အခန်း (၄၅) - ဟီနာတာ၏ တိုးတက်လာမှု
ကီတာဇာဝါ၏ ရုံးခန်းတွင်..
ဟီနာတာသည် သူမပြောရမည့် မိန့်ခွန်းစာမူကို ဆုပ်ကိုင်ထားရင်း ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ စိတ်လှုပ်ရှားလွန်း၍ သူမ၏မျက်နှာလေးမှာ ဖြူလျော့နေသည်။ တံခါးပွင့်လာပြီး ကီတာဇာဝါ ဝင်လာသည်ကို မြင်လိုက်ရမှသာ သူမ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
"စိတ်လှုပ်ရှားနေတာလား" ကီတာဇာဝါက အနားသို့လျှောက်လာပြီး သူမ၏ခေါင်းလေးကို ဖွဖွပွတ်သပ်ကာ မေးလိုက်သည်။
"ဟုတ်" ဟီနာတာက အနည်းငယ် ရှက်ရွံ့စွာဖြင့် ဝန်ခံလိုက်သည်။
ဤကာလအတွင်း ကီတာဇာဝါသည် သူမ တိုးတက်လာစေရန် အစွမ်းကုန်ကူညီပေးကာ အထူးလေ့ကျင့်မှုများ ပေးခဲ့သည်။
သို့သော် တကယ်တမ်း အချိန်ကျလာသောအခါ သူမ မျက်နှာလေးပင် ဖြောင့်ဖြောင့်မထားနိုင်အောင် ဖြစ်နေရသည်။ သူ၏ မျှော်လင့်ချက်များကို သေးသိမ်သွားစေသလိုမျိုး သူမ ခံစားနေရသည်။
"စိတ်လှုပ်ရှားတာ ပုံမှန်ပါပဲ" ကီတာဇာဝါက ပြုံးလိုက်သည်။ "အရင်ဆုံး တစ်ခုခု စားရအောင်"
သူသည် ပစ္စည်းများသိမ်းဆည်းထားသည့် မှော်စာလိပ်တစ်ခုကို ဖြန့်လိုက်ပြီး အစားအသောက်မျိုးစုံကို ထုတ်ယူလိုက်သည်။ အရသာရှိသော အနံ့လေးများ လေထုထဲ ပျံ့နှံ့သွားချိန်တွင် ဟီနာတာ၏ ဗိုက်ထဲမှ တဂွီဂွီမြည်သံလေး ထွက်ပေါ်လာသည်။ ရှက်လွန်း၍ သူမ၏မျက်နှာလေး ချက်ချင်း နီရဲသွားတော့သည်။
"စားလိုက်လေ" ကီတာဇာဝါက ဆူရှီလိပ်တစ်ခုကို ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဆရာကီတာဇာဝါ" ဟီနာတာက တစ်ကိုက် ကိုက်စားလိုက်ရာ အလွန်ပင် ချိုမြိန်နေသည်ကို ခံစားလိုက်ရသည်။
အရသာများ လျှာပေါ်တွင် စွဲကျန်နေစဉ် သူမသည် ကီတာဇာဝါကို ခိုးကြည့်လိုက်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်သည်။ သူမသည် သေသပ်လှပစွာ စားသောက်နေပြီး အတော်လေး အရသာတွေ့နေပုံရသည်။
ဆိုဖာပေါ်တွင်ထိုင်ကာ စားသောက်နေရင်း သူမ၏ ခြေထောက်လေးများကို ရှေ့နောက် လွှဲနေမိသည်။ စောစောက စိတ်လှုပ်ရှားမှုများလည်း တဖြည်းဖြည်း လျော့ပါးသွားတော့သည်။
"သမီး ဗိုက်ဝသွားပြီ၊ ဆရာကီတာဇာဝါ" နွားနို့သောက်ပြီးနောက် ခွက်အလွတ်ကိုချကာ ဟီနာတာက သူ့ကို ကြည့်လိုက်သည်။
"စင်ပေါ်မှာ စိတ်မလှုပ်ရှားအောင် လုပ်ရမယ့် နည်းလမ်းတစ်ခု ဆရာသင်ပေးမယ်" ကီတာဇာဝါက ထမင်းဆုပ်တစ်ခုကို ကောက်ကိုင်လိုက်ရင်း ပြောသည်။ "စင်ပေါ်ရောက်သွားရင် လူအားလုံးကို ထမင်းဆုပ်တွေလို့ပဲ မြင်ယောင်လိုက်။ ဒါဆိုရင် စိတ်လှုပ်ရှားမှာ မဟုတ်တော့ဘူး"
