အခန်း ၆၅ - ဂျူစု လက်ဆောင်
နင်ဂျာကျောင်းမှ ထွက်လာပြီးနောက် ကီတာဇာဝါသည် ကူရယ်နိုင် ၏ အိမ်ဆီသို့ ဦးတည်သွားခဲ့သည်။
လမ်းတွင် သူ၏ လက်ရှိတာဝန်များကို စဉ်းစားခန်း ဝင်နေမိသည်။ သူ မပြီးပြတ်သေးသည့် တာဝန် တော်တော်များများ ရှိနေသေးသည်။ အချို့တာဝန်များမှာ အထူးသဖြင့် ခက်ခဲလှသည်။ ဥပမာ ဆူနာဒဲ၏ တပည့်ဖြစ်လာရန်နှင့် မီဇူကီကို ထောင်ချနိုင်ရန် ကိစ္စမျိုးဖြစ်သည်။
အရေးတကြီးဆုံးကတော့ နောက်တစ်ပတ် လစဉ်စာမေးပွဲတွင် နာရူတို ကို အဆင့်ဆယ်အတွင်း ဝင်အောင် ကူညီပေးရမည့် တာဝန်ဖြစ်သည်။
ဟီနာတာ ကို သူမ၏ ဗျကုဂန် နိုးထလာစေရန် ကူညီပေးခြင်းနှင့် ဆာစကေး ကို သူ၏ ဒုတိယမြောက် မီးပုံစံ ဂျူစု သင်ယူနိုင်ရန် လမ်းညွှန်ပေးခြင်းတို့မှာ အချိန်စောင့်ရန်သာ လိုတော့သည်။
"အဲ့ဒီမှာ ရပ်လိုက်စမ်း!" ရင်းနှီးနေသော အသံတစ်သံက သူ၏ တွေးတောနေမှုများကို ပြတ်တောက်သွားစေသည်။
ကီတာဇာဝါ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ဆူနာဒဲသည် ဒေါက်မြင့်ဖိနပ်များကို စီးထားပြီး သိသာထင်ရှားစွာ စိတ်တိုနေသော မျက်နှာထားဖြင့် ချဉ်းကပ်လာသည်။ သူမ၏ အနောက်တွင်တော့ ရှီဇူနဲက သူမ၏ အိမ်မွေးဝက်လေး တွန်တွန်ကို ပွေ့ချီထားရင်း ကီတာဇာဝါကို အသည်းအသန် အချက်ပြနေလေသည်။
"မင်းဆီမှာ ပိုက်ဆံပါလား?" ဆူနာဒဲက သူမ၏ လက်ဖဝါးကို ဖြန့်ကာ လှမ်းတောင်းလိုက်သည်။
"မပါဘူး။" ကီတာဇာဝါက သူမ၏ ဖြူလျော့နေသော လက်ကို ကြည့်ရင်း သူမ လောင်းကစားရုံမှ ပြန်လာကာ အကုန်ရှုံးလာခဲ့ပြီဆိုတာကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။
"ပါသလောက်သာ ပေးစမ်းပါ။ ငါ အကုန်ပြန်နိုင်အောင် ကစားမယ်လို့ ကျိန်ရဲတယ်!" ဆူနာဒဲက သွားကြိတ်ရင်း ပြောသည်။
"ဆူနာဒဲ-ဆာမ၊ ကျွန်တော်တို့ ဘာလုပ်ဖို့ ဒီကိုရောက်နေတာလဲ ဆိုတာ မမေ့ပါနဲ့။" ကီတာဇာဝါက ခေါင်းခါလိုက်သည်။
"မင်းက တကယ့် စိတ်ပျက်စရာကောင်းတဲ့ ကောင်ပဲ။" ဆူနာဒဲက စိတ်ရှုပ်စွာ ညည်းတွားလိုက်သော်လည်း ဘာမှတော့ ဆက်မလုပ်နိုင်တော့ပေ။
"ဂျူစု အသစ်တစ်ခု ဖန်တီးဖို့ မြန်မြန်ကူညီပေးလေ မြန်မြန် ရန်ပုံငွေ ရလေပါပဲ၊" ကီတာဇာဝါက ပြုံးစစဖြင့် ထပ်ပြောလိုက်သည်။ "ကျွန်တော် ပေးတဲ့ ပိုက်ဆံက မုန့်ဖိုးလောက်ပဲ ရှိတာ လောင်းကစားလုပ်ဖို့ မလောက်ပါဘူး။"
"မင်းပြောတာလည်း ဟုတ်တာပါပဲ။" ဆူနာဒဲ၏ လေသံက ပျော့ပျောင်းသွားသည်။ သူမက ဆံပင်ကို ပင့်ခါလိုက်ပြီး လှည့်ထွက်သွားသည်။ "သွားရအောင်၊ ပြန်ကြမယ်။"
သူမက ယုဟိ ကူရယ်နိုင် ၏ အိမ်ဆီသို့ ဦးဆောင်သွားလေသည်။
