အပိုင်း ( ၂၈ ) – မီနာတိုရောက်ရှိလာခြင်း၊ မာဒါရာ၏ ခိုးကြည့်မှု
"တောက်!... ဒီကိုနိုဟာ ကောင်စုတ်က သန်မာလွန်းတယ်ဗျာ။ မြန်မြန်... ဆုတ်ခွာကြစို့... မြေပုံစံ- ကျောက်တုံးခိုလှုံခြင်းအတတ်..."
တိုးဝင်လာနေသည့် လျှပ်စီးကွင်းများကို မြင်လိုက်ရချိန်တွင်မူ ကျောက်တုံးရွာနင်ဂျာတစ်ဦးသည် သေဘေးကို အလူးအလဲ ကြောက်ဒူးတုန်သွားရတော့သည်။ သူသည် လက်ဟန်မန္တန်များကို အလောတကြီး စီရင်ရင်း လှမ်းအော်လိုက်၏။ အသံဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်သည် ရေထဲမှ ငါးတစ်ကောင်လို မြေကြီးထဲသို့ ငုပ်လျှိုးဝင်ရောက်ကာ ထွက်ပြေးလွတ်မြောက်သွားတော့သည်။
ထိုကျောက်တုံးရွာနင်ဂျာကတော့ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သော်လည်း ရန်သူအားလုံးက နင်ဂျူဆုကို ဤမျှ လျင်မြန်စွာ အသုံးချနိုင်ကြသည်တော့ မဟုတ်ပါ။ ထို့ပြင် ကာကာရှီ၏ အရှိန်အဟုန်ကလည်း မြန်ဆန်လွန်းလှသည်။ မျက်တောင်တစ်မှိတ်အတွင်းမှာပဲ ကျောက်တုံးရွာနင်ဂျာ နှစ်ဦးသာလျှင် လျှပ်စီးကွင်း၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းမှ ကံကောင်းထောက်မစွာ ရုန်းထွက်နိုင်ခဲ့ပြီး ကျန်ရှိသည့်လူများမှာ အားလုံး ပိတ်ဆို့ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။ လွတ်မြောက်သွားသည့် ကျောက်တုံးရွာနင်ဂျာနှစ်ဦးသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ဆက်၍ ရင်မဆိုင်ရဲတော့ဘဲ အသက်လုကာ ထွက်ပြေးသွားကြတော့သည်။
"ဟူး... ဟူး... ချာကရာတွေ အသုံးလွန်သွားပြီပဲ။ တော်သေးတာပေါ့... ဘာမတော်တဆမှုမှ မရှိခဲ့လို့..."
ကျောက်တုံးရွာနင်ဂျာများ ထွက်ပြေးသွားပြီးနောက် ကာကာရှီသည် ရှစ်ခုမြောက်ဂိတ် ၏ တံခါးများကို အလျင်အမြန် ပြန်လည်ပိတ်သိမ်းလိုက်ပြီး မောဟိုက်စွာဖြင့် ပြုံးလိုက်မိသည်။ တစ်ပြိုင်နက်တည်းမှာပဲ သူ၏ ဘယ်ဘက်မျက်လုံးရှိ (မျက်ရည်စက်ပုံစံ သုံးခုပါသော ရှာရင်းဂန်) သည်လည်း ချက်ချင်း ကွယ်ပျောက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ကာကာရှီသည် အူချီဟာမျိုးနွယ်စုဝင်များ ရှာရင်းဂန်ကို အသုံးပြုသည့်အခါ ခံစားရမည့် ပျော်ရွှင်မှုကို ရင်ထဲမှ သိလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် ရှာရင်းဂန်ကို ထိန်းသိမ်းထားရန်အတွက် ချာကရာများ အဆက်မပြတ် စုပ်ယူခံနေရသည့် ဒုက္ခမှ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
"ကာကာရှီ... မင်းမှာ တကယ်ပဲ ရှာရင်းဂန်ရှိနေတာပဲ။ ဒါတင်မကသေးဘူး... သရီးတိုမို တောင် ဖြစ်နေပြီလား။ မင်း ဒါကို ဒီလောက်တောင် လျှို့ဝှက်ထားခဲ့တာပေါ့လေ... ကောင်စုတ်လေး။ ဒါနဲ့... မင်းအမေက ငါတို့ အူချီဟာ မျိုးနွယ်စုကပဲလား။"
