အခန်း (၂၆) - နာရူတို၏ တန်ပြန်တိုက်ခိုက်မှု
"မင်း ပျော်နေသရွေ့တော့ ပြီးတာပါပဲလေ" ကီတာဇာဝါက သက်ပြင်းချကာ မတတ်နိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
အူဇူမာကီ နာရူတို နှင့် မိုက်ဂိုင် တို့က အချင်းချင်း သိနေကြပြီဖြစ်ရာ သူ့အနေဖြင့် ဝင်ပါစရာ အကြောင်းမရှိပေ။ ထို့အပြင် နာရူတိုက ဘာအမှားမှ လုပ်ထားခြင်းလည်း မရှိချေ။ ဆာရူတိုဘီ ဟီရူဇန် အနေဖြင့်လည်း ဤကိစ္စအတွက် သူ့ကို အပြစ်တင်မည် မဟုတ်ပေ။
နာမီကာဇဲ မီနာတို အတွက်ကတော့... သူ့အတွက် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးနိုင်တော့သည်။ နောက်တစ်ကြိမ် ပြန်တွေ့ကြတဲ့အခါ သူ့သားကို သူ မှတ်မိပါစေလို့ပဲ မျှော်လင့်ရတော့မည်။
"ကျွန်တော် တကယ်ပျော်တယ်" နာရူတိုက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ "ဦးလေးဂိုင်က ကျွန်တော့်အပေါ် တကယ်ကောင်းတာ။ သူက ကျွန်တော့်ကို အသုံးဝင်တဲ့အရာတွေ အများကြီး သင်ပေးတယ်ဗျ။"
"တိုင်ဂျူစု နဲ့ပတ်သက်ပြီး သူ့ကို ပိုမေးကြည့်လို့ရတယ်နော်" ကီတာဇာဝါ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ ဒီကလေးက တော်တော်လေး သနားစရာကောင်းလှသည်။ သူ့မှာ ပုံမှန်သူငယ်ချင်းဆိုလို့ လက်ချိုးရေလို့ရလောက်အောင် နည်းပါးလှသည်။
"ဟုတ်ကဲ့!" နာရူတိုက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။ "ဆရာ ကီတာဇာဝါ၊ ကျွန်တော် အခု သစ်ပင်တက်တဲ့ လေ့ကျင့်ရေးကို စလို့ရပြီလားဟင်။"
အင်ဒရာ နှင့် အာရှူရာ တို့ကြားက ထူးဆန်းလှသော ဆွဲငင်မှုကြောင့်များလား မသိသော်လည်း နာရူတိုသည် အူချီဟာ ဆာစကေး အပေါ်တွင် ထူးဆန်းသော အစွဲအလမ်းတစ်ခု ရှိနေသည်။ အတိုချုပ်ပြောရလျှင် သူသည် ဆာစကေး၏ နောက်တွင် မကျန်ရစ်ချင်ပေ။
"သစ်ပင်မတက်ခင် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုမှာ ပထမရအောင် အရင်လုပ်ပါဦး။" ကီတာဇာဝါ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "မင်းက ခဏတာ ပျင်းရိသွားတာလေးကြောင့် ပထမနေရာကို အဆုံးရှုံးမခံချင်ဘူး မဟုတ်လား။"
"နားလည်ပါပြီဗျ!" နာရူတို ချက်ချင်းပဲ အားအင်တွေ ပြည့်ဝသွားသည်။ သူသည် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုတွင် ပထမရအောင်ယူပြီး လူတိုင်းကို အံ့အားသင့်သွားစေချင်သည်။
