အခန်း (၉၇) - နာဝါကီကို စိတ်ပျက်အောင် လုပ်ခြင်း
"ဒါကတော့ စားပွဲတော်ကြီးပါလား! ဒီတစ်ခါ ကိုနိုဟာက ပို့လိုက်တဲ့ ရိက္ခာတွေက အတော်လေး အဆင့်မြင့်တာပဲ"
မီကိုတို ပြင်ဆင်ထားသည့် ဟင်းပွဲများကို ကြည့်ပြီး ရှင်း အံ့အားသင့်သွားသည်။ ဟင်းပွဲက စုစုပေါင်း ရှစ်မျိုးတောင်မှ ဖြစ်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ... ဒါတွေက မီကိုတိုနဲ့ ငါ လေ့ကျင့်ပြီးတော့ ကိုနံပါခေါ်ပြီး တောထဲမှာ ကိုယ်တိုင်ရှာထားတဲ့ အမယ်တွေဟ" ကူရှီးနားက နှုတ်ခမ်းဆူကာ ဝင်ပြောလိုက်သည်။
"အော်... ဟုတ်လား၊ တော်လိုက်ကြတာ။ ကဲ... အသားတွေ အားရပါးရ စားကြဦး" ရှင်းက သူတို့နှစ်ယောက်လုံး၏ ပန်းကန်ထဲသို့ အသားဟင်းများ ထည့်ပေးလိုက်သည်။ ပြီးမှ တစ်ချက်သတိရသွားကာ... "နာဝါကီရော? သူ ပြန်သွားပြီလား?" ဟု ဆူနာဒဲကို မေးလိုက်သည်။
"မပြန်သေးပါဘူး၊ သူ့အဖွဲ့က ဆရာ့ဆီ သွားနှုတ်ဆက်ကြတယ်လေ" ဆူနာဒဲက ခေါင်းခါပြသည်။ နာဝါကီက အိုရိုချီမာရူဆီ သွားတယ်ဆိုကတည်းက သူ့ရည်ရွယ်ချက်ကို သူမ ခန့်မှန်းမိပြီးသား ဖြစ်သည်။ သူက စစ်တလင်းမှာ ဆက်နေချင်နေတာပဲ။ ဒါပေမဲ့ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပင်။ အိုရိုချီမာရူကိုယ်တိုင်လည်း ဒါကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူမ ယုံကြည်ထားသည်။
ရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုအကြောင်းကို ရှေ့ဆက်မပြောတော့ပေ။ ညစာစားပြီးနောက် သူ အနားယူရန် ထွက်လာခဲ့သည်။ အရိပ်ကိုယ်ပွား တစ်ထောင်လောက်သုံးပြီး နင်ဂျူစု လေ့ကျင့်ရခြင်းက စိတ်ပိုင်းဆိုင်ရာကို အတော်လေး နွမ်းလျစေသည်။ သူ အနားယူဖို့ လိုအပ်သည်။ သူ၏ ရှာရင်ဂန်က 'ထာဝရ မန်ဂဲခရူး' အဖြစ် ပြောင်းလဲသွား၍လားမသိ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်လန်းဆန်းလာသည့် အရှိန်ကလည်း ပိုမြန်လာသည်။ တစ်ညတာ အိပ်စက်ပြီးနောက် သူ အားအင်အပြည့်ဖြင့် ပြန်လည်နိုးထလာခဲ့သည်။ မီကိုတို ပြင်ဆင်ပေးသည့် မနက်စာကို အားပါးတရ စားပြီးနောက် လေ့ကျင့်ခန်းလုပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ ထွက်ခွာတော့မည့်အချိန်မှာပင် နာဝါကီက သူ့ကို လာရှာလေသည်။ နာဝါကီ၏ မျက်နှာချိုသွေးနေသည့် အပြုံးကို မြင်လိုက်ရသည်နှင့် ရှင်း ရိပ်မိသွားကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
"နာဝါကီ... မင်း ငါ့ကို အကူအညီ တောင်းစရာ ရှိလို့လား?"
