အပိုင်း( ၉ ) – ဧကရာဇ် ဂိုင်ကို တိုက်ခိုက်ရင်း၊ ကာကာရှိ နှင်ထုတ်ခံလိုက်ရတယ်
ဟိုကာဂဲရုံးတော်အတွင်းရှိ အခန်းတစ်ခန်းတွင် တတိယမြောက်ဟိုကာဂဲ ဆာရုတိုဘီ ဟီရူဇန်နှင့် အုမိနို အိရုကတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ အိရုကသည် ကာကာရှီ၏ အဖွဲ့နှင့်ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလအချို့ကို သံသယစိတ်ဖြင့် မေးမြန်းနေစဉ်မှာပဲ အရပ်မျက်နှာတစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသော သားရဲဟိန်းဟောက်သံကြီးက ဆိတ်ငြိမ်သော လေထုကို ဖြိုခွဲဖျက်ဆီးပစ်လိုက်သည်။
“ဒါက... မကောင်းတော့ဘူး”
ဆာရုတိုဘီ ဟီရူဇန်၏ တည်ငြိမ်လှသော မျက်နှာထားသည် ချက်ချင်း ပျက်ယွင်းသွားပြီး ဘေးနားရှိ အိရုကနှင့် အန်ဘူအဖွဲ့ဝင်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တစ်ခဏအတွင်း ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
“ဟိုကာဂဲအရှင်...”
အိရုကသည် ဟိုကာဂဲကြီး ပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ တိုးတိုးလေး ရေရွတ်မိသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သားရဲဟိန်းဟောက်သံ ထွက်ပေါ်လာရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက လေးနက်တည်ကြည်သွားသည်။
“နာရုတိုလား... ကာကာရှီကတော့ တကယ်ကို အရည်အချင်းမရှိတဲ့ ဆရာပဲ”
အိရုကသည် ညည်းတွားသံဖြင့် ပြောဆိုပြီးနောက် ခြေလှမ်းများကို အရှိန်မြှင့်တင်ကာ လေ့ကျင့်ရေးကွင်းရှိရာဆီသို့ အပြင်းနှင်ခဲ့တော့သည်။
လေ့ကျင့်ရေးကွင်းအတွင်း နာရုတိုသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ပုံရိပ်သည် ရိပ်ခနဲ ဖြစ်သွားကာ ကာကာရှီထံသို့ တဖန် ပြေးဝင်သွားပြန်သည်။ ပထမဆုံးတံခါးကို ဖွင့်လှစ်ထားသော ကာကာရှီသည် ရှာရင်းဂန်မျက်လုံး၏ အကူအညီဖြင့် ထိုအရှိန်ပြင်းလှသော တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် နာရုတို၏ အရှိန်အဟုန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းလှသဖြင့် လမ်းကြောင်းကို ချက်ချင်းပြောင်းလဲကာ ထပ်မံ ထိုးနှက်လာပြန်သည်။
“ချီဒိုရီ...”
တိုက်ခိုက်မှုအချို့ကို မနည်းရုန်းကန်ရှောင်တိမ်းပြီးနောက် ကာကာရှီသည် အံကိုကြိတ်ကာ မိမိ၏ ကိုယ်ပိုင်နင်ဂျုဆုကို ထုတ်ဖော်လိုက်သည်။ ချီဒိုရီ၏ လျှပ်စီးဓာတ်ကို အသုံးပြု၍ နာရုတိုကို ခေတ္တမျှ ထုံကျင်သွားအောင် ပြုလုပ်ရန် ကာကာရှီ တွေးတောလိုက်ခြင်း ဖြစ်သည်။
ချီဒိုရီ ဟုတ်လား။
နာရုတို၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူ၏ အရှိန်က အဆမတန် မြင့်တက်သွားကာ ကာကာရှီ၏ နောက်ကျောဘက်သို့ နေရာရွှေ့ပြောင်းခြင်းအတတ်ကဲ့သို့ ချက်ချင်း ရောက်ရှိသွားသည်။
‘မြန်လွန်းတယ်...’
