာယာနေသော်လည်း ရွာသူရွာသားများမှာမူ အိုးဝေခွက်ဝေ ဖြစ်နေကြပြီး ဒယ်အိုးပူပေါ်က ပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်ပူပန်နေကြရရှာသည်၊၊ လေယင်းကမူ ဖာမာ့အိမ်တွင်ပင် တည်းခိုစားသောက်ရင်း နေ့စဉ်မပြတ် လေ့ကျင့်မှုများကိုသာ အာရုံစိုက်လုပ်ဆောင်နေခဲ့သည်၊၊
တစ်နေ့တွင် ညစာစားနေစဉ် ဖာမာက လေယင်းအား "မောင်ရင် လေယင်း... အန်ဒါဆန်ကို သေသေချာချာ အနိုင်ယူပြီး 'ဝံပုလွေဆိုး ပင်လယ်ဓားပြဂိုဏ်း' ကို အမြစ်ပြတ်အောင် နှိမ်နင်းပေးပါဦးဗျာ၊၊ ငါကတော့ မောင်ရင့်ကိုပဲ လုံးဝ ပုံအပ်ယုံကြည်ထားပါတယ်၊၊" ဟု အားကိုးတကြီး ပြောရှာသည်၊၊
ဖာမာ၏ ခြွင်းချက်မရှိ ယုံကြည်မှုကို မြင်ရသည့်အခါ လေယင်းလည်း စိတ်လှုပ်ရှားသွားရပြီး "စိတ်ချပါ ရွာလူကြီး၊၊ ငါ ကတိပေးထားတဲ့အတိုင်း အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်၊၊" ဟု ကတိပြုလိုက်သည်၊၊
တစ်ဖက်တွင်လည်း ဗာဒန်သည် လေယင်း၏ တည်ရှိမှုကို တဖြည်းဖြည်းချင်း ကျင့်သားရလာပုံ ပေါ်သည်၊၊ သူမသည် လေယင်းအပေါ် အရင်ကလောက် ရန်လိုခြင်း မရှိတော့ချေ၊၊ သို့သော်လည်း လေယင်းအနေဖြင့် အန်ဒါဆန်ကို အနိုင်ယူနိုင်လိမ့်မည်ဟုမူ လုံးဝ မယုံကြည်သေးပါချေ၊၊
"မောင်ရင် လေယင်း..." ဖာမာသည် အသံကို နှိမ့်ချလိုက်ပြီး လျှို့ဝှက်စွာ ခေါ်လိုက်သည်၊၊
"ဗျာ..."
ဖာမာသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် "မောင်ရင်သာ အန်ဒါဆန်ကို အနိုင်ယူပေးနိုင်မယ်ဆိုရင် ငါ့သမီး ဗာဒန်နဲ့ လက်ထပ်ထိမ်းမြားပေးပါ့မယ်၊၊" ဟု ဆိုတော့သည်၊၊
ထိုစကားကြောင့် လေယင်း၏ ပါးစပ်ထဲရှိ ထမင်းလုံးများပင် ဖျန်းခနဲ ပန်းထွက်ကုန်ရသည်၊၊ သူသည် လက်ကို တဒေါက်ဒေါက် ခါယမ်းရင်း "ဟာ... မဟုတ်တာ၊ မဟုတ်တာ ရွာလူကြီးရာ၊၊ ငါ အန်ဒါဆန်ကို နိုင်ရင်တောင် မင်းတို့ဆီက ထမင်းတစ်လုံးတောင် ပိုပြီး မတောင်းပါဘူး..." ဟု ပြာပြာသလဲ ငြင်းဆိုလိုက်သည်၊၊
ဗာဒန်သည် စိတ်ဆိုးမာန်ဆိုးဖြင့် နှာမှုတ်လိုက်ပြီး "ဟေ့... မင်းက ဘာသဘောနဲ့ ပြောတာလဲ၊၊ ငါ့အဖေက အတင်းအကျပ် ဇွတ်ပေးစားရင်တောင် မင်းလို လူအနဲ့ ငါ ဘယ်တော့မှ လက်မထပ်ဘူး၊၊ အဲဒီလိုကိစ္စမျိုး ဘယ်တော့မှ ဖြစ်မလာစေရဘူး၊၊" ဟု ဒေါသတကြီး အော်ဟစ်တော့သည်၊၊
