အပိုင်း ( ၂၉ ) – မစ်ရှင်ပြီးစီးပြီ၊ နာမီကာဇေး မီနာတို၏ ပုံမမှန်ခြင်း
ကန်နာဘီတံတား...။
ကျောက်တုံးရွာနင်ဂျာ တစ်ဒါဇင်ကျော်သည် တံတားအနီးတွင် ပုန်းအောင်းလျက်၊ ပတ်ဝန်းကျင်ကို အပြည့်အဝ နိုးနိုးကြားကြား စောင့်ကြည့်ရင်း စစ်ပြင်ထားကြသည်။
"ဒုံမန်... မင်း သေချာလို့လား။ ကိုနိုဟာက ကောင်စုတ်က တကယ်ပဲ ဒီတံတားကို လာဖောက်ခွဲလိမ့်မယ်ဆိုတာ။ သူက တကယ်ပဲ အဲဒီလောက်တောင် သန်မာလို့လား။"
တံတားကို စောင့်ကြပ်နေသည့် ကျောက်တုံးရွာ နင်ဂျာတပ်စုမှူး ချီတု သည် သေဘေးမှ လွတ်မြောက်လာခဲ့သည့် ဒုံမန်ကို သံသယမျက်လုံးများဖြင့် လှမ်းမေးလိုက်သည်။
"တပ်စုမှူး ချီတု... အဲဒီကိုနိုဟာ အဖွဲ့က ငါတို့နယ်မြေထဲအထိ သတ္တိရှိရှိ ထိုးဖောက်ဝင်ရောက်လာတယ်ဆိုတာ ဒီတံတားကို ဖျက်ဆီးဖို့ကလွဲရင် အခြားရည်ရွယ်ချက် မရှိနိုင်ပါဘူး။ အဲဒီထဲက ငွေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်က တကယ်ကို အစွမ်းထက်တာဗျ။ သူ့ရဲ့ ဓားသိုင်းနဲ့ လျှပ်စီးပုံစံကို သာမန်ဂျိုနင်တွေဆိုရင် ဘယ်လိုမှ မတောင့်ခံနိုင်ဘူး..."
ကျောက်တုံးရွာ နင်ဂျာ ဒုံမန်သည် မိမိသိထားသမျှ သတင်းအချက်အလက်များနှင့် အခြေအနေကို ဘာတစ်ခုမျှ မချန်ဘဲ အလောတကြီး ရှင်းပြလိုက်သည်။
"ဒုံမန် ပြောတာ မှန်တယ် တပ်စုမှူး။ အဲဒီကိုနိုဟာက ကောင်လေးက သန်မာလွန်းတယ်။ လျှပ်စီး တစ်ချက်တည်းနဲ့ ငါတို့ရဲဘော် တစ်ဒါဇင်ကျော်ကို တစ်ခဏချင်း သတ်ပစ်ခဲ့တာ။ သူ ပေါ်လာတာနဲ့ ငါတို့ သူ့ကို နင်ဂျူဆု သုံးခွင့်တောင် မပေးဘဲ အပြတ်ရှင်းရမယ်..."
အခြားကျောက်တုံးရွာ နင်ဂျာတစ်ဦးကလည်း နွားနောက်က နေဗျိုင်းလိုက်သကဲ့သို့ ထောက်ခံချက်ပေးရင်း၊ ခြေသလုံးများ တုန်ရင်လျက် ပတ်ဝန်းကျင်ကို ပျာပျာသလဲ လိုက်ကြည့်နေမိသည်။ ကာကာရှီ ပေးခဲ့သည့် ဖိအားက သူတို့ကို တကယ်ပဲ ထိတ်လန့်ချောက်ချားစေခဲ့ပုံရသည်။
"ဟွန်း... မင်းတို့ လိမ်မပြောဘူးလို့ပဲ မျှော်လင့်ပါတယ်။ ကိုနိုဟာရဲ့ ကြောင်သူတော်လေးက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့။"
တပ်စုမှူး ချီတုသည် ထိုစကားကို ကြားသောအခါ မထီမဲ့မြင်ပြုသလို ပြုံးရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ရှူး... ရှူး...။
ရုတ်တရက်ဆိုသလို သစ်တောနက်ကြီးထဲမှ ကူနိုင်းတစ်ဒါဇင်ခန့်သည် ကျောက်တုံးရွာနင်ဂျာအဖွဲ့ရှိရာသို့ တည့်တည့်မတ်မတ် လျှပ်ခနဲ ပျံသန်းဝဲဝင်လာခဲ့သည်။
"ရန်သူ လာပြီ... ကလေးကလား တိုက်ကွက်မျိုးနဲ့ စဉ်းစားဉာဏ်မရှိ တိုက်ခိုက်လာတာပဲ။"
တပ်စုမှူး ချီတုသည် ကူနိုင်းနှစ်ချောင်းကို ရှောင်ကွင်းရန်အတွက် သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ တိမ်းစောင်းလိုက်ရင်း အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"တကယ်ပဲလား... ဒါက စဉ်းစားဉာဏ်မရှိတဲ့ တိုက်ကွက် မဟုတ်ဘူး ထင်တယ်နော်။"
အေးစက်စက် အသံတစ်သံသည် ချီတု၏ နားစည်နားတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးရွာနင်ဂျာသည် ထိတ်လန့်သွားပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း... သူ၏ မျက်မှောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု လျှပ်ခနဲ ဝင်းလက်သွားပြီးနောက်၊ သူ၏ အသိစိတ်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတော့သည်။
‘ဒါ... ကိုနိုဟာရဲ့ အဝါရောင်လျှပ်စီး ပဲလား...’