"တော်တယ်" ရှီဇူနဲက ကီတာဇာဝါအနားသို့ လျှောက်လာပြီး တီးတိုးပြောလိုက်သည်။ "ဖြေရှင်းသွားတာ အဆင်ပြေသွားတယ်။"
"နင်တို့ပြောနေတာ ငါ ကြားတယ်နော်!" ဆူနာဒဲက နောက်သို့ လှည့်ကာ စိုက်ကြည့်လိုက်သည်။
"ငါ ဘာမှ မပြောပါဘူး!" ရှီဇူနဲက သူမ၏ ဖြူဖွေးရှည်လျားသော ခြေတံများကို ဆန့်မတ်လိုက်ရင်း ပြန်ဖြေသည်။
"ကျွန်တော်လည်း ဘာမှ မပြောပါဘူး၊" ကီတာဇာဝါက အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။
"..." ကီတာဇာဝါသည် ရှီဇူနဲနှင့် အနည်းငယ် တူသည်ဟု ဆူနာဒဲ ရုတ်တရက် သဘောပေါက်သွားသည်။ အရေးကြီးသည့်အချိန်များတွင် အမြဲတမ်း တားဆီးတတ်ပြီး ပြဿနာမတက်အောင် ကာကွယ်ပေးတတ်သည်။
ဒါပေမယ့် သူက ဘယ်ကနေများ ဒီလောက် သတ္တိတွေ ရနေတာလဲ? ရှီဇူနဲ ဆိုလျှင် သူမ နားလည်နိုင်သည်။ သူတို့က အတူတူ ကြီးပြင်းလာကြသည်လေ။ ဒါပေမယ့် ကီတာဇာဝါ ကရော? နင်ဂျာအများစုသည် သူမအနားမှာ ရပ်နေရုံနဲ့တင် ကြောက်လန့်တုန်လှုပ်နေတတ်ကြသည်— သူကတော့ ထိုသို့မဟုတ်ပေ။
ဆူနာဒဲသည် သူမ၏ သိချင်စိတ်ကို ဖိနှိပ်ထားရင်း ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ကူရယ်နိုင် နှင့် ယာကူမို တို့က ကြိုတင် စောင့်ဆိုင်းနေကြသည်။
"ယာကူမို၊ ဆေးသောက်ပြီးပြီလား?" ဆူနာဒဲသည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ခြေချိတ်ကာ သူမ၏ ဖြူဖွေးသော ခြေထောက်များကို လေထဲတွင် လွှဲယမ်းရင်း မေးလိုက်သည်။
"အခုလေးတင် သောက်ပြီးပါပြီ။ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆူနာဒဲ-ဆာမ။" ယာကူမို က ကျေးဇူးတင်စွာဖြင့် ပြန်ဖြေသည်။ သူမ၏ ခန္ဓာကိုယ် အားနည်းလွန်းသည်ကို သူမ လက်ခံထားသည်မှာ ကြာပြီဖြစ်သော်လည်း ဆူနာဒဲ၏ ရောက်ရှိလာမှုက သူမ၏ မျှော်လင့်ချက်များကို ပြန်လည် ရှင်သန်လာစေခဲ့သည်။
"ကောင်းပြီ။" ဆူနာဒဲက ခေါင်းညိတ်လိုက်သည်။ "ဒါဆို အလုပ်စကြတာပေါ့။"
သူတို့အဖွဲ့သည် ဂျူစုအသစ် ဖန်တီးရေးအတွက် ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ကြသည်။
"မနက်ဖြန်မှ ဆက်လုပ်ကြမယ်။" နောက်ဆုံးတွင် ဆူနာဒဲသည် အချိန်ကို ကြည့်လိုက်ပြီး ရှီဇူနဲနှင့်အတူ ပြန်ထွက်သွားသည်။
"ကူရယ်နိုင်၊ ဗိုက်ဆာနေပြီလား?" ယာကူမိုကို အိမ်ပြန်ပို့အပြီးတွင် မလှမ်းမကမ်းရှိ တာကိုယာကီ (ရေဘဝဲမုန့်လုံးကင်) ဆိုင်တစ်ဆိုင်ကို ကီတာဇာဝါ သတိထားမိသွားသည်။
"တာကိုယာကီချည်းပဲဆိုတော့ ပျင်းစရာကြီး။" ကူရယ်နိုင်က နှုတ်ခမ်းထောင့်ကို လျက်လိုက်ပြီး မေးလိုက်သည်။ "တစ်ခွက်လောက် သွားသောက်ကြမလား?"
