အပိုင်း( ၈ ) – ကာကာရှိတွင် မျက်နှာမည်းပြီး အရွတ်တစ်ချောင်းရှိသည်၊ နာရူတို
နာရုတိုသည် ယခင်က ဇာတ်ကြောင်းကို မည်သို့ဖျက်ဆီးပြီး ဖျက်ဆီးခြင်းရမှတ်များ မည်သို့ရယူရမည်ကို ကြံဆခဲ့ဖူးသည်။ အလွယ်ကူဆုံးနည်းလမ်းမှာ ကိုးမြီးကို လွှတ်ကာ သောင်းကျန်းခိုင်းခြင်း သို့မဟုတ် ပို၍ရက်စက်စွာဖြင့် နင်ဂျာလောကကို ကယ်တင်မည့် ဆာဆူကီး၊ ကာကာရှီနှင့် ဆာကူရာတို့ကို တိုက်ရိုက်သတ်ဖြတ်ပစ်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင်လည်း အနာဂတ်ဇာတ်ကွက်များကို ကြိုတင်ဖွင့်ချ၍ နင်ဂျာလောကတစ်ခုလုံးကို ပရုန်းပန်းသဏ္ဌာန် ဖြစ်စေနိုင်သည်။ ဇာတ်လမ်း လမ်းကြောင်းနှင့် ကိုးမြီးသည်သာ လက်ရှိသူ့လက်ထဲတွင် ရှိသော တစ်ခုတည်းသော ရင်းမြစ်များ ဖြစ်သည်။
သို့သော် ဒိုရေးမွန်က ကမ္ဘာကြီး၏ လမ်းကြောင်းကို အလျင်အမြန် ပျက်စီးအောင်လုပ်ခြင်းသည် ကမ္ဘာဦးအသိစိတ်၏ သတိပြုမှုကို ခံရစေပြီး ခန့်မှန်းရခက်သော အကျိုးဆက်များ ကြုံရလိမ့်မည်ဟု သတိပေးထားသည်။ ဖားတစ်ကောင်ကို ရေနွေးနွေးဖြင့် အချိန်ယူချက်ပြုတ်သကဲ့သို့ အရာရာကို တစ်ဆင့်ချင်းစီ ပြောင်းလဲပြီးမှသာ အရေအတွက်ပြောင်းလဲမှုမှ အရည်အသွေးပြောင်းလဲမှုဆီသို့ ဦးတည်ရမည် ဖြစ်သည်။ ထို့ကြောင့် နာရုတိုအနေဖြင့် ဒုတိယမြောက် အကောင်းဆုံးနည်းလမ်းကိုသာ ရွေးချယ်နိုင်တော့သည်။ မိမိဘာသာ အရှာထွက်စရာမလိုဘဲ အနားသို့ အလိုအလျောက် ရောက်ရှိလာသော ကာကာရှီသည်သာ အကောင်းဆုံး ပစ်မှတ်ပင် ဖြစ်သည်။
“နာရုတို... မင်းရဲ့ ခန္ဓာကိုယ်က ဆယ်မိနစ်ပဲ တောင့်ခံနိုင်လိမ့်မယ်။ အဲဒီထက်ကျော်ရင် ငါမင်းကို ကူညီချင်ရင်တောင် မင်းဟာ ငါ့ရဲ့ ချာကရာ ဝါးမြိုခြင်းကို ခံရပြီး စိတ်ဓာတ်တွေပါ မကောင်းဆိုးဝါးစိတ်တွေရဲ့ ဖျက်ဆီးခြင်းကို ခံရလိမ့်မယ်”
ကိုးမြီး၏ အသံသည် နာရုတို၏ စိတ်အာရုံထဲတွင် ဟိန်းထွက်လာသည်။
“ဆယ်မိနစ်ဆိုရင် လုံလောက်ပါတယ်”
နာရုတိုက ပြုံးလိုက်ပြီး မိမိခန္ဓာကိုယ်ထဲရှိ ကိုးမြီးထံသို့ စိတ်အာရုံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
ချိတ်ပိတ်မှုဒဏ်ကြောင့် ကိုးမြီးအနေဖြင့် မိမိ၏ ချာကရာများကို စိတ်တိုင်းကျ ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ အကယ်၍ ချိတ်ပိတ်မှုသာ မရှိလျှင် ကိုးမြီးသည် သူ၏ ချာကရာများကို အပြည့်အဝ ထိန်းချုပ်ကာ သန့်စင်သော စွမ်းအားများကို နာရုတိုထံ ပေးအပ်ပြီး ကိုးမြီးချာကရာမုဒ်ကို ပြီးပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူတတ်နိုင်သလောက်သာ ထိန်းချုပ်ပေးနိုင်သည်။ နာရုတို အသိစိတ်လွတ်မသွားမီ သူသည် မိမိ၏ ကိုယ်ပိုင်ချာကရာများကို အရင်ဆုံး ရုပ်သိမ်းလိုက်သည်။
“ဆရာကာကာရှီ... မင်းကို အနိုင်တိုက်မယ်လို့ ငါပြောခဲ့တယ်မဟုတ်လား။ ဘာလို့ ကိုယ့်စွမ်းအားကို ဖုံးကွယ်ထားတာလဲ။ ငါလာပြီ”
နာရုတိုက အော်ဟစ်လိုက်ပြီး ချာကရာများကို ထပ်မံပေါက်ကွဲစေကာ နီရဲသော ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲလျက် ကာကာရှီ၏ အရှေ့သို့ ခဏတွင်း ရောက်ရှိသွားသည်။ ထို့နောက် လက်သီးချက်တစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
‘မြန်လွန်းတယ်...’
