အခန်း (၃၂) - ငါ့ရဲ့ မီးပုံစံက အီတာချီထက် ပိုကောင်းတယ်
ကျောင်းဆင်းပြီးနောက် ကီတာဇာဝါသည် အကယ်ဒမီမှ ထွက်လာကာ ကူရယ်နိုင် ယုဟိ၏ အိမ်သို့ ဦးတည်သွားခဲ့သည်။
တံခါးခေါက်ပြီး ဝင်ခွင့်ရပြီးနောက် သူက တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။
ဧည့်ခန်းထဲတွင် ကူရယ်နိုင် ယုဟိနှင့် ကူရာမာ ယာကူမိုတို့ ယှဉ်လျက် ထိုင်နေကြသည်။ သူတို့နှစ်ဦးစလုံး ဖိနပ်စီးမထားဘဲ ကျောက်စိမ်းရောင်ကဲ့သို့ ဖြူဖွေးနုဖတ်နေသော ခြေဖဝါးတစ်စုံကြီးနှင့် တစ်စုံသေးတို့သည် ကြမ်းပြင်ပေါ်တွင် တည်ရှိနေသည်။
"ဆရာ ကီတာဇာဝါ..." ကူရာမာ ယာကူမိုက ညင်သာစွာ ခေါ်လိုက်သည်။ သူမ၏ အသံလေးထဲတွင် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်တစ်ခု ပါဝင်နေသည်။
ကီတာဇာဝါသည် တစ်နေ့တာလုံး စုပုံလာခဲ့သမျှ ပင်ပန်းနွမ်းနယ်မှုများအားလုံး အရည်ပျော်ကျသွားသကဲ့သို့ မသိမသာပင် သက်သောင့်သက်သာ ဖြစ်သွားရသည်။
"ဘယ်လိုလဲ" ကူရယ်နိုင်က ပြုံးကာ မေးလိုက်သည်။ "လန်းဆန်းသွားသလား"
"တကယ်ပဲဗျာ။" ကီတာဇာဝါ သတိပြန်ဝင်လာပြီး ခံစားချက်အနည်းငယ်ပါသော အသံဖြင့် "ယာကူမိုရဲ့ စိတ်လှည့်စားမှုပညာ ပါရမီက တကယ်ကို ကြောက်စရာကောင်းလောက်အောင်ပါပဲ" ဟု ပြောလိုက်သည်။
"သူက ကူရာမာ မျိုးနွယ်စုကပဲလေ။ သူတို့က တစ်ချိန်တုန်းက အူချီဟာ မျိုးနွယ်စုတွေလိုပဲ နာမည်ကြီးခဲ့တာ။" ကူရယ်နိုင်က စကားကို ခဏရပ်လိုက်ပြီး "ရှင်လာတာ အတော်ပဲ။ ဒီ အသံစိတ်လှည့်စားမှုဂျူစုကို နာမည်ဘယ်လိုပေးရင် ကောင်းမလဲ" ဟု မေးလိုက်သည်။
ယာကူမို၏ အသံလေးက ယခုလေးတင် ထူးခြားနေသည်ဟု ခံစားရခြင်းမှာ သူမက အသံကိုအခြေခံထားသော စိတ်လှည့်စားမှုဂျူစုတစ်ခုကို အသက်သွင်းထားသောကြောင့် ဖြစ်သည်။ ထိုဂျူစုသည် သူတို့ နှစ်ပတ်ကြာ အချိန်ယူ၍ ဖန်တီးထားသော ဂျူစုတစ်ခု ဖြစ်လေသည်။
၎င်းသည် D-အဆင့်ရှိသော နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်း၏အာနိသင်က ရိုးရှင်းသည်၊ အသံကို အသုံးပြု၍ ပစ်မှတ်ကို သက်သောင့်သက်သာဖြစ်စေကာ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးခြင်းပင် ဖြစ်သည်။
"နာမည်လား။" ကီတာဇာဝါ မေးစေ့ကို ပွတ်လိုက်သည်။ သူက နာမည်ပေးရာတွင် အလွန်ညံ့ဖျင်းသူအဖြစ် နာမည်ကြီးသည်။ ဂိမ်းကစားရာတွင်ပင် နာမည်တစ်ခုရွေးရန်အတွက် အချိန်တစ်နာရီကျော်လောက် ပေးရလေ့ရှိသည်။
