အခန်း ၁ - နောက်ကျမှ ရောက်လာသော စနစ်
နင်ဂျာအကယ်ဒမီမှာ ကီတာဇာဝါရဲ့ စွမ်းဆောင်ရည်က ထူးချွန်တယ်ဆိုတာထက် အများကြီး လိုအပ်နေသေးသည်။ အူချီဟာ အီတာချီက အသက်ခုနစ်နှစ်နဲ့ ကျောင်းဆင်းနိုင်ခဲ့ပေမယ့် သူကတော့ အသက်ဆယ့်သုံးနှစ်ရောက်မှ မနည်းရုန်းကန်ပြီး ကျောင်းဆင်းနိုင်ခဲ့တာဖြစ်သည်။
အူဇူမာကီ နာရူတိုက အသက်ဆယ့်ခုနစ်နှစ်မှာ ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ဖြစ်လာခဲ့တယ်။ အဲ့ဒီအရွယ်မှာ ကီတာဇာဝါကတော့ ချူနင် တစ်ယောက်ဖြစ်လာဖို့တောင် ရုန်းကန်နေရဆဲပဲ။
မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်ရဲတဲ့ ဒီရက်စက်ကြမ်းကြုတ်လှတဲ့ နင်ဂျာကမ္ဘာကြီးမှာ ကီတာဇာဝါဆိုတာ အစွမ်းအစမရှိ၊ မျိုးရိုးမရှိ၊ နောက်ခံမရှိတဲ့ သာမန်ကာလျှံကာ နင်ဂျာတစ်ယောက်သာ ဖြစ်သည်။
အသက်ရှင်သန်နိုင်ဖို့အတွက် သူက နင်ဂျာအကယ်ဒမီမှာ ဆရာတစ်ယောက်လုပ်ဖို့ ရွေးချယ်ခဲ့တယ်။ အဲ့ဒီဆုံးဖြတ်ချက်နဲ့အတူ ဘာထူးခြားမှုမှမရှိတဲ့ ရှည်လျားလှတဲ့ ငါးနှစ်တာကာလကို ဖြတ်သန်းခဲ့ရသည်။
"ကိုနိုဟာရဲ့ ငြိမ်းချမ်းတဲ့ နောက်ထပ် နေ့တစ်နေ့ပါပဲလား" ပြတင်းပေါက်နားမှာ ရပ်နေရင်း ကီတာဇာဝါက တီးတိုးရေရွတ်လိုက်သည်။
ဒီနေ့က အကယ်ဒမီရဲ့ နှစ်စဉ်ကျောင်းဖွင့်ရက်ဖြစ်သည်။ အောက်ဘက်က ကျောင်းဝင်းထဲမှာတော့ ကျောင်းသားသစ်တွေ၊ မိဘတွေရဲ့ အသံတွေနဲ့ ဆူညံပွက်လောရိုက်နေသည်။
ကီတာဇာဝါက သူ့လက်ထဲက ကျောင်းသားစာရင်းကို လှမ်းကြည့်လိုက်တယ်။ ရင်းနှီးနေတဲ့ နာမည်တွေက တစ်ခုပြီးတစ်ခု ပေါ်လာသည်။
အူဇူမာကီ နာရူတို၊ အူချီဟာ ဆာစကေး ၊ ဟျူဂါ ဟီနာတာ၊ ယာမာနာကာ အီနို၊ ဟာရူနို ဆာကူရာ၊ အာကီမီချီ ချိုဂျီ၊ နာရာ ရှီကာမာရူ၊ အီနုဇုကာ ကီဘာ...