ကာကာရှီ၏ ရှာရင်းဂန်သည် နီရဲသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရပြီး နာရုတို၏ ပုံရိပ်ကို မျက်ခြေပြတ်သွားခဲ့သည်။ သို့သော် ကာကာရှီသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူပီသစွာပင် နောက်ကွယ်မှ အန္တရာယ်ကို အာရုံရကာ ဘေးတိုက်လှည့်၍ ချက်ချင်း ကာကွယ်လိုက်သည်။ သို့သော် နာရုတို၏ လက်က ပိုမိုမြန်ဆန်နေခဲ့ပြီး ကာကာရှီ၏ ချီဒိုရီ အသက်ဝင်နေသော ညာဘက်လက်ဖျံကို လျင်မြန်စွာ ဖမ်းကိုင်လိုက်တော့သည်။ သူ့တွင် ရှာရင်းဂန်ကဲ့သို့ ထိုးထွင်းသိမြင်နိုင်စွမ်း မရှိသဖြင့် ကာကာရှီ၏ လက်ကောက်ဝတ်ကို တိကျစွာ မဆုပ်ကိုင်နိုင်သော်လည်း လက်ကောက်ဝတ်အောက်ရှိ လက်ဖျံကို ဖမ်းကိုင်နိုင်ခြင်းကလည်း ထိရောက်မှုချင်း တူညီသည်။
‘သွားပြီ...’
လက်မောင်းကို ဖမ်းကိုင်ခြင်းခံလိုက်ရသည့် တဒင်္ဂတွင် ကာကာရှီ၏ စိတ်ထဲ၌ ထိုအတွေးသာ လက်ခနဲ ပေါ်လာတော့သည်။ နောက်တစ်စက္ကန့်တွင် ကာကာရှီသည် သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်လှသော ခွန်အားတစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရပြီး အသိစိတ်များ ချက်ချင်း လွင့်ပျောက်ကာ မေ့လဲသွားတော့သည်။ မေ့မလဲမီ အချိန်လေးတွင် ကာကာရှီသည် စိမ်းစိုသော အရောင်အဝါတစ်ခု ဖြတ်သန်းသွားသည်ကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။
ဒီအတိုင်းဆိုရင်တော့... ဂိုင် ဆရာက တကယ်ကို ကြောက်စရာကောင်းတာပဲ။
နာရုတိုသည် မိုက်ဂိုင်၏ ကန်ချက်ကြောင့် မေ့လဲသွားသော ကာကာရှီကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ ခုနတင်က သူသည် ကာကာရှီ၏ ညာလက်မောင်းကို ဖမ်းကိုင်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် မိုက်ဂိုင်က ရုတ်တရက် ပြေးဝင်လာခဲ့သဖြင့် နာရုတိုသည် မသိစိတ်ဖြင့် ကာကာရှီကို မိမိအရှေ့တွင် ကာကွယ်လိုက်မိရာမှ...
“ဟာ... ကန်တာ မှားသွားတာလား...”
မိုက်ဂိုင်သည် မိမိကိုယ်တိုင် ကန်ချက်ကြောင့် သတိလစ်သွားသော ကာကာရှီကို ကြည့်ကာ အားတက်သရော ဖြစ်နေသော မျက်ဝန်းများက အရှက်ရမှုများကြောင့် ကြောင်အမ်းသွားရပြီး ထူးဆန်းစွာ အော်ဟစ်မိတော့သည်။ ခုနက အရေးတကြီး အခြေအနေကို မြင်လိုက်ရသဖြင့် သူသည် တတိယမြောက်ဂိတ်ကို ချက်ချင်း ဖွင့်လှစ်ကာ ရှေ့သို့ ပြေးဝင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
နာရုတိုသည် သတိလစ်သွားသော ကာကာရှီကို ချာကရာအမြီးဖြင့် ပတ်ချည်ကာ ဆာကူရာရှိရာဆီသို့ ပို့ဆောင်ပေးလိုက်ပြီးနောက် မိုက်ဂိုင်ကို ဒေါသထွက်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“တောက်... မင်းက ဘယ်သူလဲ၊ ဆရာကာကာရှီကို ဘာလို့ ချောင်းမြောင်းတိုက်ခိုက်ရတာလဲ။ ငါတို့ရဲ့ အောက်ခြေနင်ဂျာစာမေးပွဲကို ဖျက်ဆီးတဲ့အတွက် မင်းကို ခွင့်မလွှတ်နိုင်ဘူး...”