"မသောက်တာ ပိုကောင်းမယ်။ မင်း မူးသွားရင် ပြဿနာ တက်လိမ့်မယ်။" ကီတာဇာဝါက ငြင်းလိုက်သည်။ "ပြီးတော့ မနက်ဖြန် ဆူနာဒဲနဲ့ တွေ့ရဦးမယ်လေ။ အချိန် မဖြုန်းချင်ဘူး။"
"ဒါက ဘာသဘောနဲ့ ပြောတာလဲ?" ကူရယ်နိုင်က သူ၏ လက်မောင်းကို နောက်ပြောင်ကာ တိုက်လိုက်သည်။ "ငါ မမူးပါဘူး။"
"အဲဒါကတော့ ငြင်းစရာရှိတယ်၊" သူမ နောက်ဆုံးအကြိမ် မူးခဲ့စဉ်က အဖြစ်အပျက်ကို ပြန်သတိရရင်း ကီတာဇာဝါက ပြောလိုက်သည်။
"သေချာ ရှင်းပြစမ်း!" ကူရယ်နိုင်က သူ၏ လက်ကိုဆွဲကိုင်ကာ အကြည့်ချင်း ဆုံလိုက်သည်။ သူမက အရပ်ပိုပုနေသော်လည်း ပတ္တမြားကဲ့သို့ နီရဲတောက်ပသော သူမ၏ အကြည့်တို့တွင် လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိနေသည်။
သူမက သူ့ကို ဆူနာဒဲကို သတိရစေသည်။ သို့သော် ဆူနာဒဲက ရင့်ကျက်တည်ငြိမ်သည့် အငွေ့အသက် ရှိနေချိန်တွင် ကူရယ်နိုင်ကတော့ ဘုရင်မတစ်ပါးကဲ့သို့ ခန့်ညားသည့် ဟန်ပန်မျိုး ရှိသည်။
"ဘာတွေ ကြည့်နေတာလဲ?" ကူရယ်နိုင်က သူ၏ အကြည့်ကို ဖမ်းမိသွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
"လှပတဲ့ မိန်းမလေးတစ်ယောက်ကို ငေးမောကြည့်နေတာပါ။" ကီတာဇာဝါသည် သူမကို အထက်မှအောက်သို့ ပွင့်လင်းစွာ စိုက်ကြည့်လိုက်သည်။ ဒီအကွာအဝေးမှနေ၍ သူမ၏ ဖြူဖွေးသော လည်တိုင်နှင့် အင်္ကျီအောက်မှ ကွန်ရက်ဇာအဝတ်၏ အကွေ့အကောက်များကို ရှင်းလင်းစွာ မြင်နေရသည်။
"လျှောက်ပြောမနေနဲ့!" ကူရယ်နိုင်၏ မျက်နှာလေး ရဲသွားသည်။
"ဆောရီး။" ကီတာဇာဝါက အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။
"တကယ် တောင်းပန်တာလည်း မဟုတ်ဘဲနဲ့! ဟွန့်၊ အခု တာကိုယာကီ စားချင်ပြီ။" ကူရယ်နိုင်က သူ၏ ခြေထောက်ကို ဖိနင်းချလိုက်သည်။
"နောက်တစ်ခါကျရင် ဖိနပ်အရင်ချွတ်ပြီးမှ နင်းပါ၊" ကီတာဇာဝါက မျက်နှာသေဖြင့် ပြောလိုက်သည်။
"မင်းက နှာဘူးလား?" ကူရယ်နိုင်က အထင်သေးလှောင်ပြောင်သည့် အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။