သူ၏ အသိစိတ်များ လုံးဝ မချုပ်ငြိမ်းသွားမီ အချိန်လေးတွင် တပ်စုမှူး ချီတုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တွေးတောမိသွားသည်။ တစ်ချိန်တည်းမှာပဲ သူ၏ လက်အောက်ငယ်သား တစ်ဒါဇင်ကျော်သည်လည်း သူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားကြရရှာသည်။ သမန္တလင်း တမလွန်လမ်းခရီးတွင် သူ တစ်ယောက်တည်း ပျင်းရိနေမည်တော့ မဟုတ်ပေ...။
‘ဆရာ မီနာတိုရဲ့ (ဖလိုင်းရင်းသန်တာဂေါ့) နည်းစနစ်ကတော့... ဘယ်နှစ်ကြိမ်ပဲ မြင်မြင် ရင်သပ်ရှုမောရဆဲပါပဲ။ တကယ်လို့ ကိုနိုဟာ မရှိခဲ့ရင် ကိုးမြီး ကတောင် ဆရာမီနာတိုကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး...’
ကာကာရှီသည် သစ်တောထဲမှ ပြေးထွက်လာရင်း၊ နေရောင်အောက်တွင် မြင်တွေ့နေရသည့် ဆရာဖြစ်သူ၏ ကျောပြင်ပုံရိပ်ကို ကြည့်ကာ ခံစားချက်မျိုးစုံဖြင့် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
"ဒိန်း!... ဒိန်း!... ဒိန်း!... ဒိန်း!"
"ဝုန်း...!"
ပေါက်ကွဲသံ အစီအရီ ထွက်ပေါ်လာပြီးနောက် ပြင်းထန်လှသော ပြိုကျသံကြီး တစ်ချက် မြည်သွားတော့သည်။ ကျောက်တုံးရွာ၏ စစ်အသုံးအဆောင် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျလှသော ကန်နာဘီတံတားကြီးသည် မျက်တောင်တစ်ခတ်အတွင်းမှာပဲ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်ကာ မြစ်ထဲသို့ ပြိုကျပျက်စီးသွားတော့သည်။ ကာကာရှီတို့ အဖွဲ့၏ တာဝန်သည် ယခုအခါတွင်မူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
"အဟား... နောက်ဆုံးတော့ တာဝန်ကြီး ပြီးသွားပြီဟေ့၊ ရွာကို ပြန်လို့ရပြီ။ ရင်း... ရွာပြန်ရောက်ရင် ငါ့ရဲ့ ရှာရင်းဂန်မျက်လုံး ပွင့်သွားတဲ့ အထိမ်းအမှတ်အဖြစ် မင်းကို စားသောက်ပွဲကြီးတစ်ခုနဲ့ တည်ခင်းဧည့်ခံပါ့မယ်..."
အိုဘီတိုသည် ပျက်စီးသွားသော တံတားအနီးတွင် ရပ်လျက်၊ အောက်ခြေတွင် ဒေါသတကြီး စီးဆင်းနေသော မြစ်ရေပြင်ကို ကြည့်ရင်း (ရင်း) ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် လှည့်ပြောလိုက်သည်။
‘ကဲ... ဒီအခွင့်အရေးကို အသုံးချပြီး ရင်း ကို ငါ့ရဲ့ရင်ထဲက အချစ်တွေကို ဖွင့်ပြောရမယ်။ ကာကာရှီကလည်း ငါ့အတွက် လမ်းခင်းပေးထားခဲ့ပြီပဲ၊ ရင်း ကလည်း အဲဒီအချိန်တုန်းက ဘာမှ ငြင်းဆန်မနေခဲ့ဘူး။’
အိုဘီတိုသည် အကောင်းမြင်စိတ်ဖြင့် တွေးတောရင်း (ရင်း) ကို ရှက်ကိုးရှက်ကန်း လှမ်းကြည့်လိုက်သည်။
"အင်းလေ! ဒါပေမဲ့ ကာကာရှီနဲ့ ဆရာမီနာတိုကိုပါ တစ်ခါတည်း ဖိတ်ရအောင်နော်..."