"ကျွန်တော် အခု ပြေးတော့မယ်ဗျို့!" နာရူတိုသည် လေ့ကျင့်ရေးကွင်းထဲတွင် တစ်ဖန် ပြန်လည် ပြေးလွှားနေတော့သည်။
ကီတာဇာဝါ၏ အကြည့်တို့က အနီးနားရှိ ကူရာမာ ယာကူမို ထံသို့ ရောက်သွားသည်။ သူမသည် ချွေးများဖြင့် ရွှဲနစ်နေသော်လည်း မဆုတ်မနစ်သော ဇွဲဖြင့် ဆက်လက် ပြေးနေဆဲဖြစ်သည်။
ကီတာဇာဝါ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ နင်ဂျာကလေးငယ်များက ပို၍ လျင်မြန်စွာ ရင့်ကျက်လာသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ သူတို့၏ စိတ်ဓာတ်ခွန်အားက မှတ်သားလောက်ဖွယ် ကောင်းလောက်အောင်ပင် ခိုင်မာကြသည်။
ယခင်ဘဝက အသက်ခြောက်နှစ်အရွယ်တွင် သူသည် ဖုန်ထဲဗွက်ထဲ၌ ဆော့ကစားနေဆဲ ဖြစ်သည်။
ကီတာဇာဝါ အကြည့်ကို ပြန်ရုပ်လိုက်ပြီး လှည့်ကာ ဆာစကေး နှင့် အခြားသူများကို လေ့ကျင့်ပေးရန် သစ်ပင်များရှိရာသို့ လျှောက်သွားလိုက်သည်။ ယခုတော့ သူ အနည်းငယ် ဝန်ပိနေသလို ခံစားနေရသည်။
ယခု သူ၏မျှော်လင့်ချက်က နာရူတို၏ လုပ်ငန်းစဉ်အပေါ်တွင်သာ မူတည်နေတော့သည်။ အရိပ်ကိုယ်ပွား ဂျူစု သာ ရလာမည်ဆိုပါက ကိစ္စရပ်များက များစွာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
နှစ်ရက်တာအချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ကြာသပတေးနေ့ လက်တွေ့သင်ခန်းစာ အချိန်သို့ ရောက်ရှိလာခဲ့သည်။
နင်ဂျာကျောင်း ကစားကွင်းတွင် ပထမနှစ် အတန်း(A) မှ ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
"နောက်ထပ် ကိုယ်လက်ကြံ့ခိုင်ရေး အတန်းလား။ တော်တော် ရှုပ်ယှက်ခတ်တာပဲ" ဟု နာရာ ရှီကာမာရု က ငြီးငွေ့နေသော မျက်နှာထားဖြင့် လက်နှစ်ဖက်ကို နောက်စေ့တွင် ပိုက်ကာ ရေရွတ်လိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါ ဆာစကေးကို ရှုံးခဲ့တယ်။ ဒီတစ်ခေါက်တော့ အဲ့ဒါကို ပြန်ယူပြမယ်။ ငါပိုင်ဆိုင်သင့်တဲ့ အရာအားလုံးကို ပြန်ယူမယ်!" ဟု အီနုဇုကာ ကီဘာ က လက်သီးကို ဆုပ်လျက် ပြောလိုက်သည်။
"အဲ့ဒါ ငါပြောရမယ့် စကားတွေကွ!" နာရူတိုက အော်ပြောလိုက်သည်။ "ပထမနေရာက ငါ့ဟာ!"
"နင်က ဆာစကေး ကို ဘယ်လိုလုပ် နိုင်နိုင်မှာလဲ" ဟု ဟာရူနို ဆာကူရာ က ပြုံးလျက် ပြောလိုက်သည်။ "ဟုတ်တယ်မလား အီနို?"
