တောက်လောင်နေသည့် မီးလျှံများကို ကြည့်ပြီး မာဆာဟီရိုနှင့် မီဝါတို့မှာ မိမိကိုယ်ကို အပြင်းအထန် အပြစ်တင်နေကြသလို၊ နာကာဂျီးမား၏ ရင်ထဲတွင်လည်း နောင်တများဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း သူတို့သုံးယောက် စိတ်မကောင်းဖြစ်ချိန်ပင် မရလိုက်ဘဲ မီးပုံထဲမှ လူရိပ်တစ်ခု ရုတ်တရက် ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။
ထိုသူမှာ ဟာတကဲဆာတိုရုပင် ဖြစ်လေသည်။ မီးပင်လယ်ထဲမှ ပြေးထွက်လာသည့် ဆာတိုရုကို လူတိုင်းက ဝိုင်းကြည့်နေကြသလို၊ ဆာတိုရုကလည်း သူ့ကို ပြူးပြူးပြဲပြဲ ကြည့်နေကြသည့် လူသုံးယောက်ကို ပြန်လည် စိုက်ကြည့်နေသည်။
"ဟေး... မင်းတို့ သုံးယောက်လုံး အ နေတာလား"
သူတို့ သုံးယောက်က ဘာစကားမှမပြောဘဲ စိုက်ကြည့်နေသည်ကို တွေ့သောအခါ ဆာတိုရုကပင် အရင် စကားစလိုက်သည်။
"ဆာတိုရု... မင်း အဆင်ပြေရဲ့လား"
နာကာဂျီးမားဆင်ဆေးက အရင်ဆုံး သတိဝင်လာပြီး ဆာတိုရု နံဘေးသို့ ချက်ချင်း ပြေးသွားကာ တစ်ကိုယ်လုံးကို အသေအချာ စစ်ဆေးလေသည်။
"ဒါပေါ့... ကျွန်တော် ဘာဖြစ်မှာလဲ" ဟု ဆာတိုရုက နားမလည်နိုင်သလို ပြန်မေး၏။
"ဒါပေမဲ့ ခုနက မီးတောက်တွေ၊ ပြီးတော့ ပေါက်ကွဲမှုကြီးက..."
မီဝါက ငိုရှိုက်သံလေးဖြင့် ဝင်ပြောသည်။ "နင် တစ်ခုခု ဖြစ်သွားပြီလို့ ငါတို့ ထင်နေတာ"
သူမသည် မျက်ဝန်းထောင့်မှ ကျလုဆဲဆဲ မျက်ရည်များကို သုတ်ရင်း ပြောလိုက်သည်။
"အော်... အဲ့ဒီ ပေါက်ကွဲမှုကို ပြောတာလား။ ပေါက်ကွဲမှုလေး တစ်ခုလောက်နဲ့ ငါ့အသက်ကို ဘယ်လိုလုပ် နှုတ်ယူနိုင်မှာလဲ။ ငါက ပါရမီရှင်တွေထဲကမှ ပါရမီရှင် ဟာတကဲဆာတိုရုပဲလေ"
ဆာတိုရုက သူ့ကိုယ်သူ လက်မထောင်ပြရင်း ယုံကြည်မှုအပြည့်နှင့် တောက်ပသော အပြုံးတစ်ခုကို ပြလိုက်သည်။ ထိုသို့ မြင်တွေ့ရမှသာ လူတိုင်း စိတ်သက်သာရာ ရသွားကြတော့သည်။
"ဒါပေမဲ့ စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်"
"ဟွန့်... ဘယ်သူက မင်းကို ဂရုစိုက်လို့လဲ"
မာဆာဟီရိုက ရုတ်တရက် ခေါင်းလွှဲ၊ နှုတ်ခမ်းဆူပြီး မပွင့်လင်းသော စကားကို ဆိုလေသည်။
"မင်းကတော့ တကယ်ပဲ ကိုယ့်စိတ်ကိုယ် မရိုးသားဘူး"
ဆာတိုရုသည် မာဆာဟီရို၏ ခေါင်းကို ချုပ်ကိုင်ပြီး စချင်သော်လည်း သူ့အရပ်က အားနည်းချက် ဖြစ်နေသဖြင့် စိတ်ကူးထဲကအတိုင်း မလုပ်နိုင်ခဲ့ပေ။
"ဒါနဲ့ ဆာတိုရု... အဲ့ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲမှုထဲကနေ မင်း ဘယ်လိုများ လွတ်မြောက်လာတာလဲ"
မီဝါက လူတိုင်း သိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။ နာကာဂျီးမားပင်လျှင် ဆာတိုရု မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်ကို စဉ်းစား၍ မရနိုင်ဘဲ ဖြစ်နေသည်။ ထို အမည်မသိ ဟင်းလင်းပြင် နင်ဂျုဆုကြောင့်များလား။ သို့သော်လည်း ဆာတိုရုက မီးတောက်တွေကြားထဲက ထွက်လာခြင်း ဖြစ်ပြီး၊ အခြားနေရာကို ကူးပြောင်းရန် ထိုနည်းစနစ်ကို အသုံးမပြုခဲ့သည်မှာ ထင်ရှားသည်။
"သိချင်ကြသလား" ဆာတိုရု၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။
"အင်း... အင်း..."
