အခန်း ၁၀ - ကျွန်တော်က လူကောင်းတစ်ယောက်ပါ
"ကျေးဇူးပဲ ကီတာဇာဝါ" ကူရယ်နိုင် ယုဟိ က ပေလိပ်ကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်သည်။ "ငါ အိမ်ပြန်ရောက်ရင် ဒါကို သေသေချာချာ လေ့လာကြည့်ပါ့မယ်။"
"သကြားလုံး စားမလား။" ကီတာဇာဝါက သရေစာမုန့်ထုပ်လေးကို ဖွင့်ရင်း မေးလိုက်သည်။
"ငါ့အရွယ်နဲ့ သကြားလုံးစားဖို့က သင့်တော်ပါ့မလား။" ကူရယ်နိုင် ယုဟိ က မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"ကလေးတွေအတွက်ဆိုရင်တော့ ကလေးဆန်တယ်လို့ ထင်ရပေမဲ့ လူကြီးတွေအတွက်တော့ ကွက်တိပဲလေ။" ကီတာဇာဝါက သကြားလုံးခွံကို ခွာပြီး သူမရဲ့ နှုတ်ခမ်းနားကို တေ့ပေးလိုက်သည်။
"နင်က အမြဲတမ်း စိတ်ဝင်စားစရာ အကောင်းဆုံးစကားတွေချည်း ပြောနေတုန်းပဲနော်။" ကူရယ်နိုင် ယုဟိ က သူမရဲ့ နူးညံ့တဲ့ နှုတ်ခမ်းလေးကို ဟကာ သကြားလုံးကို ကိုက်ခဲလိုက်သည်။
"ဘယ်လိုနေလဲ။" ကီတာဇာဝါက ဒုတိယမြောက် သကြားလုံးကို ထုတ်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
"အရမ်းချိုတာပဲ။" ကူရယ်နိုင် ယုဟိ က မျက်လုံးလေး မှေးစင်းသွားရင်း မေးလိုက်သည်။ "နင်က ဘာလို့ သရေစာမုန့်တွေ အမြဲဆောင်ထားရတာလဲ။"
"ကျောင်းသားတွေအတွက်လေ။" ကီတာဇာဝါက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။ "အဲဒါက သူတို့ကို စိတ်အားထက်သန်လာအောင် လုပ်ပေးနိုင်တယ်။"
ကူရယ်နိုင် ယုဟိ ဟာ ကူရာမာ ယာကူမို ကို သတိရသွားသည်။ သို့ပေမဲ့... သူမအတွက် ဒီလိုအရာတွေ မလိုအပ်ပါဘူးလေ။ ကူရာမာမျိုးနွယ်စုရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ သူမမှာ ပိုက်ဆံရော၊ အချိုပွဲတွေပါ ဘာတစ်ခုမှ လိုလေသေးမရှိဘူး မဟုတ်လား။
"ညစာ ဘာစားချင်လဲ။" ကူရယ်နိုင် ယုဟိ က သူမရဲ့ ပန်းရောင်သမ်းနေတဲ့ လျှာလေးနဲ့ သကြားလုံးကို ရက်လိုက်ရင်း ပြောသည်။ "ဒီနေ့ ငါဒကာခံမှာမို့ အားမနာနဲ့နော်။"
"ဒါဆို အသားကင်သွားစားကြတာပေါ့။" ကီတာဇာဝါက ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ။" ကူရယ်နိုင် ယုဟိ က ခေါင်းညိတ်လိုက်ပြီး သူမရဲ့ မျက်လုံးများထဲတွင် အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ "နောက်ဆုံး အသားကင် စားဖြစ်ခဲ့ကြတာ ချူနင် စာမေးပွဲတုန်းကပဲအားလုံးလည်း ရှိနေခဲ့ကြတယ်။"
'အားလုံး' ဆိုသည်မှာ ဟာတာကဲ ကာကာရှီ ၊ အူချီဟာ အိုဘီတို ၊ နိုဟာရာ ရင်း နှင့် ဆာရူတိုဘီ အာဆူမာ တို့ကို ဆိုလိုခြင်းဖြစ်သည်။ ကံမကောင်းစွာဖြင့် သူတို့ထဲမှ လူအနည်းငယ်သာ ယခုအချိန်ထိ အသက်ရှင်လျက် ရှိနေတော့သည်။
