အခန်း (၆၆) - ဆန်ဂျူး သွေးဆက်
'အူချီဟာ အီတာချီဆီက ကျေးဇူးတင်လက်ဆောင်တဲ့လား' ကီတာဇာဝါ၏ ရင်ထဲတွင် သိမ်မွေ့သော ခံစားချက်တစ်ခု လှုပ်ခတ်သွားသည်။
သူသည် အီတာချီနှင့် အမြဲတမ်း ခပ်ခွာခွာ နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မိဘအရင်းကိုတောင် သတ်ရဲတဲ့သူဆိုတာ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ တစ်နေ့နေ့ ကီတာဇာဝါကိုယ်တိုင် ဟိုကာဂဲ ဖြစ်မလာသရွေ့တော့ သတိထားနေတာက အကောင်းဆုံးပင်။
'အီတာချီက ကြောက်စရာကောင်းပေမဲ့ သူက မီးတောက်ဆန္ဒ ရဲ့ ဦးနှောက်ဆေးခြင်းကို ခံခဲ့ရပြီး ကိုနိုဟာရွာအတွက် ဓားတစ်လက် ဖြစ်လာခဲ့တာပဲ။ သူ့စိတ်ထဲမှာ အူချီဟာ ဆာစကေးတောင်မှ ရွာရဲ့အရေးပါမှုလောက် အလေးသာချင်မှ သာလိမ့်မယ်။'
"ဆာစကေး၊ မင်းအစ်ကိုကို ငါ့ကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောပေးပါ" ကီတာဇာဝါက နင်ဂျူစုစာလိပ်ကို သိမ်းဆည်းလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ငြင်းဆန်စရာ အကြောင်းအရင်းမှ မရှိဘဲ။ ဒါ့အပြင် ဒါက အလကားရတဲ့ လက်ဆောင်လည်း မဟုတ်ဘူးလေ။ သူက အူချီဟာ ဆာစကေးရဲ့ စွမ်းအားတွေ တိုးတက်လာအောင် တကယ်ပဲ ကူညီပေးခဲ့တာဆိုတော့ ဒါက သူရထိုက်တဲ့ အရာတစ်ခုပင်။
"ဟုတ်ကဲ့၊ ဆရာကီတာဇာဝါ" ဆာစကေးက ခေါင်းညိတ်လိုက်သည်။
"သွားကြစို့။ မင်းကို လေ့ကျင့်ရေးကွင်းဆီ ငါခေါ်သွားပေးမယ်" ကီတာဇာဝါက ပြုံးလိုက်ပြီး ဆာစကေး၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ဒီမှော်စာလိပ်လေးနဲ့တင် သူက မီးပုံစံ ဂျူစု လေးခုကို တရားဝင် ရရှိသွားခဲ့ပြီဖြစ်သည်။ အလွန်ကြီးမားသော အမြတ်အစွန်းပင်။
သူက ဆာစကေးကို နင်ဂျာကျောင်း၏ လေ့ကျင့်ရေးကွင်းသို့ ခေါ်သွားပြီး ထိုနေရာတွင် အရိပ်ကိုယ်ပွားတစ်ခုကို ချန်ထားရစ်ကာ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။
ဆာစကေးက မီးပုံစံ - ဖီးနစ်မီးတောက် ဂျူစုကို ရင်းနှီးကျွမ်းကျင်နေပြီဖြစ်ရာ သူ့ကို အနီးကပ် ကြီးကြပ်နေရန် မလိုအပ်တော့ပေ။
နံနက်စာစားပြီးနောက် ကီတာဇာဝါက ဟီနာတာ နှင့် အီနို တို့ကို လေ့ကျင့်ရန် ခေါ်ယူခဲ့သည်။ ဤတစ်ကြိမ်တွင် ဆာကူရာ လည်း ပါဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ယနေ့အတွက် ပထမဆုံးသင်ခန်းစာဖြစ်သော 'မီးတောက်ဆန္ဒ' ကို ပြင်ဆင်ရန် စာသင်ခန်းထဲသို့ ပြန်လာခဲ့သည်။
"ဆရာကီတာဇာဝါ!" နာရူတိုက မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများနှင့်အတူ စင်မြင့်ဆီသို့ ပြေးတက်လာသည်။ "ကျွန်တော့် အိမ်စာကို စစ်ပေးပါဦး! ကျွန်တော် အမှတ်ဘယ်လောက်ရလဲဆိုတာ သိချင်လို့!"
