အခန်း(၁၂)- ချိတ်ပိတ်ခြင်းစာစောင်
ဖာမာ ၏ စကားကို ကြားပြီးနောက် လေယင်းသည် အနည်းငယ် တွန့်ဆုတ်သွားပြီး "ကောင်းပြီလေ... ငါ နည်းနည်းလောက် စဉ်းစားပါရစေဦး..." ဟု ဆိုသည်၊၊
ထိုအခါ ဘေးတွင် ထိုင်နေသော လူတစ်ဦးက ပြာပြာသလဲဖြင့် "ဟေ့ကောင်လေး... မင်းကတော့ အန်ဒရင့်ကို သတ်ပြီးပြီ၊ ဒုက္ခရောက်မှာက ငါတို့ကွ၊၊ အကယ်၍ မင်းက သဘောမတူဘူးဆိုရင် ငါတို့ မင်းကို ကြိုးတုပ်ပြီး အန်ဒါဆန်ဆီ ပို့ပြီး အစစ်ဆေးခံခိုင်းရလိမ့်မယ်၊၊" ဟု အော်ပြောတော့သည်၊၊
"ဟုတ်တယ်... အမှန်ပဲ၊၊" လူအုပ်ကြီးကလည်း ဝိုင်းဝန်း ထောက်ခံကြသည်၊၊
ဤသည်ကို ကြားရသည့်အခါ လေယင်း မတ်တပ်ရပ်လိုက်သည်၊၊ သူသည် ထိုသူများကို တည့်တည့်စိုက်ကြည့်လျက် ပြတ်သားခိုင်မာသော လေသံဖြင့် "မင်းတို့ ငါ့ကို ကြိုးတုပ်နိုင်တယ်လို့ ထင်ရင်လည်း လာပြီး စမ်းကြည့်ကြပေါ့၊၊" ဟု ပြောလိုက်သည်၊၊
လူအုပ်ကြီးမှာ ခေါင်းငုံ့သွားကြပြီး မည်သူမျှ ထုတ်မပြောရဲကြတော့ချေ၊၊ ဤနေရာရှိ လူအားလုံးသည် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်၊၊ ဆုကြေးငွေ ငါးသန်းရှိသော ပင်လယ်ဓားပြကိုပင် တစ်ချက်တည်းဖြင့် အသက်ပျောက်အောင် လုပ်နိုင်သူဖြစ်ရာ မကျေနပ်သူရှိက တက်၍ စမ်းသပ်နိုင်သည် မဟုတ်ပါလား၊၊
အခြေအနေမှာ အကျပ်ရိုက်သွားသည်ကို မြင်ရသည့်အခါ ဖာမာကပင် ရှေ့သို့လှမ်း၍ ဖျန်ဖြေပေးလိုက်သည်၊၊
"သခင်လေး... စိတ်မဆိုးပါနဲ့ဦး၊ ရွာသားတွေက အလွန်စိုးရိမ်ပူပန်နေကြလို့ပါ၊ ဒါက ငါတို့အားလုံးရဲ့ အသက်ဘေးနဲ့ ဆိုင်နေတဲ့ ကိစ္စဖြစ်နေလို့ စိတ်ထဲမထားပါနဲ့လို့ တောင်းပန်ပါတယ်၊၊"
"ရပါတယ်... ဒါပေမဲ့ မင်းတို့ဘက်က ငါ့ရဲ့ အခြေအနေ နှစ်ခုကို သဘောတူရမယ်၊၊"
ဖာမာက "အမိန့်ရှိပါ သခင်လေး..." ဟု ဆိုသည်၊၊
"ငါ့ကို ဘီလီ နှစ်သောင်း လောက် ခေတ္တချေးပေးပါ၊၊" လေယင်းက တည်ငြိမ်စွာ ပြောလိုက်သည်၊၊
ဤသည်ကို ကြားလိုက်ရသည့်အခါ ဘေးတွင်ရှိနေသော ဗာဒန် (Verdan) က ပြာပြာသလဲဖြင့် "အဖေ... သမီးကြည့်ရသလောက်တော့ ဒီကောင်က ငါတို့ကို လာပြီး လှည့်စားနေတာ၊ သူ့ကို ပိုက်ဆံ မပေးပါနဲ့၊၊" ဟု ကန့်ကွက်တော့သည်၊၊
"အဲဒီလိုဆိုရင်လည်း ထားလိုက်တော့လေ၊၊" လေယင်းသည် စကားဆုံးသည်နှင့် ထွက်ခွာရန် ပြင်ဆင်သည်၊၊
သို့သော် ဖာမာက လေယင်းကို လက်ဖြင့် လှမ်းတားလိုက်ပြီး "ကိစ္စမရှိပါဘူး၊ သခင်လေးသာ အန်ဒါဆန်ကို နှိမ်နင်းပေးနိုင်မယ်ဆိုရင် ဒီလို နှစ်သောင်းတင်မကဘူး၊ လစဉ်ဆက်ကြေး ပေးနေရတာတွေကိုတောင် ငါတို့ ပေးစရာ မလိုတော့ဘူးလေ၊၊" ဟု ဆိုသည်၊၊