"ဘာလို့ ရုတ်တရက်ကြီး လွမ်းဆွတ်နေရတာလဲ။" ကီတာဇာဝါ က မျက်ခုံးပင့်လိုက်သည်။ "အတိတ်ကို လွမ်းနေတာက လူကို ပိုအိုမင်းရင့်ရော်စေတယ်ဆိုတာ နင်လည်း သိသားပဲ။"
"နင် တုံးများတုံးနေလား။" ကူရယ်နိုင် ယုဟိ က သူ့ကို မျက်စောင်းထိုးလိုက်သည်။ "အိုမင်းရင့်ရော်ခြင်းဆိုတာ မိန်းကလေးတစ်ယောက် မပြောချင်ဆုံး နောက်ဆုံးအရာပဲ။"
"ဆောရီးပါ။" ကီတာဇာဝါက ပြုံးလိုက်သည်။ သူမ တကယ် ဒေါသထွက်နေတာ မဟုတ်မှန်း သူ သိသည် ၊ ဒါဟာ သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးတဲ့ နောက်ပြောင်ကျီစယ်မှုတစ်ခုမျှသာ ဖြစ်သည်။
"ဒီတလော ကာကာရှီ ကို တွေ့သေးလား။ သူ ဘယ်လိုနေလဲ။" လမ်းလျှောက်နေရင်း ကူရယ်နိုင် ယုဟိ က မေးလိုက်သည်။
"ပြီးခဲ့တဲ့လက တစ်ခါတွေ့တယ်။" ကီတာဇာဝါ - (Kitazawa) က ပြန်ဖြေသည်။ "အရင်လိုပါပဲ ၊ သက်ဝင်လှုပ်ရှားမှု မရှိသလိုပဲ။"
သူ့ရဲ့ အရင်အတန်းက ဂန္ထဝင်တွေနဲ့ ပြည့်နှက်နေခဲ့သည်။ ဟာတာကဲ ကာကာရှီ ဆိုလျှင် အသက်ဆယ့်နှစ်နှစ်အရွယ်နဲ့ ဂျိုနင်ဖြစ်လာခဲ့တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်သည်။
ဒါပေမဲ့ အထီးကျန်ကံကြမ္မာနဲ့ မွေးဖွားလာခဲ့ပုံရသည်။ သူ့အဖေ၊ အသင်းဖော်တွေနဲ့ ဆရာဖြစ်သူတို့ အားလုံး သေဆုံးသွားခဲ့ရသည်။ နောက်ဆုံးမှာတော့ သူဟာ သူ့ကိုယ်သူ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး ပိတ်လှောင်ထားခဲ့တော့သည်။
အူချီဟာ အိုဘီတို ကတော့ နတ်ဘုရားတစ်ပါးလို စွမ်းအားတွေ ပိုင်ဆိုင်ထားပေမဲ့ သူ့ရဲ့ ဝမ်းနည်းကြေကွဲမှုကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ နိုဟာရာ ရင်း အတွက်နဲ့ သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို ပြောင်းလဲသွားခဲ့ပြီး ရင်း အသက်ရှင်နေမယ့် ကမ္ဘာသစ်တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့သည်။ သူဟာ ကိုယ်ပိုင်ဆရာကိုတောင် သတ်ဖြတ်ခဲ့ပြီး အူချီဟာ အီတာချီ ကို သူတို့ရဲ့ မျိုးနွယ်စုကြီးကို ဖျက်ဆီးဖို့ ကူညီပေးခဲ့ကာ၊ နောင်တစ်ချိန်မှာ အူချီဟာ မန်ဒါရာ အဖြစ် ခံယူပြီး နင်ဂျာကမ္ဘာတစ်ခုလုံးကို ခြိမ်းခြောက်လာခဲ့သည်။
ပြီးတော့ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ အားလုံးကို အံ့အားသင့်စေမယ့် မိုက်ဂိုင် နဲ့ တတိယမြောက် ဟိုကာဂဲ ရဲ့သား ဆာရူတိုဘီ အာဆူမာ တို့လည်း ရှိနေသေးသည်။
"သူ ဘယ်တော့များမှ ဒီအခြေအနေကို ကျော်ဖြတ်နိုင်မလဲ မသိပါဘူး..." ကူရယ်နိုင် ယုဟိ က စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားသည်။