"နာမှာကြောက်လို့ပါ။" ကီတာဇာဝါက ချောင်းဟန့်လိုက်ပြီး ဆိုင်ဘက်သို့ လှည့်သွားသည်။ "ငါ တာကိုယာကီ သွားဝယ်လိုက်ဦးမယ်။"
ကူရယ်နိုင် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူမသည် ဒေါက်မြင့်ဖိနပ်ကို စီးထားပြီး ဖြူဖွေး၊ ပန်းသွေးရောင်သန်းကာ သွယ်လျလှပပြီး အပြစ်အနာအဆာကင်းသော သူမ၏ နူးညံ့သည့် ခြေချောင်းလေးများ ပေါ်လွင်နေသည်။
"တရားမမျှတလိုက်တာ၊" သူမက ပြုံးစစဖြင့် တီးတိုးရေရွတ်လိုက်သည်။
မကြာမီတွင် ကီတာဇာဝါသည် တာကိုယာကီ နှစ်ဘူးကို ကိုင်ကာ ပြန်ရောက်လာသည်။ တာကိုယာကီ—ရေဘဝဲမုန့်လုံးကင်—မှာ လူကြိုက်များသော သရေစာတစ်မျိုး ဖြစ်သည်။
"ကျေးဇူးပဲ။" ကူရယ်နိုင်က တုတ်ချောင်းဖြင့် တစ်လုံး ထိုးယူလိုက်သည်။ သူမ စားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။
"ဘာလဲ? ငါက ခွံ့ကျွေးစေချင်တာလား?" သူမက ကီတာဇာဝါ၏ အကြည့်တို့နှင့် ဆုံကာ မျက်ခုံးပင့်၍ မေးလိုက်သည်။
"မင်းက အတင်းခွံ့ကျွေးမယ်ဆိုရင်လည်း ငါက ငြင်းမှာမဟုတ်ပါဘူး၊" ကီတာဇာဝါက လေးနက်စွာ ပြန်ဖြေသည်။
ကူရယ်နိုင်က လက်ကို ဆန့်ထုတ်လိုက်ပြီးမှ လမ်းတစ်ဝက်တွင် ပြန်ရုပ်သိမ်းသွားသည်။
"ဟင့်အင်း၊ မင်းကို မကျွေးပါဘူး။" သူမက ကောက်ကျစ်သောအပြုံးဖြင့် မုန့်လုံးကို သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
တကယ့်ကို ဆိုးသွမ်းတဲ့ မိန်းမပဲ။ ကီတာဇာဝါ ရယ်မောလိုက်မိသည်။ သူတို့ လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောလာခဲ့ကြရာ မကြာခင်မှာပင် သူမ၏အိမ်သို့ ရောက်ရှိသွားကြသည်။
"မနက်ဖြန်မှ တွေ့ကြမယ်။" ကီတာဇာဝါက သူမ၏ အိမ်တံခါးဝတွင် ရပ်လိုက်သည်။
"တာကိုယာကီအတွက် ကျေးဇူးပဲ။ နောက်တစ်ခါ ငါ ရှင်းမယ်။" ကူရယ်နိုင်က တံခါးကိုဖွင့်ကာ အိမ်ပေါက်ဝတွင် ရပ်နေသည်။
ရုတ်တရက် သူမက လှည့်လာပြီး မေးလိုက်သည်။ "အခု ဖိနပ် ချွတ်လိုက်ပြီဆိုတော့ နင်းပေးစေချင်သေးလား?"