"ကောင်းပြီ... ဒါဆိုရင်တော့ ငါ သဘောတူတယ်၊၊ ဘီလီ နှစ်သောင်းကို အခုပဲ လိုချင်တယ်၊၊" လေယင်းက ဖုံးကွယ်ခြင်းမရှိဘဲ တည့်တည့်ပင် ပြောလိုက်သည်၊၊
သူ ဤသို့ ပြောသည်ကို ကြားရသည့်အခါ ဗာဒန်ကမူ သူ့ကို မျက်စောင်းထိုးကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ၊၊ သို့ဖြင့် လူတိုင်း စုပေါင်းကာ လေယင်းအတွက် ဘီလီ နှစ်သောင်း ရှာဖွေ၍ လွှဲပြောင်းပေးအပ်လိုက်ကြသည်၊၊
ငွေကို လက်ဝယ်ရရှိသည့်အခါ လေယင်းသည် သူ၏စိတ်ထဲရှိ နာရူတိုစတိုးကို ဖွင့်လှစ်လိုက်သည်၊၊ သူသည် ဘီလီ နှစ်သောင်းကို အသုံးပြု၍ ဗလာလိပ်စာစောင်နှစ်စောင်ကို ဝယ်ယူလိုက်သည်၊၊ ထို့နောက် ၎င်းတို့ကို ဖြန့်ခင်းကာ အန်ဒရင့်၏ ရုပ်အလောင်းကို အတွင်းသို့ ထည့်သွင်းချိတ်ပိတ် လိုက်ရာ သယ်ဆောင်ရ အလွန်လွယ်ကူသွားတော့သည်၊၊
ယခုအခါ လေယင်းသည် ဆုကြေးငွေရှာသူတစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ့အတွက် ထိုရုပ်အလောင်းသည် အလောင်းသက်သက်မဟုတ်ဘဲ ဘီလီ ငါးသန်း တန်ဖိုးရှိသည် မဟုတ်ပါလား၊၊ နာရူတိုစတိုးအတွင်း၌ ဤကဲ့သို့သော အသုံးဝင်သည့် ပစ္စည်းရှိနေသဖြင့် ၎င်းကို ရေတပ်ထံ အချိန်မရွေး ယူဆောင်သွားကာ ဆုကြေးငွေနှင့် လဲလှယ်နိုင်သည်၊၊ သို့ဖြစ်၍ အလောင်းပုပ်သိုးသွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ၊၊ လေယင်းက လိပ်စာစောင် နှစ်စောင်အတွက် နှစ်သောင်း တောင်းခံခဲ့ခြင်းမှာ ကျန်ရှိသော လိပ်စာစောင်တစ်စောင်ကို အန်ဒါဆန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်၊၊ သို့သော်လည်း လူတို့ကမူ ဤအချက်ကို မသိရှိကြချေ၊၊
အန်ဒရင့်၏ ရုပ်အလောင်းမှာ မျက်လှည့်ပြလိုက်သကဲ့သို့ လိပ်စာစောင်အတွင်းသို့ ပျောက်ကွယ်သွားသည်ကို မြင်ရသည့်အခါ လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ဆွံ့အကုန်ကြပြန်သည်၊၊ လောကအကြောင်း ဘာမှမသိသေးသော ဗာဒန်သည်လည်း မိမိ၏ အံ့ဩမှုကို မထိန်းနိုင်တော့ဘဲ "ဒီလူက မိစ္ဆာတစ်ကောင်လား..." ဟု စိတ်ထဲမှ ရေရွတ်မိသည်၊၊
ဝမ်းပိ့စ် ကမ္ဘာကြီးတွင် နတ်အဆိုးသီးများကြောင့် ထူးဆန်းအံ့ဩဖွယ်ကောင်းသော စွမ်းရည်များစွာ ရှိနေတတ်သဖြင့် လေယင်း၏ လုပ်ဆောင်ချက်ကို ကြည့်ပြီး ဤကောင်လေးတွင် ထူးခြားသော စွမ်းရည်တစ်ခုခု ရှိနေလိမ့်မည်ဟု ဖာမာလည်း ရိပ်မိလိုက်သည်၊၊