ရှာရင်းဂန်၏ ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့် ကာကာရှီသည် ကာကွယ်ရန်သာ အချိန်ရလိုက်ပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။ နာရုတို၏ ထိန်းချုပ်မှုကြောင့် ကာကာရှီ၏ ခန္ဓာကိုယ်သည် နောက်ကွယ်ရှိ ဆာဆူကီးနှင့် ဆာကူရာတို့ထံသို့ ရိုက်ခတ်ခြင်းမရှိဘဲ သူတို့နှစ်ဦး၏ ဘေးမှ ဝှေ့ယမ်းကာ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ နောက်ဘက်ရှိ တောအုပ်ဆီသို့ လျင်မြန်စွာ လွင့်စင်သွားခဲ့သည်။ မြေပြင်ပေါ်တွင် ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ဖြစ်သွားပြီး နောက်ကွယ်ကသစ်တောထဲသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ထိုလက်သီးချက်မှ ထွက်ပေါ်လာသော လေဖိအားကြောင့် ဆာကူရာတို့နှစ်ဦးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။ ဆာဆူကီးနှင့် ဆာကူရာတို့သည် ဒီလောက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူး။ ယခုအခါ ၎င်းတို့သည် ထိတ်လန့်လွန်းသဖြင့် ချွေးစေးများ ပြန်လာကာ နေရာမှာတွင် ကြောင်အမ်းလျက် မလှုပ်ရဲကြတော့ပေ။
“ဆာဆူကီး... ဆာကူရာ... ဘေးကို ဖယ်နေကြ။ ငါ မင်းတို့ကို နာကျင်အောင် မလုပ်ဘူး”
နာရုတိုသည် သူတို့နှစ်ဦး၏ ဖြူလျော်ပြီး တုန်လှုပ်နေသော အမူအရာကို ကြည့်ကာ စိတ်ထဲတွင် ရယ်ချင်မိသွားပြီး နှစ်သိမ့်စကား ပြောလိုက်သည်။
“နာရုတို... နာရုတို... မင်းလုပ်နေတာ ဘာနင်ဂျုဆုလဲ”
ဂျင်ချူရီကီဟူသော ဖြစ်တည်မှုကို မသိရှာသော ဆာကူရာသည် သတိပြန်ဝင်လာပြီးနောက် ကြောက်ရွံ့စိတ်ဖြင့် မေးမြန်းလိုက်သည်။
‘တောက်... ဒီကောင်က ဘာကောင်လဲ။ ဒီလို အရှိန်အဝါမျိုးအောက်မှာ ငါက ကြောက်လို့ တုန်လှုပ်နေရတယ် ဟုတ်လား။ ငါက ဒီလိုအခြေအနေမျိုးနဲ့ အဲ့လိုလူကို ဘယ်လိုမျိုး သတ်နိုင်မှာလဲ။ သူ့မျက်စိထဲမှာတော့ ပထမရတဲ့ ငါက ရယ်စရာကောင်းတဲ့ ဖြစ်တည်မှုတစ်ခုပဲပေါ့...’
