အခန်း (၃၅) - ဂုဏ်ကျက်သရေဆိုတာ အူချီဟာတွေနဲ့ပဲ ထိုက်တန်ဆဲပါ
အူဇူမာကီ နာရူတို က လက်ပြနှုတ်ဆက်လိုက်ပြီးနောက် လှည့်ကာ တန်းစီနေသည့်နေရာသို့ ပြန်သွားခဲ့သည်။
ကီတာဇာဝါ ကတော့ ပြုံးမနေဘဲ မနေနိုင်ခဲ့ပေ။ သူ၏အရင်ဘဝက ငါးအကြီးကြီးဖမ်းမိလို့ နေရာတကာ လိုက်ကြွားနေတတ်သည့် တံငါသည်တစ်ယောက်ကို သူ သွားသတိရလိုက်မိသည်။
ကီတာဇာဝါက ဘောပင်ကိုကောက်ကိုင်လိုက်ပြီး စာရင်းရှိ နာရူတို၏ နာမည်ဘေးတွင် '၈၀' ဟု ရေးမှတ်လိုက်သည်။
သူ့ကိုယ်သူနှင့် နှိုင်းယှဉ်ကြည့်လျှင် နာရူတို၏ စွမ်းဆောင်ရည်မှာ ပျမ်းမျှထက် အနည်းငယ်သာ ပိုကောင်းပြီး သိသာထင်ရှားသည့် အားနည်းချက်အချို့ ရှိနေသေးသည်။ သို့ပေမဲ့လည်း ဤသည်ကပင် အတန်းထဲရှိ ကျောင်းသားအများစုထက် ပိုကောင်းနေခဲ့ပြီ ဖြစ်သည်။
ဆာစကေး အလှည့်ရောက်လာချိန်မှသာ ပထမဆုံး အမှတ်ပြည့်ရသူ ပေါ်ထွက်လာခဲ့သည်။
"အရမ်းကောင်းတယ်။" ကီတာဇာဝါက သဘောကျစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဆာစကေးမှာ အနည်းငယ် တွေဝေသွားပုံရသည်။ ယခင်က သူ၏ ကိုယ်ပွား ဂျူစု မှာ ဤမျှလောက် မသပ်ရပ်ခဲ့သည်ကို သူ ပြန်သတိရလိုက်သည်။ ထိုအခါမှ သူ့ခေါင်းထဲ အလင်းလက်သွားသည် ။ ဒါ ဆရာကီတာဇာဝါ သင်ပေးခဲ့သည့် သစ်ပင်တက်လေ့ကျင့်ခန်းကြောင့် ဖြစ်ရမည်။
တိုးတက်လာသော ချာကရာ ထိန်းချုပ်မှုစွမ်းရည်သည် မီးပုံစံ - ဧရာမမီးလုံး ဂျူစု အတွက်သာမက နင်ဂျူစု အားလုံးအတွက်ပါ အထောက်အကူပြုနေခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ ကီတာဇာဝါ။" ဆာစကေးက ရိုးသားပွင့်လင်းစွာဖြင့် ပြောလိုက်သည်။
"နောက်တစ်ယောက်။" ကီတာဇာဝါက စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါ်လိုက်သည်။ "နာရာ ရှီကာမာရု။"
ရှီကာမာရုသည် သူ၏ ပုံမှန် ပျင်းရိပျင်းတွဲဟန်ဖြင့် ဖြည်းညင်းစွာ ရှေ့ထွက်လာခဲ့သည်။ သူသည် လက်သင်္ကေတများ ပြုလုပ်ကာ အတော်အသင့်ကောင်းမွန်သည့် ကိုယ်ပွားနှစ်ခုကို ဖန်တီးလိုက်ပြီးနောက်၊ လာစဉ်ကလိုပင် ဖြည်းဖြည်းမှန်မှန် ပြန်လည်တန်းစီလိုက်သည်။
'ဒီအရွယ်မှာ ဘယ်လိုလုပ်ပြီး ခွန်အားတွေကို ချန်ထားနိုင်ရတာလဲ။ လူငယ်ဆိုတာ တက်ကြွမှုတွေနဲ့ ပြည့်နှက်နေရမှာလေ။' ရှီကာမာရုသည် အောင်မှတ်ရရုံသာ အနည်းဆုံး လုပ်ပြသွားခြင်းဖြစ်ကြောင်း ကီတာဇာဝါက တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