တိုက်ပွဲပြီးဆုံးသွားသည်ကို မြင်လိုက်ရသောအခါ အိုဘီတိုသည် ကာကာရှီ၏ ရှေ့သို့ ဝုန်းခနဲ ခုန်ဝင်လာပြီး၊ မိမိ၏ နီရဲတောက်ပြောင်နေသော ရှာရင်းဂန်မျက်လုံးများဖြင့် ကာကာရှီ၏ ဘယ်ဘက်မျက်လုံးကို စိုက်ကြည့်ရင်း မကျေမနပ် လေသံဖြင့် မေးလိုက်တော့သည်။
"အိုဘီတို... မင်း မျက်စိမှားနေတာ နေမှာပါ။ ကာကာရှီမှာ ဘာလို့ ရှာရင်းဂန် ရှိရမှာလဲ။ ကာကာရှီ... မင်း ဒဏ်ရာရသွားသေးလား။"
ရင်း သည်လည်း သူတို့ထံသို့ အပြေးအလွှား ရောက်ရှိလာပြီး အိုဘီတိုကို လှမ်း၍ ဆူပူလိုက်သည်။ သူမသည် သူမ၏ ဆေးဘက်ဆိုင်ရာ နင်ဂျာပစ္စည်းများကို ထုတ်ယူရင်း ကာကာရှီကို စိုးရိမ်တကြီး ကြည့်ရှုစစ်ဆေးလေသည်။
"မဖြစ်နိုင်တာ... ငါက ရှာရင်းဂန်မျက်လုံးအကြောင်းကို မှားရမှာလား။ မိမိသဘောအတိုင်း အပိတ်အဖွင့် လုပ်လို့ရတဲ့ ရှာရင်းဂန်လေဗျာ။ ကာကာရှီမှာ ငါတို့ အုချီဟာရဲ့ သွေးတွေ သေချာပေါက် စီးဆင်းနေတာ။ စိတ်မပူပါနဲ့... ငါ ဒီအကြောင်းကို မျိုးနွယ်စုထဲက ဘယ်သူ့ကိုမှ မပြောပါဘူး။ ဟီးဟီး... ဒီနေ့ကစပြီး ငါတို့က သွေးချင်းတူတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်သွားပြီပေါ့!"
အိုဘီတိုသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ကာကာရှီကို အထာနပ်စွာ ကြည့်လိုက်ပြီး၊ သူ၏ ပုခုံးကို ပုတ်ကာ ပြုံးလိုက်မိသည်။ အိုဘီတို၏ စိတ်ထဲတွင်မူ... ကာကာရှီသည် ပြဿနာများကို ရှောင်ရှားရန်အတွက် သူ၏ ရှာရင်းဂန်မျက်လုံးကို လျှို့ဝှက်ထားခြင်း ဖြစ်ရမည်ဟု ထင်မှတ်နေသည်။ ထို့ထက် ပိုအရေးကြီးသည်မှာ... ကာကာရှီသည် လွန်ခဲ့သည့် မိနစ်ပိုင်းကတင် ရင်း အပေါ်ထားရှိသည့် သူ၏ ခံစားချက်များကို ဖွင့်ဟနိုင်ရန် ကူညီပေးခဲ့သည် မဟုတ်လား။ ထို့ကြောင့် ကာကာရှီသည် သူ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည်။
"အာ... အိုဘီတို... မင်း တကယ် မျက်စိမှားတာပါ။ ငါ့မှာ ရှာရင်းဂန် ဘယ်လိုလုပ် ရှိမှာလဲ။"
ကာကာရှီက ခပ်အေးအေးပင် ပြန်လည်ဖြေကြားလိုက်ပြီး အခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို အသိအမှတ်မပြုဘဲ ငြင်းဆိုလိုက်သည်။ သူတို့ ကိုနိုဟာရွာသို့ ပြန်ရောက်သွားသည့်အခါ သူ၏မျက်လုံးထဲတွင် ရှာရင်းဂန် ရှိနေတော့မည် မဟုတ်မှန်း သူ သိနေသည်။
"အင်းပါ... အင်းပါ... ငါ နားလည်ပါတယ်။"
အိုဘီတိုသည် ကာကာရှီကို အကဲခတ်သည့် အကြည့်တစ်ခု ပေးလိုက်ပြီး၊ နှုတ်ခမ်းကို မဲ့ကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြလိုက်သည်။ ကာကာရှီသည် ရှာရင်းဂန်ကို တမင်သက်သက် ဖုံးကွယ်ထားခြင်း ဖြစ်သည်ဟု သူကတော့ အပိုင်တွေးထားပုံရသည်။
"ကာကာရှီ... အိုဘီတို..."