"အာဆူမာ ရော ဘယ်လိုနေလဲ။" ကီတာဇာဝါက စကားလမ်းကြောင်း လွှဲလိုက်သည်။ "သူနဲ့ အဆက်အသွယ် ရှိသေးလား။"
"သူက ရက်အနည်းငယ်ကြာတိုင်း စာရေးလေ့ရှိတယ်။" ကူရယ်နိုင် ယုဟိ က နှုတ်ခမ်းလေး ဆူကာ ပြောသည်။
ကီတာဇာဝါက သူမရဲ့ စိတ်မရှည်တဲ့ အရိပ်အယောင်လေးကို ချက်ချင်း သတိထားမိလိုက်သည်။ မူလဇာတ်လမ်းထဲမှာတော့ ဆာရူတိုဘီ အာဆူမာ က ကူရယ်နိုင် ယုဟိ ကို ဇွဲမလျှော့ဘဲ အမြဲလိုက်ခဲ့ပြီး၊ စတုတ္ထအကြိမ်မြောက် နင်ဂျာကမ္ဘာစစ်ကြီး ဖြစ်ပွားတဲ့အချိန်ရောက်မှသာ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။
ဒါပေမဲ့ အခုတော့ ဆယ်နှစ်နီးပါးလောက် ကြာနေခဲ့ပြီ ၊ ဘာရေရာတဲ့ အခြေအနေမှ မရှိသေးပေ။
"သူက တော်တော်လေး ဇွဲကောင်းတာပဲ။" ကီတာဇာဝါက ပြုံးလိုက်သည်။ "မီးနိုင်ငံရဲ့ မြို့တော်မှာ ရောက်နေတာတောင် နင့်ကို မမေ့နိုင်သေးဘူးပေါ့လေ။"
တတိယအကြိမ်မြောက် နင်ဂျာကမ္ဘာစစ်အပြီးမှာ၊ ပုန်ကန်တတ်တဲ့ ဆာရူတိုဘီ အာဆူမာ ဟာ ရွာကနေထွက်သွားပြီး မီးနိုင်ငံရဲ့ ဒိုင်မျိုကို ကာကွယ်စောင့်ရှောက်ရမယ့် အစောင့်အရှောက်နင်ဂျာတစ်ယောက် ဖြစ်လာခဲ့သည်။
မူလဇာတ်လမ်း အချိန်ကာလမှာ သူ ဘယ်အချိန် ပြန်ရောက်လာတယ်ဆိုတာ အတိအကျ မဖော်ပြထားပေမဲ့၊ အူဇူမာကီ နာရူတို နဲ့ သူ့သူငယ်ချင်းတွေ ကျောင်းဆင်းတဲ့အချိန်လောက်မှာ ဖြစ်ဖို့များသည်။ သူဟာ နာရာ ရှီကာမာရု ၊ အာကီမီချီ ချိုဂျီ ၊ နဲ့ ယာမာနာကာ အီနို တို့ရဲ့ ဆရာ ဖြစ်လာခဲ့သည်။
"ထားလိုက်ပါတော့၊ သူ့အကြောင်း မပြောကြရအောင်။ ဒီည နင် အရက်ဘယ်နှစ်ခွက်လောက် သောက်ဖို့ စီစဉ်ထားလဲ။" ကူရယ်နိုင် ယုဟိ က လက်ပိုက်ထားရာမှ သူမရဲ့ ဖြူဖွေးတဲ့ လက်တံလေးတွေကို ဆန့်ထုတ်လိုက်သည်။
"အလှလေးတစ်ယောက်အတွက်တော့ ငါ့အသက်ကိုတောင် စတေးရဲပါတယ်။" ကီတာဇာဝါက သူမရဲ့ ကျော့ရှင်းလှပတဲ့ ကိုယ်လုံးလေးကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
အရင်တုန်းကတော့ သူဟာ ကူရယ်နိုင် ယုဟိ အပေါ် ရိုမန်တစ်ဆန်ဆန် တွေးခဲ့ဖူးခြင်း မရှိပါဘူး ။ အဲ့ဒါက သူဟာ နှလုံးသားဖြူစင်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေလို့တော့ မဟုတ်ဘဲ၊ သူ့ကိုယ်သူ အားနည်းလွန်းလို့ အသက်ရှင်သန်ရေးကိုပဲ အာရုံစိုက်နေခဲ့ရလို့ ဖြစ်သည်။
ဒါပေမဲ့ အခုချိန်မှာတော့ စနစ် ရဲ့ အကူအညီကြောင့် ခွန်အားဆိုတာ ပြဿနာတစ်ခု မဟုတ်တော့ပေ။ သူဟာ ကူရယ်နိုင် ယုဟိ ကို မုဆိုးမတစ်ယောက်အဖြစ် အဖြစ်မခံနိုင်လောက်အောင်ကို သဘောကောင်းလွန်းနေပြီလေ။
အဟမ်း...