သူ့ 'အိမ်စာ' ဆိုသည်မှာ တကယ်တော့ ကီတာဇာဝါ ပေးထားခဲ့သည့် စမ်းသပ်စစ်ဆေးရေး မေးခွန်းလွှာတစ်ခုသာ ဖြစ်သည်။ ယခင်က ဟီနာတာ လည်း ဤနည်းအတိုင်း လေ့ကျင့်ခဲ့ဖူးရာ ဤအရာက တစ်ဝက်လောက် ခိုးချနေသလိုပင် ဖြစ်နေသည်။ စနစ်၏ တာဝန်သာမဟုတ်လျှင် သူ ဤမျှလောက် အပင်ပန်းခံနေမည် မဟုတ်ပေ။
သူက မေးခွန်းလွှာကို ယူလိုက်ပြီး စတင်စစ်ဆေးလေသည်။
နာရူတိုသည် စမ်းသပ်မေးခွန်းလွှာများကို ဖြေဆိုနေခဲ့သည်မှာ တစ်လနီးပါးခန့် ရှိနေပြီဖြစ်သည်။ ဆာစကေးတို့နှင့် ယှဉ်လျှင် နောက်ကောက်ကျနေဆဲ ဖြစ်သော်လည်း အထပ်ထပ်အခါခါ ကျက်မှတ်ခြင်းနှင့် ကီတာဇာဝါ၏ နည်းစနစ်များ ပေါင်းစပ်သွားမှုကြောင့် ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့သည်။
"မဆိုးဘူး၊ အမှတ် (၈၄) မှတ်" ကီတာဇာဝါက စာရွက်ကို ပိတ်လိုက်ပြီး သူ၏ အကဲဖြတ်ချက်ကို ပြောလိုက်သည်။
"ယက်စ်! နောက်ဆုံးတော့ ငါ အမှတ် ၈၀ ကျော်သွားပြီဟေ့!" နာရူတိုက ဝမ်းသာအားရ လက်သီးဆုပ်လိုက်သည်။
"သိပ်လည်း စိတ်မလှုပ်ရှားနေနဲ့ဦး။ လေ့ကျင့်ခန်း အမှတ်တွေက အစစ်အမှန် မဟုတ်ဘူး" ကီတာဇာဝါ၏ လေသံက လေးနက်သွားသည်။ "ပြီးတော့ မင်း အဆင့်ဆယ်အတွင်း ဝင်ချင်တယ်ဆိုရင် အနည်းဆုံး အမှတ် ၉၀ တော့ ရဖို့လိုမယ်"
နာရူတိုက ခေါင်းကို ကုတ်လိုက်သော်လည်း သူ၏ အပြုံးကိုမူ ဖုံးကွယ်မထားနိုင်ပေ။ သူ့လို လူတစ်ယောက်အတွက်တော့ အမှတ် ၈၄ ဆိုသည်မှာ သူ၏ အကောင်းဆုံး စံချိန်ပင် ဖြစ်သည်။
"ဒီနေ့ကစပြီး မင်း အပိုလေ့ကျင့်ခန်းတွေ လုပ်ရမယ်" ကီတာဇာဝါက ပြုံးလိုက်သည်။
"အယ်?" နာရူတို၏ စိတ်လှုပ်ရှားမှုများက ရေခဲရိုက်ခံလိုက်ရသလို အေးခဲသွားသည်။ "ဘယ်လိုမျိုးလဲ?"
