အပိုင်း( ၇ ) – ကာကာရှိ၊ ဂန်နင် စာမေးပွဲက မင်းကို ကိုးမြီးကွဲအောင်လုပ်မယ်
တဒင်္ဂအတွင်းမှာပင် ကာကာရှီကို ဗဟိုပြု၍ ညီညာပြန့်ပြူးနေသော မြေပြင်သည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဟုန်းခနဲ ကြွတက်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပြင်းထန်စွာ လိပ်တက်သွားတော့သည်။ ကာကာရှီထံသို့ ဦးတည်ပြေးဝင်နေကြသော လူကိုယ်ပွားများသည် ထိုရုတ်တရက်တိုက်ခိုက်မှုကြောင့် ဟန်ချက်ပျက်ကာ ရှေ့ဆင့်နောက်ဆင့် လဲပြိုကုန်ကြပြီး ဖရိုဖရဲ ဖြစ်သွားရသည်။ ကာကာရှီသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ခြေဖဝါးအောက်တွင် ချာကရာများကို ပေါက်ကွဲစေလျက် ညာခြေဖြင့် မြေပြင်ကို ပေါ့ပါးစွာ နင်းကာ ဝေဟင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားခဲ့သည်။
‘အဲဒါ အစစ်အမှန်ခန္ဓာကိုယ်လား’
ဝေဟင်ထက်တွင် ကာကာရှီသည် နင်ဂျာနဖူးစီးကို အလျင်အမြန် ပင့်တင်လိုက်ရာ သုံးပွင့်ဆိုင်ရှာရင်းဂန် မျက်လုံးအစုံက နီမြန်းစွာဖြင့် လျင်မြန်စွာ လည်ပတ်လာသည်။ ထူးဆန်းသော အမူအရာ ဖြစ်နေသည့် နာရုတိုကို ရှာဖွေတွေ့ရှိပြီးနောက်တွင်မူ သူသည် ရှာရင်းဂန်ကို နဖူးစီးဖြင့် ပြန်လည်ဖုံးအုပ်လိုက်ပြီး လက်နက်ပုန်းအချို့ကို ဝေ့ဝဲမြှောက်ကစားကာ စမ်းသပ်တိုက်ခိုက်လိုက်သည်။ ထိုလှုပ်ရှားမှုတစ်ခုလုံးမှာ တစ်ဆက်တည်း ဖြစ်နေပြီး လျင်မြန်လွန်းလှသဖြင့် အမှောင်ထဲတွင် ပုန်းကွယ်နေသော ဆာဆူကီးနှင့် ဆာကူရာတို့ပင် လှုပ်ရှားမှုကို သဲသဲကွဲကွဲ မမြင်လိုက်ရချေ။
လက်နက်ပုန်းအချို့သည် လေထုကို ဖြတ်သန်းကာ နာရုတိုထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။ သို့သော် လူကိုယ်ပွားအချို့က ရှေ့သို့ ချက်ချင်းတိုးထွက်ကာ ထိုတိုက်ခိုက်မှုလှိုင်းကို အကာအကွယ်ပေးလိုက်ကြသည်။ ကာကာရှီ၏ မျက်ဝန်းများ ဝင်းခနဲ လက်သွားပြီး မြေပြင်သို့ သက်ဆင်းသည့် အချိန်မှာ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။
“မကောင်းတော့ဘူး”
ကာကာရှီ ပျောက်ကွယ်သွားသည်ကို မြင်လျှင် နာရုတိုသည် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိပြီး မသိစိတ်ဖြင့် ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် တစ်ချိန်တည်းမှာ နာရုတိုသည် မိမိ၏ လည်ပင်းကို တင်းကြပ်စွာ ချုပ်ကိုင်ခြင်းခံလိုက်ရပြီး တစ်ကိုယ်လုံး လှုပ်ရှားမရအောင် အကျဉ်းချခြင်း ခံလိုက်ရတော့သည်။
‘တောက်... လက်ရှိ စွမ်းအားက သိပ်ပြီး အားနည်းသေးတာပဲ။ ငါတော့ အရှက်ကွဲတော့မှာလား’
“နာရုတို... မင်းရဲ့ လူကိုယ်ပွားအတတ်က တကယ်ကို မဆိုးပါဘူး။ ဒါပေမဲ့ ခွန်အားက သိပ်ပြီး အားနည်းလွန်းတော့ ဘာမှ သုံးစားလို့ မရဘူး”
ကာကာရှီက နာရုတိုကို နောက်ကွယ်မှ သိုင်းဖက်ချုပ်ကိုင်ထားရင်း ပျင်းရိငြီးငွေ့ဖွယ် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ဟုတ်လို့လား”
