မီးနိုင်ငံ၊ ကိုနိုဟာ နင်ဂျာကျေးရွာရှိ ဟာတာကဲ မိသားစုနေအိမ်။
နေကာမျက်မှန် တပ်ဆင်ထားပြီး ဆံပင်ဖြူဖြူနှင့် ကောင်လေးတစ်ယောက်သည် တာတာမီဖျာပေါ်တွင် ဘေးစောင်းလဲလျောင်းနေသည်။ သူ၏ ဘေးနားတွင်မူ စားသောက်ကုန် မဂ္ဂဇင်းတစ်စောင် ရှိနေ၏။ မဂ္ဂဇင်းထဲရှိ အမျိုးမျိုးသော အချိုပွဲပုံရိပ်များကို ကြည့်ရင်း နေကာမျက်မှန်အောက်မှ ထိုကောင်လေး၏ မျက်ဝန်းများသည် မသိမသာ အရောင်တောက်လာကြသည်။
"အစ်ကို... ဒီမှာ လာပြီး အချိန်ဖြုန်းနေပြန်ပြီဆိုတာ ကျွန်တော် သိသားပဲ။ မနက်ဖြန်ဆို နင်ဂျာအကယ်ဒမီ ကျောင်းဖွင့်တော့မှာ။ အစ်ကို့အနေနဲ့ အကယ်ဒမီဝင်ခွင့်စာမေးပွဲကို ကျရှုံးမသွားဖို့ မျှော်လင့်ပါတယ်၊ အဲဒါက အဖေ့ကို တကယ်ပဲ မျက်နှာပျက်စေမှာပဲ"
ထိုစဉ် အခန်းတံခါးသည် ရုတ်တရက် ပွင့်သွားပြီး ဆံပင်ဖြူဖြူနှင့် မျက်နှာဖုံးစွပ်ထားသော ကောင်လေးတစ်ယောက် ဝင်လာကာ စကားဆိုလေသည်။
"စိတ်မပူပါနဲ့ ကာကာရှီရာ၊ မင်းရဲ့အစ်ကိုက အရမ်းသန်မာပါတယ်။ မနက်ဖြန်စာမေးပွဲဆိုတာ ငါ့အတွက်တော့ အပျော့ပါပဲ"
တံခါးဝတွင် ရပ်၍ စကားပြောနေသူမှာ နောင်တစ်ချိန်တွင် ပါရမီရှင်နင်ဂျာ ဖြစ်လာမည့် ဟာတာကေး ကာကာရှီပင် ဖြစ်သည်။ သူသည် အားကြီးသူနှင့်တွေ့လျှင် အားကြီးသလို၊ အားနည်းသူနှင့်တွေ့လျှင် အားနည်းသလို ရင်ဆိုင်နိုင်စွမ်းရှိသော 'မိတ္တူကူးနင်ဂျာ' ဟု ကျော်ကြားလာမည့်သူလည်း ဖြစ်သည်။
ဘေးစောင်းလဲလျောင်းနေသူမှာမူ လှည့်ပင်မကြည့်ဘဲ ကာကာရှီကို ကျောပေးကာ လက်ကိုသာ ခပ်ပေါ့ပေါ့ ဝေ့ယမ်းပြလိုက်သည်။ ဤသည်ကို မြင်သောအခါ ကာကာရှီ၏ မျက်ဝန်းများတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူ၏အစ်ကိုသည် အဘက်ဘက်မှ ထူးချွန်သလို နင်ဂျာပါရမီလည်း အလွန်ထူးကဲသော်လည်း စရိုက်ကမူ အနည်းငယ် ခက်ထန်ကာ နင်ဂျာဖြစ်ရသည်ကို သဘောမကျသလိုပင်။ ကာကာရှီသည် သူ၏အစ်ကို အလေးအနက် လေ့ကျင့်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သို့သော်လည်း အချင်းချင်း လက်ရည်စမ်းကြသည့်အခါတိုင်း ကာကာရှီသည် သူ၏အစ်ကိုကို တစ်ကြိမ်တစ်ခါမျှ မနိုင်ဖူးခဲ့ပေ။ ဤအချက်ကပင် မိမိကိုယ်ကိုယ် နင်ဂျာဖြစ်ရန် ပါရမီပါရဲ့လားဟု ကာကာရှီကို မကြာခဏ သံသယဝင်စေခဲ့သည်။
"မနက်ဖြန် ဖေဖေလည်း ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့မယ်။ အစ်ကို့ကို နောက်မကျစေနဲ့လို့ ဖေဖေက မှာလိုက်တယ်။ တကယ်လို့ နောက်ကျမယ်ဆိုရင် ဖေဖေကိုယ်တိုင် အစ်ကို့ကုတင်ကို အကယ်ဒမီကျောင်းရှေ့အထိ သယ်သွားပြီး ကိုနိုဟာ ရွာသားအားလုံးရဲ့ ရှေ့မှာ အိပ်ရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ မြည်းစမ်းခိုင်းလိမ့်မယ်တဲ့"