"အင်း" ယာမာနာကာ အီနို က စိတ်လွင့်နေသကဲ့သို့ ပြန်ဖြေလိုက်သည်။ မကြာသေးမီက သူမသည် လေ့ကျင့်ရေးတွင်သာ အာရုံစိုက်နေခဲ့ပြီး ဆာစကေးအတွက် ဆာကူရာနှင့် မပြိုင်ဆိုင်ဖြစ်ခဲ့ပေ။
"…?" သူမ၏ ခပ်အေးအေး လေသံကို ဆာကူရာ သတိထားမိသွားသည်။
အူချီဟာ ဆာစကေး ကတော့ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုအတိုင်းပင် တွေးနေခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် ကီတာဇာဝါမှလွဲ၍ ဤနေရာရှိ လူတိုင်းသည် သူ့ကို ရှုံးနိမ့်ရန် ကံဖန်လာခြင်းသာ ဖြစ်သည်။
"ဒီတစ်ခေါက်တော့ မတူတော့ဘူးကွ! ဆရာ ကီတာဇာဝါက ငါ့ကို အပြေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက် သင်ပေးထားတယ်!" အူဇူမာကီ နာရူတို က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။ ကောင်လေး ဆာစကေး၊ မင်းတော့ ကျတော့မှာပဲ!
"ဆရာ ကီတာဇာဝါ တော်နေတာနဲ့ မင်းပါ တော်နေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ" ဆာစကေးက တည်ငြိမ်စွာ ပြောလိုက်သည်။
နာရူတိုသည် ကီတာဇာဝါထံမှ အထူးအပြေးလေ့ကျင့်မှု ရရှိထားကြောင်း သူသိသော်လည်း၊ သူတို့ကြားရှိ ကွာဟချက်ကို ဖြည့်ဆည်းရန် တစ်ပတ်ဆိုသည့် အချိန်က လုံလောက်မှု မရှိနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့သည့်အကြိမ်က နာရူတိုသည် သူ့ထက် အဆင့်ရှစ်ဆင့်တောင် နိမ့်နေခဲ့သည် မဟုတ်ပါလား။
"စောင့်သာကြည့်နေလိုက်!" နာရူတိုက ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည်။ "မင်း ဒူးထောက်သွားတဲ့အထိကို ငါအနိုင်ယူပြမယ်!"
"ဟေး! ပြီးခဲ့တဲ့တစ်ခေါက်က ငါ ဒုတိယရထားတာနော်!" ကီဘာက ဝင်မပြောဘဲ မနေနိုင်တော့ချေ။ "ငါ့ကိုလည်း အလေးအနက်ထားကြဦး!"
"ဆရာ ကီတာဇာဝါ လာပြီ!" အီနိုက ရုတ်တရက် တက်ကြွစွာ လှမ်းအော်လိုက်သည်။
"တန်းစီကြ။ အရင်ဆုံး အပတ်ငါးဆယ် ပြေးမယ်။" ကီတာဇာဝါ ပြေးလမ်းပေါ်တွင် ရပ်ကာ တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် ရင်းနှီးနေသော အကြည့်တစ်ချက်ကို သူ ခံစားလိုက်ရသည်။ ခန့်မှန်းနေစရာပင် မလိုပေ။ ထိုသူမှာ အူချီဟာ ဆာစကေး ပင် ဖြစ်သည်။
"အဆင်သင့်! စမယ်!" ကီတာဇာဝါ အသံမြှင့်ကာ ပြောလိုက်သည်။
အားလုံးက အစီအစဉ်အတိုင်း စတင်ပြေးကြသည်။ ပြီးခဲ့သည့်အကြိမ်နှင့် မတူညီသည်မှာ ယခုတစ်ကြိမ်တွင် နာရူတိုသည် ချက်ချင်း အားကုန်မပြေးတော့ခြင်းပင်။