"စကားပြောသံ ဂျူစုလို့ ခေါ်ကြမလား။ ဘယ်လိုထင်လဲ။" သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ပေါ်လာကာ ကီတာဇာဝါက အကြံပြုလိုက်သည်။
"စကားပြောသံ ဂျူစုလား။ မဆိုးပါဘူး။ သူ့ရဲ့ အာနိသင်နဲ့လည်း လိုက်ဖက်ပါတယ်။" ကူရယ်နိုင်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာတို့" ကူရာမာ ယာကူမို မတ်တတ်ရပ်ကာ အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်သည်။
"ရပါတယ်။" ကီတာဇာဝါ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ "မင်းသာ စိတ်ပိုင်းဆိုင်ရာ ဆေးဘက်ဝင်နင်ဂျာ တစ်ယောက် ဖြစ်လာခဲ့ရင်၊ ငါတို့အားလုံးအတွက် အကျိုးရှိမှာပဲ" ဟု ပြောလိုက်သည်။
"ဟုတ်တယ်" ကူရယ်နိုင်ကလည်း သဘောတူလိုက်သည်။ "တစ်နေ့ကျရင် ငါတို့တွေ မင်းအကူအညီကို လိုအပ်လာနိုင်တယ်။"
သူမက ယာကူမိုကို စိတ်သက်သာရာရစေရန် နှစ်သိမ့်ပေးနေခြင်း သက်သက်မဟုတ်ပေ။ နင်ဂျာအမျိုးအစားများအားလုံးထဲတွင် ဂန်ဂျူစုပညာရှင်များသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရန် အလွယ်ကူဆုံးသူများ ဖြစ်ကြသည်။ အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။
ဂန်ဂျူစုသည် စိတ်စွမ်းအား တိုက်ပွဲတစ်ခုဖြစ်သော ယင် စွမ်းအင်ထုတ်လွှတ်မှုအပေါ် အခြေခံထားသည်။ ခြေတစ်လှမ်း မှားယွင်းသွားသည်နှင့် နာလန်မထနိုင်သော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ဖြစ်စေနိုင်သည်။
ဥပမာအားဖြင့် ဟာတာကဲ ကာကာရှီကို ကြည့်ပါ။ မူလဇာတ်လမ်းထဲတွင် သူသည် အူချီဟာ အီတာချီ၏ ဆူကူယိုမိ (အဆင့်မြင့်စိတ်လှည့်စားဂျူစု) မိသွားပြီးနောက် တစ်လတိတိ သတိလစ်မေ့မြောသွားခဲ့ရသည်။
သေချာပေါက် ကံအဆိုးဆုံးသူကတော့ အူချီဟာ ဆာစကေး ပင်ဖြစ်သည်။ သူ၏ ရင်ထဲရှိ အမုန်းတရားများ မှေးမှိန်သွားသည့် အချိန်တိုင်း အီတာချီက သူ့ကို လှုံ့ဆော်ရန် စိတ်လှည့်စားမှုဂျူစုများကို အသုံးပြုပြီး သွေးချောင်းစီး သတ်ဖြတ်မှု မြင်ကွင်းကို ဗီဒီယိုခွေ တစ်ခုလို ထပ်ခါတလဲလဲ ပြသခဲ့သည်။
"ဟုတ်ကဲ့ပါ!" ကူရာမာ ယာကူမိုက ပြတ်သားစွာ ပြောလိုက်သည်။ "သမီး အကောင်းဆုံး ကြိုးစားပါ့မယ်!"