မနေ့က စာမေးပွဲတွင်လည်း ထိုနည်းလည်းကောင်းပင် သူသည် ကွက်တိ အမှတ် ၆၀ သာ ရခဲ့သည်။ စွမ်းရည်မရှိလို့မဟုတ်ဘဲ အရာရာကို ပြဿနာဟု ရှုမြင်ကာ အလုပ်ရှုပ်ခံရမည်ကို ပျင်းနေခြင်းသာ ဖြစ်သည်။
မူလဇာတ်လမ်းထဲတွင် ရှီကာမာရုသည် ဆာရူတိုဘီ အာဆူမာ သေဆုံးချိန်ရောက်မှသာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
"ဟျူဂါ ဟီနာတာ။" ကီတာဇာဝါက စာရင်းကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။
ဟီနာတာက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကွင်းပြင်အလယ်သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ လူအများ၏ အာရုံစိုက်မှုအောက်တွင် သူမ မနေတတ်မထိုင်တတ်ဖြစ်ကာ တင်းမာနေမိသည်။
အလိုအလျောက်ပင် သူမက အကြည့်လွှဲလိုက်မိသည်။ သို့သော် သူမ၏မျက်လုံးများက ကီတာဇာဝါထံသို့ ရောက်သွားသောအခါ သူတို့၏ အထူးလေ့ကျင့်ရေးအမှတ်တရများက ပြန်လည်ပေါ်ပေါက်လာပြီး သူမ၏ စိုးရိမ်စိတ်များကို ငြိမ်သက်သွားစေသည်။
ကိုယ်ပွား ဂျူစု! ဟီနာတာက လက်သင်္ကေတများ ပြုလုပ်လိုက်ပြီး အပြစ်ဆိုဖွယ်မရှိသော ကိုယ်ပွားနှစ်ခုကို ဖန်တီးလိုက်သည်။
"ဆာစကေးထက် မနိမ့်ဘူးပဲ?" ယာမာနာကာ အီနို က အံ့သြစွာဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
ဆာစကေး၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်။ ဟီနာတာ၏ ဂျူစု မှာ အမှန်တကယ်ပင် ပြည့်စုံလွန်းလှသည် သူ့ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
အကြောင်းရင်းကိုလည်း သူ သိနေသည်။ ဤသည်မှာ ကီတာဇာဝါ၏ ကျေးဇူးကြောင့်ပင်။ သူ့လိုပဲ ဟီနာတာသည်လည်း သစ်ပင်တက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရသည်။ ထို့နောက် ဆာစကေး၏ အကြည့်များက အီနိုထံသို့ ရောက်သွားသည်။
ကူရာမာ ယာကူမို မှာ ကျန်းမာရေးမကောင်းသောကြောင့် ကျောင်းပျက်နေသည်။
နာရူတိုသည် လေ့ကျင့်ရေးတွင် ပါဝင်ခဲ့သော်လည်း တိုးတက်မှု နှေးကွေးနေပြီး လေ့ကျင့်မှုကို မပြီးစီးသေးပေ။ ထို့ကြောင့် ယာမာနာကာ အီနို တစ်ယောက်တည်းသာ ကျန်တော့သည်။
ဆာစကေးက တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ မကြာမီ အီနို၏ အလှည့်ရောက်လာခဲ့သည်။ သူ မျှော်လင့်ထားသည့်အတိုင်းပင်၊ အီနို၏ ကိုယ်ပွား ဂျူစု မှာ အလွန်ကောင်းမွန်ပြီး သူ၏အောက် အနည်းငယ်သာ နိမ့်လေသည်။
