"တာဝန် လက်ခံရရှိခဲ့ပြီလား"
နေအိမ်သို့ ပြန်ရောက်သောအခါ ဆာတိုရုသည် အိမ်ရှေ့တံခါးဝတွင် အကြာကြီး စောင့်ဆိုင်းနေပုံရသည့် ဟာတကဲဆာကူမိုကို တွေ့လိုက်ရသည်။
"ဟုတ်ကဲ့ အဖေ... C-level တာဝန်ပါ၊ ဓားပြတွေကို ရှင်းလင်းရမှာပါ"
"ဓားပြတွေလား... ဒီလိုရိုးရှင်းတဲ့ တာဝန်မျိုးက မင်းရဲ့ ပထမဆုံးတာဝန်အဖြစ် သင့်တော်ပါတယ်၊ ဂျီနင်လောကရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုလည်း မြည်းစမ်းခွင့်ရတာပေါ့"
"စားသောက်ပြီးရင် ထွက်ခွာဖို့ ပြင်ဆင်တော့၊ ငါ ဒီကနေပဲ စောင့်နေမယ်"
"မင်း အိမ်ပြန်လာတဲ့အချိန်ကျရင် ငါက တာဝန်တစ်ခုခုနဲ့ အပြင်ထွက်မသွားရသေးဖို့ပဲ မျှော်လင့်ပါတယ်"
ရိုးရှင်းသော ထမင်းတစ်နပ်ကို စားသောက်ပြီးနောက် ဆာတိုရုသည် အိမ်မှ ထွက်ခွာသွားခဲ့သည်။ ဆာကူမိုသည် အိမ်ရှေ့တွင် တင်ပျဉ်ခွေထိုင်ရင်း တဖြည်းဖြည်း ဝေးကွာသွားသော ဆာတိုရု၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။
"အဖေက အစ်ကို့အတွက် စိတ်ပူနေတာလား"
ထိုအချိန်တွင် ကာကာရှီက အနားသို့ ရောက်လာပြီး မေးလိုက်သည်။
"စိတ်မပူပါနဲ့ အဖေရာ၊ အစ်ကို့ရဲ့ သန်မာတဲ့ စွမ်းအားနဲ့ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"
"အင်း... ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်"
မည်သို့ပင်ဆိုစေ တာဝန်များတွင် မတော်တဆမှုများ ဖြစ်ပွားတတ်စမြဲဖြစ်ပြီး အချို့သော တာဝန်များသည် C-level မှ A-level၊ သို့မဟုတ် S-level အထိပင် ရုတ်တရက် မြင့်တက်သွားတတ်သည် မဟုတ်ပါလား။
မွန်းလွဲတစ်နာရီတိတိတွင် ဆာတိုရုသည် ရွာဂိတ်ဝသို့ အချိန်မှန် ရောက်ရှိလာခဲ့သည်။ နောက်ကျခြင်း မရှိသော်လည်း ဆာတိုရုသည် နောက်ဆုံးမှ ရောက်လာသူ ဖြစ်နေခဲ့သည်။ အမှန်စင်စစ် သူသည် အိမ်မှ စောစောထွက်လာခဲ့သော်လည်း လမ်းတွင် မုန့်ဆိုင်အသစ်တစ်ခုကို တွေ့လိုက်သဖြင့် ခြေလှမ်းများ တန့်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်အနည်းငယ် နှောင့်နှေးသွားပြီး နောက်ဆုံးမှ ရောက်လာသူ ဖြစ်သွားရပြန်သည်။
"ငါတို့က တာဝန်ထမ်းဆောင်ဖို့ လာတာ၊ ပျော်ပွဲစားထွက်ဖို့ လာတာမဟုတ်ဘူး။ မင်းကြည့်ရတာ ဘယ်လိုလုပ် နင်ဂျာနဲ့ တူမှာလဲ"
နာဂါယမမာဆာဟီရိုက မျက်မှောင်ကြုတ်ကာ ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။ ဤသည်ကို ဆာတိုရု အနည်းငယ် ကြောင်သွားရသည်။ 'ငါ မင်းကို ဘာမှလည်း မလုပ်ပါလား... ဘာလို့ ယမ်းပုံမီးကျ ဖြစ်နေတာလဲ' ဟု စိတ်ထဲမှ တွေးနေမိသည်။