ရင်း သည် သူမ၏ တောက်ပလှပသော မျက်ဝန်းကြီးများကို ဖွင့်လျက်၊ ကောက်ကွေးနေသည့် လမင်းစောင်းလေးများကဲ့သို့ မျက်ဝန်းအိမ်တို့ဖြင့် ရန်ဖြစ်နေကြသည့် သူငယ်ချင်းနှစ်ဦးကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ နောက်ဆုံးတော့လည်း ဤလူရှုပ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်မှု ရသွားကြပြီပဲ။ သို့သော်လည်း... သူမ တကယ် သဘောကျခဲ့ရသူမှာ ကာကာရှီ ဖြစ်နေခဲ့သည် မဟုတ်လား….။
ကာကာရှီ စောစောက ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောမိရင်း၊ (ရင်း) ၏ မျက်ဝန်းထဲတွင် စိတ်ကောက်လိုစိတ် အနည်းငယ် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
သူတို့ သုံးယောက်စလုံး ရန်ဖြစ်ရင်းဖြင့် ကန်နာဘီတံတား ဆီသို့ ဆက်လက်ဦးတည်ရန် ပြင်ဆင်လိုက်စဉ်မှာပဲ... ရွှေရောင်အလင်းတန်းတစ်ခု လျှပ်ခနဲ ဝင်းလက်လာပြီး၊ နာမီကာဇီ မီနာတို သည် သူတို့၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
"အာ... မင်းတို့တွေ တော်တော်လေး အဆင်ပြေနေကြပုံပဲ။ ကြည့်ရတာ အများကြီး ဖြစ်ပျက်ခဲ့ပုံရတယ်..."
နာမီကာဇီ မီနာတို ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ ထက်မြက်လှသော အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ အခြေအနေကို ရိပ်မိလိုက်သည်။ သူသည် သူ၏ခေါင်းကို ပွတ်သပ်ရင်း ပြုံးလိုက်ပြီး၊ အိုဘီတို၏ ပိတ်မထားရသေးသော ရှာရင်းဂန်မျက်လုံးကို အမှတ်မထင် လှမ်း၍ ကြည့်လိုက်မိသည်။
"ဆရာ မီနာတို.. ဆရာ ဘာလို့ ဒီကို ရောက်နေတာလဲ။ ငါတို့ တာဝန်က မပြီးသေးဘူးလေ။ ငါတို့ ကျောက်တုံးရွာနင်ဂျာ အများကြီးကို အနိုင်တိုက်ခဲ့တာ။ ပြီးတော့ ငါ့ရဲ့ ရှာရင်းဂန်လည်း ပွင့်သွားပြီ ဆရာ။ ဆရာ ယုံမှာတောင် မဟုတ်ဘူး၊ ကာကာရှီကလေ..."
မီနာတိုကို မြင်လိုက်ရသောအခါ အိုဘီတိုသည် တက်ကြွမှုများ ဒီရေအလား တိုးပွားလာသကဲ့သို့ ဝမ်းသာအားရ အော်ဟစ်တော့သည်။ သူသည် မိမိ၏ ရှာရင်းဂန်အကြောင်းကို ကြွားဝါပြီးနောက် ကာကာရှီ၏ ဖုံးကွယ်ထားသော စွမ်းအားများအကြောင်းကို တိုင်တော့သည်။
‘နောက်ဆုံးတော့... ဆရာ့ကို ပြန်တွေ့ခွင့်ရပြီပေါ့...ဆရာ မီနာတို...’
ကာကာရှီ၏ ခန္ဓာကိုယ်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ရင်သွားပြီး ခံစားချက်များဖြင့် ပြည့်နှက်သွားရသည်။ ဤအခြေအနေမျိုးတွင် သူပြောချင်သည့် စကားလုံးပေါင်း ထောင်သောင်းမက ရှိနေသော်လည်း မည်သို့ စတင်ဖွင့်ဟရမည်ကို မသိတော့ပါ။
"အိုကေ... အိုဘီတို... ဒါတွေကို ပြီးမှ ဆက်ပြောကြတာပေါ့။ အရင်ဆုံး တာဝန်ကို အောင်မြင်အောင် လုပ်ကြရအောင်..."