"ငါးနှစ်တောင် ရှိပြီပဲ... ဇာတ်လမ်းရဲ့ ဇာတ်ဆောင်တွေ ရောက်လာဖို့ ငါ အတော်ကြာကြာ စောင့်ခဲ့ရတာပဲ" လို့ တွေးရင်း ကီတာဇာဝါ စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။
အခုဆိုရင် သူ့ရှေ့ရေးအတွက် ကြိုမြင်နိုင်တဲ့ ကြီးမားတဲ့ ဘေးအန္တရာယ်ကြီး နှစ်ခုပဲ ကျန်တော့သည်။ အဲ့ဒါက အိုရိုချီမာရူရဲ့ ကိုနိုဟာဖျက်ဆီးရေးစီမံကိန်းနဲ့ ပိန်းရဲ့ ကျူးကျော်ဝင်ရောက်မှုတို့ပဲ ဖြစ်တယ်။
ပထမတစ်ခုက အကယ်ဒမီနဲ့ သိပ်မသက်ဆိုင်လို့ သိပ်ပူစရာမလိုလှဘူး။ ဒါပေမယ့် ဒုတိယတစ်ခုကတော့ နာဂါတိုရဲ့ ရှင်ရာတန်ဆေး ကြောင့် တစ်ရွာလုံးနီးပါး မြေလှန်ခံရမှာမို့ ပိုပြီးတော့ ခေါင်းကိုက်စရာကောင်းလှသည်။
ကီတာဇာဝါရဲ့ အစီအစဉ်က ရှင်းပါတယ်။ အဲ့ဒီကိစ္စတွေ မဖြစ်ခင် ခွင့်ယူပြီး ထွက်ပြေးဖို့ပဲ။ နာရူတိုနဲ့ တခြားသူတွေ ကျောင်းစတက်တဲ့အချိန်ကို ကြည့်ပြီး အချိန်ဇယားကို သူ ခန့်မှန်းလို့ရသည်။
သူ အတွေးနယ်ကျွံနေတုန်းမှာပဲ "ဒင်" ဆိုတဲ့ စူးရှတဲ့ အသံတစ်ခုက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်သွားတယ်။
[လက်ခံသူအား ရှာဖွေတွေ့ရှိပါသည်။ အသက် ခြောက်နှစ်အထက်နှင့် ကျောင်းအပ်နှံခြင်း အောင်မြင်ပြီးဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီပါသည်။ အသန်မာဆုံး ဟိုကာဂဲ လေ့ကျင့်ရေးစနစ်ကို စတင်နေပါပြီ။]
အဲ့ဒီအသံကို ကြားတော့ ကီတာဇာဝါ အေးခဲသွားတယ်။
နှစ်ဆယ့်တစ်နှစ်တောင် စောင့်ပြီးမှ စနစ်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ ရယ်စရာကောင်းတာက သူ မျှော်လင့်ချက်တွေအကုန်လုံးကို စွန့်လွှတ်လိုက်တဲ့ အချိန်ကျမှ ရောက်လာတာပဲ။ "ငါ့စနစ်က ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။"
နေဦး... ကျောင်းအပ်တယ်? အသက် ခြောက်နှစ်အရွယ်မှာ?
"စနစ်... မင်း ပျက်နေတာလား" သူ မယုံကြည်နိုင်စွာ မေးလိုက်သည်။
[ပင်မတာဝန် - ကိုနိုဟာ နင်ဂျာအကယ်ဒမီကို ကြီးစိုးပြီး အသန်မာဆုံး ကျောင်းဆင်းတစ်ယောက် ဖြစ်လာစေရမည်။]
နေ... နေပါဦး။ ဘာကြီး?
စနစ်ရောက်လာတာတော့ ကောင်းပါတယ်။ ဒါပေမယ့်... သူက ဘယ်လိုလုပ် နောက်တစ်ခါ ပြန်ပြီး ကျောင်းဆင်းရမှာလဲ။ အချိန်နောက်ပြန်ခရီးသွားပြီး ပြန်သွားရမှာလား။
[ အကယ်ဒမီကို ကြီးစိုးနိုင်ဖို့အတွက် သင်ဟာ အတန်းဖော်တွေရဲ့ အသိအမှတ်ပြုမှုကို အရင်ဆုံး ရယူရပါမယ်။
လက်ရှိတာဝန် - အတန်းဖော် အူဇူမာကီ နာရူတိုထံမှ ကနဦး အသိအမှတ်ပြုမှုကို ရယူပါ။
ဆုလာဘ် - မီးပုံစံ : မီးလုံးကြီးဂျူစု။]
[တာဝန်ကို လက်ခံမလား?]
ကီတာဇာဝါ ဆွံ့အသွားတယ်။ သူက နာရူတိုရဲ့ အတန်းဖော်မှ မဟုတ်တာ။ ဒါကို ဘယ်လိုလုပ်ရမှာလဲ။
အကယ်လို့ သူသာ အကယ်ဒမီကို ကျောင်းသားအနေနဲ့ ပြန်တက်ဖို့ လျှောက်လွှာတင်လိုက်ရင်၊ ဟီရူဇန် (တတိယ ဟိုကာဂဲ) က သူ့ကို ရူးနေသလားဆိုပြီး ဆေးဘက်ဆိုင်ရာ နင်ဂျာတစ်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းမှာ သေချာသည်။
ခေါင်းကိုက်ချင်လာတာကြောင့် ကီတာဇာဝါ သူ့နားထင်ကိုသူ ဖိနှိပ်လိုက်တယ်။ ဒါပေမယ့်လည်း တာဝန်ကို ငြင်းပယ်တာ ဒါမှမဟုတ် ကျရှုံးတာအတွက် ဘာပြစ်ဒဏ်မှ မရှိတာကြောင့်...