သူသည် တိုက်ပွဲများတွင် ရဲရင့်သော်လည်း သူကြောက်သည့် တစ်ခုတည်းသောအရာမှာ အိမ်စာဖြစ်သည်။ ပြီးခဲ့သည့် တစ်လတာ ကြိုးစားအားထုတ်မှုက ကီတာဇာဝါ ကတိပေးထားသည့် ဆုလာဘ်နှင့် အဆင့်ဆယ်အတွင်း ဝင်ရမည့် စိန်ခေါ်မှုတို့ကြောင့်သာ ဖြစ်သည်။
"ဆရာပြောခဲ့တာကို မှတ်မိတယ်မလား? မင်း အဆင့်ဆယ်အတွင်း ဝင်ရင် ဂျူစုအသစ်တစ်ခု သင်ပေးမယ်ဆိုတာလေ" သူ့ကို သေချာမျှားဖို့ လိုအပ်ကြောင်း ကီတာဇာဝါ သိနေသည်။
"ဒါပေါ့ မှတ်မိတာပေါ့!" နာရူတိုက ချက်ချင်း ပြန်ဖြေလိုက်သည်။
"အဲ့ဒီ ဂျူစုက အဆင့်-B ရှိတဲ့ အရိပ်ကိုယ်ပွား ဂျူစုပဲ" ကီတာဇာဝါက အလေးအနက် ပြောလိုက်သည်။
နာရူတို၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်ရည်များပင် ဝဲလာသည်။
"ဒါပေမဲ့ ဆရာက ဆုချမယ့် နည်းလမ်းကို ပြောင်းမလို့" ကီတာဇာဝါက နာရူတို၏ ခံစားချက်အပြည့်ဖြင့် ပြောမည့်စကားများ မစခင်မှာပင် ဖြတ်ပြောလိုက်သည်။
"ဟင်?" စိတ်အားထက်သန်ဖွယ် တစ်ခုခုကို အော်ပြောရန် ပြင်နေသော နာရူတိုမှာ ဆွံ့အသွားသည်။
"ဒီနေ့ မင်းကို အရိပ်ကိုယ်ပွား ဂျူစု သင်ပေးမယ်၊ ပြီးတော့ မင်း ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာပေါ် မူတည်ပြီး အပိုလေ့ကျင့်ခန်းတွေ ပေးမယ်" ကီတာဇာဝါက ရယ်မောလိုက်သည်။ "မင်း ပျင်းနေမယ်ဆိုရင် မေးခွန်းလွှာတွေ ပိုများလာမယ်။ ကောင်းကောင်း လုပ်နိုင်ရင်တော့ မေးခွန်း နည်းနည်းပဲ ထပ်ဖြေရမယ်"
နာရူတို ဆွံ့အသွားသည်။ သူ ဝမ်းသာရမလား၊ ဝမ်းနည်းရမလားပင် မသိတော့ပေ။ အရိပ်ကိုယ်ပွား ဂျူစုကို သင်ရမည်မှာ စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း... ဒါက မေးခွန်းလွှာတွေနဲ့ တွဲပြီး လာရမှာလား?
"ကဲ... ဒီလေ့ကျင့်ရေး နည်းလမ်းကို ဘယ်လိုထင်လဲ?" ကီတာဇာဝါက သူ့ပခုံးကို ပုတ်ရင်း မေးလိုက်သည်။
"စိတ်မပူပါနဲ့ ဆရာကီတာဇာဝါ။ ကျွန်တော် ကြိုးစားပါ့မယ်!" နာရူတိုက သွားကြိတ်ကာ ပြောလိုက်သည်။ အရိပ်ကိုယ်ပွား ဂျူစု၏ ဆွဲဆောင်မှုက မေးခွန်းလွှာများကို ကြောက်ရွံ့သည့် စိတ်ထက် ပိုမို ကြီးမားနေဆဲ ဖြစ်သည်။
"ကျောင်းဆင်းရင် မပြန်နဲ့ဦး။ ကျောင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ သွားနှင့်" ကီတာဇာဝါက မေးခွန်းလွှာကို ပြန်ပေးလိုက်သည်။ "အတန်းစတော့မယ်၊ မင်း နေရာမင်း ပြန်တော့"