"အေးပါ၊ အေးပါ၊ သိပါပြီ ကာကာရှီရာ... မင်းကလည်း တကယ်ကို စကားများတာပဲ။ အချိန်မှန် ထပါ့မယ်လို့ ဖေဖေ့ကို သွားပြောလိုက်ပါ"
သူသည် မျက်နှာပြောင်တတ်သူ ဖြစ်သော်လည်း အကယ်ဒမီကျောင်းရှေ့တွင် မိမိကုတင်နှင့်မိမိ အိပ်ရမည်ဆိုသည်မှာမူ အလွန်ပင် ရှက်ဖို့ကောင်းလှသည်။ ဖခင်ဖြစ်သူသည် အပြောသက်သက် မဟုတ်ဘဲ မနက်ဖြန်သာ သူ အိပ်ပျော်နေခဲ့လျှင် ဟာတကဲဆာကူမို သည်ပြောသည့်အတိုင်း အမှန်တကယ် လုပ်မည့်သူ ဖြစ်ကြောင်း သူ သိနေသည်။
ကာကာရှီ ထွက်သွားသောအခါ ဟာတကဲဆာတိုရု သည် ရှေ့ရှိ မဂ္ဂဇင်းကို ပိတ်လိုက်ပြီး တာတာမီပေါ်တွင် ပက်လက်လှန်ကာ လက်နှစ်ဖက်ကို ခေါင်းခုရင်း အပေါ်က မျက်နှာကျက်ကို ငေးကြည့်နေမိသည်။
"အချိန်တွေ ကုန်တာ မြန်လိုက်တာ၊ ဒီကမ္ဘာကို ရောက်လာတာ မျက်တောင်ခတ်လိုက်သလိုပဲ ငါးနှစ်တောင် ရှိသွားပြီပဲ"
ဟာတကဲ ဆာတိုရုတွင် မည်သူ့ကိုမျှ မပြောဖူးသော လျှို့ဝှက်ချက်တစ်ခု ရှိသည်။ ၎င်းမှာ သူသည် ဤကမ္ဘာမှ မဟုတ်ဘဲ ယခင်ဘဝမှ အမှတ်သညာများနှင့်အတူ ဤကမ္ဘာသို့ ပြန်လည်ဝင်စားလာသူ ဖြစ်နေခြင်းပင်။
သို့သော် ယခင်ဘဝက မည်သို့သေဆုံးခဲ့သည်ကိုမူ သူကိုယ်တိုင်ပင် မသိချေ။ သူသိသည်မှာ မျက်လုံးဖွင့်လိုက်သည်နှင့် ဤကမ္ဘာသို့ ရောက်ရှိနေပြီး သူ၏ဘေးတွင် ငိုယိုနေသော ကာကာရှီကို တွေ့ရခြင်း ဖြစ်သည်။
သူသည် မူလ 'နာရုတို' ကမ္ဘာတွင် မရှိခဲ့သော ဇာတ်ကောင်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ဟာတကဲ ကာကာရှီ၏ အစ်ကို၊ ဟာတကဲ ဆာကူမို၏ သားကြီးဖြစ်သူ ဟာာကဲ ဆာတိုရု ဖြစ်လာခဲ့၏။
သူသည် ကာကာရှီနှင့် ရင်ပေါင်တန်းနိုင်သော ထိတ်လန့်ဖွယ် နင်ဂျာပါရမီကို ပိုင်ဆိုင်ထားရုံသာမက အခြားကမ္ဘာတစ်ခုမှ အလွန်အစွမ်းထက်သော ဇာတ်ကောင်တစ်ဦး၏ အမွေအနှစ်ကိုလည်း ရရှိထားသည်။ ထိုသူမှာ 'Jujutsu Kaisen' ကမ္ဘာမှ ငြင်းချက်ထုတ်၍မရသော အစွမ်းထက်သည့် 'ဂိုးဂျိုဆာတိုရု' ပင် ဖြစ်သည်။
ဂိုးဂျိုဆာတိုရု ၏ အမွေအနှစ်ကို ရရှိထားသည် ဆိုသော်ငြား သူသည် ထိုအစွမ်းအားလုံးကို ချက်ချင်း ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူသည်လည်း တဖြည်းဖြည်းချင်း လေ့ကျင့်ယူရန် လိုအပ်သည်။
သို့သော် ဟာတကဲ ဆာတိုရုအနေဖြင့် လေ့ကျင့်ရန်မလိုဘဲ ရရှိထားသည်မှာ ဂိုးဂျိုဆာတိုရု ၏ မျက်လုံးများဖြစ်သော 'ဆဌမမျက်လုံး ' (Six Eyes) သို့မဟုတ် 'ရီကုဂန်' ပင် ဖြစ်သည်။ ဤသည်မှာလည်း ဟာတကဲ ဆာတိုရု နေကာမျက်မှန် တပ်ထားရခြင်း၏ အကြောင်းရင်း ဖြစ်၏။