"သခင်လေးမှာ တောင်းဆိုချက် နှစ်ခု ရှိတာ မဟုတ်လား၊ ကျန်တဲ့ တစ်ခုကကော ဘာလဲဟင်၊၊"
"ငါ့အတွက် စားစရိတ် ရှင်းပေးပါ၊၊" လေယင်းက ဆိုသည်၊၊
လေယင်းအတွက် စားစရိတ်ရှင်းပေးပြီးနောက် ဖာမာက "... သခင်လေးက အဝေးကလာတာဆိုတော့ တည်းခိုစရာ နေရာ ရှိဦးမှာ မဟုတ်သေးဘူး၊ အကယ်၍ စိတ်မရှိဘူးဆိုရင် ငါ့အိမ်မှာပဲ လာရောက်တည်းခိုပါလား၊၊" ဟု ကမ်းလှမ်းသည်၊၊
လေယင်းက ခေါင်းကို ကုတ်ရင်း "အာ... ဒါဆိုရင်တော့ နှောင့်ယှက်မိရော့မယ်၊၊" ဟု ဆိုသည်၊၊
သူ ဤသို့ ပြောသည်ကို ကြားရသည့်အခါ ရွာသူရွာသားများသည် ရွာလူကြီးက လေယင်းကို စောင့်ကြည့်ပေးထားမည် ဖြစ်သဖြင့် အနည်းငယ် စိတ်သက်သာရာရသွားကြသည်၊၊ သို့ဖြစ်ရာ လေယင်း တိတ်တဆိတ် ထွက်ပြေးသွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ၊၊
မမျှော်လင့်ဘဲ သမီးဖြစ်သူ ဗာဒန်ကမူ အလွန်မကျေမနပ်ဖြစ်သွားပြီး "အဖေ... ဒီကောင်ကို သမီးတို့အိမ်မှာ ဘယ်လိုလုပ် ပေးနေရတာလဲ၊ သမီးက အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်လေ၊၊" ဟု ဆိုသည်၊၊
ဖာမာက ပြုံးလျက် "ငါတို့အိမ်မှာ အခန်းတွေ အများကြီး ရှိတာပဲသမီးရဲ့၊ သူ့အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးလိုက်ရုံပေါ့၊၊" ဟု ပြောသည်၊၊
"အဖေကတော့ လုပ်ပြီ... သမီးကို လုံးဝဂရုမစိုက်ဘူး၊၊" ဗာဒန်သည် ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့သည်၊၊
ဗာဒန် ထွက်သွားသည်ကို ကြည့်ပြီး ဖာမာက ပြုံးလျက်ပင် "သမီးက နည်းနည်း ဇွတ်တရွတ်နိုင်လို့ပါ သခင်လေး စိတ်ထဲမထားပါနဲ့ဦး၊၊" ဟု ဆိုရာ လေယင်းကလည်း "ရပါတယ်... ငါ စိတ်ထဲမထားပါဘူး၊၊" ဟု ပြန်ပြောသည်၊၊
ဖာမာနှင့် သမီးဖြစ်သူတို့သည် အနောက်ရွာသို့ ကိစ္စတစ်ခုဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်ပြီး သူတို့၏ အိမ်မှာမူ အရှေ့ရွာတွင် တည်ရှိသည်၊၊ ရွာနှစ်ရွာကို ပင်လယ်ပြင်က ခြားထားသော်လည်း ခြောက်မိုင်ခန့်သာ ကွာဝေးသဖြင့် လှေဖြင့်သွားပါက မိနစ်နှစ်ဆယ်ပင်မပြည့်ဘဲ ရောက်ရှိနိုင်သည်၊၊ ဗာဒန်က ဒေါသတကြီးဖြင့် အရှေ့ရွာသို့ အရင်ဆုံး ပြန်သွားခဲ့ပြီး ဖာမာနှင့် လေယင်းတို့ကမူ နောက်မှ ရောက်ရှိလာကြသည်၊၊