လေယင်း၏ စကားကို ကြားလိုက်ရသည့်အခါ ဗာဒန် အလွန်အမင်း စိတ်ဆိုးသွားခြင်း ဖြစ်သည်၊၊ ဤသည်မှာ သူမက လေယင်းကို သဘောကျနေ၍ မဟုတ်ဘဲ မိမိ၏ ရုပ်ရည်အလှအပအပေါ် လုံးဝ ယုံကြည်ချက် မြင့်မားနေသောကြောင့် ဖြစ်သည်၊၊ အမှန်စင်စစ် သူမသည် ဧကန်မုချ အလွန်တရာ လှပချောမောသူ ဖြစ်သည်၊၊ သူမကို "အလှနတ်သမီး" ဟု တင်စားလျှင်ပင် လွန်အံ့မထင်ချေ၊၊ သူမသည် ရွာနှစ်ရွာလုံးရှိ အမျိုးသားများစွာ၏ စိတ်ကူးယဉ် အိမ်မက် ဖြစ်သည် မဟုတ်ပါလား၊၊ အကယ်၍သာ ထိုအမျိုးသားများသည် ရွာလူကြီး၏ စကားကို ကြားရပါက ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ သဘောတူကြမည်ဖြစ်ပြီး ရက်ပေါင်းများစွာ အိပ်ပျော်နိုင်ကြတော့မည် မဟုတ်ချေ၊၊ သို့သော်လည်း လေယင်းဟူသော ဤကောင်လေးကမူ ထိုကမ်းလှမ်းချက်ကို ချက်ချင်း ငြင်းပယ်လိုက်သည်၊၊ ဗာဒန်အတွက်မူ ဤသည်မှာ မိမိ၏ အလှအပကို စော်ကားလိုက်ခြင်း ဖြစ်ရာ သူမ မည်သို့လျှင် စိတ်မဆိုးဘဲ နေနိုင်ပါမည်နည်း၊၊
ဗာဒန်၏ မာနခဲလေးမှာ ကြေမွသွားရသဖြင့် သူမသည် ဖာမာ့ဘက်သို့ လှည့်ကာ "အဖေ... အဖေက သူ့ကို ဘာလို့ ဒီလောက်တောင် ယုံကြည်နေရတာလဲ၊၊ သမီးအမြင်ပြောရရင် ဒီကောင်က အန်ဒါဆန်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ အန်ဒါဆန်က သူ့ကို သတ်ပစ်လိမ့်မယ်၊၊" ဟု စိတ်ဆိုးမာန်ဆိုး ပြောဆိုတော့သည်၊၊
ဗာဒန်၏ စကားကို ကြားရသည့်အခါ လေယင်းကမူ ရယ်မော၍သာ ကျော်ဖြတ်လိုက်သည်၊၊
ဗာဒန်နှင့် ဆန့်ကျင်ဘက်အနေဖြင့် လေယင်းသည် ရွာခွဲလူကြီး၏ သမီးဖြစ်သူ ဂျင်းနီအပေါ်တွင်မူ သဘောကျမိသည်၊၊ သူမသည် အသက် တစ်ဆယ့်ငါးနှစ်ခန့်သာ ရှိသေးပြီး ချစ်စဖွယ် ကောင်းလှသော မိန်းကလေးငယ်လေး ဖြစ်သည်၊၊ လေယင်း၏ မျက်စိထဲတွင်မူ သူမသည် အလွန်တရာ အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်သော မိန်းကလေးတစ်ဦး ဖြစ်သည်၊၊
ဂျင်းနီနှင့် လေယင်းတို့ စတင်သိကျွမ်းခဲ့ရခြင်းမှာ ဂျင်းနီ စွန်လွှတ်နေစဉ် စွန်ကြိုးပြတ်ကာ သစ်ကိုင်းပေါ်၌ တင်ကျန်နေခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ ထိုအချိန်တွင် လေယင်းသည် တောင်ပေါ်မှ လေ့ကျင့်ပြီး ပြန်ဆင်းလာချိန်နှင့် အမှတ်မထင် တိုက်ဆိုင်သွားခဲ့သည်၊၊