အမှန်စင်စစ် ဆာတိုရုတွင် ထူးခြားသော မျက်လုံးတစ်စုံ ရှိနေခြင်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ သို့သော် လူအများက 'သူဟာ တကယ်ပဲ ဟာတကဲ ဆာကူမိုရဲ့ သား ဟုတ်ရဲ့လား' ဟု သံသယဝင်နေကြသည်။ ကိုနိုဟာ၏ 'အစွယ်ဖြူ' (White Fang) ၏ သားဖြစ်သည့်အတွက် သူ မွေးဖွားလာကတည်းက လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်မှာ မဆန်းပေ။
ထိုသို့ အာရုံစိုက်ခံရခြင်းကို သူ စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိပေ။ မိမိ၏ ဘဝကို သူ ပြောင်းလဲ၍ မရနိုင်ပါ။
နောက်တစ်နေ့ နံနက်တွင်မူ ဟာတကဲ ဆာတိုရုသည် ရှားရှားပါးပါး စောစောထကာ ကာကာရှီ၊ ဖခင်ဖြစ်သူတို့နှင့်အတူ မနက်စာ စားခဲ့သည်။
"ဆာတိုရု... မင်း နင်ဂျာဖြစ်ရတာကို သဘောမကျဘူးဆိုရင် ငါ မင်းကို အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါ့ရဲ့သားတစ်ယောက်အနေနဲ့ မင်းမှာ ဘာအစွမ်းအစမှ မရှိရင် အန္တရာယ်များလိမ့်မယ်"
မနက်စာ စားနေစဉ်အတွင်း ဟာတကဲ ဆာကူမိုက ပြောကြားလာသည်။ သူသည်လည်း မိမိ၏ သားကြီးနှင့် ပတ်သက်၍ အတော်ပင် စိတ်မသက်မသာ ဖြစ်နေရသည်။ သားဖြစ်သူတွင် ကြောက်ခမန်းလိလိ ပါရမီရှိသည်မှာ ထင်ရှားသော်လည်း တစ်ခါမျှ လေ့ကျင့်နေသည်ကို မတွေ့ဖူးသောကြောင့် ဖြစ်သည်။
"စိတ်မပူပါနဲ့ ဖေဖေ၊ ကျွန်တော် နင်ဂျာဖြစ်ရတာကို သဘောကျပါတယ်"
"အေး... အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ နင်ဂျာအကယ်ဒမီမှာ စာကို ကြိုးကြိုးစားစားသင်၊ ဖေဖေ့ထက် သာတဲ့ နင်ဂျာတစ်ယောက်ဖြစ်အောင် ကြိုးစားပါ"
အကယ်၍ သူ၏ သားကြီးသာ စာကို ကြိုးစားသင်ယူပြီး ဝီရိယရှိရှိ လေ့ကျင့်မည်ဆိုလျှင် မိမိထက် သာလွန်ရန်မှာ မခဲယဉ်းကြောင်း ဟာတကဲ ဆာကူမို ယုံကြည်နေသည်။
"ပြီးတော့ အစ်ကိုတစ်ယောက်အနေနဲ့ အကယ်ဒမီမှာ မင်းရဲ့ညီကိုလည်း ဂရုစိုက်ပေးဦး"
"ကျွန်တော်ကပဲ သူ့ကို ဂရုစိုက်ပေးရမှာပါ"
ထိုအချိန်တွင် ကာကာရှီက တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ဆာကူမိုနှင့် ဆာတိုရုတို့မှာ သာမန်လူများ မဟုတ်ကြသဖြင့် ကာကာရှီ ပြောလိုက်သည်ကို စာလုံးတိုင်း အတိုင်းသား ကြားလိုက်ရသည်။ သို့သော် နှစ်ဦးသားလုံး ဘာမှ ပြန်မပြောခဲ့ကြပေ။ အဆုံးတွင်မူ မိမိ၏ သားငယ်ကသာ သားကြီးကို ပြန်လည်စောင့်ရှောက်ရလိမ့်မည်ဟု ဟာတကဲ ဆာကူမိုကလည်း ခံစားနေရသောကြောင့် ဖြစ်သည်။