အချုပ်အနှောင်ခံထားရသော နာရုတိုက အစီအစဉ်အားလုံး အသင့်ရှိနေသည့်အလား တည်ငြိမ်စွာဖြင့် ထူးဆန်းစွာ ပြုံးလိုက်သည်။ ကာကာရှီသည် ခဏမျှ ဆွံ့အသွားပြီး မိမိ အကဲခတ်တာ မှားယွင်းသွားခြင်း ဖြစ်နိုင်မလားဟု တွေးမိလိုက်သည်။ ထိုသို့ ကာကာရှီ ကြောင်အမ်းသွားသည့် တဒင်္ဂအတွင်းမှာပင် အနီးဆုံးရှိ လူကိုယ်ပွားများသည် ရှေ့သို့ တပြိုင်နက် ပြေးဝင်လာကြတော့သည်။ ကာကာရှီသည် လူကိုယ်ပွားများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် မသိစိတ်ဖြင့် မိမိလက်ထဲမှ နာရုတိုကို လွှတ်ပေးလိုက်ကာ ပြန်လည်ခုခံလိုက်ရသည်။ အချုပ်အနှောင်မှ လွတ်မြောက်သွားသော နာရုတိုသည်လည်း တိုက်ပွဲ၏ ဗဟိုချက်မ မှ ချက်ချင်း ဆုတ်ခွာသွားခဲ့သည်။
‘စိတ်ပညာစစ်ဆင်ရေးလား။ လည်လှချည်လား ကောင်လေး။ ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်။ အစစ်အမှန်ခန္ဓာကိုယ်ကို အတည်ပြုနိုင်ပြီဆိုရင်တော့ မတော်တဆ ထိခိုက်မိမှာကို ပူစရာမလိုတော့ဘူး’
လူကိုယ်ပွားများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသော ကာကာရှီသည် ထွက်ပြေးသွားသော နာရုတိုကို ကြည့်ကာ ချက်ချင်း သဘောပေါက်သွားသည်။
“မီးပုံစံ မီးလုံးကြီးအတတ်...”
ကာကာရှီသည် လက်သီးချက်အချို့ဖြင့် လူကိုယ်ပွားအချို့ကို မောင်းထုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် မုဒ်များကို လျင်မြန်စွာ ဖော်ဆောင်ကာ ညာလက်ကို နှုတ်ခမ်းနားတွင် ထောင်လျက် အော်ဟစ်လိုက်သည်။ ကြီးမားလှသော မီးလုံးကြီးတစ်ခုသည် ကာကာရှီ၏ အရှေ့တွင် ချက်ချင်း ဖြစ်ပေါ်လာပြီး ရှေ့ရှိ လူကိုယ်ပွားများထံသို့ ဟုန်းခနဲ ပြေးဝင်သွားတော့သည်။ ထိုမီးလုံးကြီး၏ အရှေ့တွင် လူကိုယ်ပွားများသည် ဘာမှမတတ်နိုင်ကြဘဲ အဖြူရောင် မီးခိုးငွေ့များ ဆက်တိုက် ထွက်ပေါ်လာကာ များပြားလှသော လူကိုယ်ပွားများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရသည်။
‘အခွင့်အရေးပဲ’
အမှောင်ထဲတွင် ပုန်းကွယ်နေသော ဆာဆူကီးသည် ကာကာရှီ မီးပုံစံကို အသုံးပြုနေသည့် ဟာကွက်ကို ချက်ချင်း အမိအရဖမ်းကာ လက်နက်ပုန်းအချို့ကို ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ထိုနေရာမှ လျင်မြန်စွာ ရှောင်တိမ်းသွားခဲ့သည်။ ခုနက တိုက်ခိုက်မှုက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူ၏ ပုန်းကွယ်ရာနေရာကတော့ ထွက်ပေါ်သွားခဲ့ပြီ ဖြစ်သည်။
မီးလုံးကြီးအတတ်ကို အသုံးပြုနေသော ကာကာရှီသည် တစ်ခုခုကို အာရုံရလိုက်သည့်အလား ဘေးဘယ်ညာသို့ ယိမ်းနွဲ့လိုက်ရာ လက်နက်ပုန်းများသည် သူ့ကို မထိမှန်ဘဲ လွဲချော်သွားခဲ့သည်။ ထိုအချိန်မှာပင် မီးလုံးကြီးက ကွယ်ပျောက်သွားခဲ့ပြီး ပျက်စီးနေသော ကျင်းများအပြင် လူကိုယ်ပွားပေါင်း တစ်ရာခန့်သာ ကျန်ရှိတော့သည်။ ကာကာရှီသည် မျက်မှောင်ကြုတ်လိုက်ပြီး ခြေဖဝါးအောက်တွင် ချာကရာများကို စုစည်းကာ လူကိုယ်ပွားများထံသို့ ပြေးဝင်ရန် ပြင်လိုက်စဉ်မှာ….....