အိမ်သို့ ရောက်သည့်အခါ ဖာမာက လေယင်းအတွက် အခန်းတစ်ခန်း စီစဉ်ပေးသည်၊၊ လေယင်းသည် ပင်လယ်ပြင်မှ ခရီးပြင်းနှင်လာခဲ့ရခြင်း၊ ပင်လယ်ဘုရင်နှင့် တိုက်ခိုက်ခဲ့ရခြင်းနှင့် အန်ဒရင့်ကို သတ်ခဲ့ရခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာ အနည်းငယ် ပေရေနေသဖြင့် ဖာမာက သူ့အိမ်ရှိ ရေချိုးခန်းတွင် ရေမိုးချိုးရန် ပြောကြားသည်၊၊
"ကျေးဇူးအများကြီး တင်ပါတယ်၊၊"
ဖာမာသည် အန်ဒါဆန်ကို နှိမ်နင်းရန် လေယင်းကို အသုံးချလိုခြင်း ဖြစ်သော်လည်း ယေဘုယျအားဖြင့် လေယင်းအပေါ် ဖော်ရွေပျူငှာလှသဖြင့် လေယင်းကလည်း သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း ဖြစ်သည်၊၊
ရေချိုးခန်းထဲသို့ ဝင်ရောက်ပြီး အဝတ်အစားများ ချွတ်ကာ လေယင်းသည် ရေနွေးကန်ထဲသို့ ကိုယ်ပိုင်အပန်းဖြေလျက် စိမ်လိုက်သည်၊၊ ပင်လယ်ပြင်ရှိ ဝေလငါးကြီးတစ်ကောင်သည် ရေချိုးကန်ငယ်လေးထဲတွင် အချိန်ကြာမြင့်စွာ မနေနိုင်သကဲ့သို့၊ တကယ့် နဂါးတစ်ကောင်သည်လည်း ရေကန်ငယ်လေးထဲတွင် သောင်တင်မနေနိုင်ပါချေ၊၊ စွမ်းအားရှင်များဆိုသည်မှာ ပင်လယ်နှင့် ကုန်းမြေ နှစ်ရပ်လုံးတွင် လှည့်လည်ကျက်စားရမည် မဟုတ်ပါလား၊၊
ရေချိုးနေသည့် အချိန်တွင်ပင် လေယင်းသည် မိမိကိုယ်မိမိ စိတ်အားထက်သန်စွာ တွေးတောနေမိသည်၊၊ သူ ရေချိုးကန်ထဲမှ မတ်တပ်ရပ်လိုက်သည့် အခိုက်အတန့်မှာပင် ရေချိုးခန်းတံခါးကြီး ရုတ်တရက် ပွင့်ဟသွားတော့သည်၊၊
"အား..." ဟု စူးရှစွာ အော်ဟစ်လိုက်သံနှင့်အတူ မိန်းကလေးငယ်တစ်ဦးသည် သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ ထွက်ပြေးသွားတော့သည်၊၊ သူမသည် လှမ်းအော်လျက် "လူဆိုး... လူရမ်းကား... အကျင့်မကောင်းတဲ့လူ..." ဟု ဆဲရေးတိုင်းထွာနေခဲ့သည်၊၊
ထိုသူမှာ ဗာဒန်မှတစ်ပါး အခြားသူ မဟုတ်ချေ၊၊ ဗာဒန်သည် အိမ်သို့ အရင်ဆုံး ပြန်ရောက်နေခဲ့ခြင်းဖြစ်ရာ ရေချိုးခန်းထဲတွင် လူရှိနေသည်ကို သူမ မသိရှိခဲ့ခြင်း ဖြစ်သည်၊၊ လေယင်း မတ်တပ်ရပ်လိုက်သည့်အချိန်နှင့် တိုက်ဆိုင်သွားသဖြင့် သူမ အမှတ်မထင် မြင်တွေ့သွားရခြင်း ဖြစ်သည်၊၊
လေယင်းမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီး "ငါကသာ အကြည့်ခံရတာပါ၊ မင်းက ဘာလို့ ဒီလောက်တောင် အလန့်တကြား ဖြစ်နေရတာလဲ..." ဟု ရေရွတ်မိသည်၊၊ သို့သော်လည်း ဤသည်မှာ သူ၏အပြစ်လည်း ဖြစ်သည်၊၊ ရေချိုးခန်းထဲ ဝင်သည့်အခါ တံခါးဂျက်ထိုးရန် သူ မေ့လျော့ခဲ့ခြင်း ဖြစ်သည်၊၊