ကံကောင်းထောက်မစွာဖြင့် နောက်ထပ် စာမေးပွဲအရာသုံးခုမှာ ချာကရာ ထိန်းချုပ်မှုအပေါ် မှီခိုနေခြင်း မရှိပေ။
ဆာစကေးက သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ ထိပ်ဆုံးမှ မရပ်တည်နိုင်ခဲ့လျှင် သူ၏ဖခင်နှင့် အစ်ကိုဖြစ်သူတို့ မည်မျှအထိ စိတ်ပျက်သွားကြမည်ကို သူ တွေးပင် မတွေးရဲပေ။
"အီနိုက ဘယ်တုန်းက ဒီလောက် စွမ်းသွားတာလဲ။" ချိုဂျီက ရှီကာမာရုကို လက်ကတောက်ဖြင့် တို့ကာ မေးလိုက်သည်။ "ဘာတွေ ဖြစ်နေတာလဲ။"
ရှီကာမာရု၏ မြင့်မားသော ဉာဏ်ရည်ကြောင့် ချိုဂျီသည် သူ့ကို အပြင်ဘက်မှ ဦးနှောက်တစ်ခုလို အမြဲတမ်း သဘောထားတတ်သည်။
ဆာကူရာ သည်လည်း လှည့်၍ နားထောင်လိုက်သည်။ အီနို၏ သူငယ်ချင်းအရင်းအချာတစ်ယောက်အနေဖြင့် သူမ၏ စွမ်းဆောင်ရည်များကို ဆာကူရာ ကောင်းကောင်း သိထားသည်။ ယခုလို တိုးတက်လာသည်ကို မြင်လိုက်ရခြင်းက သူမအတွက် အံ့သြစရာပင်။
"ဒါ ကီတာဇာဝါရဲ့ အထူးလေ့ကျင့်ရေးကြောင့်ပဲ။" ဆာစကေးက ဝင်ပြောလိုက်သည်။
"အထူးလေ့ကျင့်ရေး?" ဆာကူရာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ "လက်တွေ့သင်ခန်းစာတွေရဲ့ အားလပ်ချိန်အတွင်းမှာ လုပ်တာကို ပြောတာလား။"
"အိုး.. အခုမှ ငါ မှတ်မိတော့တယ်။" ချိုဂျီက ရုတ်တရက် သတိရသွားသည်။
"ဆရာ ကီတာဇာဝါက တကယ့်ကို အံ့မခန်းပဲ။" ရှီကာမာရုက မျက်ခုံးပင့်ရင်း ပြောလိုက်သည်။ သူ့အမြင်တွင် သာမန်အရပ်သား နင်ဂျာတစ်ယောက် ဤမျှလောက် စွမ်းဆောင်ရည်ပြည့်ဝနေခြင်းက အလွန်ရှားပါးလှသည်။
"အေးဟုတ်တယ်။" ချိုဂျီက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
ဆာစကေး၊ အီနို၊ နာရူတို နှင့် ဟီနာတာ — ကီတာဇာဝါ၏ လေ့ကျင့်ရေးကို ခံယူခဲ့သူများအားလုံး သိသာထင်ရှားသည့် တိုးတက်မှုများကို ပြသနိုင်ခဲ့ကြသည်။
"ငါလည်း ပါဝင်ချင်တယ်!" ဆာကူရာက လက်သီးဆုပ်လိုက်သည်။
"ဒါဆိုရင် မင်း ပိုပြီး ကြိုးစားမှရမယ်။" အီနိုက အပြုံးတစ်ခုဖြင့် အုပ်စုထဲသို့ ပြန်ရောက်လာခဲ့သည်။
ဆာကူရာ၏ သီအိုရီအမှတ်များက အလွန်ကောင်းမွန်သော်လည်း သူမ၏ လက်တွေ့စွမ်းဆောင်ရည်မှာ ပျမ်းမျှသာ ရှိသည်။
နင်ဂျာဆွေမျိုးစုမှ ဆင်းသက်လာပြီး ကြိုတင်လေ့ကျင့်မှုများ ရရှိထားသော ဆာစကေးနှင့်မတူဘဲ ဆာကူရာမှာ အရာအားလုံးကို အခြေခံမှစ၍ သင်ယူနေရခြင်းဖြစ်ရာ အချိန်ယူရဦးမည်ဖြစ်သည်။