"ဟုတ်ကဲ့!" နာရူတိုက စာရွက်ကို ယူပြီး သူ့ခုံသို့ ပြန်သွားသည်။
အချိန်များ အလျင်အမြန် ကုန်ဆုံးသွားသည်။ နေဝင်ချိန်သို့ ရောက်သောအခါ—
"ဒီနေ့ လက်တွေ့သင်ခန်းစာကတော့ ဒီလောက်ပါပဲ"
ကီတာဇာဝါက လက်ခုပ်တီးလိုက်သည်။
"နှုတ်ဆက်ပါတယ် ဆရာကီတာဇာဝါ!" အတန်း 1-A မှ ကျောင်းသားများ စတင်ထွက်ခွာသွားကြသည်။ မကြာမီတွင် နာရူတို တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
"ကောင်းပြီ နာရူတို" ကီတာဇာဝါက လက်သင်္ကေတများကို ပြုလုပ်လိုက်သည်။ "အခု မင်းကို အရိပ်ကိုယ်ပွား ဂျူစု သင်ပေးတော့မယ်"
မူလဇာတ်လမ်းထဲတွင် နာရူတိုသည် အဆင့်မြင့်ပုံစံဖြစ်သော ဆတိုးကိုယ်ပွားဂျူစုကို အချိန်တိုအတွင်း ကျွမ်းကျင်ခဲ့သည်။ သို့သော် အဆိုပါအချိန်မှာ ကျောင်းပြီးသွားပြီးနောက်မှ ဖြစ်သည်။ ထိုအချိန်က သူ့တွင် အခြေခံအုတ်မြစ် ရှိနေနှင့်ပြီးဖြစ်သည်။
ယခုမူ နာရူတိုသည် ထိုအဆင့်နှင့် အလှမ်းဝေးနေသေးသည်။
နှစ်နာရီ ကြာပြီးနောက်တွင်တော့ "ဒီညအတွက် မေးခွန်းလွှာ တစ်ဝက် ထပ်တိုးမယ်" ဟု ကီတာဇာဝါက ပြောလိုက်သည်။
ထိုနည်းစနစ်ကို ယခုမှ စတင်သဘောပေါက်လာသည့် နာရူတိုမှာ ရေခဲရေ တစ်ပုံးနှင့် အလောင်းခံလိုက်ရသလို ဖြစ်သွားသည်။ သို့သော်လည်း ကီတာဇာဝါက သူ့ကို အဆင့်-B ဂျူစု သင်ပေးခဲ့သည်လေ။ နောက်ဆက်တွဲ လေ့ကျင့်မှုများသာ မပါပါက ၎င်းသည် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
"ဟုတ်ကဲ့ပါ ဆရာကီတာဇာဝါ" နာရူတိုက မေးခွန်းလွှာကို နာခံစွာဖြင့် လက်ခံလိုက်သည်။
ကီတာဇာဝါ ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
[တာဝန် - အူချီဟာ ဆာစကေး၏ ဒုတိယမြောက် မီးပုံစံ နင်ဂျူစုကို သင်ယူနိုင်ရန် ကူညီပေးပါ။]
[ဆုလာဘ် - လက်တစ်ဖက်တည်းဖြင့် သင်္ကေတပြုလုပ်ခြင်း]
[မစ်ရှင် ပြီးဆုံးပါပြီ။ ဆုလာဘ် ပေးအပ်ပြီးပါပြီ။]
ကီတာဇာဝါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဆာစကေးက တကယ်ကို ပါရမီရှင်ပင်။ အချိန်တိုအတွင်းမှာပဲ တာဝန်ကို ပြီးမြောက်သွားခဲ့သည်။
[သင့်၏ ထာဝရပြိုင်ဘက်များဖြစ်သော အူဇူမာကီ နာရူတို နှင့် အူချီဟာ ဆာစကေး တို့ နှစ်ဦးစလုံး ဂျူစုအသစ်များကို သင်ယူနေကြသည်။ သင်ကိုယ်တိုင် နောက်ကောက်ကျန်ရစ်နေမှုကို ခွင့်ပြု၍မရပါ။
