အခန်း (၅၀) - ကီတာဇာဝါ၏ ဗျကုဂန်
သူတို့၏ ဆွေးနွေးပြောဆိုမှုများကို နားထောင်ရင်း ကီတာဇာဝါ တစ်ယောက် ပြုံးမိသွားသည်။ သူတို့မျက်စိထဲတွင်တော့ ဟျူဂါ နဲဂျီ က ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်လို ဖြစ်နေလေပြီ။
သို့သော် သေချာစဉ်းစားကြည့်လျှင်လည်း သူတို့ကို အပြစ်ဆို၍ မရပေ။ မည်သို့ပင်ဆိုစေ နဲဂျီက နာမည်ကြီးသည်မဟုတ်ပါလား။
"အခု ချစ်ကြည်ရေးယှဉ်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ဆရာ ကြေညာမယ်" ကီတာဇာဝါက လက်ခုပ်တီးလိုက်သည်။ ကျောင်းသားများ တိတ်ဆိတ်သွားချိန်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအမျိုးအစား လေးခုလုံးကို သူ ချပြလိုက်သည်။
"ဒီပြိုင်ပွဲလေးခုက တော်တော်လေး ရင်းနှီးနေသလိုပဲ" အီနို က အံ့သြစွာ မေးလိုက်သည်။ "ဒါက ဆရာ ကီတာဇာဝါ သမီးတို့ကို ပေးခဲ့တဲ့ အထူးလေ့ကျင့်ရေးတွေ မဟုတ်ဘူးလား"
"ဆရာ ကီတာဇာဝါက အနာဂတ်ကိုများ ဟောကိန်းထုတ်နိုင်တာလား" ဆာကူရာ က မှင်တက်စွာဖြင့် အသံထွက်ရေရွတ်လိုက်သည်။
သူမ မှတ်မိသလောက်ဆိုလျှင် ဆာစကေး နှင့် ဟီနာတာ တို့သည် လွန်ခဲ့သည့် တစ်လကတည်းက အထူးလေ့ကျင့်ရေးကို စတင်ခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်က ဒုတိယနှစ် A အတန်းနှင့် ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်ရန် အစီအစဉ်ဆွဲထားခြင်းမျိုး လုံးဝမရှိသေးပေ။
"အနာဂတ်ကို ဟောကိန်းထုတ်တာ မဟုတ်ဘူး" ရှီကာမာရု က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒီပြိုင်ပွဲတွေကို ဆရာ ကီတာဇာဝါ ကိုယ်တိုင် ရွေးချယ်ထားတာ ဖြစ်ဖို့များတယ်"
"ဟားဟားဟား!" နာရူတို က ခါးထောက်ကာ ရယ်မောလိုက်သည်။ "ကိုယ်ကာယကြံ့ခိုင်မှု စမ်းသပ်ပွဲမှာ ငါ သေချာပေါက် ပထမရမှာပဲ!"
သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် မိုက်ဂိုင် ၏ အထူးလေ့ကျင့်ပေးမှုတို့ကြောင့် သူသည် ယုံကြည်မှုများ အပြည့်အဝ ရှိနေလေသည်။
"ဘဝင်ရူးကောင်!" ကီဘာ က သူ၏ ဂုဏ်ဆာနေသော မျက်နှာပေးကို ကြည့်မရတော့ဘဲ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မင်း ငါ့ကို မနာလိုဖြစ်နေတာ မလား!" နာရူတိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
"..." အီနုဇုကာ ကီဘာ သွားကြိတ်လိုက်မိသည်။
