အချိန်ကုန်လွန်လာသည်နှင့်အမျှ မီဝါသည် တဖြည်းဖြည်း အရေးနိမ့်သည့်လက္ခဏာများ ပြသလာသည်။
"ကြည့်ရတာ ငါကိုယ်တိုင် ပါဝင်ပတ်သက်ပေးဖို့ လိုလာပြီထင်တယ်"
ရန်သူ၏ ကူနိုင်းက မီဝါ၏ခန္ဓာကိုယ်ကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် ဟာတကဲဆာတိုရုသည် မီဝါ၏ရှေ့၌ ရုတ်တရက် ပေါ်လာလေသည်။ ရန်သူ၏ ကူနိုင်းသည် ဆာတိုရု၏ရှေ့တွင် အလွန်နှေးကွေးစွာ ရွေ့လျားနေသည်။ ထိုကူနိုင်းသည် ဆာတိုရုနှင့် နီးသထက်နီးကပ်လာသော်လည်း ဆာတိုရု၏ ခန္ဓာကိုယ်ကိုမူ ဘယ်သောအခါမှ ထိတွေ့နိုင်မည့်ပုံမပေါ်ပေ။
"ဘာကြီးလဲ" ကျောက်ပုန်းရွာဂျီနင်သည် မျက်လုံးများ ပြူးကျယ်သွားရသည်။ ယခုဖြစ်ပျက်နေသည့် အရာအားလုံးမှာ သူ၏ အသိဥာဏ်ဖြင့် နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။
"ဆာတိုရု" မီဝါက အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ပျောက်ကွယ်သွားစမ်း"
ဆာတိုရု၏ အသံအဆုံးမှာပင် ရန်သူ၏ခန္ဓာကိုယ်သည် ချက်ချင်း လိမ်ရှုံ့သွားပြီး တစ်စက္ကန့်ပင်မပြည့်မီ ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတော့သည်။
"ဒါ... ဒါက ဘာဖြစ်သွားတာလဲ" မီဝါသည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက်နေမိသည်။ သူမ၏ မျက်လုံးဝိုင်းလေးများထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
"ဘာမှမဟုတ်ပါဘူး၊ ငါ့ရဲ့ သွေးဆက်ခံအတတ်ကြောင့်ပါ၊ အံ့ဩမနေနဲ့တော့"
"အင်း..." မီဝါက ခေါင်းညိတ်ပြလိုက်သော်လည်း သူမရင်ထဲမှ အံ့ဩတုန်လှုပ်မှုများက လျော့ပါးမသွားပေ။ ခုနလေးတင်က လူတစ်ယောက်သည် ရုတ်တရက်ကြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်။ မပျောက်ကွယ်သွားမီ ရန်သူ၏ ခန္ဓာကိုယ်မှာ စုတ်ပြဲထွက်သွားသကဲ့သို့ မီဝါ သတိထားမိလိုက်သည်။ သူမ မျက်စိမှားခြင်းလားတော့ မဝေခွဲနိုင်ပေ။
"မင်းကိုယ်မင်း အရင်ဂရုစိုက်လိုက်ဦး၊ ငါ မာဆာဟီရို ဘယ်လိုနေလဲဆိုတာ သွားကြည့်လိုက်ဦးမယ်"
"ကောင်းပါပြီ" မီဝါက ခေါင်းညိတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရထားသဖြင့် ဆာတိုရုနှင့်အတူ ဆက်လက်လှုပ်ရှားရန်မှာ မသင့်တော်တော့သည်ကို သူမ သိသည်။ ဤအတိုင်းဆိုလျှင် သူမက ဆာတိုရုအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေပေလိမ့်မည်။
ဆာတိုရုသည် မာဆာဟီရို၏ တိုက်ပွဲမြေပြင်သို့ ရောက်ရှိသွားချိန်တွင် တိုက်ပွဲက ပြီးဆုံးနေပြီဖြစ်သည်။ မာဆာဟီရိုမှာ အလွန်အမင်း မောပန်းနွမ်းနယ်နေသဖြင့် မြေပြင်ပေါ်တွင် ပစ်လဲနေသည်။ ကံကောင်းထောက်မစွာဖြင့် ရလဒ်က ကောင်းမွန်နေပြီး သူ အနိုင်ရရှိခဲ့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားလေသည်။