နာရုတိုသည် ဆင်ခြေတစ်ခုကို ရှာဖွေကာ အော်ဟစ်လိုက်ပြီး မိုက်ဂိုင်ကို ရှင်းပြခွင့် မပေး သူ၏ ပုံရိပ်သည် နီရဲသော ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
“အောက်ခြေနင်ဂျာစာမေးပွဲ ဟုတ်လား။ ဟေး... မဟုတ်ဘူးလေ...”
နာရုတိုသည် သတိလွတ်မသွားဘဲ အသိစိတ် ရှိနေသေးသည်ကို မြင်သောအခါ မိုက်ဂိုင်က ကျယ်လောင်စွာ ရှင်းပြရန် ကြိုးစားလိုက်သည်။ သို့သော် စကားမဆုံးမီမှာပင် နာရုတို၏ လက်သီးချက်က သူ့ထံသို့ ရောက်ရှိလာပြီ။ ဂျိုနင်တစ်ယောက်၏ ခွန်အားနှင့် ဖွင့်လှစ်ထားသော တတိယမြောက်ဂိတ်ကြောင့် မိုက်ဂိုင်သည် နာရုတို၏ ပြင်းထန်သော တိုက်ခိုက်မှုကို မနည်း ခုခံနိုင်ခဲ့သော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။
“ငါ့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်တယ်ပေါ့၊ ဒါဆိုရင် ဒါကို ခံစားကြည့်စမ်း...”
မိုက်ဂိုင်က ဆက်လက်ရှင်းပြရန် ပြင်လိုက်သော်လည်း နာရုတိုက စကားဦးသန်းကာ အော်ဟစ်လိုက်သည်။ သူ၏ နောက်ကွယ်ရှိ အမြီးလေးခုသည် လက်သီး၊ ခြေသလုံးများနှင့်အတူ တိုက်ခိုက်မှုအရှိန်ကို ချက်ချင်း မြှင့်တင်လိုက်သဖြင့် မိုက်ဂိုင်အနေဖြင့် စကားပြောရန် အခွင့်အရေး လုံးဝမရှိတော့ပါ။
‘ဒီကောင်လေးရဲ့ အရှိန်က မြန်လွန်းတယ်။ ဒီအတိုင်းဆိုရင် ရှင်းပြဖို့ နည်းလမ်းမရှိတော့ဘူး။ သူ့ကို အရင်ဆုံး နှိမ်နင်းပြီးမှပဲ ရှင်းပြရတော့မယ်’
“စတုတ္ထမြောက် ဒဏ်ရာတံခါး... ဖွင့်...”
မိုက်ဂိုင်သည် တိုက်ခိုက်မှုအချို့ကို ခက်ခက်ခဲခဲ တောင့်ခံပြီးနောက် စိတ်ကို ဒုံးဒုံးချကာ တိုးတိုးလေး အော်ဟစ်လိုက်သည်။ တဒင်္ဂအတွင်းမှာပင် မိုက်ဂိုင်၏ အရေပြားများသည် နီမြန်းလာပြီး နဖူးပေါ်ရှိ အကြောများက အနည်းငယ် ရုန်းကြွလာကာ တစ်ကိုယ်လုံးမှ စိမ်းစိုသော အရောင်အဝါများနှင့်အတူ ပြာလဲ့သော ချာကရာများ ထွက်ပေါ်လာတော့သည်။ သူသည် မျက်စိတစ်မှိတ်အတွင်း နာရုတို၏ နောက်ကျောဘက်သို့ ရောက်ရှိသွားပြီး ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။
နာရုတိုသည်လည်း လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။ မိုက်ဂိုင်စတုတ္ထမြောက်တံခါးကို ဖွင့်လှစ်လိုက်သည့် အချိန်၌ပင် အမြီးလေးခုသည် နောက်ကွယ်နှင့် ဘေးဘယ်ညာတွင် ကြိုတင်၍ အကာအကွယ် ရယူထားပြီး ဖြစ်သည်။ မိုက်ဂိုင်၏ ကန်ချက်သည် နောက်ကွယ်ရှိ အမြီးနှစ်ခုကြောင့် လွဲချော်သွားခဲ့ရသည်။
စတုတ္ထမြောက်တံခါးဖွင့်ထားတဲ့ ဂိုင်လား၊ စိတ်ဝင်စားစရာပဲ။