"ဟမ်... မင်း ဘယ်လိုသိတာလဲ?" နာဝါကီက အံ့သြတုန်လှုပ်စွာ ကြည့်သည်။
"မင်းမျက်နှာမှာ အထင်းသားကြီး ရေးထားတာပဲဥစ္စာ။ ဘာကိစ္စလဲ? သိပ်ပြီး ခက်ခဲတဲ့ ကိစ္စမျိုးဆိုရင်တော့ ငါ မကူညီနိုင်ဘူးနော်"
ရိုးရှင်းသော တောင်းဆိုမှုမျိုးဆိုလျှင် သူ ကူညီမှာဖြစ်သော်လည်း ရှုပ်ထွေးပြီး ဒုက္ခများမည့် ကိစ္စမျိုးဆိုလျှင်တော့ သူ ငြင်းရမှာပင်။
"ငါ့အစ်မကို မင်း နားချပေးစေချင်လို့ပါ။ မနေ့က ငါ အိုရိုချီမာရူ ဆရာကြီးဆီ သွားခဲ့တယ်၊ သူကတော့ အစ်မသာ သဘောတူရင် ငါ့ကို စစ်တလင်းမှာ ဆက်နေခွင့်ပေးမယ်လို့ ပြောတယ်"
"အဲဒါတော့ ငါ မလုပ်ပေးနိုင်ဘူး။ စိတ်မကောင်းပါဘူးကွာ" ရှင်းက ထွက်သွားရန် လှည့်လိုက်သည်။
"နေပါဦး! မင်းက ငါ့ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ပါဆို!" နာဝါကီက တတွတ်တွတ် တောင်းပန်တိုးလျှိုးနေတော့သည်။
"ပထမအချက်က ဆူနာဒဲက ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။ ဒုတိယအချက်က မင်း စစ်တလင်းမှာ မနေသင့်ဘူးလို့ ငါကိုယ်တိုင်က ထင်လို့ပဲ"
"ဘာလို့လဲ? မင်းတို့၊ ကူရှီးနားနဲ့ မီကိုတိုတို့တောင် နေနိုင်တာပဲ။ ငါကျတော့ ဘာလို့ မရရမှာလဲ?" နာဝါကီက အလျှော့မပေးဘဲ ငြင်းခုံသည်။
"ဘာလို့လဲဆိုတော့ မင်းက အားနည်းနေလို့ပဲ။ ဒီလို စစ်တလင်းမှာဆိုရင် မင်းက အသက်မဲ့တဲ့ အမြောက်စာ (Cannon fodder) ပဲ ဖြစ်မှာ။ မင်း တကယ် သေချင်နေတာလား?" နာဝါကီကို ကြည့်ပြီး ရှင်း စိတ်ပျက်သွားသည်။ ဤကောင်လေးက စစ်တလင်းကို ကစားကွင်းလို့ တကယ် ထင်နေတာလား?
"ငါ့ကို လျှော့မတွက်နဲ့ ရှင်း! ငါ တော်တော်လေး သန်မာလာပြီနော်!"
နာဝါကီက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ နာဝါကီသည် မကြာသေးမီက တိုးတက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုတော့ အနည်းငယ် ဘဝင်မြင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူက စစ်တလင်းမှာ ဇွတ်နေချင်နေခြင်း ဖြစ်သည်။
"ဟုတ်လား? ဒါဆိုလည်း အမှန်တရားက ဘယ်လိုလဲဆိုတာ မင်းကို သိအောင် လုပ်ပေးမယ်။ အကယ်၍ မင်း ငါ့ကို တစ်မိနစ်လောက် တောင့်ခံနိုင်မယ်ဆိုရင် ဆူနာဒဲကို ငါ နားချပေးမယ်။ သူမ သဘောတူအောင်လည်း ငါ အာမခံတယ်။ ဘယ်လိုလဲ?"