"မင်း ရောက်လာပြီလား... ဒါပေမဲ့ နောက်ကျသွားပြီဟေ့၊ တိုက်ပွဲက ပြီးသွားပြီ" မာဆာဟီရိုက ဂုဏ်ယူဝံ့ကြွစွာ ပြုံးပြလိုက်ရင်း ဆာတိုရုကို လက်မထောင်ပြလိုက်သည်။
"အင်း... မဆိုးပါဘူး၊ ငါနဲ့ယှဉ်ရင်တော့ အများကြီး လိုသေးတာပေါ့"
ထိုစကားကို ကြားလိုက်ရသဖြင့် မာဆာဟီရို၏ အပြုံးမှာ ချက်ချင်း တောင့်ခဲသွားလေသည်။
"မင်း ငါ့ကို ချီးကျူးစကားလေး နည်းနည်းပါးပါးတောင် မပြောနိုင်ဘူးလား" မာဆာဟီရိုက အနည်းငယ် စိတ်မကောင်းဖြစ်နေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ငါ အခုလေးတင် မင်းကို ချီးကျူးလိုက်တာ မဟုတ်ဘူးလား" ဆာတိုရု၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင် ပေါ်လာသည်။ ခုနက ပြောလိုက်သော စကားမှာ ချီးကျူးစကားဟုပင် သူ မှတ်ယူထားပုံရသည်။
"ထားလိုက်ပါတော့... မင်းပါးစပ်ကနေ ငါကြားချင်တဲ့ စကားမျိုးကြားရဖို့က ကောင်းကင်ဘုံကို တက်ရတာထက်တောင် ခက်ဦးမယ်ထင်တယ်" မာဆာဟီရိုက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဟင်း... ကောင်းကင်တက်ရတာက သိပ်ခက်ခဲမယ် မထင်ပါဘူး"
ခဏမျှ စဉ်းစားပြီးနောက် ဆာတိုရုက မာဆာဟီရို၏ စကားကို ပြန်လည်ချေပလိုက်ပြန်သည်။ လက်ရှိအချိန်တွင် သူ မပျံသန်းနိုင်သေးသော်လည်း 'ပြောင်းပြန်ကျိန်စာအတတ်' ကို တတ်မြောက်သွားသည်နှင့် သူ ပျံသန်းနိုင်တော့မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ကောင်းကင်တက်ရခြင်းမှာ သူ့အတွက် ရေသောက်သကဲ့သို့ လွယ်ကူသွားပေလိမ့်မည်။
ယခုပင် သူ ပျံသန်းနိုင်သော်လည်း ၎င်းမှာ အနည်းငယ် အလုပ်ရှုပ်ပြီး 'အကန့်အသတ်မဲ့ နည်းစနစ်' ကို တက်ကြွစွာ အသုံးပြုနေရမည်ဖြစ်သည်။
"မင်းရဲ့ ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်း" မာဆာဟီရိုက အော်ဟစ်လိုက်သည်။ ဆာတိုရုကြောင့် သူ ဒေါသထွက်ပြီး နှလုံးရပ်မတတ် ဖြစ်နေရပြီဖြစ်သည်။
"မင်း ဒဏ်ရာတွေကို အရင်ပတ်တီးစည်းထားလိုက်ဦး၊ မီဝါလည်း မင်းကို ကုသပေးဖို့ မကြာခင် လာလိမ့်မယ်၊ ငါ နာကာဂျီးမားဆင်းဆေးရဲ့ အခြေအနေကို သွားကြည့်လိုက်ဦးမယ်"
"အေး... မြန်မြန်သွားတော့၊ ငါ မင်းမျက်နှာကို မမြင်ချင်တော့ဘူး" မာဆာဟီရိုက စိတ်မရှည်သလိုဖြင့် လက်ကာပြလိုက်သည်။
"ဟားဟား... အဲဒါတော့ မရဘူးလေ" ထို့နောက် ဆာတိုရုသည် 'လျှပ်တပြက်ခန္ဓာလှုပ်ရှားနည်းစနစ်' ကို အသုံးပြု၍ ထွက်ခွာသွားသည်။ အဝေးပြေး လျှပ်တပြက်ရွှေ့ပြောင်းခြင်းကို မလုပ်နိုင်သေးသော်လည်း အနီးကပ် လျှပ်တပြက်ရွှေ့ပြောင်းခြင်းကိုမူ သူ အလွယ်တကူ ပြုလုပ်နိုင်နေပြီဖြစ်သည်။