"ဟင်" ဟီနာတာ အံ့ဩသွားပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ အဲ့ဒါ တကယ် အလုပ်ဖြစ်ပါ့မလား။
"လာ၊ ကွင်းပြင်ဘက် သွားကြရအောင်" ကီတာဇာဝါက ကျန်နေသေးသော အစားအသောက်များကို သိမ်းဆည်းလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ဟီနာတာ၏ ရင်ခုန်သံများ ပြန်မြန်လာပြီး ရင်ဘတ်ထဲတွင် တင်းကျပ်မှုများ ပြန်လည်ဖြစ်တည်လာသည်။ ကီတာဇာဝါနောက်မှ လိုက်ပါသွားစဉ် သူ ခုလေးတင် သင်ပေးလိုက်သော နည်းလမ်းကို စိတ်ထဲမှ တိုးတိုးလေး ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်။
"ထမင်းဆုပ်တွေ... နင်တို့အားလုံးက ထမင်းဆုပ်တွေပဲ..." သူမကိုယ်သူမ တီးတိုးရေရွတ်နေမိသည်။ ထူးဆန်းစွာပင် သူမ၏ စိတ်လှုပ်ရှားမှုများ အနည်းငယ် သက်သာသွားသည်ကို တကယ်ပဲ ခံစားလိုက်ရသည်။
ကွင်းပြင်ထဲတွင် အတန်း ခြောက်တန်းလုံးမှ ကျောင်းသားများသည် စတုရန်းပုံစံ တန်းစီကာ သပ်ရပ်စွာ နေရာယူထားကြသည်။
ကီတာဇာဝါက ဟီနာတာကို စင်မြင့်ရှိရာသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။
"ကီတာဇာဝါ" ဆာရူတိုဘီ ဟီဆာအိုက သူ့ကို မြင်သွားပြီး နှုတ်ဆက်လိုက်သည်။
ကီတာဇာဝါသည် နင်ဂျာကျောင်းတွင် ထင်ရှားသူတစ်ဦးဖြစ်လာခဲ့ပြီး ဆာရူတိုဘီ ဟီရူဇန် ၏ ယုံကြည်အားထားမှုကို အပြည့်အဝရရှိထားသူဖြစ်သည်။ ဆာရူတိုဘီ မျိုးနွယ်ဝင်တစ်ဦးလည်းဖြစ်၊ ကျောင်း၏ ဒု-ကျောင်းအုပ်လည်းဖြစ်သော ဆာရူတိုဘီ ဟီဆာအို က ကီတာဇာဝါအား အရင်ဆုံး ရင်းနှီးစွာ စတင်နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
"ဒု-ကျောင်းအုပ်ကြီး" ကီတာဇာဝါက ရိုသေစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။
ရှစ်နာရီခွဲ တိတိတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို တရားဝင် စတင်လိုက်သည်။ အစီအစဉ်၏ ပထမဆုံး အပိုင်းမှာ ထူးချွန်ကျောင်းသား ကိုယ်စားလှယ်၏ မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။
"ဟီနာတာ၊ ဆရာပြောပြထားတဲ့ နည်းလမ်းကို မှတ်ထားနော်" ကီတာဇာဝါက တိုးညှင်းစွာ သတိပေးလိုက်သည်။
ဟီနာတာက နှုတ်မှ ပြန်မဖြေဘဲ စိတ်ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ ဖြည်းညင်းစွာ ရှေ့သို့လျှောက်သွားပြီး ရပ်လိုက်သည်။ မျက်လုံးပေါင်းများစွာက သူမထံ ချက်ချင်း ကျရောက်လာသည်။ သူမ အနည်းငယ် တုန်ယင်လာပြီး ရင်ဘတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်လာတော့သည်။
"ထမင်းဆုပ်တွေ... သူတို့အားလုံးက ထမင်းဆုပ်တွေပဲ!" ဟီနာတာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ မိန့်ခွန်းကို စတင်ပြောကြားလိုက်သည်။