ကိုယ်ကာယကြံ့ခိုင်မှု စမ်းသပ်ပွဲတွင်တော့ သူက နာရူတို ကို အမှန်တကယ်ပင် မကျော်ဖြတ်နိုင်ပေ။ ဤကောင်၏ ခန္ဓာကိုယ်ခွန်အားသည် သူ အိမ်တွင် မွေးထားသော နင်ဂျာခွေးထက်ပင် ပို၍ ကြောက်စရာကောင်းနေသေးသည်။ လက်တွေ့ပြောရလျှင် သူက... ကိုနိုဟာ၏ ခွေးရူးတစ်ကောင်လိုပင်။
"နဲဂျီ ကိုတော့ သတိထားရမယ်" ရှီနို က သူ၏ နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း အေးဆေးစွာ သတိပေးလိုက်သည်။
"ရပါတယ်။ ဆရာ ကီတာဇာဝါ ကြည့်ရှင်းပေးလိမ့်မယ်" အီနို က ယုံကြည်မှုအပြည့်ပါသော အပြုံးဖြင့် ပြောသည်။
"မဆိုးဘူးပဲ"ဟီနာတာ ကလည်း ညင်သာစွာ ထောက်ခံလိုက်သည်။
ရှီကာမာရု က ခေါင်းယမ်းလိုက်သည်။ မင်းတို့က ချူနင် ဆရာတစ်ယောက်အပေါ် မျှော်လင့်ချက်တွေ ပုံအောထားကြတာလား။ ဆရာ့ရဲ့ ကန့်သတ်ချက်တွေကို မင်းတို့ ရှင်းရှင်းလင်းလင်းကို နားမလည်ကြတာပဲ။
ဒါက ခက်ခဲလိမ့်မည်ဆိုတာကို သူ သိသည်။ သို့သော် ချစ်ကြည်ရေးပွဲတစ်ခုသာ ဖြစ်သဖြင့် ရှုံးသွားလျှင်တောင်မှ ကိစ္စမရှိလှပေ။
"နောက်လမှာလုပ်မယ့် ချစ်ကြည်ရေးပွဲအတွက် ပြင်ဆင်ဖို့ ဆရာက မင်းတို့ရဲ့ အားသာချက်တွေနဲ့ ကိုက်ညီမယ့် လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ရေးဆွဲထားတယ်" ကီတာဇာဝါက အေးဆေးစွာ ပြောလိုက်သည်။ "လက်တွေ့သင်ခန်းစာ စတဲ့အခါကျရင် အဲဒီအကြောင်းကို အသေးစိတ်ပြောကြတာပေါ့။ အခုလောလောဆယ်တော့ စာသင်လိုက်ကြစို့"
ယနေ့အတွက် ပထမဆုံးသင်ခန်းစာက "မီးတောက်၏ဆန္ဒ" အကြောင်း ဖြစ်သည်။
ထိုအကြောင်းကို သင်ကြားရာတွင် ကီတာဇာဝါက ဆရာတစ်ဆူဖြစ်နေပြီဖြစ်သည်။ ရယ်မောပျော်ရွှင်သံများကြားမှာပင် သင်ခန်းစာ ပြီးဆုံးသွားခဲ့သည်။
ကီတာဇာဝါ စာသင်ခန်းထဲမှထွက်ပြီး ရုံးခန်းသို့ ပြန်လာခဲ့သည်။ သူနှင့်အတူ ဆာစကေး နှင့် ဟီနာတာ တို့လည်း ပါလာကြသည်။
မည်သူကမျှ တိုက်တွန်းနေစရာမလိုဘဲ သူတို့နှစ်ဦးက အစပြုကာ လေ့ကျင့်ရေးကို စတင်ခဲ့ကြသည်။
မကြာမီမှာပင် မွန်းလွဲပိုင်းသို့ ရောက်ရှိသွားသည်။
ပထမနှစ် (A)အတန်း၏ နောက်ဆုံးအချိန်သည် လက်တွေ့သင်ခန်းစာ ဖြစ်သည်။
ကီတာဇာဝါက လေ့ကျင့်ရေးအစီအစဉ်ကို အားလုံးကို ချပြလိုက်သည်။ ပထမလစဉ်စာမေးပွဲရလဒ်များအပေါ် အခြေခံ၍ သူတို့ကို အုပ်စုနှစ်စု ခွဲလိုက်သည်။
အမှတ်အသင့်အတင့်သာရှိသော ပထမအုပ်စုသည် ချစ်ကြည်ရေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ပေ။ သူတို့က စာသင်ခန်းတွင်း လေ့ကျင့်မှုများကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။
ဒုတိယအုပ်စုကတော့ ရလဒ်ကောင်းမွန်သူများဖြစ်ပြီး ဟီနာတာနှင့် ဆာစကေးတို့က ဦးဆောင်ရမည်ဖြစ်သည်။