"ဆာတိုရုရဲ့ စွမ်းအားက တကယ့်ကို ပိုပိုပြီး ကြောက်စရာကောင်းလာတာပဲ" ဆာတိုရု ပျောက်ကွယ်သွားသော နေရာကို ကြည့်ရင်း မာဆာဟီရို၏ စိတ်ထဲတွင် လေးလံသွားရသည်။ ဆာတိုရုသည် ချူနင်နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသော်လည်း သူတို့ထက် ပိုမိုမြန်ဆန်စွာ တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။ ထို့ပြင် ဆာတိုရုမှာ ဒဏ်ရာတစ်စက်ပင် မရဘဲ အကောင်းတိုင်း ရှိနေသည်။ သူနှင့် မီဝါတို့သည် ဆာတိုရုနှင့် ကွာဟချက်က ပိုပိုပြီး ကြီးမားလာကာ ကျော်ဖြတ်ရန် မဖြစ်နိုင်တော့သော အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
နာကာဂျီးမားနှင့် ကျောက်ပုန်းရွာဂျိုနင်တို့၏ တိုက်ပွဲမှာ အလွန်ပြင်းထန်နေသဖြင့် ဆာတိုရု ရောက်လာသည်ကို ခဏမျှ သတိမထားမိကြပေ။ နာကာဂျီးမားဆင်းဆေးသည် ဂျိုနင်များထဲတွင် စွမ်းအားကောင်းသူတစ်ဦး ဖြစ်သော်လည်း ရန်သူ့ရွာထဲသို့ စိမ့်ဝင်ထိုးဖောက်သည့် တာဝန်များကို ထမ်းဆောင်ရသော ဂျိုနင်မှာလည်း အားနည်းသူတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် နာကာဂျီးမားအနေဖြင့် ရန်သူကို ချက်ချင်း အနိုင်မရနိုင်ဘဲ ဖြစ်နေသည်။
"ဒါက ဂျိုနင်အဆင့် တိုက်ပွဲလား" ဆာတိုရုက ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေသော်လည်း သူ၏ မျက်နှာပေးမှာ စိတ်ပျက်နေပုံရသည်။ သူ၏ အမြင်တွင် ဂျိုနင်တိုက်ပွဲမှာ ထင်သလောက် မဟုတ်လှပေ။
ထိုနှစ်ဦးစလုံးသည် အလွန်မြန်ဆန်စွာ တိုက်ခိုက်နေကြသော်လည်း သူ၏ 'ရီကုဂန်' (Six Eyes) ရှေ့တွင်မူ ၎င်းတို့၏ လှုပ်ရှားမှုအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ ထို့ပြင် ၎င်းတို့တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာလည်း သူ ခုနက သုံးခဲ့သည့် 'အပြာရောင်' ၏ ဖျက်အားလောက် မကြီးမားဟု သူ ခံစားရသည်။
ထိုအချိန်တွင်မှ နှစ်ဦးစလုံးက ဆာတိုရု ရှိနေသည်ကို သတိပြုမိသွားကြသည်။
"ဆာတိုရု... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" နာကာဂျီးမားက ချက်ချင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဆာတိုရု ရောက်လာခြင်းကြောင့် သူက ဆာတိုရုကို ကာကွယ်ရန်အတွက် အာရုံစိုက်နေရမည်ဖြစ်ရာ ဆာတိုရုမှာလည်း အန္တရာယ်ရှိသွားနိုင်သည်။
"ကျွန်တော် ပြောချင်တာကတော့ ဆင်းဆေး... ကျွန်တော်တို့ဘက်က တိုက်ပွဲတွေ အကုန်ပြီးသွားပြီ၊ ဆင်းဆေး တစ်ယောက်ပဲ ကျန်တော့တာမို့လို့ မြန်မြန်လုပ်ပါဦး"
"ဘာ" နာကာဂျီးမားဆင်းဆေး ဘာမှမပြောရသေးခင်မှာပင် ရန်သူက မယုံကြည်နိုင်သလို အော်ဟစ်မေးမြန်းလိုက်သည်။ သို့သော် ဆာတိုရုက သူ့ကို အဖက်လုပ်ရန် စိတ်မကူးထားပေ။
"ဒါဆိုရင် ငါလည်း အရှိန်မြှင့်ရတော့မှာပေါ့"
"ကလေး... မင်း ငါ့ကို လိမ်နေတာလား" ကျောက်ပုန်းရွာဂျိုနင်က ဟာတကဲဆာတိုရုကို ဆက်လက်မေးမြန်းလိုက်သည်။