ဂျင်းနီက လေယင်းကို မြင်သည်နှင့် တပြိုင်နက် "အစ်ကိုကြီး... သမီးကို ဟိုစွန်လေး ဆွဲချပေးလို့ ရမလားဟင်၊၊" ဟု လှမ်း၍ အကူအညီတောင်းရှာသည်၊၊
လေယင်းသည် စကားတစ်ခွန်းမျှမဆိုဘဲ သူ၏ ညာလက်ညှိုးနှင့် လက်ခလယ်တို့တွင် ချက်ကရာများကို ချက်ချင်း စုစည်းလိုက်သည်၊၊
"ဓားသွားဖြူ၊၊"
ဖြူစင်သော အလင်းတန်းက သစ်ကိုင်းကို ဖြတ်တောက်လိုက်သဖြင့် စွန်ကလေးသည် သစ်ပင်ပေါ်မှ ဝဲပျံကျလာခဲ့သည်၊၊ ဂျင်းနီသည် မြေပြင်မှ စွန်ကလေးကို ကောက်ယူလိုက်ရသဖြင့် အလွန်တရာ ပျော်ရွှင်သွားရှာသည်၊၊ သူမသည် စွန်ကလေးကို ပွေ့ပိုက်လျက် လေယင်း၏ အနားသို့ ခုန်ဆွခုန်ဆွဖြင့် လျှောက်လာပြီး "အစ်ကိုကြီးက တကယ့်ကို တော်တာပဲ၊ အစ်ကိုကြီး နာမည်က ဘယ်သူလဲဟင်၊၊" ဟု မေးသည်၊၊
"လေယင်း လို့ ခေါ်တယ်၊၊"
"ဪ... ဒါဆိုရင် လေယင်းအစ်ကိုကြီး သမီးနဲ့အတူ စွန်လိုက်လွှတ်ပေးပါလားဟင်၊၊"
"အဲဒါကတော့..." လေယင်းအနေဖြင့် ဤအခြေအနေကို ရင်ဆိုင်ရသည်မှာ အနည်းငယ် အကျပ်ရိုက်သွားရသည်၊၊ သူသည် တောင်ပေါ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်လာခဲ့ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ချွေးဒေါပြိတ်မွမ်းနေပြီး ဖာမာ့အိမ်သို့ ပြန်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်၊၊ သို့သော်လည်း လမ်းခုလတ်၌ ဤကဲ့သို့ ချစ်စဖွယ် ကောင်မလေးငယ်လေးနှင့် တိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ၊၊
လေယင်းဘက်မှ ဘာမျှ ပြန်မပြောသည်ကို မြင်ရသည့်အခါ ဂျင်းနီသည် သူ၏လက်မောင်းကို ဆွဲကိုင် လှုပ်ယမ်းလျက် "အစ်ကိုကြီးက တော်ရက်သားနဲ့၊ သမီးနဲ့ ခဏလောက် ကစားပေးပါဦးနော်၊၊" ဟု ပူဆာတော့သည်၊၊ သူမက လေယင်းကို တတွတ်တွတ် ပူဆာနေသဖြင့် လေယင်းလည်း မငြင်းသာတော့ဘဲ "ကောင်းပြီ... ကောင်းပြီလေ..." ဟု သဘောတူလိုက်ရတော့သည်၊၊
ထိုနေ့မှစ၍ ဂျင်းနီသည် လေယင်းထံသို့ အမြဲလာရောက် ကစားလေ့ရှိသည်၊၊ ဂျင်းနီ၏ အပြစ်ကင်းစင်ပြီး ချိုသာလှသော အမူအရာကို လေယင်းအနေဖြင့် မငြင်းပယ်ဝံ့ပါချေ၊၊ ဗာဒန်သည်လည်း မျက်စိကန်းနေသူ မဟုတ်သဖြင့် ဤအခြင်းအရာကို နေ့စဉ်ရက်ဆက် မြင်တွေ့နေရသည်၊၊ လေယင်းနှင့် ဂျင်းနီတို့ အတူရှိနေသည်ကို မြင်ရတိုင်း မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမ၏ ရင်ထဲတွင် တင်းကျပ်မွန်းကြပ်မှုကို ခံစားရလေ့ရှိသည်၊၊