ထိုအတွေးသည် နာရုတို၏ ဦးနှောက်ထဲတွင် ချက်ချင်း ဖြတ်ပြေးသွားပြီး သူ၏ ချာကရာများကို ခွန်အားအပြည့်ဖြင့် ပေါက်ကွဲစေကာ အမြီးလေးခုစလုံးကို အပြည့်အဝ အသက်သွင်းလိုက်သည်။ သူ၏ ပုံရိပ်သည် မိုက်ဂိုင်၏ ဘေးနားတွင် နေရာရွှေ့ပြောင်းခြင်းအတတ်ကဲ့သို့ ဝုန်းခနဲ ပေါ်လာခဲ့သည်။ မိုက်ဂိုင်၏ မျက်ဝန်းများက စူးရှသွားပြီး ဝေ့ဝဲကန်ချက်တစ်ခုဖြင့် ဆီးကြိုတိုက်ခိုက်လိုက်သည်။ ယခုအချိန်တွင် ၎င်းတို့နှစ်ဦးစလုံးသည် အရှိန်အဟုန်ချင်း တူညီနေလောက်ပြီ။ နီရဲသော အလင်းတန်းနှင့် စိမ်းစိုသော အလင်းတန်းနှစ်ခုကဲ့သို့ ၎င်းတို့သည် လေ့ကျင့်ရေးကွင်းတစ်ခုလုံးတွင် မြန်ဆန်လွန်းလှသော အရှိန်ဖြင့် နေရာအနှံ့ ရိပ်ခနဲ ဖြတ်သန်းနေကြသည်။ ထိုလက်သီးနှင့် ခြေသလုံးချက်များမှ ထွက်ပေါ်လာသော လေဖိအားများနှင့် မြေပြင်ပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ်နေသော ကျင်းကြီးများကသာ ဤတိုက်ပွဲ၏ အန္တရာယ်ကြီးမားမှုကို သက်သေပြနေခဲ့သည်။
“ဒါ... ဒါက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ ခွန်အားလဲ။ ငါ့မှာသာ ဒီလိုမျိုး စွမ်းအား ရှိခဲ့ရင်... ငါ အဲဒီလူကို သေချာပေါက်... သေချာပေါက် သတ်ပစ်မှာ”
လေ့ကျင့်ရေးကွင်း၏ ပြင်ပတွင် ရပ်နေသော ဆာဆူကီးသည် ပတ်ဝန်းကျင်တွင် ရိပ်ခနဲ ဖြတ်သန်းနေသော ပုံရိပ်ယောင်များကို စူးစိုက်ကြည့်ရင်း မနာလိုစိတ်နှင့် အားကျစိတ်များကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေခဲ့သည်။
“နာရုတို... နာရုတို...”
ဆာကူရာသည် သတိလစ်နေသော ကာကာရှီကို တွဲဖက်ထားရင်း မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လှသော တိုက်ပွဲမြင်ကွင်းကို တုန်ရင်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေရှာသည်။ အောက်ခြေလူတန်းစား ဖြစ်ခဲ့ဖူးသော နာရုတို၊ ဆိုးသွမ်းလှသော နာရုတို၊ တိုက်ခိုက်ရသည်ကို နှစ်သက်သော နာရုတို... နောက်ဆုံးတွင် မည်သည့်အရာက နာရုတို၏ အစစ်အမှန် ပုံစံ ဖြစ်သနည်း။
“ဆရာဂိုင်…..”
“ဒါက ဘာကြီးလဲ...”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
လီ၊ နေဂျီ နှင့် တန်တန် တို့သည်လည်း ထိုအချိန်တွင် ဖြစ်ပွားရာနေရာသို့ အလျင်မြန်ရောက်ရှိလာပြီး တိုက်ပွဲမြင်ကွင်းကို ကြည့်ကာ တစ်ယောက်တစ်ပေါက် အံ့ဩတုန်လှုပ်စွာ ရေရွတ်မိကြသည်။
“ဒါက... ကိုးမြီး ပေါက်ကွဲထွက်လာတာလား...”
အခြေအနေကို ကြည့်ရန် ရောက်ရှိလာသော အာဆူမာသည်လည်း သတိလစ်နေသော ကာကာရှီနှင့် မိုက်ဂိုင်ကို ရင်ဆိုင်နေသည့် အမြီးလေးခုပေါက်ကွဲနေသော နာရုတိုကို မြင်တွေ့လိုက်ရသောအခါ အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိတော့သည်။