ဆာစကေးလည်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ နာရူတို သူ့ကို ကျော်တက်သွားနိုင်မည်ဟု မယုံကြည်သော်လည်း ကီတာဇာဝါ ကိုယ်တိုင် လေ့ကျင့်ပေးထားသည်ဆိုသည့် အချက်က ဆာစကေးကို အနည်းငယ် ပို၍ အလေးအနက်ထားလာစေသည်။
ကီတာဇာဝါသည် အသက်ရှူနှုန်းကို မှန်မှန်ထားကာ ရှေ့ဆုံးမှ ဦးဆောင်ပြေးနေသည်။ မြန်သည်ဟု မထင်ရသော်လည်း မည်သူမျှ သူ့ကို မီအောင် မလိုက်နိုင်ကြချေ။
ဆာစကေး ဘာတွေတွေးနေသည်ကို သူ မသိသော်လည်း၊ အကယ်၍ သူသာ သိခဲ့မည်ဆိုပါက ဤသို့ပြောမိမည်မှာ သေချာသည်။ 'ကိန်းဂဏန်းတွေနဲ့ တွက်ချက်ရတာကို ရူးသွပ်တဲ့ မိစ္ဆာကောင်လေးက နည်းစနစ်တွေကို သင်ယူပြီးသွားတဲ့အခါ သူ့ကို ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး'
ယခင်ကကဲ့သို့ပင် အပတ်ငါးဆယ် ပြည့်ပြီးနောက် ကျောင်းသားအများစု ဆက်မပြေးနိုင်ကြတော့ပေ။ နောက်ထပ် ဆယ်ပတ်ခန့် အကြာတွင်တော့ အူချီဟာ ဆာစကေး၊ အူဇူမာကီ နာရူတို၊ အီနုဇုကာ ကီဘာ၊ ရှီနို နှင့် ဟီနာတာ တို့သာ ကျန်ရစ်တော့သည်။
"ဘာတွေ ဖြစ်နေတာလဲ" ဆာကူရာ မြေပြင်ပေါ်တွင် ထိုင်ရင်း ဇဝေဇဝါ ဖြစ်နေသည်။
"ဘာလို့ နာရူတိုက ဆက်ပြေးနိုင်နေတာလဲ။" ပြီးခဲ့သည့်အကြိမ်က ဤအချိန်လောက်ဆိုလျှင် နာရူတို လဲကျနေပြီဖြစ်သည်။
"ဆရာ ကီတာဇာဝါ ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ" အီနိုက သက်ပြင်းချလိုက်သည်။
"အပြေးနည်းစနစ်တွေက တကယ်ပဲ အဲ့လောက်တောင် အသုံးဝင်တာလား" အာကီမီချီ ချိုဂျီ က အံ့ဩတကြီး မေးလိုက်သည်။
"ပြေးတဲ့ ပုံစံက တစ်စိတ်တစ်ပိုင်း ပါပေမယ့် တကယ့် သော့ချက်က နာရူတိုရဲ့ ကိုယ်ပိုင် ခွန်အားပဲ" ဟု နာရာ ရှီကာမာရု က အခြေအနေကို ထွင်းဖောက်မြင်သည့်ဟန်ဖြင့် ပြောလိုက်သည်။ "ပြီးခဲ့တဲ့ တစ်ခေါက်က သူက စည်းကမ်းမရှိ အားကုန်ပြေးလိုက်လို့ စောစောစီးစီး အားကုန်သွားတာလေ။"
အချိန်များ ကုန်ဆုံးသွားသည်။ သူတို့ အပတ် (၇၀) သို့ ရောက်ရှိလာကြသည်။
ဆာစကေးမှာ အမောဖောက်နေပြီး သူ့ခန္ဓာကိုယ်က ပို၍ လေးလံလာသလို ခံစားနေရသည်။ သူ့ရှေ့တွင် မပင်မပန်း ပြေးလွှားနေဆဲဖြစ်သော ကီတာဇာဝါကို ကြည့်ကာ သွားကြိတ်လိုက်မိသည်။
သို့သော် သူ မည်မျှပင် အားထုတ်စေကာမူ မီအောင်မလိုက်နိုင်ခဲ့ပေ။ ထားလိုက်ပါတော့။ ကီတာဇာဝါက ဆရာတစ်ယောက်ပဲ။ သူ့ထက် အတွေ့အကြုံ ဆယ်စုနှစ်တစ်ခုလောက် ပိုများနေမှတော့ သူ့ကိုရှုံးတာက ပုံမှန်ပါပဲလေ။