သူတို့ သုံးယောက်လုံးက တစ်ပြိုင်နက် ခေါင်းညိတ်ပြကြသည်။ အတန်းထဲတွင် ဆရာ့သင်ခန်းစာကို စိတ်ဝင်တစား နားထောင်နေသည့် ထူးချွန်ကျောင်းသားလေးများကဲ့သို့ပင်။
"မပြောပြဘူး... ဟားဟားဟား"
သူတို့ သုံးယောက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ကြည့်ပြီး ဆာတိုရုက ရှေ့တွင်တင် အားရပါးရ ရယ်မောလေတော့သည်။
"ဆာတိုရု... မင်းက တကယ်ကို အရိုက်ခံချင်စရာ ကောင်းတယ်လို့ ဘယ်သူမဆို ပြောဖူးလား"
နာကာဂျီးမားက အံကြိတ်ကာ ပြောလိုက်သည်။ ကိုနိုဟာရွာရှိ ဂျိုနင်များထဲတွင် သူသည် စိတ်အေးပြီး စိတ်ရှည်သူဟု သတ်မှတ်နိုင်သော်လည်း ယခုတော့ ဆာတိုရု၏ ရန်စမှုကြောင့် ဒေါသထွက်နေရချေပြီ။
"အင်း... ကျွန်တော့်ညီကတော့ အမြဲပြောတယ်၊ ဒါပေမဲ့ သူက ကျွန်တော့်ကို မနိုင်ဘူးလေ" ဆာတိုရုက အလေးအနက် စဉ်းစားပြီး ပြန်ဖြေသည်။ "တခြားလူတွေလည်း ပြောကြတယ်၊ ဒါပေမဲ့ သူတို့လည်း ကျွန်တော့်ကို မနိုင်ကြဘူး"
"ဒါဆိုရင် အခု သူတို့ကိုယ်စား ငါကပဲ မင်းကို ဆုံးမပေးရတော့မှာပေါ့"
နာကာဂျီးမားက ပြုံးလိုက်ပြီး ဆာတိုရု၏ ခေါင်းကို တည့်တည့် ထိုးလိုက်ရာ ချက်ချင်းပင် ဘုသီးကြီး ထွက်လာတော့သည်။ ဆင်ဆေးက ရုတ်တရက် လက်ပါလိမ့်မည်ဟု ဆာတိုရု မထင်ထားသဖြင့် ဘာကာကွယ်မှုမှ မလုပ်လိုက်မိပေ။
သူသည် အကန့်အသတ်မဲ့ နည်းစနစ် (Limitless Technique) ကိုပင် မဖွင့်ခဲ့သလို၊ သိနေလျှင်ပင် လုပ်မည်မဟုတ်ပေ။ အကြောင်းမှာ တစ်ဖက်လူက သူ့အပေါ် မကောင်းကြံလိုစိတ် မရှိမှန်း သိနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ ဆာတိုရု ဤကမ္ဘာသို့ ရောက်လာပြီးနောက် ပထမဆုံးအကြိမ် အရိုက်ခံရခြင်း ဖြစ်ပေလိမ့်မည်။
"လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိတတ်တာမို့ ဒီကိစ္စကို ငါတို့ ထပ်မမေးတော့ဘူး" ဟု နာကာဂျီးမားက ဆိုသည်။ ဆာတိုရုက မပြောချင်မှတော့ သူလည်း အတင်းအကျပ် မတောင်းဆိုနိုင်ပေ။
"ဟုတ်ကဲ့... ဟုတ်ကဲ့" ဆာတိုရုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်သည်။
"နောက်ပြီး နောင်ကျရင် ကျွန်တော့်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် မစိုးရိမ်ကြပါနဲ့။ ဘာလို့လဲဆိုတော့ ကျွန်တော်က သေမှာမဟုတ်လို့ပဲ"