တစ်နေ့တွင် ဗာဒန်သည် ဆက်လက်၍ မအောင့်အီးနိုင်တော့ဘဲ လေယင်း၏ ရှေ့သို့ ချက်ချင်း သွားရောက်ကာ "လေယင်း... အဖေက မင်းကို ဒီမှာနေခိုင်းတာက အန်ဒါဆန်ကို တိုက်ခိုက်ဖို့ သက်သက်ပဲ၊ မိန်းကလေးတွေနဲ့ လာပြီး အချိန်ဖြုန်းနေဖို့ မဟုတ်ဘူး၊၊" ဟု စိတ်ဆိုးမာန်ဆိုး ပြောဆိုတော့သည်၊၊
လေယင်းကမူ "ဒါ ငါ့ဘာသာငါ ဆုံးဖြတ်ရမယ့် ကိစ္စလေ၊ ဟုတ်တယ်မလား၊၊ ပြီးတော့ အခုလောလောဆယ် အန်ဒါဆန်က ရွာကို ပြန်မရောက်သေးဘူး၊ မင်းက ငါ့ကို ပင်လယ်ထဲ ဆင်းပြီး အန်ဒါဆန်ကို လိုက်ရှာခိုင်းချင်လို့လား၊ ငါ တိတ်တဆိတ် ထွက်ပြေးသွားမှာကိုကော မကြောက်ဘူးလား၊၊" ဟု ပြန်လည် ချေပလိုက်သည်၊၊
"မင်း..." ဗာဒန်၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းသွားရသော်လည်း လေယင်း၏ စကားကို ဆက်လက်၍ မချေပနိုင်တော့ချေ၊၊
ဂျင်းနီသည်လည်း လေယင်းက အန်ဒါဆန်နှင့် ထိပ်တိုက်တွေ့ရမည်ဟူသော အကြောင်းကို ကြားသိထားပုံ ရသည်၊၊ သူမသည် သူမ၏ ကြည်လင်ဝိုင်းစက်သော မျက်ဝန်းကြီး နှစ်လုံးဖြင့် စိုက်ကြည့်ကာ ရိုးသားစွာဖြင့် "လေယင်းအစ်ကိုကြီး... အစ်ကိုကြီးက အန်ဒါဆန်ကို တစ်ယောက်တည်း သွားပြီး နှိမ်နင်းမယ်ဆိုတာ တကယ်ပဲလားဟင်၊၊" ဟု မေးရှာသည်၊၊
"အင်း... ဟုတ်တယ်၊၊"
"ဒါဆိုရင် အစ်ကိုကြီးက အဲဒီလူဆိုးကြီးကို သေသေချာချာ အနိုင်ယူရမယ်နော်၊ ပြီးတော့ အသက်ဘေးကလည်း ကင်းဝေးပါစေ၊၊"
ဂျင်းနီ၏ ရိုးသားဖြူစင်လှသော စကားကြောင့် လေယင်းမှာ လုံးဝ ဆွံ့အသွားရသည်၊၊ သူသည် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီး "အင်း... ငါ သိပါပြီဗျာ..." ဟု သာ ပြန်ပြောနိုင်တော့သည်၊၊
သို့သော်လည်း ဂျင်းနီ၏ နောက်ထပ် ပြောလိုက်သော စကားကြောင့် လေယင်းမှာ ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်ရမတတ် ဖြစ်သွားရပြန်သည်၊၊ ဂျင်းနီသည် သူမ၏ လက်ဝဲဘက်လက်နှင့် ညာဘက်လက်ချောင်းကလေး နှစ်ချောင်းကို အချင်းချင်း ပွတ်သပ်ရင်း ရှက်ပြုံးလေးဖြင့် အသံကို နွဲ့ကာ ပြောလိုက်သည်၊၊
"လေယင်းအစ်ကိုကြီး..."