ရင် သည် အိုဘီတို ဘာကို ကြံစည်နေသည်ကို ရိပ်မိပုံရပြီး၊ သူမ၏ မျက်ဝန်းလေးများကို မှိတ်လျက် တောက်ပစွာ ပြုံးပြလိုက်သည်။ အိုဘီတိုတစ်ယောက်တော့... စိတ်ပျက်သွားရရှာသည်။
အချိန်သည် ကုန်လွန်ရသည်မှာ မြန်ဆန်လှသဖြင့် မကြာမီမှာ ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိလာခဲ့သည်။ သူတို့ လေးဦးစလုံးသည် အရှိန်အဟုန်ဖြင့် ခရီးနှင်ခဲ့ကြပြီးနောက်၊ မီးလျှံပြည်နယ် ၏ နယ်စပ်သို့ အလျင်အမြန် ပြန်လည်ရောက်ရှိလာခဲ့ကြကာ အနားယူရန် ပြင်ဆင်လိုက်ကြသည်။
ကြယ်တာရာများ စုံလင်လှသော ကောင်းကင်ယံအောက်တွင် ရင်း သည် မိမိရှေ့မှောက်ရှိ ပန်းခင်းကြီးကို ငေးမောကြည့်ရှုရင်း အလိုအလျောက် ရှေ့သို့ လမ်းလျှောက်သွားမိသည်။ အိုဘီတိုသည် ဤအခြေအနေကို အခွင့်အရေးကြီးတစ်ခုအဖြစ် မြင်လိုက်၏။ သူသည် ရင်း ၏ နောက်သို့ အလောတကြီး လိုက်ပါသွားပြီး၊ ကာကာရှီနှင့် နာမီကာဇီ မီနာတို တို့ရှိရာနေရာမှ သူမကို တမင်သက်သက် ခေါ်ထုတ်သွားတော့သည်။
"ဆရာ မီနာတို.. ဆရာနဲ့ စကားခဏလောက် ပြောချင်ပါတယ်..."
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကာကာရှီသည် အချိန်ကိုက်ဖြစ်ပြီဟု ခံစားလိုက်ရသည်။ သူသည် နာမီကာဇီ မီနာတိုထံသို့ လှည့်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်၏။
"ကာကာရှီ... ငါလည်း မင်းကို မေးစရာတစ်ခု ရှိနေတာ။ မင်း တစ်ခုခုကို မှတ်မိနေသေးရဲ့လား။"
နာမီကာဇီ မီနာတိုသည် လက်ထဲရှိ (ဖလိုင်းရင်းသန်တာဂေါ့) ကူနိုင်းကို အောက်သို့ ချထားလိုက်ပြီး၊ ကာကာရှီကို မော့ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
"ဘာကို မှတ်မိနေတာလဲ ခင်ဗျာ။"
ကာကာရှီသည် ဆရာဖြစ်သူက အဘယ်ကြောင့် အကြောင်းအရာကို လွှဲပြောင်းလိုက်ရသည်ကို မဝေခွဲတတ်သဖြင့် တုံ့ဆိုင်းသွားမိသည်။ မိမိနှင့် ဆရာ မီနာတိုအကြားတွင် တကယ်ပဲ လျှို့ဝှက်ချက်တစ်ခုခု ရှိနေခဲ့လို့လား။
"ဟားဟားဟား... ဘာမှမဟုတ်ပါဘူး၊ မင်း ပြောစရာရှိတာကိုသာ ဆက်ပြောပါ။"
နာမီကာဇီ မီနာတိုသည် ပတ်ဝန်းကျင်၏ တင်းမာမှုကို လျှော့ချရန်အတွက် သူ၏ခေါင်းနောက်ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။
‘ငါ မျက်စိမှားတာများလား။ ကာကာရှီက ထိုအမှတ်တွေကို မှတ်မိမနေဘူးပဲ။ ဒါတင်မကသေးဘူး... ငါကိုယ်တိုင်တောင် အဲဒီအကြောင်းကို သဲသဲကွဲကွဲ မမှတ်မိတော့ဘူး။ ဒါက တကယ်ပဲ ရှိနေခဲ့တယ်ဆိုတာကိုပဲ ဝေဝေဝါးဝါး သိနေတာ။ ကာကာရှီက ငါ့ရဲ့ ပိတ်ပင်တံဆိပ်ခတ်နှိပ်မှုကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ။’
နာမီကာဇီ မီနာတိုသည် မိမိကိုယ်တိုင် အလွန်အကျွံ တွေးတောမိနေခြင်း ဖြစ်နိုင်သည်ဟု သဘောပေါက်ရင်း စဉ်းစားနေမိသည်။
"ဆရာ မီနာတို... ဆရာ့အနေနဲ့ ကျွန်တော့်ကို ယုံကြည်ပြီး နားလည်ပေးနိုင်ဖို့အတွက် ဒီနည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ ရှာရင်းဂန်... ပွင့်စမ်း..."