"လူတွေက အမြဲတမ်း ကံဆိုးနေမှာတော့ မဟုတ်ပါဘူးလေ၊ ဟုတ်တယ်မလား" ဘာရွေးချယ်စရာမှ မရှိတော့တာကြောင့် တာဝန်ကို သူ လက်ခံလိုက်တယ်။
သူ ကျောင်းသားစာရင်းကို ချထားခဲ့ပြီး ရုံးခန်းထဲကနေ ထွက်လာခဲ့တယ်။ ကျောင်းဝင်းထဲကို ခြေချလိုက်တာနဲ့ ရိုင်းစိုင်းတဲ့ တီးတိုးပြောသံတွေက လေထဲမှာ ပျံ့လွင့်လာတယ်။
"သူ့နားကို မသွားနဲ့။ သူက မိစ္ဆာကောင်ပဲ။"
"ဝေးဝေးနေ။ သူက အန္တရာယ်များတယ်။"
"ဟိုကာဂဲက ဘာလို့ သူ့ကို ကျောင်းတက်ခွင့်ပြုထားတာလဲ ငါ နားကိုမလည်နိုင်ဘူး။"
ကီတာဇာဝါရဲ့ အကြည့်တွေက ဆံပင်ရွှေရောင်ဖရိုဖရဲနဲ့ ဒန်းပေါ်မှာ တိတ်တိတ်လေး ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဆီ ရောက်သွားတယ်။ ကောင်လေးက ခေါင်းငိုက်စိုက်ကျနေပြီး ရွံရှာစက်ဆုပ်နေတဲ့ လူအုပ်ကြီးကြားထဲမှာ အထီးကျန်စွာ ရှိနေသည်။
မင်းတို့တွေကတော့ တကယ့်လူတွေပဲလို့ ကီတာဇာဝါ တွေးလိုက်တယ်။ ကိုယ့်ထဲမှာ နျူကလီးယားဗုံးကို သယ်ထားတဲ့ ကလေးတစ်ယောက်ကို အနိုင်ကျင့်ရဲတယ်ဆိုတော့... သူ မင်းတို့ မျက်နှာတွေကို မှတ်မိသွားမှာ မကြောက်ကြဘူးလား။
လူအုပ်ကြီးရဲ့ ဝေဖန်ရှုတ်ချနေတဲ့ အကြည့်တွေကို လျစ်လျူရှုပြီး ကီတာဇာဝါ ကောင်လေးဆီကို လျှောက်သွားလိုက်တယ်။
နီးကပ်လာတဲ့ ခြေသံတွေကြောင့် နာရူတို မော့ကြည့်လိုက်တဲ့အခါ ကီတာဇာဝါရဲ့ တည်ငြိမ်နေတဲ့ မျက်လုံးနက်နက်လေးတွေနဲ့ ဆုံသွားတယ်။ အဲ့ဒီမျက်လုံးတွေထဲမှာ ရန်လိုမှုဆိုတာ တစ်စက်ကလေးမှ မရှိဘူး။
"မင်းနာမည် ဘယ်လိုခေါ်လဲ" ကီတာဇာဝါက ညင်သာစွာ မေးလိုက်တယ်။
နာရူတိုရဲ့ ကနဦး အသိအမှတ်ပြုမှုကို ရယူဖို့ဆိုတာ မခက်ခဲပါဘူး။ သူ့ရဲ့ ကမ္ဘာလေးမှာ နာရူတိုကို တကယ့်ကြင်နာမှု ပြသခဲ့ဖူးတာဆိုလို့ လူနှစ်ယောက်ပဲ ရှိခဲ့တာလေ။ တတိယ ဟိုကာဂဲနဲ့ အီရူကာတို့ပဲ ဖြစ်တယ်။
"က-ကျွန်တော့်နာမည် အူဇူမာကီ နာရူတို ပါ" နာရူတိုက အရင်က မခံစားဖူးတဲ့ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရတယ်။ သူ့မျက်လုံးလေးတွေ အရောင်လက်သွားတယ်။
"ခင်ဗျားနာမည်ကရော" နာရူတိုက ပြန်မေးလိုက်တယ်။
"ကီတာဇာဝါ"
"တွေ့ရတာ ဝမ်းသာပါတယ် စီနီယာကီတာဇာဝါ!"