"စိတ်ထဲမထားပါနဲ့ ဆာတိုရုရယ်၊ မာဆာဟီရိုက သဘောထားမကောင်းတဲ့သူ မဟုတ်ပါဘူး"
ယာနိုမီဝါက အခြေအနေကို ထိန်းရန် အမြန်ဝင်ပြောလိုက်သည်။
"ကဲ... စကားတွေ အများကြီး ပြောမနေကြနဲ့တော့၊ အခုပဲ ထွက်ကြစို့"
ထို့နောက် နာကာဂျီးမားသည် ဂိတ်စောင့်နင်ဂျာအား တာဝန်စာရင်း ပြသပြီးနောက် သူတို့ သုံးယောက်ကို ခေါ်ဆောင်ကာ တောအုပ်ထဲသို့ ချက်ချင်း ခုန်ဝင်လိုက်သည်။ အစောင့်အရှောက် လိုက်ရသည့် တာဝန်မျိုး မဟုတ်ပါက နင်ဂျာများသည် လမ်းမပေါ်တွင် အေးအေးလူလူ လမ်းလျှောက်လေ့မရှိကြပေ။
"တကယ်တော့ မာဆာဟီရိုရဲ့ စရိုက်က အရင်က ဒီလိုမဟုတ်ဘူး"
ခရီးစဉ်အတွင်း နာကာဂျီးမားဆင်ဆေးက ရှေ့ဆုံးမှ ဦးဆောင်နေပြီး မာဆာဟီရိုက ဒုတိယတန်းတွင် သူတို့နှစ်ဦးနှင့် တမင် ခပ်ခွာခွာ နေနေသည်။ ဆာတိုရုနှင့် မီဝါတို့ကမူ တတိယတန်းဖြစ်သော နောက်ဆုံးနေရာတွင် ရှိနေကြသည်။
"မာဆာဟီရိုက အရင်က အရမ်း ဖော်ရွေတဲ့သူပါ၊ တခြားသူတွေကို ကူညီရတာလည်း ဝါသနာပါခဲ့တာ။ သူနဲ့ သိတဲ့သူတိုင်းက သူ့ကို ချစ်ကြတယ်"
မီဝါက ဆာတိုရုကို ပြောပြနေသော်လည်း ယခုနှစ်ကြိမ် ဆုံတွေ့မှုအတွင်း ဆာတိုရုကမူ ထိုဖော်ရွေမှုများကို အရိပ်အယောင်မျှပင် မတွေ့ရသေးချေ။
"ဒါပေမဲ့ တာဝန်တစ်ခုမှာ... ငါတို့ အသင်းဖော်တစ်ယောက် ဆုံးရှုံးခဲ့ရတယ်"
ထိုစကားကို ပြောလိုက်သည်နှင့် မီဝါ၏ လေသံမှာ ဝမ်းနည်းရိပ် သန်းသွားပြီး ဆာတိုရု၏ စိတ်အစဉ်လည်း အနည်းငယ် လေးလံသွားရသည်။ ပုံမှန် အသင်းဖွဲ့စည်းပုံမှာ ဦးဆောင်သူ ဂျိုနင်တစ်ဦးနှင့် ဂျီနင် သို့မဟုတ် ချူနင် သုံးဦးဖြစ်ကြောင်း ဆာတိုရု သိထားသည်။ မတော်တဆမှု မရှိလျှင် ထိုသူများသည် တစ်သက်လုံး ထိုအသင်းတွင် ရှိနေကြမည်ဖြစ်ပြီး နက်ရှိုင်းသော သံယောဇဉ်များ ရှိကြသည်။ သို့သော် အသစ်စက်စက် ဂျီနင်တစ်ဦးကို ဝါရင့်နင်ဂျာအသင်းတစ်ခုတွင် ထည့်သွင်းလိုက်သည်ဆိုလျှင် အခြေအနေနှစ်ရပ် ရှိနိုင်သည်။ ပထမတစ်ခုမှာ အသင်းဝင်တစ်ဦး အသက်ပေးခဲ့ရခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ အသင်းဝင်တစ်ဦး သစ္စာဖောက်ကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။ မည်သည့်အခြေအနေမျိုး ဖြစ်စေကာမူ ကျန်ရှိနေသော အသင်းသားများအတွက် ရိုက်ခတ်မှုမှာ ကြီးမားလှသည်။
"အဲဒီအချိန်ကစပြီး မာဆာဟီရို ပြောင်းလဲသွားတာပဲ။ သူ ဘယ်သူနဲ့မှ အရင်းနှီးဆုံး မဖြစ်ချင်တော့ဘူး၊ တစ်ယောက်တည်းပဲ နေချင်တော့တယ်"