ကာကာရှီသည် အဝေးရှိ အိုဘီတိုနှင့် ရင်း တို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ မီနာတိုထံသို့ ပြန်လှည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
နာမီကာဇီ မီနာတို၏ မျက်ဝန်းအိမ်များ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားရပြီး၊ ကာကာရှီ၏ ဘယ်ဘက်မျက်လုံးကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်ရင်း စကားလုံးများ ဆွံ့အသွားရတော့သည်။ အိုဘီတိုသည် ကာကာရှီ၏ ဘယ်ဘက်မျက်လုံးနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောခဲ့ဖူးပါချေ။
"ရှာရင်းဂန် မိစ္ဆာမန္တန်..."
ရှာရင်းဂန်မျက်လုံး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ကာကာရှီသည် နာမီကာဇီ မီနာတိုကို မိစ္ဆာမန္တန်ကမ္ဘာအောက်သို့ ချက်ချင်း ဆွဲခေါ်လိုက်တော့သည်။
"ကာကာရှီ... မင်းဆီမှာ ဘာလို့ ရှာရင်းဂန်မျက်လုံး ရှိနေရတာလဲ။"
နာမီကာဇီ မီနာတိုသည် မိမိ၏ အသိစိတ်ကို ချက်ချင်း ပြန်လည်စုစည်းလိုက်ပြီး၊ ကာကာရှီ၏ ဘယ်ဘက်မျက်လုံးကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဆရာ မီနာတို... ဒါက အိုဘီတိုရဲ့ ဘယ်ဘက်မျက်လုံးပါ။ ဆရာ့အနေနဲ့ ဒါကို လက်ခံရခက်လိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဒါက အမှန်တရားပဲ။ အခုအချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း တော်တော်လေး စိတ်ရှုပ်ထွေးနေရတာပါ..."
ကာကာရှီသည် သူ၏ ဆံပင်များကို စိတ်ပျက်လက်ပျက်ဖြင့် ကုတ်ဖဲ့ရင်း ရိုးသားစွာ ဝန်ခံလိုက်သည်။
"အိုဘီတိုရဲ့ ဘယ်ဘက်မျက်လုံးဟုတ်လား။ ကာကာရှီ... ဒါကို နောက်ပြောင်မနေနဲ့။ မင်းရဲ့အမေ (ဒါမှမဟုတ်) မင်းရဲ့ မျိုးနွယ်စုထဲက လူကြီးတွေမှာ အူချီဟာ သွေးနှောနေတယ်ဆိုတာကိုပဲ ငါ ပိုပြီး ယုံကြည်ချင်သေးတယ်။"
နာမီကာဇီ မီနာတိုသည် ကာကာရှီ မိမိကို လာရောက်နောက်ပြောင်နေသည်ဟု ထင်မှတ်နေသည့် အမူအရာမျိုးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဆရာ ယုံမှာမဟုတ်မှန်း ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဒါက တကယ့်အမှန်တရားပါ။ ဆရာ မီနာတို... ကျွန်တော်က အခုအချိန်ကစလို့ နောက်ထပ် (၁၄) နှစ်ကြာပြီးနောက်ပိုင်းက ရောက်လာတဲ့ အနာဂတ်ရဲ့ ကာကာရှီပါ။ ဆရာ အရင်က သိခဲ့တဲ့ ကာကာရှီ မဟုတ်တော့ပါဘူး။ အနာဂတ်မှာ ဆရာ့ရဲ့သား ‘နာရုတို’ က အထူးစက်ပစ္စည်းတစ်ခုကို အသုံးပြုပြီး ကျွန်တော့်ကို ဒီကို စေလွှတ်ခဲ့တာ။ ကျွန်တော့်မှာ တစ်ရက်တည်းပဲ အချိန်ရပါတယ်။ ဆရာ မီနာတို... ကျွန်တော် အခုပြောမယ့် စကားတွေကို ဆရာ သေချာပေါက် မှတ်သားထားရပါမယ်။"
ကာကာရှီသည် နာမီကာဇီ မီနာတို၏ မျက်ဝန်းများကို စူးစိုက်ကြည့်ကာ စစ်မှန်သော လေသံဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်။
နာမီကာဇီ မီနာတိုသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ မျက်နှာရိပ် ချက်ချင်း ပြောင်းလဲသွားပြီး ကာကာရှီကို ဆူးရှစွာ စိုက်ကြည့်လိုက်မိတော့သည်။
နာရူတို... ဟုတ်လား။ ကာကာရှီက ထိုနာမည်ကို ဘယ်လိုလုပ် သိနေရတာလဲ...။