ဆာဆူကီးသည်လည်း သတိပြန်ဝင်လာပြီး နာရုတိုကို ဒေါသတကြီး စိုက်ကြည့်ရင်း အံကြိတ်လျက် မိမိကိုယ်မိမိ သံသယဝင်နေတော့သည်။
“ဒါကို နောက်မှ ပြောကြတာပေါ့။ မင်းတို့ အရင်ဆုံး ဘေးမှာ ပုန်းနေလိုက်ဦး”
နာရုတိုသည် သူတို့နှင့် စကားပြောရန် အချိန်မရှိသဖြင့် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပြီး ကာကာရှီ လွင့်ထွက်သွားသော တောအုပ်ဆီသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။ သူသည် ခုနက ခွန်အား၏ ငါးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့သဖြင့် ကာကာရှီအနေနဲ့လက်သီးတစ်ချက်ထဲဖြင့် လဲပြိုသွားလိမ့်မည်မဟုတ်ကြောင်း သူ သိရှိသည်။
“မြေပုံစံ ၊ မြေနံရံအတတ်...”
ရှေ့သို့ ပြေးဝင်နေသော နာရုတို၏ အရှေ့တွင် ခွေးခေါင်းပုံသဏ္ဌာန် ထုဆစ်ထားသော မြေနံရံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားနေသော နာရုတိုသည် ရှောင်တိမ်းခြင်းမရှိဘဲ ညာလက်ကို ဆန့်တန်းလိုက်ရာ သူ၏လက်တွင် ရစ်ပတ်နေသော ကိုးမြီးချာကရာများသည် ကြီးမားလှသော စွမ်းအားလက်သည်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုမြေနံရံကြီးကို အားစိုက်စရာမလိုဘဲ ဖျက်ဆီးပစ်လိုက်သည်။ သူသည် အရှိန်မပျက်ဘဲ ကာကာရှီထံသို့ ဆက်လက်ပြေးဝင်သွားခဲ့သည်။
‘ဘယ်လောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုလဲ။ သာမန် တိုက်စစ်နဲ့ ခံစစ် နင်ဂျုဆုတွေက သူ့အပေါ်မှာ ဘာမှ သုံးစားလို့ မရတော့ဘူးပေါ့။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက နာရုတိုက သူ့ရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်သေးတယ်။ ဆရာ့ရဲ့ ကလေးပီသပါပေတယ်...’
ကာကာရှီ၏ မျက်သူငယ်များ ကျုံ့သွားရပြီး ဘယ်ဘက်မျက်ဝန်းရှိ ရှာရင်းဂန်က ရူးသွပ်စွာ လည်ပတ်လာရင်း စိတ်ထဲကနေ တွေးတောလိုက်သည်။ ခုနက အရေးကြီးသော အချိန်တွင် ကာကာရှီသည် ရှစ်ခုမြောက်ဂိတ်၏ ပထမဆုံးဂိတ်ကို ဖွင့်လှစ်ခဲ့သဖြင့် ထိုလက်သီးချက်ကို တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကာကာရှီ မသိရှိသည်မှာ ဤအရာက နာရုတိုအနေဖြင့် စွမ်းအားကို လျှော့ချပေးထားခဲ့ခြင်းကြောင့်ပင်။
“လျှပ်စီးကျားရဲ သတ်ဖြတ်ခြင်း...”