"ကိုယ်ပွား ဂျူစု စာမေးပွဲကတော့ ပြီးသွားပြီ။ နောက်ထပ်က ကူနိုင်း ပစ်ခတ်ခြင်းပဲ။" အမှတ်ပေးပြီးနောက် ကီတာဇာဝါက ကြေညာလိုက်သည်။
စွမ်းဆောင်ရည် ကွဲပြားလှသော ကိုယ်ပွား ဂျူစု နှင့် နှိုင်းယှဉ်လျှင် ကူနိုင်းပစ်ခတ်ခြင်းက ပို၍ ရှင်းလင်းလွယ်ကူသည်။ ဆာစကေးက နောက်တစ်ကြိမ် ထင်ပေါ်လာပြန်သည်။
သူက ကီတာဇာဝါ၏ ပစ်လွှတ်ဟန်ကို အတုခိုးလိုက်သည် — မျက်လုံးမှိတ်ပြီး ရမ်းပစ်ခြင်းမျိုးမဟုတ်ဘဲ အတိအကျနှင့် အားပါလှသည်။ အကြောက်စရာကောင်းလောက်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။
ကီတာဇာဝါက အမှန်တကယ်ပင် သက်သာရာရသွားသည်။ အကယ်၍ ဆာစကေးသာ သူ့ရဲ့ ရှာရင်းဂန်ကို ဖွင့်ထားပြီးသားဆိုလျှင် သူ(ကီတာဇာဝါ)၏ ထိပ်ဆုံးနေရာကို ဆုံးရှုံးရနိုင်ချေ ရှိသည်။
ကူနိုင်းပစ်ခတ်ပြီးနောက် ရှူရီကန် စာမေးပွဲ ရောက်လာသည်။ နှစ်ခုစလုံးက နင်ဂျာများအတွက် စံသတ်မှတ်ထားသည့် လက်နက်များဖြစ်ပြီး စွမ်းဆောင်ရည်များမှာ များစွာ မကွဲပြားကြပေ။
နောက်တစ်ကြိမ်လည်း ဆာစကေးကသာ အကောင်းဆုံးဖြစ်ခဲ့သည်။
မနက် ၁၀ နာရီအရောက်တွင် ကိုယ်လက်ကြံ့ခိုင်ရေး စာမေးပွဲတစ်ခုသာ ကျန်တော့သည်။
ဆာစကေးအပါအဝင် ကျောင်းသားများသည် ပြေးလမ်းဘက်သို့ ရွှေ့သွားကြသည်။
"ဒီစာမေးပွဲအတွက် စည်းမျဉ်းတွေက ရိုးရှင်းပါတယ်။" ကီတာဇာဝါက ရှင်းပြလိုက်သည်။ "အပတ်ငါးဆယ် ပြေးရမယ်။ အဆင့်သတ်မှတ်ချက်က မင်းတို့ ပန်းဝင်တဲ့ အချိန်ပေါ် မူတည်တယ်။"
ထို့နောက် အနီးနားတွင် ရပ်နေသော အီရူကာကို လက်ပြခေါ်လိုက်သည်။
"စီနီယာ ကီတာဇာဝါ။" အီရူကာက အလျင်အမြန် လျှောက်လာခဲ့သည်။
"ကိုယ်လက်ကြံ့ခိုင်ရေး စာမေးပွဲအတွက် အမှတ်ပေးဖို့ မင်း တာဝန်ယူပေးပါ။" ကီတာဇာဝါက စာရင်းနှင့် ဘောပင်ကို လှမ်းပေးရင်း ပြောလိုက်သည်။
"စီနီယာ ထွက်သွားတော့မလို့လား။" အီရူကာ အံ့သြသွားသည်။ "ကျောင်းစည်းကမ်းအရ လက်တွေ့စာမေးပွဲတွေမှာ ဆရာနှစ်ယောက် ရှိနေရမယ်လေ။"
"ငါ မသွားပါဘူး။ သူတို့နဲ့အတူ ဝင်ပြေးမလို့ပါ။" ကီတာဇာဝါက ပြန်ဖြေလိုက်သည်။
"ဟင်?" အီရူကာမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ 'ဆရာက... သွေးပူလေ့ကျင့်ခန်း လုပ်နေတာလား။'