---
ဒုတိယနှစ်၊ အခန်း (A)
ဟျူဂါ နဲဂျီ သည် ဟီနာတာ၏ မိန့်ခွန်းကို နားထောင်ရင်း သူ၏မျက်နှာပေါ်တွင် အံ့ဩနေသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူမက စင်ပေါ်တက်ရန် သတ္တိမွေးနိုင်ခဲ့ရုံသာမက မိန့်ခွန်းကိုပါ ချောမွေ့စွာ ပြောဆိုနေနိုင်သည်ကိုး။
နဲဂျီ၏ အမြင်တွင် ဟီနာတာသည် နင်ဂျာတစ်ယောက်ဖြစ်လာရန် အရည်အချင်းမရှိပေ။ သူမသည် အလွန်ကြောက်တတ်ပြီး ဆုံးဖြတ်ချက်လည်း မပြတ်သားလှချေ။ သူ၏အမြင်အရ သူမ၏ တစ်ခုတည်းသော ကောင်းမွန်သည့်အချက်မှာ ပင်မမျိုးနွယ်စုတွင် မွေးဖွားလာခြင်းပင် ဖြစ်သည်။
"မင်း ဘယ်လောက်တောင် ပြောင်းလဲသွားလဲ ဆိုတာ ကြည့်ရသေးတာပေါ့..." နဲဂျီက မီဇူကီ၏ စောစောက အကြံပြုချက်ကို ရုတ်တရက် သတိရသွားသည်။ အစက သူ သိပ်ဂရုမစိုက်ခဲ့သော်လည်း ယခုတော့ တကယ်ကို စိတ်ဝင်စားသွားခဲ့ပြီ။
မီဇူကီ၏ အကြံဉာဏ်မှာ ရိုးရှင်းသည် ၊ အတန်းနှစ်တန်းကြား ချစ်ကြည်ရေး ယှဉ်ပြိုင်ပွဲ လုပ်ရန်ပင်။
---
မိနစ်သုံးဆယ် ကြာပြီးနောက် ဟီနာတာ၏ မိန့်ခွန်း ပြီးဆုံးသွားသည်။ ပတ်ဝန်းကျင် အရပ်ရပ်မှ မိုးခြိမ်းသံအလား လက်ခုပ်သံများ ထွက်ပေါ်လာချိန်တွင် ဟီနာတာ တစ်ယောက် တွေဝေနေသည့် အခြေအနေမှ သတိပြန်ဝင်လာသည်။
သူမသည် မိန့်ခွန်းပြောနေစဉ်အတွင်း အရမ်းအာရုံစိုက်နေခဲ့သဖြင့် ပရိသတ်ကိုပင် လုံးဝမေ့သွားခဲ့သည်။ အရပ်မျက်နှာ အသီးသီးမှ လက်ခုပ်သံများကို နားထောင်ရင်း သူမ၏ ရင်ထဲတွင် ထူးဆန်းသော်လည်း ကြည်နူးစရာကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
'ငါ တကယ်ပဲ အဲဒီလောက် တော်ခဲ့တာလား။'သူမ လက်ထဲရှိ စာမူကို ဆုပ်ကိုင်လိုက်ပြီး ရှက်ရွံ့စွာ လက်လှမ်းပြလိုက်ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။
"ဆရာ ကီတာဇာဝါ!" စိတ်လှုပ်ရှားမှုကြောင့် ဟီနာတာ၏ မျက်နှာလေးမှာ ပန်းသွေးရောင် သမ်းနေသည်။
"မိန့်ခွန်းအောင်မြင်စွာ ပြောနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်" ကီတာဇာဝါက ပြုံးလိုက်သည်။ "တွေ့လား။ လူတိုင်းက သမီးကို လက်ခုပ်တီးပေးနေကြတယ်"
"ဟုတ်!" ဟီနာတာက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးတစ်ချပ်ကို ဖွင့်လိုက်ရသလိုမျိုး သူမ ခံစားလိုက်ရသည်။ အကယ်၍ နောက်တစ်ကြိမ် မိန့်ခွန်းထပ်ပြောခိုင်းလျှင် သူမ ဒီထက်ပိုပြီး ကောင်းအောင် ပြောနိုင်မည်ဟု ယုံကြည်နေသည်။
"အခုဆို တိုရာနိုဆူကဲကို အနိုင်ယူဖို့ ယုံကြည်မှု ရှိသွားပြီလား" ကီတာဇာဝါက စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။