ဆာစကေးသည် ချာကရာ သဘာဝပြောင်းလဲခြင်းကို ဆက်လက်လေ့ကျင့်နေဆဲဖြစ်သည်။ ဟီနာတာ၊ အီနို နှင့် ဆာကူရာ တို့အပြင် ရှီကာမာရု နှင့် ချိုဂျီ တို့ကိုပါ ချာကရာ ထိန်းချုပ်မှု လေ့ကျင့်ခန်းတွင် ထည့်သွင်းထားလေသည်။
ဪ... ရှီနို လည်း ပါသေးသည်။
ကျန်ရှိနေသော ကျောင်းသားများကတော့ နာရူတို နှင့် ကီဘာ တို့၏ ဦးဆောင်မှုအောက်တွင် ကိုယ်ကာယကြံ့ခိုင်ရေးကို လေ့ကျင့်ရသည်။
နောက်ဆုံးလက်တွေ့လေ့ကျင့်ရေးအတွက်မူ ကီတာဇာဝါက နှစ်ပတ်အတွင်း အပြင်းအထန် အထူးလေ့ကျင့်မှုများ စတင်ရန် စီစဉ်ထားသည်။
အတန်းပြီးသွားလေပြီ။
ရှီကာမာရုသည် မြေကြီးပေါ်သို့ ပစ်ကျသွားပြီး အင်အားများ လုံးဝကုန်ခန်းသွားသည်။ ကီတာဇာဝါက သူ့ကို သစ်ပင်တက်လေ့ကျင့်ခန်း ခိုင်းလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားခဲ့ပေ။
ဤသည်မှာ သူ၏ ပျင်းရိသော နေထိုင်မှုဘဝအတွက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခုပင် ဖြစ်သည်။
ငါးခြောက်တစ်ကောင်လို ပက်လက်လန်နေသော ရှီကာမာရုကို ကီတာဇာဝါ သတိထားမိလိုက်သည်။ သူက တခစ်ခစ်ရယ်လိုက်ပြီး ဘာမှတော့ မပြောပေ။
ဒါက ရှီကာမာရု၏ သဘာဝပင်ဖြစ်သည်။ ဖိအားမပေးလျှင် သူက ကြိုးကြိုးစားစား လုပ်မည့်သူမျိုး မဟုတ်ပေ။
"ဒီနေ့ ကြိုးကြိုးစားစား လုပ်ပေးတဲ့အတွက် ကျေးဇူးပဲ။ မင်းတို့အတွက် မုန့်နည်းနည်း ပြင်ဆင်ထားတယ်" ကီတာဇာဝါက အပြုံးတစ်ခုဖြင့် ဝိညာဉ်သိုလှောင်ရေး စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
ဟီနာတာက အလိုအလျောက်ပင် သူမ၏ ဗိုက်ကို စမ်းလိုက်မိသည်။ ကီတာဇာဝါ၏ စကားအဆုံးတွင် သူမ ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရသည်။
"မိုက်တယ်ဟေ့!"ချိုဂျီ တစ်ယောက် ချက်ချင်းပင် အားအင်တွေ ပြန်ပြည့်လာပြီး မတ်တပ်ထရပ်လိုက်သည်။
"ဆရာ ကီတာဇာဝါ မှပဲ ဒီလိုမျိုး တွေးတတ်တာ!" အီနို က ပြုံးဖြီးဖြီးဖြင့် ပြောသည်။ သူမက လောဘကြီးတတ်သူ မဟုတ်သော်လည်း မုန့်ကိုတော့ ငြင်းမည်မဟုတ်ပေ။
"ဆာစကေး ၊ နင့်အတွက် ငါ ယူပေးမယ်!" ဆာကူရာ က ထခုန်လိုက်ပြီး ကီတာဇာဝါဆီသို့ ပြေးသွားသည်။
"..." ဆာစကေး က အနည်းငယ် အကူအညီမဲ့နေသလို ကြည့်လိုက်သည်။ သူက မုန့်စားရတာကိုတောင် မကြိုက်ပေ။
"ဆာစကေး၊ ဒီတစ်ခုက နင့်အတွက်!" ဆာကူရာ ပြန်လာပြီး မုန့်အိတ်ကို ဂုဏ်ယူစွာဖြင့် ကမ်းပေးလိုက်သည်။