"ရှင်း... မင်း ငါ့ကို အထင်သေးနေတာလား?" နာဝါကီက ရှင့်ကို စိုက်ကြည့်လိုက်သည်။
"ဘဝင်မမြင့်ပါနဲ့ကွာ။ မင်းက အခုထက် ဆယ်ဆလောက် ပိုသန်မာလာရင်တောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။ လက်လျှော့လိုက်ဖို့ပဲ ငါ အကြံပေးချင်တယ်"
"ဒါ မင်းပြောတာနော်။ မင်းကတိကို မမေ့နဲ့ဦး" နာဝါကီက သူ၏ မကျေနပ်မှုကို ဖုံးကွယ်လိုက်သည်။ ဤသည်ကို စစ်တလင်းမှာ နေခွင့်ရမည့် အခွင့်အရေးတစ်ခုအဖြစ် သူ မြင်လိုက်သည်။
"စိတ်မပူပါနဲ့၊ ငါက ကတိတည်တဲ့လူပါ။ ကဲ... တိုက်တော့။ ငါ့မှာ အချိန်အများကြီး မရှိဘူး"
"ဒါဆိုရင်တော့ ငါ ညှာမှာ မဟုတ်ဘူး!" နာဝါကီက ချက်ချင်းပင် လက်ဟန်တံဆိပ်များကို စတင်ဖော်ဆောင်လိုက်သည်။
"နှေးလွန်းတယ်! ငါသာဆိုရင် မင်းကို အခုလောက်ဆို ဒါဇင်နဲ့ချီတဲ့ အကြိမ်ပေါင်း သတ်ပြီးနေပြီ!"
ရှင်းက နာဝါကီ၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းကာ လိမ်ချလိုက်သည်။ နာဝါကီမှာ လက်ဟန်တံဆိပ်ပင် ဆက်မဖော်နိုင်တော့ပေ။
"အနီးကပ် တိုက်ပွဲမှာ နင်ဂျူစုကို သုံးဖို့ ကြိုးစားတာလား? တိုင်ဂျူစု (Taijutsu) က ပိုပြီး ထိရောက်တယ်ဆိုတာ မင်း မသိဘူးလား?"
"ရှင်း... လွှတ်ဦး! ငါ့လက် ကျိုးတော့မှာပဲ!" နာဝါကီ သွားကြိတ်ကာ ပြောလိုက်သဖြင့် ရှင်းက သူ့ကို လွှတ်ပေးလိုက်သည်။
"ပြန်တော့ နာဝါကီ။ ဒါက မင်းအတွက် နေရာမဟုတ်ဘူး"
"မရဘူး! ခုနကဟာက မရေရာဘူး! နောက်တစ်ခါ ပြန်လုပ်ရအောင်!"
"နာဝါကီ... မင်းနဲ့ ကစားနေဖို့ ငါ့မှာ အချိန်မရှိဘူး"
သို့သော် နာဝါကီက နားမထောင်ဘဲ ရှင့်ကို လက်သီးဖြင့် လှမ်းထိုးကာ တိုက်ခိုက်လိုက်ပြန်သည်။ နာဝါကီသည် တိုင်ဂျူစုကို အများကြီး မလေ့ကျင့်ထားကြောင်း ရှင်း မြင်နိုင်သည်။ သူ၏ လက်သီးချက်များက ကို့ယို့ကားယား ဖြစ်နေပြီး ခန့်မှန်းရ လွယ်ကူလှသည်။ နာဝါကီ၏ လက်သီးက မထိခင်မှာပင် ရှင်းက သူ့ကို ကန်ချက်တစ်ချက်ဖြင့် လွင့်ထွက်သွားစေသည်။ သူ အားအများကြီး မသုံးခဲ့သော်လည်း နာကျင်စေရန်တော့ လုံလောက်သည်။
"တွေ့လား နာဝါကီ? မင်း ငါ့ရဲ့ တိုက်ကွက် တစ်ခုကိုတောင် မကာကွယ်နိုင်ဘူး။ စစ်တလင်းမှာ မင်း အသက်ရှင်ဖို့ အခွင့်အရေးက သုညပဲ။ အကယ်၍ မင်း တကယ်သွားချင်တယ်ဆိုရင် အခုပဲ မင်းကိုယ်မင်း သတ်လိုက်တာကမှ ပိုကောင်းဦးမယ်"
ရှင့်၏ စကားများက ပြင်းထန်လွန်းသော်လည်း ခိုင်လုံသော အကြောင်းပြချက် ရှိပါသည်။ နာဝါကီကို အခုကတည်းက စိတ်ပျက်သွားအောင် မလုပ်ထားလျှင် သူ စစ်တလင်းထဲသို့ ခိုးဝင်သွားနိုင်သည်။
နာဝါကီ တကယ်ပင် စိတ်ဓာတ်ကျသွားသည်။ သူ၏ အသစ်စက်စက် ယုံကြည်မှုများမှာ တစစီ ပျက်စီးသွားခဲ့ပြီ။ သို့သော် ရှင်း သူ့အတွက် မစိုးရိမ်ပေ။ နာဝါကီသည် နာရူတိုနှင့် စိတ်ဓာတ်ချင်း ဆင်တူသဖြင့် မကြာခင် ပြန်လည်နာလန်ထူလာလိမ့်မည်။ နာဝါကီ ထလာပြီး သူ၏ အဝတ်အစားမှ ဖုန်များကို ခါထုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားတော့သည်။
"သူ့ကို ဘာဖြစ်သွားတာလဲ?"