ဆာတိုရု အခုတော့ နားလည်သွားပြီ ဖြစ်သည်။ ရင်းနှီးသော သူငယ်ချင်းတစ်ယောက်၏ သေဆုံးမှုက မာဆာဟီရိုကို အလွန်အမင်း ဝမ်းနည်းစေခဲ့သည်။ ထိုသို့သော နာကျင်မှုကို ထပ်မံ မခံစားချင်တော့သဖြင့် သူသည် မည်သူနှင့်မဆို သာမန် ဆက်ဆံရေးမျိုးသာ ထားရှိတော့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ဖက်လူ သေဆုံးသွားလျှင်ပင် သူ့နှလုံးသားထဲတွင် ထိခိုက်မှု ရှိတော့မည် မဟုတ်ပေ။
သို့သော် ဤသည်မှာ စိတ်ကူးယဉ်ဆန်သော အတွေးမျှသာ ဖြစ်သည်။ ရန်ငြိုးရန်စ ရှိနေသည်မှလွဲ၍ အတူတကွ အချိန်ကြာလာသည်နှင့်အမျှ သံယောဇဉ်ဆိုသည်မှာ တားဆီး၍မရဘဲ တိုးလာတတ်စမြဲ ဖြစ်သည်။
"ဒါကြောင့် မာဆာဟီရိုကို အပြစ်မတင်ဖို့ ငါ မျှော်လင့်ပါတယ်"
"အင်း... နားလည်ပါပြီ၊ ပြောရရင် သူကလည်း သနားစရာကောင်းတဲ့ လူတစ်ယောက်ပါပဲ"
အကြောင်းရင်းကို သိသွားပြီဖြစ်၍ ဆာတိုရုသည် မာဆာဟီရိုနှင့် ထပ်မံ ငြင်းခုံနေတော့မည် မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် မာဆာဟီရိုကို 'နှစ်တစ်ထောင် သတ်ဖြတ်ခြင်း' အတတ်ဖြင့် ပညာပေးရန် အစကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
မီဝါ၏ စကားများသည် မာဆာဟီရို၏ အသက်ကို ကယ်တင်လိုက်သည်ဟုပင် ဆိုနိုင်သည်။
"မင်းက တကယ်ပဲ ဆာကူမိုဆင်ဆေးရဲ့ သားပီသတာပဲ"
ခရီးတလျှောက်တွင် နာကာဂျီးမားသည် ဆာတိုရုကို စောင့်ကြည့်နေခဲ့သည်။ သူသည် ခရီးအရှိန်ကို မြှင့်တင်ထားသော်လည်း ဆာတိုရုက အမီလိုက်နိုင်နေသည်မှာ အံ့ဩစရာပင်။ အချိန်အကန့်အသတ်ကြောင့် ဆာတိုရု၏ စွမ်းရည်ကို စစ်ဆေးရန် အချိန်မရခဲ့ပေ။ ဆာတိုရု၏ စွမ်းရည်နှင့် ပတ်သက်၍ သူ သိထားသည်မှာ တစ်ဆင့်စကားများသာ ဖြစ်သည်။ ပထမမှာ ဆာတိုရုသည် အူချီဟမျိုးနွယ်မှ ချူနင်တစ်ဦးကို အနိုင်ယူခဲ့သည်ဟု ကြားသိရခြင်းဖြစ်ပြီး၊ ဒုတိယမှာ ဆာတိုရုသည် အလွန်သန်မာကြောင်း ဆာကူမိုထံမှ ကြားသိရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင် သူသည် ဆာတိုရု၏ အရှိန်ကိုသာ စမ်းသပ်နေခြင်းဖြစ်ပြီး ဆာတိုရုက သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ ယခုထက် အရှိန်မြှင့်နိုင်သော်လည်း ထိုသို့လုပ်ပါက မာဆာဟီရိုနှင့် မီဝါတို့ အမီလိုက်နိုင်မည် မဟုတ်ပေ။
လမ်းတွင် မည်သည့်အနားယူမှုမျှ မရှိဘဲ ငါးနာရီကြာ အပြင်းနှင်ခဲ့ပြီးနောက် ဓားပြများ ခိုအောင်းရာ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။