“ဆရာကာကာရှီ... စာမေးပွဲ ပြီးဆုံးသွားပါပြီ”
လူကိုယ်ပွားများ၏ ဘေးတွင် ရပ်နေသော နာရုတို၏ အစစ်အမှန်ခန္ဓာကိုယ်သည် ရုတ်တရက် ခေါင်းလောင်းနှစ်လုံးကို ထုတ်ယူကာ လက်တွင်ချိတ်လျက် လှုပ်ခါပြလိုက်သည်။
‘ဘယ်အချိန်ကလဲ’
ကာကာရှီသည် ထိုခေါင်းလောင်းနှစ်လုံးကို မြင်လိုက်ရသောအခါ မျက်နှာထား တင်းမာသွားပြီး ဦးနှောက်ထဲတွင် ခုနက တိုက်ခိုက်မှုများကို လျင်မြန်စွာ ပြန်လည်ပုံဖော်ကြည့်လိုက်သည်။ ထို့နောက်တွင် ကာကာရှီသည် နာရုတိုကို ချုပ်ကိုင်ခဲ့သည့် တဒင်္ဂကို သတိရသွားကာ ချက်ချင်း သဘောပေါက်သွားတော့သည်။ သူ တွေဝေသွားသည့် အချိန်အတွင်းမှာပဲ နာရုတိုသည် ထွက်ပြေးရန် အခွင့်အရေးကို အသုံးချခဲ့ရုံသာမက ရှုပ်ထွေးမှုများကြားမှ ခေါင်းလောင်းကိုပါ လုယူသွားခဲ့ခြင်း ဖြစ်သည်။
“နာရုတို... မင်း တကယ်ကို တော်တာပဲ။ ငါတို့ စာမေးပွဲ အောင်မြင်သွားပြီ”
အမှောင်ထဲတွင် ပုန်းနေသော ဆာကူရာသည် ပျော်ရွှင်စွာဖြင့် ပြေးထွက်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ နေရာရွှေ့ပြောင်းနေသော ဆာဆူကီးသည်လည်း မကျေနပ်မှုများနှင့်အတူ အံ့ဩတုန်လှုပ်သွားရပြီး နာရုတိုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ ဤမျှအထိ အစွမ်းထက်နေသော သူက အောက်ခြေလူတန်းစား ဖြစ်နိုင်ပါဦးမလား။ ပြီးတော့ ဒီလောက်အထိ ကြီးမားလှသော ချာကရာပမာဏကို အောက်ခြေနင်ဂျာတစ်ယောက်အနေဖြင့် အမှန်တကယ် ပိုင်ဆိုင်နိုင်ပါ့မလား။
“ဒါဆိုရင် မင်းအနေနဲ့ ဘယ်သူ့ကို မင်းရဲ့ အဖော်အဖြစ် ရွေးချယ်မှာလဲ။ ခေါင်းလောင်းက နှစ်လုံးပဲ ရှိတာဆိုတော့ လူနှစ်ယောက်ပဲ ကျောင်းဆင်းခွင့် ရမှာပေါ့”
ကာကာရှီသည် ချာကရာများကို ပြန်လည်ထိန်းချုပ်လိုက်ပြီး နာရုတိုကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ ဤဆရာ့ကလေးက မည်သို့သော ရွေးချယ်မှုမျိုးကို ပြုလုပ်မလဲဆိုသည်ကို သူ အမှန်တကယ် စိတ်ဝင်စားနေမိသည်။ အဖော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားခြင်းကသာ သူ အလေးအနက်ထားသည့် အရာ ဖြစ်သည်။
“ရွေးချယ်ရမယ် ဟုတ်လား။ ကလေးတွေပဲ မင်းရဲ့ ရွေးချယ်မှုကို နားထောင်ကြလိမ့်မယ်။ ငါကတော့ မင်းကို အနိုင်တိုက်ပြီး ငါတို့အားလုံးကို အတူတူ ရှေ့ဆက်ခွင့်ရအောင် လုပ်မယ်”