"သမီး... သမီး နိုင်ပါတယ်!" ဟီနာတာက တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားသော်လည်း စိတ်ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် ဖြေလိုက်သည်။
"သမီး တော်တော်လေး တိုးတက်လာပြီပဲ၊ ဟီနာတာ" ကီတာဇာဝါက သူမ၏ ခေါင်းလေးကို ဖွဖွလေး ကိုင်လိုက်သည်။ "အခန်း (A) ကို ပြန်သွားကြရအောင်"
ထိုသူနှစ်ဦးသည် ပထမနှစ် အခန်း (က) တန်းစီထားရာ နေရာသို့ ပြန်သွားကြသည်။
"ဟီနာတာ၊ နင် အရမ်းမိုက်တာပဲဟာ!" အီနို က ပြုံးပြီး ချီးကျူးလိုက်သည်။
"နောက်တစ်ခါကျရင် ငါလည်း မိန့်ခွန်းပြောချင်တယ်!" နာရူတို က မျှော်လင့်ချက်အပြည့်ဖြင့် အော်ပြောလိုက်သည်။ လူတွေ၏ အာရုံစိုက်မှုကို ခံရခြင်းကို သူက အလွန်သဘောကျသည်။ လူတွေက သူ့အတွက် လက်ခုပ်တီးပေးလျှင် အသိအမှတ်ပြုခံရခြင်းဟု အဓိပ္ပာယ်ရသည်လေ။
"မင်းကလား" ကီဘာ က လှောင်ပြောင်လိုက်သည်။ "စင်ပေါ်မှာ မိန့်ခွန်းပြောဖို့ဆိုရင် ငါက မင်းထက် အများကြီး ပိုပြီး အရည်အချင်းရှိတယ်ကွ"
"နောက်လစဉ် စာမေးပွဲကျရင် ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ကြတာပေါ့ကွာ!" နာရူတိုက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
သူက သူ့ကိုယ်သူ ယုံကြည်နေခြင်း မဟုတ်ဘဲ ကီတာဇာဝါ အပေါ် ယုံကြည်နေခြင်း ဖြစ်သည်။
"အဲဒီလူက ငါပဲဖြစ်မှာ" ဆာစကေး က ရုတ်တရက် ဝင်ပြောလိုက်သည်။
အားလုံးက သူ့ကို အံ့ဩတကြီး လှည့်ကြည့်လိုက်ကြသည်။ သူတို့မှတ်မိသလောက်ဆိုလျှင် ဆာစကေးသည် အမြဲတမ်း အေးစက်စက်နေတတ်ပြီး သူတို့၏ စကားဝိုင်းများတွင် ပါဝင်လေ့မရှိပေ။
"ကဲကဲ၊ ဒီလောက်ဆို တော်ပြီ။ တိတ်တိတ်နေကြတော့။ ကျောင်းအုပ်ကြီး စကားပြောတော့မယ်" ကီတာဇာဝါက လက်ခုပ်တီးလိုက်သည်။
အခမ်းအနား၏ ဒုတိယနှင့် အရေးအကြီးဆုံးအပိုင်းဖြစ်သော ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို စတင်လိုက်သည်။ ဆာရူတိုဘီ ဟီဆာအိုက အတန်းတစ်တန်းစီမှ အဆင့် (၁) မှ (၃၀) အတွင်း ဝင်သော ကျောင်းသားများ၏ နာမည်များကို စတင် ဖတ်ကြားလေသည်။
"အခု ဒီလစဉ်စာမေးပွဲအတွက် အနှစ်ချုပ် အမှာစကား ပြောကြားပေးဖို့ ကျောင်းအုပ်ကြီးကို ဖိတ်ခေါ်ပါတယ်" စာရင်းဖတ်အပြီးတွင် ဆာရူတိုဘီ ဟီဆာအိုက ပြုံးရင်း စင်မြင့်ဘေးဘက်သို့ လက်ဟန်ပြလိုက်သည်။
ရင်းနှီးနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်၊ ဟိုကာဂဲ ဝတ်ရုံကို ဝတ်ဆင်ထားသော ဆာရူတိုဘီ ဟီရူဇန် ပင်ဖြစ်သည်။