"ကီတာဇာဝါနဲ့ ငါက စိတ်လှည့်စားမှုဂျူစု လေ့ကျင့်ရေးအတွက်ပဲ ကူညီပေးနိုင်မှာ" ကူရယ်နိုင်က ခဏတာ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။ "မင်းရဲ့ အစစ်အမှန် စွမ်းအားက မင်းရဲ့ သွေးမျိုးဆက်ကန့်သတ်ချက်မှာပဲ ရှိတာ။ ဒါကို မင်း သေချာလေး တိုးတက်အောင် လုပ်ဖို့ လိုတယ်။"
"နားလည်ပါပြီ" ယာကူမို ခေါင်းညိတ်လိုက်သည်။ "ဆရာ ကီတာဇာဝါက သမီးကို လမ်းပြပေးခဲ့ပြီးပြီ။ အဲဒီစွမ်းအားအစစ်အမှန်ကို ဖွင့်ထုတ်ဖို့ သမီးရဲ့ စုတ်တံကို အသုံးပြုသွားမှာပါ။"
"မင်းရဲ့ သွေးမျိုးဆက်က စွမ်းအားကြီးတယ်" ကီတာဇာဝါသည် မူလဇာတ်လမ်းထဲမှ အီဒိုကို တွေးမိသွားပြီး သူမကို သတိပေးလိုက်သည်။ "အဲဒါကို မကြောက်နဲ့။ လက်ခံလိုက်ပါ။"
"ဟုတ်ကဲ့ပါ" ယာကူမို ပြုံးလိုက်သည်။ "ပြီးတော့ သမီးမှာ ဆရာတို့ ရှိနေသေးတာပဲ။ ပြဿနာ ရှိမှာ မဟုတ်ပါဘူး။"
"အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဖြည်းဖြည်းချင်း လုပ်ပါ" ကူရယ်နိုင် မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "ကီတာဇာဝါ.. ညစာစားသွားဦးနော်။ ငါ ဟင်းသွားချက်လိုက်ဦးမယ်။"
"ကောင်းပါပြီ။" ကီတာဇာဝါက တွေဝေခြင်းမရှိဘဲ သဘောတူလိုက်သည်။ လွန်ခဲ့သည့် နှစ်ပတ်အတွင်း သူ ဤနေရာတွင် အကြိမ်ပေါင်းများစွာ စားသောက်ခဲ့ပြီးဖြစ်သည်။ သူတို့၏ ဆက်ဆံရေးသည်လည်း များစွာ ပိုမိုနီးကပ်လာခဲ့လေပြီ။
"ငါ ကူညီပေးမယ်။" သူက ကူရယ်နိုင်၏ နောက်မှ မီးဖိုချောင်ထဲသို့ လိုက်သွားခဲ့သည်။
ကူရယ်နိုင်သည် ခါးစည်းကို ဝတ်ဆင်လိုက်ပြီးနောက် သူမ၏ ဆံပင်ရှည်များကို စည်းနှောင်လိုက်ရာ ဖြူဝင်းနေသော လည်တိုင်လေး ပေါ်လွင်သွားသည်။ ဆံပင်ကို အထက်သို့ စည်းထားပြီး လက်ထဲတွင် ဟင်းမွှေယောက်ချိုကို ကိုင်ထားသော သူမသည် နူးညံ့သိမ်မွေ့သော အိမ်ရှင်မကောင်းတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှင့်နေသည်။
ညစာစားပြီးနောက် ကီတာဇာဝါ နှုတ်ဆက်ကာ အိမ်သို့ ပြန်ခဲ့သည်။
နေ့သစ်တစ်နေ့ဖြစ်သော ဧပြီလ ၃၀ ရက်နေ့သည် ပထမနှစ်၊ အတန်း(A) ၏ လစဉ်စာမေးပွဲနေ့ ဖြစ်သည်။
ကီတာဇာဝါသည်လည်း သူ၏ တာဝန်ကို ပြီးမြောက်ရန် လိုအပ်သောကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။ ပထမရဖို့ဆိုသည်မှာ မလွယ်ကူသော်လည်း၊ မေးခွန်းလွှာကို ကိုယ်တိုင်ထုတ်ကာ ပထမနှစ်တစ်ခုလုံးကို ကြီးကြပ်ရသူ ဖြစ်သောကြောင့် အဖြေအားလုံးကို သူ ကြိုသိနေပြီး ဖြစ်သည်။
သူက မိုက်ဂိုင် မှမဟုတ်ဘဲ၊ ဆရာတစ်ယောက်က ခိုးချတာကို ခိုးချတယ်လို့ သတ်မှတ်လို့မှ မရတာ။