"ဟင်... ဘာလဲ..."
"သမီးအဖေက ပြောတယ်၊ အစ်ကိုကြီးသာ အန်ဒါဆန်ကို အနိုင်ယူနိုင်ရင် သမီးကို အစ်ကိုကြီးနဲ့ ပေးစားမယ်တဲ့..."
"ဟမ်... ဘာကြီးလဲဗျာ..."
ထိုအချိန်တွင် လေယင်း၏ စိတ်ထဲ၌ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေး သွားရတော့သည်၊၊ သူသည် စိတ်ထဲမှနေ၍ 'ဒီရွာခွဲလူကြီးနဲ့ ရွာလူကြီး ဖာမာတို့ကတော့ တကယ့်ကို စရိုက်ချင်း တူလှချေလား၊ ဒီရွာရဲ့ ရိုးရာဓလေ့ကတော့ တကယ့်ကို ထူးခြားဆန်းပြားလွန်းလှတယ်' ဟု တအံ့တဩ တွေးတောနေမိသည်၊၊
လေယင်း အရှေ့ရွာသို့ ရောက်ရှိနေခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ၊ နောက်ဆုံးတွင် ထိုနေ့ရက်သည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊၊ အန်ဒါဆန် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်၊၊
သူသည် ရွာသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် မိမိ၏ ညီဖြစ်သူ အသတ်ခံလိုက်ရသည်ဟူသော သတင်းဆိုးကို ကြားသိလိုက်ရသဖြင့်၊ ခဏမျှပင် မနားဘဲ သူ၏ လက်ပါးစေ လူအုပ်ကြီးကို ဦးဆောင်ကာ ရွာဆီသို့ ဒေါသတကြီး ချီတက်လာခဲ့တော့သည်၊၊
ဆိပ်ကမ်းတွင် ကင်းစောင့်နေကြသော ရွာစောင့်တပ်ဖွဲ့ဝင်များသည် လူအုပ်ကြီး ဤဘက်သို့ ဦးတည်လာနေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ ကင်းမျှော်စင်ပေါ်မှ အပြေးအလွှား ဆင်းလာခဲ့ကြပြီး ရွာသူရွာသားများကို အလျင်အမြန် သတင်းပို့ကြသည်၊၊ ရွာသူရွာသားများသည်လည်း မိမိတို့၏ လက်နက်များကို အသီးသီး ကိုင်ဆောင်ကြပြီး ရွာလူကြီး ဖာမာနှင့် "အုပ်ထိန်းသူ" မီလာတို့၏ ဦးဆောင်မှုဖြင့် စုရုံးလိုက်ကြသည်၊၊
ဖာမာကို မြင်ရသည့်အခါ မီလာက "ရွာလူကြီး... ဟိုကောင်လေးကော ဘယ်ရောက်နေလဲ၊၊" ဟု မေးလိုက်သည်၊၊
ဖာမာက စိုးရိမ်တကြီး အမူအရာဖြင့် "သူက မနက်စောစောကတည်းက အပြင်ထွက်သွားတာ၊ ငါလည်း သူ့ကို လုံးဝ မတွေ့မိသေးဘူး၊၊" ဟု မတင်မကျ ပြန်ပြောရှာသည်၊၊
"ဘာကြီးဗျာ..."
ဖာမာ၏ စကားကို ကြားလိုက်ရသည့်အခါ ရွာသူရွာသားများမှာ ထိတ်လန့်တုန်လှုပ် သွားကြတော့သည်၊၊ လေယင်းဟူသော ထိုကောင်လေးသည် ကြောက်ရွံ့သဖြင့် တိတ်တဆိတ် ထွက်ပြေးသွားခဲ့ပြီ မဟုတ်ပါလားဟူ၍ စိုးရိမ်စိတ်များ ဝင်ရောက်လာကြတော့သည်၊၊