[တာဝန်အသစ် - လဝက်အတွင်း အဆင့်-B နင်ဂျူစု တစ်ခုကို သင်ယူပါ။]
[ဆုလာဘ် - ဆန်ဂျူးသွေးမျိုးဆက် ၁၀ ရာခိုင်နှုန်း]
ဆုလာဘ်ကို မြင်လိုက်ရသည့်အခါ ကီတာဇာဝါက "ဘုရားရေ" ဟု ယောင်ယမ်းရေရွတ်လိုက်မိသည်။
နင်ဂျာတစ်ယောက်၏ အမြင့်ဆုံးစွမ်းရည် ကန့်သတ်ချက်ကို ၎င်းတို့၏ သွေးဆက်က အဆုံးအဖြတ်ပေးကြောင်း လူတိုင်း သိထားကြသည်။ ဆန်ဂျူး သို့မဟုတ် အူချီဟာတို့၏ သွေးမျိုးဆက်သာ ရှိပါက နင်ဂျာတစ်ဦး၏ အလားအလာသည် မိုးထိအောင် တက်သွားမည်ဖြစ်သည်။ အူချီဟာတို့၏ စွမ်းအားက သူတို့၏ မျက်လုံးများတွင် ရှိပြီး ဆန်ဂျူးတို့၏ စွမ်းအားကတော့ သူတို့၏ ခန္ဓာကိုယ်တွင် ရှိသည်။
ဆန်ဂျူး ဟာရှီရာမာ၏ ခန္ဓာကိုယ်သည် အလွန် အစွမ်းထက်လှရာ သေဆုံးပြီးနောက်တွင်တောင် သူ၏ဆဲလ်များက အသက်ဝင်နေဆဲဖြစ်သည်။ သေချာတာပေါ့လေ၊ ဟာရှီရာမာဆိုတာက ခြွင်းချက်တစ်ခုလို ဖြစ်နေတာကိုး။
စနစ်မှ ပေးအပ်မည့် ဆန်ဂျူး သွေးဆက်သည် ထိုအဆင့်အထိ ရောက်မည်မဟုတ်ဟု ကီတာဇာဝါ ခန့်မှန်းမိသည်။ သို့တိုင်အောင် ထိုအရာက သူ့ကို စိတ်လှုပ်ရှားစေရန် လုံလောက်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခု ၁၀ ရာခိုင်နှုန်း ရရှိထားခြင်းက အချိန်တန်လျှင် နောက်ထပ် ပိုမို စုဆောင်းနိုင်လိမ့်မည်ဟု ဆိုလိုခြင်းကြောင့်ပင်။
တစ်နေ့နေ့တွင် သူသည် ဟာရှီရာမာကိုယ်တိုင်ထက်ပင် သာလွန်သွားနိုင်သည်။ ထို ၁၀ ရာခိုင်နှုန်းက မည်မျှအထိ သက်ရောက်မှု ရှိမည်ဆိုတာကိုတော့ သူ မသိသေးပေ။
မစ်ရှင်နှင့် ပတ်သက်၍မူ ဆာစကေးက မီးပုံစံ ဂျူစု လေးခုနှင့်အတူ အချိန်ကိုက် ရောက်လာခဲ့သည်။ ကီတာဇာဝါ အနေဖြင့် သင်ယူရန်အတွက် တစ်ခုကိုသာ ရွေးချယ်ရန် လိုအပ်သည်။
လဝက် ဟုတ်လား? သူက တွေးတောရင်း သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ၏ လက်ရှိ ကျွမ်းကျင်မှုအဆင့်ဖြစ်သော ချက္ကရ ထိန်းချုပ်မှုနှင့် မီးဓာတ် သဘာဝတို့ဖြင့်ဆိုလျှင်တော့ သိပ်ပြီး ခက်ခဲမည် မဟုတ်ပေ။
"လာခဲ့ နာရူတို။ ဆရာ မင်းကို အီချီရာကူ ခေါက်ဆွဲဝယ်ကျွေး မယ်" ကီတာဇာဝါက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ဟင်? တစ်ခုခု ကောင်းတာတွေများ ဖြစ်သွားလို့လား ဆရာ?" ရုတ်တရက် ခံစားချက်များ ပြောင်းလဲသွားမှုကြောင့် နာရူတိုက နားမလည်နိုင်စွာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။