"ဟွန့်... လိမ်နေသလား၊ မလိမ်ဘူးလားဆိုတာ မင်းကိုယ်တိုင် အသိဆုံး ဖြစ်မှာပေါ့။ ခုနက အော်ဟစ်သံတွေကို မင်းလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရမှာပဲ၊ ပြီးတော့ ငါက ဒီမှာပေါ်လာပြီဆိုကတည်းက ငါပြောတာ အမှန်ပဲဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ မဟုတ်လား" ဆာတိုရုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ကလေး... မင်း သေပေတော့"
ပြောပြောဆိုဆိုဖြင့် တစ်ဖက်လူသည် ဆာတိုရုထံသို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။ သို့သော် ဆာတိုရုသည် ထိုသစ်ကိုင်းပေါ်တွင် ရပ်နေမြဲ ရပ်နေပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ပေ။
"ငါ့တပည့်ကို ထိခိုက်အောင် ငါ ဘယ်လိုလုပ် ခွင့်ပြုမှာလဲ" နာကာဂျီးမားဆင်းဆေးသည်လည်း ဆာတိုရု၏ရှေ့တွင် ချက်ချင်းပေါ်လာပြီး ရန်သူ၏ တိုက်ခိုက်မှုကို ခုခံတားဆီးလိုက်သည်။
"မင်း အဝေးမှာ ခဏသွားနေလိုက်၊ ဒီတိုက်ပွဲကို ငါ မကြာခင် အဆုံးသတ်လိုက်မယ်"
"ကောင်းပါပြီ၊ ဒါပေမဲ့ ဒဏ်ရာမရစေနဲ့ဦးနော် ဆင်းဆေး" ဆာတိုရုသည် အနည်းငယ် အကွာအဝေးသို့ ဆုတ်ခွာသွားသော်လည်း ဝေးဝေးမသွားဘဲ ၎င်းတို့၏ မြင်ကွင်းအတွင်းမှာပင် ရှိနေဆဲဖြစ်သည်။ ၎င်းကို မြင်သဖြင့် နာကာဂျီးမား မျက်မှောင်ကြုတ်မိသော်လည်း ဆာတိုရုက ဂျိုနင်တိုက်ပွဲကို စောင့်ကြည့်ချင်နေသည်ဟု ယူဆလိုက်ကာ ဘာမှမပြောတော့ပေ။
ကျောက်ပုန်းရွာဂျိုနင်မှာမူ ဆုတ်ခွာရန် စောစောကတည်းက စိတ်ကူးထားပြီးဖြစ်သည်။ သူ၏လူအားလုံး ချေမှုန်းခံလိုက်ရကြောင်း သိလိုက်ရသဖြင့် ဤနေရာတွင် ဆက်နေပါက အသက်ပျောက်ရရန်မှာ အချိန်စောင့်ရုံသာ ရှိတော့ကြောင်း သူ သိသည်။ သို့သော် ပြဿနာမှာ နာကာဂျီးမားက ကိုင်တွယ်ရန် အလွန်ခက်ခဲနေပြီး သူ၏စွမ်းအားမှာလည်း သူ့ထက် အနည်းငယ်သာနေသဖြင့် နာကာဂျီးမား၏လက်မှ တိုက်ရိုက်လွတ်မြောက်ရန် မယုံကြည်ပေ။
ထို့ကြောင့် သူသည် ဆာတိုရုအပေါ် အကြည့်ရောက်သွားပြီး သူ၏မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဒီကလေးကိုသာ ဓားစာခံအဖြစ် ဖမ်းမိရင် ငါ ဒီနေရာကနေ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်မှာပဲ" သူ စိတ်ထဲမှ ထိုသို့ တွေးတောလိုက်သည်။ ထို့ကြောင့် နာကာဂျီးမားနှင့် တိုက်ခိုက်နေရင်းမှပင် ဆာတိုရု ရှိရာဘက်သို့ တဖြည်းဖြည်းချင်း နီးကပ်သွားလေသည်။ လှုပ်ရှားမှုတိုင်းမှာ အလွန်သေးငယ်သဖြင့် နာကာဂျီးမားမှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သတိမထားမိပေ။
ဆာတိုရု၏ မျက်နှာပေါ်တွင်မူ နားလည်ရခက်သော အပြုံးတစ်ခု ရှိနေလေသည်။