ဆာတိုရုမှာမူ ငြင်းခုံနေရန် ပျင်းနေခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် သူသည် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည့် ငါးနှစ်တာ ကာလအတွင်း မည်သို့ နေထိုင်ခဲ့သည်ကို သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။ နေ့စဉ်လူမှုဘဝတွင်မူ သူသည် အသုံးမကျသူတစ်ဦးကဲ့သို့သာ နေထိုင်ခဲ့သည်။
သို့သော် သူသည် အမှန်တကယ်ပင် အသုံးမကျသူတစ်ဦး ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ဆာတိုရု ကိုယ်တိုင်သာ သိပေလိမ့်မည်။
"ကဲ... ကာကာရှီ၊ မင်း သိမ်းဆည်းစရာရှိတာတွေ သိမ်းပြီးရင် နင်ဂျာအကယ်ဒမီကို အတူတူ သွားကြစို့"
"ဟုတ်ကဲ့ပါ ဖေဖေ"
ကာကာရှီက စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် သယ်ဆောင်သွားသည်ကို မြင်သောအခါ ဆာတိုရု၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ မူလကမူ ဤအလုပ်မှာ သားကြီးဖြစ်သူ သူ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ သို့သော် ဆာတိုရုက ပန်းကန် အလုံးပေါင်းများစွာကို ခွဲပစ်ခဲ့ပြီးနောက် ဟာတကဲ ဆာကူမိုသည် ဆာတိုရုကို အိမ်မှုကိစ္စ ခိုင်းစေမည့် အစီအစဉ်ကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဆာတိုရု တစ်နေ့နေ့တွင် အိမ်ခေါင်မိုးကိုပင် လှန်ပစ်မည်ကို စိုးရိမ်သဖြင့် ဤကြီးလေးသော တာဝန်မှာ ကာကာရှီ၏ ပခုံးပေါ်သို့ သဘာဝအလျောက် ကျရောက်သွားခဲ့သည်။
ဤအချက်နှင့် ပတ်သက်၍ ဆာတိုရုသည် ကာကာရှီအပေါ် လုံးဝ အားနာစိတ် မရှိပေ။ ၎င်းမှာ ကာကာရှီကို ဘက်စုံတော်သည့်သူတစ်ဦး ဖြစ်လာစေရန် လေ့ကျင့်ပေးခြင်း ဖြစ်သည်ဟု သူက အကြောင်းပြထားသည်။
ဆာတိုရု၏ အပြုံးကို ဆာကူမို သတိမထားမိဘဲ မနေပါ။ သို့သော် သူ ဘာတတ်နိုင်မည်နည်း။ ဆာတိုရု မလုပ်ချင်သည့်အရာကို မည်သူမျှ အတင်းအကျပ် မခိုင်းနိုင်သဖြင့် သားငယ်ကိုသာ အနစ်နာခံခိုင်းရတော့သည်။
"သွားကြစို့၊ နင်ဂျာအကယ်ဒမီကို သွားကြမယ်၊ နောက်ကျတာ မကောင်းဘူး"
"ဟုတ်ကဲ့ပါ ဖေဖေ"
ကာကာရှီနှင့် ဆာတိုရုတို့ တစ်ပြိုင်တည်း ပြန်ထူးလိုက်ကြသည်။
ယခုအချိန်တွင် ကာကာရှီသည် ချစ်ခင်ရသူများ၏ သေဆုံးမှုကို မကြုံတွေ့ရသေးသဖြင့် အတော်ပင် မာနကြီးသော ကလေးတစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး အစ်ကိုဖြစ်သူအပေါ် အရှုံးမပေးလိုသော စိတ်လည်း ပြင်းထန်နေဆဲ ဖြစ်သည်။
ခွန်အားပိုင်းတွင်မူ သူသည် အစ်ကိုဖြစ်သူကို မယှဉ်နိုင်သော်လည်း အခြားသော အဘက်ဘက်တွင်မူ သူကသာ အပြတ်အသတ် အနိုင်ရနေသည်ဟု ကာကာရှီက စိတ်ထဲတွင် မှတ်ယူထားသည်။
နောင်တစ်ချိန်တွင် အမှန်တရားကို သိသွားပြီးနောက် ကာကာရှီ ဘာဆက်တွေးမည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။