သူ ပထမနေရာ ရဖို့ပဲ အာရုံစိုက်ရမယ်... နေပါဦး! ရုတ်တရက် သူ့အနောက်မှ အသက်ရှူသံများကို ဆာစကေး ကြားလိုက်ရသည်။
ပြီးခဲ့သည့်အကြိမ်က အပတ် (၇၀) သို့ ရောက်သည့်အခါ သူ့မှလွဲ၍ မည်သူမျှ မကျန်တော့ပေ။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ နာရူတို ကို မြင်လိုက်ရသည်။
တစ်ခုခုတော့ မှားနေပြီ။ တော်တော်လေးကို မှားနေတာ။ သူက ဒီအချိန်အထိ ဘယ်လိုလုပ် တောင့်ခံထားနိုင်ရတာလဲ။
ကီဘာ နဲ့ ရှီနို တောင်မှ ပြုတ်ကျန်ရစ်ခဲ့ပြီ ဖြစ်သော်လည်း၊ ပြီးခဲ့သည့်အကြိမ်က အဆင့်ကိုးရခဲ့သော ကောင်က ဆက်ပြေးနေနိုင်တုန်းလား။ ပြီးတော့ သူက ငါ့ထက်တောင် ပိုပြီး ပေါ့ပေါ့ပါးပါး ရှိနေသလိုပဲ။
မဖြစ်နိုင်တာ! ဒါ တကယ်မဟုတ်ဘူး! ဘာတွေများ လွဲချော်သွားတာလဲ။
ထိုအချိန်မှာပင် ဆာစကေး အာရုံလွင့်သွားသည်ကို နာရူတို သတိထားမိသွားသည်။ အခုက ငါ့အလှည့်ပဲ!
သူ ရုတ်တရက် အားကုန်ရုန်းကာ ပြေးထွက်သွားပြီး ဆာစကေးကို ကျော်တက်သွားတော့သည်။
ဆာစကေး၏ အသက်ရှူနှုန်းများ လုံးဝ ကမောက်ကမ ဖြစ်သွားသည်။ သူ၏ ခြေလှမ်းများက ယိမ်းယိုင်နေပြီး တုံ့ပြန်မှုများကလည်း နှေးကွေးသွားသည်။ နာရူတို တစ်စတစ်စ ပို၍ ဝေးကွာသွားသည်ကိုသာ သူ ကြည့်နေလိုက်ရတော့သည်။
သူ၏ ခံနိုင်ရည်အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ—သူ ဘယ်လိုမှ မီအောင် မလိုက်နိုင်တော့ပေ။
"ဟားဟားဟား! ငါ ပထမပဲ!" နာရူတို စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ကာ ဝှေ့ယမ်းလိုက်သည်။ "ဒါကမှ လူငယ်တို့ရဲ့ အားမာန်ကွ!"
"…?" ကီတာဇာဝါ သူ့နဖူးကိုသူ မကိုင်ဘဲ မနေနိုင်တော့ပေ။ မဟန်တော့ဘူး! နောက်ထပ် လူငယ်သွေးကြွနေတဲ့ အရူးတစ်ယောက် ထပ်တိုးလာတာလား။
[တာဝန် - အူဇူမာကီ နာရူတို အား ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုတွင် ဒုတိယနေရာ ရရှိစေရန် ကူညီပေးပါ။
ဆုလာဘ် - အရိပ်ကိုယ်ပွား ဂျူစု။
တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ်ကို ထုတ်ပေးပြီးပါပြီ။]
ကီတာာဝါ တစ်စက္ကန့်မျှ ကြက်သေသေသွားသည်။ သူ့မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်သော်လည်းသူ၏ စိတ်ထဲတွင်မူ လင်းလက်တောက်ပသွားတော့သည်။