အိုဘီတို၏ မပြီးဆုံးနိုင်သော စကားသံများကို မြင်သောအခါ နာမီကာဇီ မီနာတိုသည် နူးညံ့သိမ်မွေ့သော သတိပေးချက်ဖြင့် စကားဖြတ်လိုက်သည်။ သူသည် ကာကာရှီကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက် လှမ်းကြည့်လိုက်ရာ ကာကာရှီ၏ ရင်ထဲတွင် တစ်ခုခု လှုပ်ခတ်သွားရသည်။
"ဟေ့စို့...!"
နာမီကာဇီ မီနာတိုသည် သူ၏ စိတ်ကူးများကို ဖျောက်ဖျက်ပစ်လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် အော်ဟစ်ကာ ကန်နာဘီတံတားဆီသို့ ဦးဆောင်လျက် ပြေးထွက်သွားတော့သည်။ ကာကာရှီ၊ အိုဘီတိုနှင့် ရင်း တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်းပင် အနောက်မှ လိုက်ပါသွားကြလေသည်။
ထိုအဖွဲ့ကြီး ထွက်ခွာသွားပြီးနောက်... ဖြူဖွေးသော ခေါင်းတစ်ခုသည် မြေပြင်ပေါ်သို့ ပြူးထွက်လာပြီး၊ ခဏချင်းမှာပင် မြေအောက်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
မြေအောက်ကမ္ဘာ
"သခင်ကြီး မာဒါရာ ... ထိုကျောက်တုံးရွာနင်ဂျာတွေက အိုဘီတိုရဲ့ သူငယ်ချင်းတွေကို မသတ်နိုင်ခဲ့ပါဘူး။ ကာကာရှီဆိုတဲ့ ကောင်ကပဲ သူတို့ကို အလဲထိုးသွားခဲ့တာ။ ဒါတင်မကသေးဘူး... ကာကာရှီမှာလည်း ရှာရင်းဂန် ရှိနေပုံရတယ်ဗျ။ ဆရာကြီး သူ့ကို တိုက်ရိုက် သွားရောက် ရင်ဆိုင်ချင်ပါသလား။"
ဝှိုက်ဇက်ဆု ပုံတူကိုယ်ပွားတစ်ခုသည် မြေပြင်ပေါ်သို့ ပေါ်ထွက်လာပြီး ထူးဆန်းသော လေသံဖြင့် တင်ပြလိုက်သည်။ သူတို့မှာ မြေအောက်ထဲတွင် ပုန်းအောင်းနေကြသည့် အူချီဟာ မာဒါရာနှင့် ဝှိုက်ဇက်ဆု တို့ ဖြစ်ကြသည်။
ကျောက်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အသက်ငင်နေဟန် ရှိသော အူချီဟာ မာဒါရာသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ အမှောင်ထု လွှမ်းမိုးနေသည့် မြေအောက်ကမ္ဘာအတွင်း သူ၏ နီရဲတောက်ပြောင်နေသော မျက်ဝန်းများသည် စူးရှစွာ လင်းလက်သွားပြီး၊ ပြင်းထန်လှသော ချာကရာလှိုင်းကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရိုက်ခတ်သွားတော့သည်။
"ကျရှုံးသွားတာလား... ဝှိုက်ဇက်ဆု၊ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ဖို့ မကြိုးစားနဲ့။ အိုဘီတိုက အခုအချိန်မှာ အလားအလာအရှိဆုံး အူချီဟာ မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော ကလေးငယ်ပဲ။ သူက ငါရွေးချယ်ထားတဲ့လူပဲ။ သူ ငါ့လက်ခုပ်ထဲကနေ ဘယ်လိုမှ မလွတ်နိုင်ပါဘူး..."
အူချီဟာ မာဒါရာသည် သူ၏ နီရဲသော ရှာရင်းဂန်မျက်လုံးများဖြင့် ဝှိုက်ဇက်ဆုကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောကြားလိုက်သည်။ ကာကာရှီနှင့် ပတ်သက်၍မူ... အူချီဟာ မာဒါရာအနေဖြင့် မည်သို့မျှ ဂရုမစိုက်။ ကာကာရှီတွင် ရှာရင်းဂန် ရှိနေခြင်းသည် သူ့အတွက် စိုးရိမ်စရာ မဟုတ်ပါ။ သူ အလေးအနက် တန်ဖိုးထားသည်မှာ... အချစ်ကို စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်မည့် အိုဘီတို၏ အလားအလာကိုသာ ဖြစ်ပေတော့သည်။