"အဲ့ဒီလို မခေါ်ပါနဲ့" ကီတာဇာဝါက မျက်နှာတစ်ချက် ရှုံ့လိုက်ရင်း "ငါ့ကို ဆရာလို့ ခေါ်ပါ" လို့ ပြောလိုက်တယ်။
"ဆရာ?" နာရူတို မျက်လုံးလေးတွေ ဝင်းလက်သွားတယ်။ "ခင်ဗျားက အတန်း (၁-A) ရဲ့ ဆရာလား"
"ဟုတ်တယ်" ကီတာဇာဝါ ခေါင်းညိတ်ပြလိုက်တယ်။
"မိုက်လိုက်တာ! ကျွန်တော်လည်း အတန်း (၁-A) မှာပဲ!" နာရူတိုက ဝမ်းသာအားရ အော်လိုက်တယ်။
"မင်းကို ကျောင်းအပ်ဖို့ ငါ ခေါ်သွားပေးမယ်" လို့ ကီတာဇာဝါက သူ့ပခုံးလေးကို ပုတ်ရင်း ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ဆရာကီတာဇာဝါ!" နာရူတိုက ဒန်းပေါ်ကနေ ခုန်ဆင်းလိုက်ပေမယ့် ခြေလှမ်းအနည်းငယ်အကြာမှာတော့ သူ တုံ့ဆိုင်းသွားတယ်။ အကြည့်တွေက ရှိနေတုန်းပဲလေ။ ဝေဖန်ရှုတ်ချနေတဲ့... ရွံရှာနေတဲ့ အကြည့်တွေ။
အခုဆိုရင် ကီတာဇာဝါတောင် အဲ့ဒီအကြည့်တွေရဲ့ သက်ရောက်မှုကို ခံနေရသလိုပဲ။
"ကျွန်တော်... ကျွန်တော့်ဘာသာ သွားအပ်လိုက်ပါ့မယ်။ ဆရာ ဒုက္ခခံနေစရာ မလိုပါဘူး"
"သူများအကြည့်တွေကို သိပ်ဂရုစိုက်နေရင် မင်းက သူတို့ရဲ့ အကျဉ်းသား ဖြစ်သွားလိမ့်မယ်" လို့ ကီတာဇာဝါက နောက်ကို လှည့်မကြည့်ဘဲ ပြောလိုက်တယ်။
နာရူတို တစ်ယောက် ကီတာဇာဝါရဲ့ ကျောပြင်ကို ငေးကြည့်ရင်း အေးခဲသွားတယ်။ သူ အပြည့်အဝ နားမလည်ပေမယ့်... သူ့စိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ နားလည်သွားခဲ့တယ်။
"လာလေ" ကီတာဇာဝါက သူ့လက်ချောင်းလေးတွေကို ကွေးပြီး လှမ်းခေါ်လိုက်တယ်။
နာရူတို သတိပြန်ဝင်လာပြီး သူ့နောက်ကို ကမန်းကတန်း ပြေးလိုက်သွားတယ်။
---
အတန်း (၁-A)
နာရူတို အခန်းထဲကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ မျက်လုံးတိုင်းက သူ့ဆီကို စိုက်ကြည့်နေကြတယ်၊ အဲ့ဒီအထဲမှာ အူမီနို အီရူကာ လည်း ပါဝင်သည်။
နာရူတိုက အလိုအလျောက်ပဲ ခေါင်းကို ငုံ့လိုက်မိပေမယ့် ကီတာဇာဝါရဲ့ စကားတွေကို သတိရသွားပြီး ခေါင်းကို မော့ကာ မတ်မတ်ရပ်လိုက်တယ်။
"အီရူကာ" ကီတာဇာဝါက ရင်းနှီးတဲ့ လေသံနဲ့ ခေါ်လိုက်တယ်။
"စီနီယာ ကီတာဇာဝါ" လို့ အီရူကာက သူ့စိတ်ထဲက ပဋိပက္ခကို ဖိနှိပ်ထားရင်း ပြန်ထူးလိုက်တယ်။
သူ့မိဘတွေက အမြီးကိုးချောင်းမြေခွေး တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရပြီး အဲ့ဒီမိစ္ဆာကို ခန္ဓာကိုယ်ထဲ လှောင်ပိတ်ခံထားရတဲ့ နာရူတိုကိုလည်း မိစ္ဆာကောင်လို့ တံဆိပ်ကပ်ထားကြသည်။ သဘာဝအရတော့ သူလည်း နာကြည်းချက်တွေ ရှိနေခဲ့တာပဲ။