"ငါ သူတို့နဲ့အတူ ဝင်ပြေးရင် သူတို့ရဲ့ စိုးရိမ်စိတ်တွေ လျော့ကျသွားလိမ့်မယ်။ ဒါက သာမန်လေ့ကျင့်ရေးတစ်ခုလိုပဲလို့ သူတို့ ခံစားရလိမ့်မယ်။"
ကီတာဇာဝါက ပြုံးလိုက်သည်။ "အဲဒီနည်းလမ်းနဲ့ သူတို့ ပိုကောင်းကောင်း စွမ်းဆောင်နိုင်လိမ့်မယ်။"
"အော်.. အခုမှ ကျွန်တော် သဘောပေါက်တော့တယ်။" အီရူကာက နားလည်သွားပြီး ရိုးသားစွာ ပြောလိုက်သည်။ "စီနီယာက တကယ့်ကို အကယ်ဒမီမှာ အကောင်းဆုံးဆရာပဲ။"
"ကြည့်ပြီး သင်ယူထား။" ကီတာဇာဝါက သူ၏ပခုံးကို ပုတ်လိုက်ပြီး ပြေးလမ်းပေါ်သို့ တက်ကာ အော်ဟစ်လိုက်သည်။ "စမယ်!"
ထိုအသံနှင့်အတူ ဆာစကေးနှင့် အခြားသူများသည် သူ၏ ဦးဆောင်မှုအောက်တွင် စတင်ပြေးလွှားကြတော့သည်။
ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုက အပတ်စဉ် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်၏ အပြေးနှုန်းကို အားလုံး သိထားကြပြီး ရလဒ်များမှာလည်း ပုံသေဖြစ်နေတတ်သည်။
"ဟားဟား! ငါ ပထမ ထပ်ရပြန်ပြီ!" နာရူတိုက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသည်။
'မင်းက ပထမရတာကို တကယ်ကြိုက်တာပဲလား။' ကီတာဇာဝါက ခေါင်းယမ်းလိုက်မိသည်။
"..." ဆာစကေးမှာ မောဟိုက်နွမ်းနယ်စွာဖြင့် ထိုင်ချလိုက်သည်။ 'ဒီကောင်က ဘယ်လိုလုပ်ပြီး ခံနိုင်ရည်စွမ်းအားတွေ ဒီလောက်တောင် များနေရတာလဲ?!'
ကံကောင်းသည်မှာ နာရူတိုသည် ကိုယ်လက်ကြံ့ခိုင်ရေး စာမေးပွဲတွင်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကျန်သည့် သုံးခုတွင်မူ ဆာစကေးက ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ပထမနေရာ သုံးခု ရထားသည်ဖြစ်ရာ နာရူတိုက သူ့ကို နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။
ဆာစကေး စိတ်ထဲမှ တွက်ချက်ကြည့်ပြီးနောက် လုံးဝကို သက်တောင့်သက်သာ ဖြစ်သွားသည်။ ဂုဏ်ကျက်သရေဆိုတာ အူချီဟာတွေနဲ့ပဲ ထိုက်တန်ဆဲပါ။
[တာဝန်] - ဧပြီလ လစဉ်စာမေးပွဲတွင် ပထမရရန်။
[ဆုလာဘ်] - လေပုံစံ - လေဟာနယ်စက်လုံ
[အသိပေးချက်] - သင်သည် မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ ဆုလာဘ်ကို ချီးမြှင့်လိုက်သည်။
ကီတာဇာဝါက သူ့ရှေ့တွင် ပေါ်လာသော တောက်ပနေသည့် စာကြောင်းများကို ကြည့်ကာ ပြုံးလိုက်သည်။ ဆုလာဘ်ကို လက်ထဲရရှိသွားပြီဖြစ်ရာ ကြိုးစားအားထုတ်မှုတိုင်းက တန်ဖိုးရှိသွားခဲ့လေပြီ။