"ဒီနေရာမှာပဲ ခဏနားကြမယ်၊ တစ်ခုခုစားပြီး ခွန်အားဖြည့်ထားကြ၊ ပြီးရင် တိုက်ခိုက်တော့မယ်။ တာဝန်ရဲ့ ရည်မှန်းချက်က ဒီဓားပြတွေအားလုံးကို သတ်ပစ်ဖို့ပဲ"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် နာကာဂျီးမားဆင်ဆေးထံမှ အေးစက်သော လူသတ်ငွေ့အချို့ ထွက်ပေါ်လာသည်။ သူတို့သည် ယခင်က မီးနိုင်ငံ၏ နိုင်ငံသားများ ဖြစ်ခဲ့စေကာမူ၊ မီးနိုင်ငံ၏ ပြည်သူများကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သရွေ့ သူတို့ကို ခွင့်မလွှတ်နိုင်ပေ။
သာမန်လူသားများဖြစ်သော ဓားပြများအတွက် အသေးစိတ် အစီအစဉ်များ ဆွဲနေစရာ မလိုပေ။ နင်ဂျာနှင့် သာမန်လူကြားတွင် ကွာဟချက်က အလွန်ကြီးမားလှသည်။ တိုက်ပွဲအတွင်း သတိထားရုံဖြင့် ဒဏ်ရာမရဘဲ အနိုင်ယူနိုင်သည်။
အားလုံး စားသောက်နေကြသော်လည်း ဆာတိုရုတစ်ယောက်သာ ဘေးတွင်ထိုင်၍ ရေသောက်နေသည်။ လမ်းတလျှောက်တွင် မုန့်များကို အဆက်မပြတ် စားလာခဲ့သဖြင့် ယခုအခါ သူ ဗိုက်မဆာတော့ပေ။
"ရော့... ဒီမှာ"
သို့သော် အခြားသူများကမူ ထိုသို့မထင်ကြပေ။ မာဆာဟီရိုက ပေါက်စီတစ်လုံးကို ဆာတိုရုထံ လှမ်းပစ်ပေးလိုက်သည်။ လမ်းခရီးတွင် သူက ဆာတိုရု၏ ရှေ့မှ ရှိနေခဲ့သဖြင့် ဆာတိုရု တစ်ခုခု စားခဲ့သည်ကို သူမသိခဲ့ပေ။
"နောက်ကျရင် ငါတို့နောက်ကို ဆွဲမထားနဲ့ဦး"
မာဆာဟီရိုသည် အပြောဆိုးသော်လည်း စိတ်ထားနူးညံ့သူတစ်ဦးသာ ဖြစ်သည်။
"ကျေးဇူးပဲ"
ဆာတိုရုသည်လည်း အားနာမနေဘဲ ပါးစပ်ထဲ ထည့်စားလိုက်သည်။
"ဝါး... ပဲနီပေါက်စီပဲ၊ အရမ်းချိုပြီး စားလို့ကောင်းလိုက်တာ"
ဆာတိုရုက မြိန်ရည်ယှက်ရည် ပြောလိုက်ပြီးနောက် လျှပ်တပြတ် ရွှေ့ပြောင်းခြင်းဖြင့် မာဆာဟီရို၏ ရှေ့သို့ ရောက်သွားသည်။
"ထပ်ရှိသေးလား... ထပ်စားချင်သေးလို့"
ဆာတိုရုသည် အချိုမုန့်ဆိုလျှင် မခံနိုင်သူ ဖြစ်သည်။
"ဘာ..."
ဆာတိုရု၏ အလွန်မြန်သော အရှိန်ကြောင့် မာဆာဟီရို လန့်သွားရသည်။
"မာဆာဟီရို... သူ့ကို ထပ်မပေးနဲ့တော့၊ ဆာတိုရုက လမ်းတလျှောက်လုံး မုန့်တွေ စားလာတာ"
"ဟေး... မီဝါ၊ မင်းကလည်း လွန်လှချည်လား"
ချိုမြိန်သော ပဲနီပေါက်စီနှင့် ဝေးကွာသွားရသဖြင့် ဆာတိုရု၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးသော အရိပ်အယောင်များ ပေါ်လာတော့သည်။
"တောက်... မင်းလိုကောင်မျိုးကတော့ကွာ၊ အခုလေးတင် စားလိုက်တာကို ပြန်အန်ထုတ်လိုက်စမ်း"
ဆာတိုရုတွင် အချိုမုန့်များ ပါလာသည်ကို သူ သိသော်လည်း ခရီးမထွက်မီ စားခဲ့သည်ဟုသာ သူ ထင်ခဲ့ခြင်းဖြစ်သည်။ လမ်းတလျှောက်လုံး စားလာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ဤသည်မှာ သူ၏ စေတနာနှင့် သူ၏ စားစရာများကို ဖြုန်းတီးပစ်ခြင်းပင် ဖြစ်တော့သည်။