ဆာစကေး ငြင်းလိုက်တော့မည်အလုပ်... အထဲတွင်ရှိနေသော အရောင်သုံးရောင်ပါ ဒါန်ဂိုမုန့်ကို သူ သတိထားမိသွားသည်။ ဒါက အီတာချီ အကြိုက်ဆုံးမုန့်ဖြစ်သည်။ သူ အကြိုက်ဆုံးလည်း ဖြစ်သည်။
ဆာကူရာ၏ မုန့်အိတ်ကို သူ လှမ်းကြည့်လိုက်သည်။ သူ့အိတ်နှင့် မတူပေ။ ဒီလို သေးငယ်တဲ့ အသေးစိတ်လေးကအစ... ဆရာဒီလောက်တောင် ဂရုစိုက် စဉ်းစားပေးထားတာလား။ ခဏတာမျှတော့ ဆာစကေးတစ်ယောက် ကီတာဇာဝါကို အမှန်တကယ်ပင် လေးစားသွားမိသည်။
သူ ဒါန်ဂိုကို တစ်ကိုက် ကိုက်စားလိုက်သည်။ တကယ်ကို ချိုမြိန်လှပါသည်။
"ဆရာ ကီတာဇာဝါ!" အခြားသူများ ထွက်သွားချိန်တွင် ဟျူဂါ ဟီနာတာ ပြေးလာခဲ့သည်။
"ဒါက မင်းအတွက်" ကီတာဇာဝါက သူမကို မုန့်အိတ်ကြီး လေးအိတ် ကမ်းပေးလိုက်သည်။
"ကျ-ကျေးဇူးတင်ပါတယ်၊ ဆရာ ကီတာဇာဝါ" ဟီနာတာက မျက်နှာလေးရဲသွားပြီး အိတ်များကို အခက်အခဲဖြစ်စွာ ပိုက်ထားလိုက်သည်။
"မင်းကို ဆရာ အရင်ကတည်းက ပြောထားပြီးသားလေ၊ စားနိုင်တာက ကောင်းချီးတစ်ခုပဲ" ကီတာဇာဝါက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။ "ရပါတယ်ကွာ"
"အင်း" ဟီနာတာ၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားမှုတစ်ခု ပျံ့နှံ့သွားသည်။
"အိမ်ကို ဆရာ လိုက်ပို့ပေးမယ်" ကီတာဇာဝါက သူမလက်ထဲမှ မုန့်များကို ယူလိုက်သည်။ "ဒါတွေက မင်းတစ်ယောက်တည်း သယ်ဖို့ အရမ်းများနေတယ်လေ"
ဟီနာတာ၏ ရင်ထဲ ခုန်လှုပ်သွားသည်။ သူမ အမြန်ခေါင်းညိတ်လိုက်သည်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ကီတာဇာဝါနှင့်အတူ နောက်ထပ် အချိန်နည်းနည်းလောက် ပိုနေချင်မိသွားသည်။
---
ဟျူဂါ စံအိမ်တော်၌။
အာဏာစက်များ ဖြာထွက်နေပြီး ထင်းရှူးပင်တစ်ပင်လို ဖြောင့်မတ်စွာ ရပ်နေသော အရပ်ရှည်ရှည် လူတစ်ယောက်ကို အဝေးမှနေ၍ ကီတာဇာဝါ မြင်လိုက်ရသည်။
"အဖေ" ဟီနာတာက ပြေးသွားပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
'ခေါင်းဆောင် ဟီယာရှီ ' ကီတာဇာဝါက စိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်ပြီး ရိုသေယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မင်းက ကီတာဇာဝါလား" ဟီယာရှီက တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့" ကီတာဇာဝါ ခေါင်းညိတ်လိုက်သည်။
"ဒီကာလအတွင်း ဟီနာတာကို ဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးပဲ" ထိုစကားပြောပြီးသည်နှင့် ဟီယာရှီက လှည့်ကာ ခြံဝင်းထဲသို့ ဝင်သွားတော့သည်။