အခြားသူများက ဤစကားကို မယုံကြည်ကြသော်လည်း ဆာတိုရု ပြောသည်မှာ အမှန်တရားပင် ဖြစ်သည်။ သူ့ကို နောက်ထပ် နှစ်အနည်းငယ်မျှ အချိန်ပေးမည်ဆိုလျှင် ပြောင်းပြန်ကျိန်စာအတတ်ကို တတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် ဤကမ္ဘာတွင် အနှိုင်းမဲ့ မဖြစ်သေးလျှင်ပင် အခြားသူများ သတ်၍ရမည့်သူ မဟုတ်တော့ချေ။
"ဟွန့်... မျက်နှာမနီဘဲ ကြွားလုံးထုတ်နေလိုက်တာ၊ ရှေ့နောက်လည်း မစဉ်းစားဘူး"
မာဆာဟီရိုကတော့ ဆာတိုရုကို အထင်မကြီးသည့် လေသံဖြင့် ဆိုမြဲပင်။
"ကဲ... စစ်တလင်းကို ရှင်းလင်းကြစို့။ အသုံးဝင်မယ့် ပစ္စည်းတွေ ရှိမရှိ ကြည့်ရမယ်၊ ပြီးတော့ လွတ်မြောက်သွားတဲ့ ငါးအနည်းငယ်ကိုလည်း ရှာရမယ်"
မြက်ရိုင်းပင်တွေကို အမြစ်ပြတ်အောင် မဖျက်ဆီးနိုင်ရင် နွေဦးလေပြေ တိုက်ခတ်တဲ့အခါ ပြန်လည် ရှင်သန်လာတတ်တယ်ဆိုတဲ့ အမှန်တရားကို သူတို့ သိကြသည်။ အကြွင်းအကျန်တွေကို အမြစ်မဖြတ်နိုင်ခဲ့လျှင် မကြာမီမှာပင် ဤနေရာ၌ ဓားပြအုပ်စုအသစ် တစ်ခု ပြန်ပေါ်လာပေလိမ့်မည်။
အသုံးဝင်မယ့် ပစ္စည်းဆိုသည်မှာ ရိုးရိုးရှင်းရှင်း ပြောရလျှင် 'ပိုက်ဆံ' ပင် ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ် သိမ်းဆည်းရမိသည့် ငွေကြေးအားလုံးသည် နင်ဂျာ၏ ပိုင်ဆိုင်မှု ဖြစ်လာသည်။ နင်ဂျာများလည်း လူသားဖြစ်၍ အသက်ရှင်ရန် ငွေလိုအပ်သလို၊ ဓားပြစခန်းများတွင် များသောအားဖြင့် တန်ဖိုးရှိသည့် အရာများ စုဆောင်းထားတတ်ကြသည်။
နာရီဝက်ခန့် ရှင်းလင်းပြီးနောက် လွတ်မြောက်သွားသည့် ဓားပြအားလုံးကို ရှင်းလင်းနိုင်ခဲ့သလို၊ ပိုက်ဆံအားလုံးကိုလည်း သိမ်းယူခဲ့ကြရာ ဆာတိုရုက အများဆုံး ရရှိလေသည်။ သူက နောက်ဆုံးမှ ပေါ်လာခြင်း ဖြစ်သော်လည်း ရန်သူကို အများဆုံး သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ဆာတိုရုအနေဖြင့်လည်း မုန့်အချိုများ ဝယ်စားရန် ဤငွေများကို လိုအပ်ပေသည်။
ယမ်းများ အပြည့်ရှိသည့် အိမ်ထဲသို့ ထွက်ပြေးသွားကြသည့် ဓားပြများမှာမူ အမှန်စင်စစ် အိမ်အောက်တွင် မြေအောက်လှိုဏ်ဂူတစ်ခု တူးထားကြခြင်း ဖြစ်သည်။ ထိုလှိုဏ်ဂူမှတစ်ဆင့် ထွက်ပြေးရန် စီစဉ်ထားပြီး လိုက်ဖမ်းသူများ ရှိလာပါကလည်း အိမ်အနှံ့ကပ်ထားသော ယမ်းများဖြင့် ပိတ်ဆို့ရန် ရည်ရွယ်ထားကြသည်။
သို့သော်လည်း ဆာတိုရုက ဤမျှမြန်မြန် လိုက်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့သလို၊ ၎င်းတို့ထဲတွင် နင်ဂျာတစ်ဦးမှ မပါဝင်သဖြင့် အိမ်အနှံ့ကပ်ထားသည့် ယမ်းများ၏ ပေါက်ကွဲအား မည်မျှပြင်းထန်ကြောင်း မခန့်မှန်းနိုင်ခဲ့ကြပေ။ ယမ်းများ ပေါက်ကွဲသွားသည့် ခဏမှာပင် သူတို့တူးထားသည့် လှိုဏ်ဂူမှာ ချက်ချင်း ပြိုကျသွားပြီး၊ မြေအောက်လှိုဏ်ဂူထဲတွင် ထွက်ပြေးနေသူအားလုံးမှာ ယမ်းငွေ့ကြောင့်သော်လည်းကောင်း၊ မြေပြိုကျမှုကြောင့်သော်လည်းကောင်း ပိမိကာ သေဆုံးသွားကြရလေသည်။
"ဒီတာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပြီ။ ဂုဏ်ယူပါတယ် ဆာတိုရု၊ မင်းရဲ့ ပထမဆုံး တာဝန်ကို ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့တယ်။ မင်းဟာ ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးနဲ့ ပါရမီအရှိဆုံး နင်ဂျာပဲ"
နာကာဂျီးမားက ဆာတိုရုကို ရက်ရက်ရောရောပင် ချီးကျူးလိုက်သည်။ ဆာတိုရု၏ စရိုက်ဆိုးကို ဖယ်လိုက်လျှင် ဤစစ်ဆင်ရေးအတွင်း သူ၏ လုပ်ဆောင်ချက်များမှာ အပြစ်ပြောစရာ မရှိပေ။ အိမ်ထဲတွင် ယမ်းများ အပြည့်ရှိနေခြင်းမှာ လူတိုင်းအတွက် မမျှော်လင့်ထားသည့် အရာဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဆာတိုရု ဝင်သွားခဲ့ခြင်းကြောင့်သာ ဖြစ်ပြီး၊ အခြားသူများသာဆိုလျှင် ထိုပေါက်ကွဲမှုဒဏ်မှ လွတ်မြောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
"ကျွန်တော် ထူးချွန်မှန်း သိပါတယ် နာကာဂျီးမားဆင်ဆေးရယ်၊ ထပ်ပြီး မချီးကျူးပါနဲ့တော့။ ခဏခဏ ချီးကျူးနေရင် ကျွန်တော် ရှက်လာတော့မှာပဲ"
ဆာတိုရုက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပါးပြင်များ ချက်ချင်း နီမြန်းသွားသော်လည်း၊ ကြည့်ရသည်မှာ နာကာဂျီးမား၏ ချီးကျူးမှုကို အလွန်ပင် သဘောကျနေပုံရပြီး 'မရပ်ပါနဲ့ဦး၊ ထပ်ပြီး ချီးကျူးပေးပါဦး' ဟု ပြောနေသကဲ့သို့ပင်။
စကားပြောရန် ပါးစပ်ဟလိုက်သည့် နာကာဂျီးမားမှာ ခေတ္တမျှ ဆွံ့အသွားပြီး ဘာသံမှ ထွက်မလာဘဲ ပါးစပ် ပြန်ပိတ်လိုက်ရသည်။
"နင် နင်ဂျာဖြစ်နေတာ နင့်ရဲ့ ပါရမီကို ဖြုန်းတီးရာကျတယ်။ အနုပညာ အတတ်ပညာတွေကို မသင်ယူတာ တကယ် နှမြောဖို့ ကောင်းတယ်"
"ဟုတ်တယ်မလား။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်ပိုင်းမှာ ပါရမီ ပါတယ်လို့ ထင်တယ်။ ဟူး... ရုပ်ရည်လေးနဲ့တင် အေးဆေး ရပ်တည်လို့ ရပါလျက်နဲ့၊ အခုတော့ အရည်အချင်းနဲ့ ရပ်တည်နေရတာပေါ့လေ"
ဆာတိုရု၏ ပိုပိုကဲကဲ သရုပ်ဆောင်ချက်များကို လူတိုင်း ကြည့်မနေနိုင်ကြတော့ပေ။ မီဝါပင်လျှင် ပါးစပ်ကို ပိတ်ကာ ရယ်မောမိတော့သည်။
"ဆာတိုရု... နင်က တကယ် ရယ်ရတာပဲ"