"ဒါက အူဇူမာကီ နာရူတို၊ အတန်း (၁-A) က ပထမနှစ် ကျောင်းသားသစ်လေ။ သူ့ကို စာရင်းသွင်းပေးလိုက်ပါ"
အီရူကာ တုံ့ဆိုင်းသွားပေမယ့်လည်း လိုက်နာခဲ့တယ်။ သူ ကျောင်းသားစာရင်းမှာ ဖြည့်စွက်ပြီး နာရူတိုကို ပြဋ္ဌာန်းစာအုပ်တွေနဲ့ အချိန်ဇယားကို ကမ်းပေးလိုက်တယ်။ အားလုံးပြီးသွားတော့ ကီတာဇာဝါက နာရူတိုကို ကျောင်းဂိတ်ဝဆီ ခေါ်သွားပေးတယ်။
"မနက်ဖြန်က ကျောင်းစဖွင့်တဲ့ ပထမဆုံးနေ့ပဲ။ နောက်မကျစေနဲ့နော်" လို့ ကီတာဇာဝါက ပြောလိုက်တယ်။
"ဟုတ်ကဲ့! ကျေးဇူးတင်ပါတယ် ဆရာကီတာဇာဝါ " နာရူတိုက ပြုံးရွှင်စွာ ပြောလိုက်တယ်။
"မနက်ဖြန်မှ တွေ့ကြတာပေါ့" ကီတာဇာဝါက လက်ပြနှုတ်ဆက်လိုက်တယ်။
နာရူတိုဆိုတာက ဆာရူတိုဘီ ဟီရူဇန် နဲ့ အန်ဘူ (အထူးလျှို့ဝှက်တပ်ဖွဲ့) တွေရဲ့ စောင့်ကြည့်ခြင်းကို အနီးကပ်ခံနေရတဲ့ အမြီးကိုးချောင်းရဲ့ လက်ခံသူဖြစ်သည်။ ကီတာဇာဝါအနေနဲ့ အရမ်းကြီး စိတ်ဝင်တစား ပြသလို့မရဘူး။
တော်သေးတာက သူက ဆရာတစ်ယောက်ဖြစ်နေလို့ပါ။ အူချီဟာမျိုးနွယ်ဝင်သာ ဖြစ်နေခဲ့မယ်ဆိုရင် သူ့ကျောကုန်းမှာ ကူနိုင်း ရှစ်ချောင်းစိုက်ပြီး 'ကိုယ့်ဟာကို သတ်သေ' ပြီးနေလောက်ပြီ။
"သွားပြီ ဆရာကီတာဇာဝါ" နာရူတို ဝမ်းသာအားရ ပြေးထွက်သွားတယ်။
[တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ်ကို ပေးအပ်လိုက်ပါပြီ။]
အသိပညာဗဟုသုတတွေက ကီတာဇာဝါရဲ့ စိတ်ထဲကို ရေကာတာကျိုးကျသလို အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက မီးပုံစံ : မီးလုံးကြီးဂျူစုကို အခြေခံအဆင့်ကနေ ကျွမ်းကျင်သူအဆင့်အထိ အပြည့်အဝ တတ်မြောက်သွားခဲ့တယ်။
ကီတာဇာဝါရဲ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားတယ်။ ဒီစနစ်က နောက်ကျချင် နောက်ကျနေမယ်၊ ဒါပေမယ့် သိတတ်တဲ့ စိတ်ကလေးတော့ ရှိသေးသားပဲ။
"ဘာတွေများ သဘောကျပြီး ပြုံးနေရတာလဲ" လို့ ရုတ်တရက် အသံတစ်သံ ထွက်လာတယ်။ ကီတာဇာဝါ လှည့်ကြည့်လိုက်တယ်။
သိပ်မဝေးတဲ့ နေရာမှာ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် လှလှပပနဲ့ ဆံပင်ရှည်ရှည် မိန်းမချောလေးတစ်ယောက်ရပ်နေတယ်။ သူမရဲ့ တောက်ပပြီး အနီရောင် မျက်လုံးလေးတွေက နေရောင်အောက်မှာ အရောင်လက်နေပြီး မျက်နှာပေါ်မှာတော့ နူးညံ့တဲ့ အပြုံးလေးတစ်ခု ခစားနေလေသည်။