ယဉ်ကျေးမှုတော့ ရှိသော်လည်း ထိုအရာ၏အောက်တွင် ဖုံးကွယ်ထားသော မာနတရားကတော့ ထင်ရှားလွန်းလှသည်။
ကီတာဇာဝါ အံ့သြမသွားပေ။ ဟျူဂါနှင့် အူချီဟာ မျိုးနွယ်စု နှစ်ခုစလုံးက မာနကြီးကြသော်လည်း ဟျူဂါများကမူ ပို၍ သိုသိပ်ကြသည်။
"မနက်ဖြန်မှ တွေ့ကြတာပေါ့ ဆရာ ကီတာဇာဝါ" ဟီနာတာက သူမ၏ မုန့်များကို ပိုက်ထားရင်း လက်ပြနှုတ်ဆက်လိုက်သည်။ သူမ ခွဲခွာရမည်ကို တွန့်ဆုတ်နေဆဲပင်။
"ဘာလို့ မုန့်တွေ ဒီလောက်အများကြီး သယ်လာရတာလဲ" ဟီယာရှီက ဖောင်းကားနေသော အိတ်ကြီးလေးအိတ်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။
"ဒါ ဆရာ ကီတာဇာဝါ ပေးတဲ့ ဆုပါ" ဟီနာတာ ခေတ္တရပ်သွားပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။ "ပြီးတော့ သမီး ဒါတွေအကုန်လုံး စားနိုင်ပါတယ်"
"မုန့်စားလို့ရပါတယ်၊ ဒါပေမဲ့ အရမ်းမများစေနဲ့" ဟီယာရှီ မျက်မှောင်ကြုတ်သွားသည်။ "ထမင်း သုံးနပ် သေချာစားဖို့က အရေးအကြီးဆုံးပဲ"
"သမီး အကုန်လုံးကို စားနိုင်ပါတယ်" ဟီနာတာက သတ္တိမွေးလိုက်သည်။ "သမီးက အစားကြီးတယ်"
ဟီယာရှီ မျက်တောင်ခတ်သွားသည်။ သူမ လိမ်ပြောနေသည်ဟု သူ၏ ပထမဆုံးအတွေးတွင် ထင်လိုက်သော်လည်း နောက်တော့ သူ ရပ်တန့်သွားသည်။
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေဖြင့် အစားအသောက်ကြီးခြင်းက အင်အားတစ်ခုဖြစ်နိုင်ကြောင်းကို သူ သိထားသည်။ ကိုနိုဟာ၏ အာကီမီချီ မျိုးနွယ်စုက သက်ရှိထင်ရှား သက်သေပင်ဖြစ်သည်။
"မင်း ဘယ်လောက်အထိ စားနိုင်လို့လဲ" ဟီယာရှီက လေးနက်စွာ မေးလိုက်သည်။
"အိမ်က ပန်းကန်လုံးတွေနဲ့ဆိုရင်... ဆယ်လုံးလောက် စားနိုင်ပါတယ်" ဟီနာတာက သတိထားကာ ပြန်ဖြေလိုက်သည်။
"ဟားဟားဟား!" နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ဟီယာရှီက အော်ဟစ်ရယ်မောချလိုက်တော့သည်။
"...?"
ဟီနာတာ မှင်တက်သွားသည်။ သူ့အဖေ ဤကဲ့သို့ ရယ်မောသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမ အများကြီးစားနိုင်လို့များလား။ ဆရာ ကီတာဇာဝါ ပြောတာ မှန်နေတာပဲ။
[တာဝန်- သင်၏အတန်းခုံဖော် ဟျူဂါ ဟီနာတာ သူမ၏ လျှို့ဝှက်ချက်ကို ကိုယ်တိုင်ထုတ်ဖော်ပြောပြလာသည်အထိ ကျွေးမွေးပါ။]
[တာဝန် ပြီးမြောက်မှု ဆုလာဘ်- ဗျကုဂန်။]
[ပိုင်ရှင်သည် တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ဆုလာဘ် ချီးမြှင့်လိုက်ပါပြီ။]
လမ်းလျှောက်နေသော ကီတာဇာဝါ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားတော့သည်။