ချက်ချင်းပင် ကျောင်းသားများထံမှ အားပေးဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။ ဟီရူဇန်၏ ပြည်သူ့ရှေ့မှောက် ပုံရိပ်မှာ အပြစ်ဆိုဖွယ်ရာမရှိဘဲ ရွာတွင်း၌ သူ၏ဂုဏ်သတင်းမှာလည်း အလွန်ကြီးမားသည်။ ထို့အပြင် ယခုလို သူရောက်လာခြင်းက အားလုံးအတွက် အံ့အားသင့်စရာပင်။
ပုံမှန်အားဖြင့် လစဉ်စာမေးပွဲ ဆုချီးမြှင့်ပွဲလိုမျိုး အခမ်းအနားများကို သူ တက်ရောက်လေ့မရှိပေ။ ကျောင်းဝင်ခွင့် အခမ်းအနား သို့မဟုတ် ကျောင်းဆင်းပွဲများတွင်သာ သူ့ကို မြင်တွေ့ရလေ့ရှိသည်။
"ငါ အချက်ခြောက်ချက်လောက် အတိုချုပ် ပြောပြပါရစေ" ဟီရူဇန်က စတင်ပြောကြားလိုက်သည်။ ကျောင်းသားများ၏ တုံ့ပြန်မှုကို သူ သဘောကျနေကြောင်း သိသာထင်ရှားလှသည်။ သူ့အမြင်တွင် ထိုအရာက သူလုပ်ခဲ့သမျှ အရာအားလုံး အကျိုးနပ်ကြောင်း အတည်ပြုပေးနေသလိုပင်။
ကီတာဇာဝါက မဲ့ပြုံး ပြုံးလိုက်သည်။ သူ တစ်ခုခုကို ကြိုတင်၍ နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။
ထင်တဲ့အတိုင်းပင် ဟီရူဇန်သည် နှစ်နာရီ အပြည့်အဝ စကားပြောခဲ့သည်။ အချိန်အကန့်အသတ်သာ မရှိခဲ့လျှင် ဒီထက်တောင် ပိုကြာသွားနိုင်သေးသည်။
နောက်ဆုံးတွင်တော့ အခမ်းအနား ပြီးဆုံးသွားပြီး အားလုံး အတန်းထဲသို့ ပြန်သွားကြသည်။
ကီတာဇာဝါ ထွက်ခွာရန် ပြင်လိုက်စဉ် မီဇူကီက သူ့ကို တားလိုက်သည်။
"ဒီတစ်ခေါက် ခင်ဗျားရဲ့ အတန်းက တော်တော်လေး လုပ်နိုင်ခဲ့တာပဲ။ ကျုပ် အတန်းက ကျောင်းသားတွေက ခင်ဗျားတို့ အတန်းနဲ့ ဖလှယ်ရေးပွဲလေး လုပ်ချင်နေကြတယ်" မီဇူကီက ပြုံးပြီး ပြောသည်။ "ကျုပ်တို့ အတန်းနှစ်ခုကြား ချစ်ကြည်ရေး ယှဉ်ပြိုင်ပွဲလေး လုပ်ရင် ဘယ်လိုလဲ"
"စိတ်မဝင်စားဘူး" ကီတာဇာဝါက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
"ဘ-ဘာလို့လဲ" မီဇူကီက နေရာမှာတင် ကြက်သေသေသွားသည်။
"ဘာလို့လဲ ဟုတ်လား" ကီတာဇာဝါက လှောင်ပြုံးပြုံးလိုက်သည်။ "ဒုတိယနှစ်က ပထမနှစ်ကို ယှဉ်ပြိုင်မယ်ဆိုတော့အရှက်မရှိဘူးဆိုတဲ့ စကားလုံးကလွဲပြီး ဘာစကားလုံးများ သုံးလို့ရဦးမလဲ"
တစ်နှစ်ဆိုသည့် အသက်ကွာဟချက်က လျစ်လျူရှုထားလို့ရသည့် အရာမဟုတ်ပေ။ ကီတာဇာဝါမှာ လူမိုက်မဟုတ်ပြဿနာရှာရန် အစီအစဉ်လည်း သူ့တွင် မရှိပေ။
"နေပါဦး! ကျောင်းသားတွေကြားမှာ အပြုသဘောဆောင်တဲ့ ဖလှယ်ပွဲအနေနဲ့ လုပ်လို့ရပါတယ်" မီဇူကီက သူ့နောက်သို့ လိုက်လာသည်။ "ပွဲလုပ်မယ့် အချိန်၊ နေရာနဲ့ ပါဝင်မယ့်အကြောင်းအရာတွေကို ခင်ဗျားပဲ ဆုံးဖြတ်လို့ရပါတယ်!"
သူသည် တစ်နှစ်ကွာဟချက်၏ အားသာချက်ကို အလွန် ကောင်းကောင်းသိထားသည့်အတွက် ကီတာဇာဝါအား ယှဉ်ပြိုင်ပွဲကို အပြည့်အဝ ထိန်းချုပ်ခွင့်ပေးရန် သဘောထားကြီးခဲ့ခြင်း ဖြစ်သည်။