နောက်ရက်အနည်းငယ်အတွင်း ဗာဒန်သည် လေယင်းအား ဘယ်သောအခါမျှ မျက်နှာသာ မပေးတော့ချေ၊၊ သူမ၏ စိတ်ထဲတွင် လေယင်းအပေါ် ထားရှိသော အမြင်မှာ ကျေးဇူးမသိတတ်သူ ဖြစ်ရုံမျှမက အရှက်အကြောက်လည်း မရှိသူဟု မှတ်ချက်ပြုထားတော့သည်၊၊ သူ အန်ဒရင့်ကို အနိုင်ယူနိုင်ခဲ့ရင်ကော ဘာဖြစ်သလဲ၊၊ အန်ဒါဆန်က သူ၏ညီထက် အဆပေါင်းများစွာ ပိုမိုသန်မာလှရာ ဤကောင်လေး ဘယ်အချိန်မှာ အသက်ပျောက်သွားမလဲ မသိနိုင်ချေ၊၊
အရှေ့ရွာမှ ရွာသူရွာသားများသည်လည်း လေယင်းက အန်ဒရင့်ကို သတ်ပစ်လိုက်သည့် အကြောင်းကို သိရှိသွားကြသဖြင့် လူတိုင်း ဝေဖန်ပြောဆိုနေကြသည်၊၊
"မင်းပြောတာ တကယ်ပဲလား၊ ဟိုကြည့်ရတာ နွဲ့နွဲ့နှောင်းနှောင်းနဲ့ စာဖတ်သမားလိုလို ကောင်လေးက အန်ဒရင့်ကို သတ်လိုက်တာလား၊၊"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊၊"
"ဟေ့... ဒါက အဓိကအချက် မဟုတ်ဘူး၊ သူ အန်ဒရင့်ကို သတ်လိုက်ရင်ကော ဘာထူးမှာလဲ၊ သူ၏အစ်ကိုက ငါတို့ကို လွှတ်ထားပါ့မလား၊၊"
"အန်ဒါဆန် ပြန်လာရင် တစ်ရွာလုံးကို သွေးချောင်းစီးအောင် သတ်ဖြတ်တော့မှာပဲ၊၊"
"အန်ဒရင့်ကို သတ်ဖို့ဆိုတာ ငါတို့ရဲ့ 'အုပ်ထိန်းသူ' မီလာတောင် မလုပ်နိုင်တဲ့ အရာမဟုတ်လား၊၊"
"ဒီကောင်က နောင်ကျရင် စာရင်းလာရှင်းမယ့် ကိစ္စကို ဘာလို့ ထည့်မတွေးရတာလဲ၊၊"
"သူက ဘာပဲဖြစ်ဖြစ် ပြင်ပကလူပဲ၊ ငါတို့ ဒုက္ခရောက်တာကို သူက ဂရုစိုက်မှာ မဟုတ်ဘူး၊၊"
"ဒီကောင်လေးက ငါတို့ရွာကို ကပ်ဆိုးကြီး သယ်ဆောင်လာတာပဲ၊၊"
"သူက ကပ်ဖျက်ကောင်ပဲ..."
ရွာအတွင်းရှိ ကောလာဟလများမှာ အလွန်တရာ ဆူညံနေခဲ့သည်၊၊ စိတ်ဓာတ် ပျော့ညံ့သူအချို့မှာမူ အန်ဒါဆန်၏ ရက်စက်သော ကလဲ့စားချေမှုကို ကြောက်ရွံ့သဖြင့် ထွက်ပြေး တိမ်းရှောင်ရန် ရွေးချယ်ခဲ့ကြသည်၊၊
ရွာသူရွာသားများ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ရွာလူကြီး ဖာမာကမူ လေယင်းကို လုံးဝ ခြွင်းချက်မရှိ ယုံကြည်ရန် ရွေးချယ်ခဲ့သည်၊၊
"အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ငါ အဲဒီကောင်လေးရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာ၊ မင်းတို့ ထင်ထားတာထက် အများကြီး ပိုပြီး စွမ်းဆောင်နိုင်တယ်၊၊"
ဤသည်ကို ကြားရသည့်အခါ "အုပ်ထိန်းသူ" မီလာကမူ "ရွာလူကြီး... ခင်ဗျား ဒီလိမ်လည်လှည့်ဖြားသူကို ဘယ်ကနေ သွားပြီး ငှားလာခဲ့တာလဲ..." ဟု ကန့်ကွက်စကား ဆိုတော့သည်၊၊