ကူရှီးနားနှင့် မီကိုတို ရောက်လာပြီး နာဝါကီ၏ စိတ်ပျက်နေသော ပုံရိပ်ကို မြင်လိုက်ကြသည်။
"သူက စစ်တလင်းမှာ နေချင်လို့ ဆူနာဒဲကို နားချပေးဖို့ ငါ့ကို လာတောင်းဆိုတာ။ ငါက သူ့ကို အမှန်တရား သိအောင် လုပ်ပေးလိုက်တာပါ။ အခုလောလောဆယ်တော့ အဲဒီအကြံကို သူ စွန့်လွှတ်သင့်သွားပြီ"
ရှင်းက ခေါင်းခါပြလိုက်ပြီး ကူရှီးနား၊ မီကိုတိုတို့နှင့်အတူ ပုံမှန်လေ့ကျင့်နေကျ နေရာသို့ ထွက်လာခဲ့သည်။ ကိုနံကတော့ သူတို့နှင့် မပါလာဘဲ ဆူနာဒဲနှင့်အတူ ဆေးကုသရေးတဲသို့ သွားခဲ့သည်။
ရှင်းသည် မနေ့ကမှ 'မြတ်သောပုံစံ' (Sage Mode) ကို အောင်မြင်စွာ ကျွမ်းကျင်ခဲ့သည်။ သူ ၎င်းကို အကြိမ်အနည်းငယ် အသက်သွင်းကြည့်သည်။ သူ၏ နဖူးပေါ်တွင် 'သုံးမိုးစက်' (Three tomoe) ပုံစံ ပေါ်လာပြီး မျက်နှာပေါ်တွင်လည်း အနီရောင် အမှတ်အသားများ ပျံ့နှံ့သွားသည်။ ယခုအခါ မြတ်သောပုံစံထဲသို့ ပိုမို မြန်ဆန်စွာ ဝင်ရောက်နိုင်ပြီဟု သူ ခံစားရသည်။ ဒါက သူ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲလား?
သူသည် မြတ်သောပုံစံ၊ တိုင်ဂျူစုနှင့် ကန်ဂျူစု (Kenjutsu) တို့ကို လေ့ကျင့်ပြီး သူ၏ အရိပ်ကိုယ်ပွားများကမူ နင်ဂျူစု အသစ်များကို ဖော်ထုတ်ရန်နှင့် လေ့ကျင့်ရန် အာရုံစိုက်နေကြသည်။ အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ မကြာမီ နေ့လယ်စာ စားချိန်သို့ ရောက်လာသည်။
တဲသို့ ပြန်ရောက်သောအခါ နာဝါကီနှင့် သူ၏ အဖွဲ့ဖော်များဖြစ်သော ဟီယာရှီနှင့် ကိုင်းတို့က သူတို့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
"ရှင်း... ငါတို့ နှုတ်ဆက်ဖို့ လာတာပါ။ ငါတို့ ကိုနိုဟာကို ပြန်တော့မယ်" ဟု နာဝါကီက ဆိုသည်။
"အဲဒါ ကောင်းပါတယ်။ နာဝါကီ... ဒီကို လာဦး။ မင်းအတွက် ပေးစရာ ရှိတယ်"
ရှင်းက နာဝါကီကို ခေါ်လိုက်ပြီး သူ့အပေါ်တွင် 'အကူးအပြောင်း တံဆိပ်ခတ်ခြင်း' (Transcription Seal) ကို အသုံးပြုလိုက်သည်။ ၎င်းမှာ မူရင်းဇာတ်လမ်းထဲကလို သူ သေဆုံးမသွားစေရန် ကြိုတင်ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။