"...?" ကီတာဇာဝါက လေးနက်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ငါက အဲဒီလို လူမျိုး မဟုတ်ပါဘူး။"
"အခွင့်အရေးကို လက်လွတ်ခံလိုက်ရင် နောက်တစ်ခါ ဆိုတာ ရှိလာမှာ မဟုတ်ဘူးနော်။" ကူရယ်နိုင်က မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး တံခါးကို ပိတ်သွားလေသည်။
ကီတာဇာဝါ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီးနောက် လှည့်ထွက်လာခဲ့သည်။
---
နှစ်ရက် အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ဆူနာဒဲ၏ အကူအညီဖြင့် ဂျူစုအသစ် ဖန်တီးရေး လုပ်ငန်းစဉ်မှာ ယခုအခါ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်သည်။ တတိယမြောက် စိတ်ပိုင်းဆိုင်ရာ ကုသခြင်း ဂျူစု ကို နောက်ထပ် လဝက်အတွင်း အပြီးသတ်နိုင်မည်ဟု ကီတာဇာဝါ ခန့်မှန်းထားသည်။
ရက်သတ္တပတ် အသစ်တစ်ခု စတင်လာသည်။ ပိတ်ရက်တွင် ဒုတိယအကြိမ်မြောက် လစဉ်စာမေးပွဲ ရှိနေသည်။
တာဝန် အောင်မြင်စွာ ပြီးမြောက်စေရန်အတွက် နာရူတို ကို အပိုလေ့ကျင့်မှုများနှင့် လေ့ကျင့်ခန်းများ ပိုမိုပေးလုပ်ရန် ကီတာဇာဝါ စီစဉ်ထားသည်။
"ဆရာ ကီတာဇာဝါ။" နင်ဂျာကျောင်း တံခါးဝတွင် ဆာစကေးက သူ့ကို လှမ်းခေါ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ ဆာစကေး?" ကီတာဇာဝါက နောက်သို့ လှည့်ကြည့်လိုက်သည်။
"ဒါက ဂျူစု သင်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပါ။" ဆာစကေးက မှတ်တမ်းလိပ် တစ်ခုကို ကမ်းပေးလိုက်သည်။
"ဒါ ပထမဆုံးအကြိမ်ပဲ။" ကီတာဇာဝါက ပြုံးလိုက်ပြီး ၎င်းကို ဖွင့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုအရာသည် မီးပုံစံ ဂျူစု လေးခု ပါဝင်သော ဂျူစု မှတ်တမ်းလိပ်တစ်ခု ဖြစ်နေသည်။ မီးပုံစံ - နဂါးမီးတောက် ဂျူစု၊ ဧရာမ နဂါးမီးတောက် ဂျူစု ၊ ဖီးနစ်ငှက် သွေးရောင်လက်သည်း ဂျူစု နှင့် ကြီးမြတ်သော မီးတောက်တို့ ပါဝင်သည်။
ပထမဆုံးအကြိမ်အဖြစ် အူချီဟာ မျိုးနွယ်စု၏ ဂုဏ်ယူဝင့်ကြွားမှုကို ကီတာဇာဝါ တကယ်တမ်း ခံစားလိုက်ရသည်။ သူက ဆာစကေးကို မီးပုံစံ ဂျူစု နှစ်ခု သင်ပေးခဲ့ရာ အပြန်အလှန်အနေဖြင့် လေးခု ပြန်လည် ရရှိခဲ့သည်။
အူချီဟာများမှာ ဂျူစု နည်းပါးခြင်း မရှိပေ၊ အထူးသဖြင့် ရှာရင်းဂန် ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ကာကာရှီ ပင်လျှင် ဂျူစုပေါင်း တစ်ထောင်ကျော်ကို တတ်မြောက်ထားကြောင်း ဆိုခဲ့ဖူးသည် မဟုတ်ပါလား။
"ဒါကို ပေးဖို့ မင်းကို ဘယ်သူပြောတာလဲ?" ကီတာဇာဝါက မေးလိုက်သည်။ ဆာစကေးသည် ယဉ်ကျေးမှု ထုံးတမ်းများကို တွေးတောစဉ်းစားနိုင်ရန် ငယ်ရွယ်လွန်းနေသေးသည်။ ဤအရာမှာ အခြားတစ်ယောက်ယောက်၏ အကြံအစည်သာ ဖြစ်ရမည်။
"ကျွန်တော့် အစ်ကို ပါ၊" ဆာစကေးက ပြန်ဖြေလိုက်သည်။