ထိုနေ့မနက်ပိုင်းတွင် စာမေးပွဲဖြေဆိုမည့် စာသင်ခန်းထဲသို့ ကီတာဇာဝါ စောစောစီးစီး ရောက်ရှိလာခဲ့သည်။ သူ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ ဆာစကေး ကို တွေ့လိုက်ရသည်။
မနေ့ကလို တက်ကြွလန်းဆန်းနေသော အငွေ့အသက်မျိုး မရှိတော့ဘဲ၊ ဒီနေ့ ဆာစကေး၏ ပုံစံသည် သူ၏ ဦးခေါင်းထက်တွင် မုန်တိုင်းတိမ်တိုက်ကြီးတစ်ခု အုပ်မိုးနေသည့်အလား မှိုင်းညှို့နေသည်။
"ဆာစကေး... ဘာဖြစ်လို့လဲ" ကီတာဇာဝါက အနားသွားကာ မေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်။" ဆာစကေးက ခေါင်းမမော့ဘဲ ပြန်ဖြေသည်။
"မဟုတ်ဘူး၊ မင်းကို တစ်ခုခု သိသိသာသာ အနှောင့်အယှက်ပေးနေတာ ရှိတယ်။" ကီတာဇာဝါက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ "မင်းသာ မပြောပြရင် ဆရာက ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ"
၎င်းသည် သူ၏ တာဝန်နှင့် သက်ဆိုင်နေသည် — ဆာစကေးကို လက်လျှော့အရှုံးပေးခွင့် သူ ခွင့်မပြုနိုင်ပေ။
"ဆရာ နားလည်မှာ မဟုတ်ပါဘူး" ဆာစကေးက ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
သူ ကီတာဇာဝါ၏ မီးပုံစံ - မီးလုံးကြီး ဂျူစုကို မြင်ဖူးသည်။ အားကောင်းသော်လည်း အီတာချီလောက်တော့ မလွှမ်းမိုးနိုင်ပေ။
ကီတာဇာဝါ မျက်မှောင်ကြုတ်သွားသည်။ 'စကားကို ဆင်ခြင်စမ်းပါ ကောင်လေးရာ။ မင်း စကားပြန်ပြင်ပြောဖို့ ငါ နောက်တစ်ကြိမ် အခွင့်အရေး ပေးမယ်နော်။'
"ဘာလို့ နားမလည်ရမှာလဲ" သူက ပျင်းရိပျင်းတွဲဟန်ဖြင့် မေးလိုက်သည်။ "မင်း ငါ့ရဲ့ အစွမ်းဆုံးအချိန်ကို မြင်ဖူးလို့လား"
"ဟင့်အင်း... မမြင်ဖူးပါဘူး။" ဆာစကေး အံ့အားသင့်သွားသည်။ "ဆရာက ကျွန်တော့်အစ်ကိုထက် ပိုသန်မာလို့လား"
"မင်း ဒီလောက်တောင် စိတ်ဓာတ်ကျနေတာဆိုတော့ မင်းအစ်ကိုရဲ့ မီးလုံးဂျူစုကို မြင်ခဲ့ရလို့ပဲ ဖြစ်ရမယ်။"
ကီတာဇာဝါက မေးခွန်းကို ဘေးချော်ထွက်သွားအောင် လုပ်လိုက်သည်။ "အရွယ်အစားက ဘယ်လောက်တောင် ကြီးလို့လဲ"
"သုံးထပ်တိုက် တစ်လုံးစာလောက် အမြင့်ရှိတယ်။ ကိုးမီတာ ဝန်းကျင်လောက်ပဲ!" ဆာစကေးက လက်ဟန်ခြေဟန်ဖြင့် ပြသည်။ မနေ့ညက အီတာချီ၏ နည်းစနစ်ကို မြင်တွေ့ခဲ့ရပြီးနောက်၊ ညီအစ်ကိုတွေကြားမှာတောင် ဘယ်လောက်ကြီးမားတဲ့ ကွာဟချက် ရှိနေလဲဆိုတာကို သိပြီး သူ တုန်လှုပ်သွားခဲ့ရသည်။
"ကိုးမီတာ ဟုတ်လား" ကီတာဇာဝါ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ "မဆိုးပါဘူး"