ကာကာရှီသည် ရရှိလာသော အချိန်တိုအတွင်းမှာပင် မုဒ်များကို လျင်မြန်စွာ ဖော်ဆောင်ကာ နင်ဂျုဆုကို အသက်သွင်းလိုက်သည်။ လျှပ်စီးဓာတ် ချာကရာများဖြင့် ဖွဲ့စည်းထားသော လျှပ်စီးကျားရဲတစ်ကောင်သည် ဟိန်းဟောက်လျက် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် နာရုတိုထံသို့ ပြေးဝင်သွားတော့သည်။
“နာရုတို... တော်တော့။ မင်းရဲ့ တောင်းဆိုမှုကို ငါ သဘောတူတယ်”
ကာကာရှီသည် အခြေအနေကို ကြည့်ကာ နာရုတိုကို လှမ်းအော်ပြောလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူ၏ လက်ရှိစွမ်းအားဖြင့် အမြီးလေးခု ပေါက်နေသော နာရုတိုကို ရင်ဆိုင်ရန် မလွယ်ကူချေ။
“မလိုပါဘူး၊ မင်းရဲ့ အလိုက်ခံမှုကို ငါအလိုမရှိဘူး။ ငါက မင်းကို အနိုင်တိုက်ပြီး မင်းရဲ့ အသိအမှတ်ပြုမှုကို ကိုယ်တိုင် ယူမှာ”
နာရုတိုက တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်ပြီး သူ၏နောက်ကွယ်ရှိ အမြီးလေးခုကို မိမိလက်မောင်းကဲ့သို့ အသုံးပြုကာ ထိုလျှပ်စီးကျားရဲကို ဖျက်ဆီးပြစ်လိုက်သည်။ ကာကာရှီကို အနိုင်တိုက်ရုံမျှဖြင့် ဖျက်ဆီးခြင်းရမှတ် မည်မျှအထိ ရရှိနိုင်မည်နည်း။ နာရုတို အလိုရှိသည်မှာ ကာကာရှီကို အနိုင်တိုက်ရန် သက်သက်မျှသာ မဟုတ်ပေ။
နာရုတို၏ ချာကရာများ ထပ်မံပေါက်ကွဲထွက်လာပြီး ခွန်အားအပြည့်ဖြင့် ဟိန်းဟောက်လိုက်ရာ ထိုအသံသည် ကွင်းပြင်တစ်ခုလုံးကို တုန်ဟည်းသွားစေသည်။ ကာကာရှီသည် ထိုအရာကို မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားတော့သည်။ ဤကလေးက တကယ်ပဲ ခေါင်းမာလွန်းလှသည်။ အခြေအနေအရ ကာကာရှီအနေဖြင့် အံကြိတ်ကာ ဆက်လက်ရင်ဆိုင်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ချေ။ ဘယ်လိုပဲဖြစ်စေ လက်နက်ချလို့တော့ မရ။ သူ ကာကာရှီအနေဖြင့် သိက္ခာကိုတော့ အကျခံနိုင်မည်မဟုတ်ပါ။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ အခြားလေ့ကျင့်ရေးကွင်းတစ်ခု၌ အာဆူမာသည် သူ၏ တပည့်သုံးဦးနှင့်အတူ စွမ်းရည်စစ်ဆေးမှု ပြုလုပ်နေခဲ့သည်။ ရုတ်တရက် ထွက်ပေါ်လာသော သားရဲဟိန်းဟောက်သံနှင့် မကောင်းဆိုးဝါးဆန်လှသော ချာကရာများကို အာရုံရလိုက်သောအခါ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
“ရှီကာမာရု... ချိုဂျီ... အီနို... မင်းတို့ အောင်မြင်ပြီ။ အခု လူစုခွဲလို့ရပြီ...”
အာဆူမာသည် ဆေးလိပ်တိုကို ကိုက်လိုက်ရင်း တပည့်သစ် သုံးဦးကို လျင်မြန်စွာ အမိန့်ပေးကာ ရွှေ့ပြောင်းခြင်းအတတ်ကို အသုံးပြုလျက် နာရုတိုရှိရာ အရပ်ဆီသို့ အလျင်မြန်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ မိုက်ဂိုင်းသည် အနီးအနားတွင် ရှိနေခဲ့ပြီး တပည့်သုံးဦးကို ခေါ်ဆောင်ကာ နေ့စဉ်လေ့ကျင့်ခန်းများ ပြုလုပ်နေခဲ့သည်။ ထိုသားရဲဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ မိုက်ဂိုင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ တပည့်သုံးဦးနှင့်အတူ ကာကာရှီရှိရာဆီသို့ ဦးတည်ပြေးဝင်သွားတော့သည်။ တစ်နှစ်ခန့် အောက်ခြေနင်ဂျာအဖြစ် အတွေ့အကြုံရှိပြီးသားဖြစ်သော နေဂျီ၊ လီ နှင့် တန်တန် တို့၏ ခွန်အားကို မိုက်ဂိုင်းအနေဖြင့် အသိအမှတ်ပြုထားသဖြင့် ၎င်းတို့ကို ချန်ထားခဲ့ခြင်း မရှိပါ။
ထိုသားရဲဟိန်းဟောက်သံကို ကြားလိုက်ရသော အနီးအနားရှိ အခြားသော နင်ဂျာများသည်လည်း တိုက်ဆိုင်စွာပင် ဖြစ်ပွားရာနေရာဆီသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြတော့သည်။