နာရုတိုသည် စိုးရိမ်ပူပန်နေသော ဆာကူရာကို ကြည့်ကာ အရွှန်းဖောက်သလို ပြုံးပြလိုက်ပြီး ခေါင်းလောင်းကို သူတို့ထံသို့ ပစ်ပေးရင်း ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် နာရုတို၏ ခန္ဓာကိုယ်မှ နီရဲသော ချာကရာများ စိမ့်ထွက်လာပြီး သူ၏ ပတ်ဝန်းကျင်တွင် လျှံထွက်နေသော ချာကရာအလွှာပါးတစ်ခု ပေါ်ပေါက်လာတော့သည်။ သူ၏ နောက်ကွယ်တွင်မူ နီမြန်းသော ချာကရာအမြီး လေးခုက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ တစ်ကိုယ်လုံးကို ကိုးမြီးချာကရာများဖြင့် လွှမ်းခြုံထားခြင်းက အမြီးလေးခုပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ ကြီးမားလှသော ချာကရာ ဖိအားများသည် မကောင်းဆိုးဝါးဆန်လှသော တုန်လှုပ်ဖွယ် အရှိန်အဝါများနှင့်အတူ လေမုန်တိုင်းကဲ့သို့ အရပ်မျက်နှာအသီးသီးသို့ တိုးဝှေ့သွားတော့သည်။ ဖျက်ဆီးခြင်းရမှတ်ကို ရရှိရန်အတွက် နာရုတိုအနေဖြင့် သာမန်အတိုင်း လုပ်ဆောင်နေမည် မဟုတ်ပါ။
‘ဒါက... ကိုးမြီးရဲ့ စွမ်းအားပဲ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ဖိအားပဲ...’
ရင်းနှီးပြီးသားဖြစ်သလို ကြောက်ရွံ့ဖွယ်ကောင်းလှသော နီမြန်းသည့် ချာကရာများကို မြင်လိုက်ရသောအခါ ကာကာရှီ၏ မျက်သူငယ်များ ကျုံ့သွားရပြီး မျက်နှာအမူအရာက ချက်ချင်း တည်တံ့သွားတော့သည်။
“ဆာဆူကီး..... ဆာကူရာ.…. မြန်မြန်ပြေးကြတော့...”
ကာကာရှီက လှည့်ကြည့်ကာ ဆာဆူကီးနှင့် ဆာကူရာတို့ကို အလောတကြီး အော်ဟစ်သတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နင်ဂျာနဖူးစီးကို လျင်မြန်စွာ ပင့်တင်လိုက်ပြီး သုံးပွင့်ဆိုင်ရှာရင်းဂန် မျက်လုံးအစုံကို ထပ်မံဖော်ထုတ်လိုက်သည်။ သူသည် ၎င်းတို့နှစ်ဦး၏ ရှေ့တွင် အကာအကွယ်အဖြစ် ရပ်တည်ကာ နာရုတိုကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေမိသည်။ ယခုအချိန်တွင် ကာကာရှီ၏ စိတ်အခြေအနေက ပျက်စီးလုနီးပါး ဖြစ်နေလေပြီ။ အောက်ခြေနင်ဂျာစာမေးပွဲလေးတစ်ခုမှာတင် နာရုတိုက ကိုးမြီးစွမ်းအားကို ထုတ်ဖော်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ စတင်ကတည်းက အမြီးလေးခုအထိ ပေါက်ကွဲထွက်လာခြင်းက သူ့ကို သတ်ပစ်ရန် ကြံစည်နေခြင်း မဟုတ်ပါလော။
“နာရုတို... ငါပြောတာကို မင်း ကြားနိုင်သေးရဲ့လား။ မင်းရဲ့ စွမ်းအားကို မြန်မြန် ထိန်းချုပ်လိုက်စမ်း။ စွမ်းအားရဲ့ ဝါးမြိုခြင်းကို မခံလိုက်နဲ့ဦး...”
ကာကာရှီက နာရုတိုအနေဖြင့် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ရှိနေသေးရန် မျှော်လင့်ချက်ဖြင့် စမ်းသပ်သည့်အနေဖြင့် အော်ဟစ်ပြောဆိုလိုက်တော့သည်။