လောလောဆယ်မှာတော့ ကူရယ်နိုင် ယုဟိ နဲ့ ဆာရူတိုဘီ အာဆူမာ တို့ရဲ့ ဆက်ဆံရေးက လိုက်တဲ့သူနဲ့ အလိုက်ခံရတဲ့သူ အဆင့်မှာပဲ ရှိနေသေးသည်။ သိပ်ပြီး လေးနက်လှတဲ့ အခြေအနေ မဟုတ်သေးပေ။ သူက မျှမျှတတပဲ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
"တကယ်လား။" ကူရယ်နိုင် ယုဟိ က ရယ်လိုက်သည်။ "နင့်မှာ နောက်ဆုတ်ဖို့ အချိန်ရပါသေးတယ်နော်။"
"ဒါဆိုရင်လည်း ငါ့ကို သက်ညှာပေးပါဦး" လို့ ကီတာဇာဝါက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
"ဒီနေ့ နင် ငါ့ကို ကူညီပေးခဲ့တဲ့အတွက် ငါ နင့်ကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်လေ။" ကူရယ်နိုင် ယုဟိ က သဘောထားကြီးစွာဖြင့် လက်ကာပြလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက်၊ သူတို့နှစ်ယောက် အသားကင်ဆိုင်ထဲသို့ ဝင်သွားကြတော့သည်။
"ဒီနေ့ ငါ့ရဲ့ လက်ရာကို မြည်းစမ်းကြည့်လိုက်ပါဦး" လို့ ကီတာဇာဝါက ထိုင်ချလိုက်ရင်း အသားကင်ရတဲ့ တာဝန်ကို ယူကာ ပြောလိုက်သည်။
"ငါ နင့်ကို အမြဲတမ်း မေးချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်။" ကူရယ်နိုင် ယုဟိ က ဆာကေးအရက်အိုးကို ကောက်ကိုင်လိုက်ပြီး ခွက်နှစ်ခွက်ထဲ ငှဲ့ထည့်ရင်း မေးလိုက်သည်။ "နင် ဘာလို့ ဆရာတစ်ယောက် ဖြစ်လာရတာလဲ။"
နင်ဂျာကမ္ဘာမှာ အလေးစားရဆုံး အခန်းကဏ္ဍက နင်ဂျာတစ်ယောက် ဖြစ်ခြင်းပါပဲ။ အထူးသဖြင့် စွမ်းအားကြီးမားတဲ့ နင်ဂျာတစ်ယောက်ပေါ့။ နင်ဂျာအကယ်ဒမီမှာ ဆရာတစ်ယောက် ဖြစ်လာခြင်းကတော့ ဂုဏ်ယူဝင့်ကြွားစရာလို့ မယူဆကြပေ။
လူတော်တော်များများအတွက်တော့ အဲဒါက အလားအလာ သိပ်မရှိတဲ့ အလယ်အလတ်အဆင့် နင်ဂျာတွေအတွက် နောက်ဆုတ်စရာ နေရာတစ်ခုသာ ဖြစ်သည်။
"ဒါက ငါ့ရဲ့ ဝါသနာသက်သက်ပါပဲ" လို့ ကီတာဇာဝါက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"အဲ့ဒီလိုလား။" ကူရယ်နိုင် ယုဟိ က ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ နင်က အဲ့ဒီအလုပ်နဲ့ တကယ်ကို ကိုက်ညီပါတယ်။"
"အခုထိ အိမ်လိုက်သင် ကျူရှင်ဆရာ လုပ်နေတုန်းပဲလား။" ကီတာဇာဝါက ဝက်ဆီဖတ်သားကို လှန်လိုက်သည်။ မွှေးပျံ့လှတဲ့ အနံ့အသက်တွေက လေထုထဲမှာ ပြည့်နှက်သွားသည်။
"အင်း။" ကူရယ်နိုင် ယုဟိ က ခဏရပ်လိုက်သည်။ "ဒါပေမဲ့ ငါ ရွာရဲ့ တာဝန်တွေကိုလည်း ယူနေတုန်းပါပဲ။"