"မဆိုးဘူး ဟုတ်လား" ဆာစကေး မတ်မတ်ထိုင်လိုက်ပြီး မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပြန်လည်ပေါ်ထွက်လာသည်။
"ဆရာ မင်းကို ဆယ်မီတာအရွယ် မီးလုံးကြီး မှုတ်ထုတ်နိုင်အောင် သင်ပေးနိုင်တယ်" ကီတာဇာဝါက အလေးအနက် ပြောလိုက်သည်။
သူက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ စနစ် မှ ရရှိလာသော မီးပုံစံ - မီးလုံးကြီး ဂျူစုတွင် ပြီးပြည့်စုံသော အသိပညာများ ပူးတွဲပါဝင်လာသည်။ နင်ဂျာကမ္ဘာတစ်ခုလုံးတွင် ဤနည်းစနစ်ကို သူ့ထက် ပိုနားလည်သူ မရှိနိုင်ပေ။ ချက္ကရာ ရှိနေသမျှ ကာလပတ်လုံး သူသည် မည်သည့်အရွယ်အစားရှိသော မီးလုံးကိုမဆို ဖန်တီးနိုင်စွမ်း ရှိသည်။
'ဟုတ်တယ်၊ ငါ့မီးလုံးက အရမ်းကြီးတယ်။ ဘာလုပ်ချင်လဲ။'
"တကယ်လားဟင်" ဆာစကေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ငါက ဘာကိစ္စ လိမ်ပြောရမှာလဲ" ကီတာဇာဝါက သူ့ပခုံးကို ပုတ်လိုက်သည်။ "စာမေးပွဲပြီးရင် မင်းကို သင်ပေးမယ်။"
"ကျေးဇူးတင်ပါတယ် ဆရာ ကီတာဇာဝါ!" ဆာစကေးက ကျေးဇူးတင်လှိုက်လှဲစွာဖြင့် ပြောလိုက်သည်။
"အခုတော့ စာမေးပွဲကိုပဲ အာရုံစိုက်ထားလိုက်" ကီတာဇာဝါ မတ်တတ်ရပ်ကာ စာသင်ခုံစင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။
အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ဟီနာတာ၊ အီနို၊ နာရူတိုနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
"ဒီစာမေးပွဲမှာ စည်းကမ်းချက် တစ်ခုပဲရှိတယ်။ ခိုးမချရဘူး။ မိတဲ့သူ ဘယ်သူမဆို အမှတ်တွေ အပယ်ခံရမယ်။" ကီတာဇာဝါက တင်းမာသော လေသံဖြင့် ပြောလိုက်သည်။
နံနက် ကိုးနာရီတိတိတွင် သီအိုရီ စာမေးပွဲကို တရားဝင် စတင်လိုက်သည်။
ကီတာဇာဝါက အခန်းထဲကို အကဲခတ်ကြည့်လိုက်သည်။ ဆာစကေးနှင့် ရှီကာမာရုတို့ကတော့ တည်ငြိမ်နေကြသည်။ ဟီနာတာကမူ အသက်ရှင်ခြင်း၊ သေဆုံးခြင်း တိုက်ပွဲတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ စိုးရိမ်ထိတ်လန့်နေသည်။
နာရူတိုကတော့ မေးခွန်းလွှာကနေများ သူ့အတွက် ဦးနှောက်အသစ်တစ်ခု ပေါက်လာမလားဆိုသည့် အထာဖြင့် စိုက်ကြည့်ကာ ခေါင်းကုတ်နေလေသည်။
ကီတာဇာဝါ၏ ကိုယ်ပိုင်အတန်းမှလွဲ၍ ကျန်ကျောင်းသားများမှာတော့ သာမန်မျှသာ ဖြစ်ကြသည်။ သူ အကြည့်လွှဲလိုက်ပြီးနောက် သူ၏ ကိုယ်ပိုင်မေးခွန်းလွှာကို ဆွဲထုတ်ကာ မေးခွန်းများကို စတင်ဖြေဆိုလိုက်သည်။
သို့သော် ထိုသို့မလုပ်ဆောင်မီ သူက အရိပ်ကိုယ်ပွားနှစ်ခုကို ဖန်တီးလိုက်ပြီး အခန်းတွင်း လှည့်လည်စောင့်ကြပ်စေလိုက်သည်။