အချိန်ပြည့် အကယ်ဒမီ နည်းပြတွေကလွဲရင်၊ နင်ဂျာအားလုံးဟာ ရွာရဲ့တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ မျှော်လင့်ခံရသည်။ သေချာတာပေါ့၊ ကိုနိုဟာရဲ့ အထက်တန်းအလွှာက လူတွေကတော့ ပိုပြီး လွတ်လပ်ခွင့် ရှိကြသည်။
ဆူနာဒဲကိုပဲ ဥပမာအနေနဲ့ ကြည့်လိုက်လေ။ သွေးကြောက်တဲ့ရောဂါ ရသွားပြီးနောက်မှာ၊ သူမဟာ ကမ္ဘာအနှံ့ လှည့်လည်ကာ လောင်းကစားတွေလုပ်နေခဲ့တယ်။ ပြီးတော့ ရှီဇူနဲကိုလည်း သူမနဲ့အတူ ခေါ်သွားခဲ့သေးသည်။
သူမက ရွာပြန်မလာဘူး၊ တာဝန်တွေလည်း မယူဘူး၊ ဒါတောင်မှ ကိုနိုဟာ က ဘာမှမတတ်နိုင်ခဲ့ဘူးလေ။ ဂျီရိုင်ယာလည်း ဒီလိုပါပဲ။
"အားတဲ့အခါ ငါ့ဆီ လာလည်ပါဦး။" ကူရာမာ ယာကူမို ကို တွေးရင်း ကီတာဇာဝါက ပြုံးဖြဲဖြဲနဲ့ ပြောလိုက်သည်။ "အဲ့ဒီကျောင်းသားကို သင်ပေးဖို့ ငါကူညီပေးနိုင်ပါတယ်။"
မူလဇာတ်လမ်းထဲမှာဆိုရင် ကူရယ်နိုင် ယုဟိ အနေနဲ့ ကူရာမာ ယာကူမို ရဲ့ ပြဿနာကို ဖြေရှင်းဖို့ နှစ်နဲ့ချီပြီး အချိန်ယူခဲ့ရသည်။ အူဇူမာကီ နာရူတိုရဲ့ အကူအညီနဲ့မှ အဆင်ပြေသွားခဲ့ခြင်းဖြစ်သည်။
"နင်က တကယ့်ကို သဘောကောင်းတာပဲ၊ ကီတာဇာဝါ" ကူရယ်နိုင် ယုဟိ က ငြင်းဆန်ခြင်း မရှိပေ။
"ဒါဆို သဘောတူတယ်နော်။ အခက်အခဲ တစ်ခုခု ကြုံလာရင် ငါ့ဆီသာ လာခဲ့လိုက်။" ကီတာဇာဝါက သူ့ခွက်ကို မြှောက်လိုက်သည်။ သူ ဒီတာဝန်ကို ပြီးမြောက်နိုင်မလား မပြီးမြောက်နိုင်ဘူးလား ဆိုတာက ဒီအပေါ်မှာ မူတည်နေသည်။
သူ့ရဲ့ ရိုးသားတဲ့ မျက်နှာအမူအရာကို ကြည့်ရင်း ကူရယ်နိုင် ယုဟိ က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမရဲ့ နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု လှုပ်ခတ်သွားသည်။ ကီတာဇာဝါနဲ့ ပတ်သက်ပြီး တစ်ခုခုက ဒီနေ့မှာ ပုံမှန်နဲ့မတူဘဲ ကွဲပြားနေသလိုပဲ။
ဖြစ်နိုင်မလား...? သူမက ထိုအတွေးကို ချက်ချင်းပဲ ဖျောက်ဖျက်ပစ်လိုက်သည်။ အဲ့ဒါက သူ့အပေါ်ထားရှိတဲ့ သူမရဲ့ အမြင်နဲ့ ကိုက်ညီမှု မရှိဘူးလေ။
ကီတာဇာဝါဟာ လူတိုင်းအပေါ် အမြဲတမ်း သိမ်မွေ့ညင်သာသူဖြစ်သည်။ သူ့ရဲ့ ရုပ်ရည်သွင်ပြင်မျိုးနဲ့များ ကောင်မလေးမရှိဘူးဆိုရင်၊ အဲဒါက သူဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့သာ ဖြစ်နိုင်လောက်သည်။
"ချီးယားစ်" ကူရယ်နိုင် ယုဟိ က သူမရဲ့ခွက်ကို ကောက်ကိုင်ကာ သူ့ခွက်နဲ့ ခေါက်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။