ရှင်း စစ်မြေပြင်သို့ ရောက်ရှိလာချိန်တွင် ကိုနိုဟာ၏ အဆင့်မြင့်နင်ဂျာများက သူ့ကို ကြိုဆိုရန် စောင့်ကြိုနေကြသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ရှင့်ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ တကယ်တော့ သူတို့က တစ်မြီးသားရဲ (One-Tail) ရောက်လာသည်ဟု ထင်ပြီး ထိတ်လန့်တကြား ထွက်ကြည့်ကြခြင်းဖြစ်ကာ သူ့ကို ကြိုဆိုရန် ရောက်နေကြခြင်း မဟုတ်မှန်း သူ လုံးဝ မရိပ်မိခဲ့ပေ။
"ဆူနာဒဲ!"
ရှင်းသည် ဟီရူဇန်နှင့် တခြားလူများကို လျစ်လျူရှုကာ ဆူနာဒဲကိုသာ လှမ်းအော်နှုတ်ဆက်လိုက်သည်။ သူတို့ မတွေ့ရသည်မှာ တော်တော်ကြာပြီ မဟုတ်ပါလား။ ဆူနာဒဲ၏ မျက်နှာမှာမူ အေးစက်နေပြီး သူမ၏ ဒေါသက သိသိသာသာကို ထွက်ပေါ်နေသည်။
ရှင်းသည် ရှုကူကု၏ ခေါင်းပေါ်မှ လွှားခနဲ ခုန်ဆင်းလာပြီး သူ့နောက်တွင်မူ ကူရှီးနားနှင့် မီကိုတိုတို့က ကပ်လျက် ပါလာကြသည်။
"ဘာလို့ ငါ့ကိုတွေ့ရတာ မပျော်တဲ့ရုပ်နဲ့လဲ ဆူနာဒဲ? ငါကတော့ မင်းကို တွေ့ရတာ သိပ်ပျော်တာပဲ။ မင်း ဒီလိုလုပ်တာ ငါ့နှလုံးသားကို နာကျင်စေတယ်ကွာ" ရှင်းက ဝမ်းနည်းပက်လက်ဖြစ်နေသည့် ဟန်ပန်ကို အပိုလုပ်ပြလိုက်သည်။
"ဟွန်း... ကလေးစုတ်။ ဒီလောက်ကြာတဲ့အထိ ငါ့ဆီ တစ်ခေါက်တောင် လာမကြည့်ဘူး" ဆူနာဒဲက ရှင်းကို ခပ်ဖွဖွ လက်သီးဖြင့် ထိုးလိုက်သည်။
ရှင်းက သူမ၏လက်သီးကို ဖမ်းဆွဲလိုက်ပြီး အားနာသလို တဟဲဟဲ ရယ်လိုက်ကာ "ငါ အလုပ်တွေ အရမ်းရှုပ်နေလို့ပါ" ဟု ဆင်ခြေပေးလိုက်သည်။
"ဟဲ..." ဆူနာဒဲက နှာခေါင်းရှုံ့လိုက်သည်။ "ကောင်မလေးတွေနဲ့ ပွေရှုပ်နေလို့ အလုပ်ရှုပ်နေတာလား? မငြင်းနဲ့ဦး။ နဝါကီက ငါ့ကို အကုန်ဖွင့်ပြောပြီးသား"
ရှင်း သွားကြိတ်လိုက်မိသည် (ဒီကလေးစုတ်... ငါ့ကို ရောင်းစားလိုက်ပြီပေါ့!)
"ငါ့ဆီကနေ မနာလိုတဲ့ အနံ့အသက်တွေ ရနေသလားလို့?" ရှင်းက စနောက်လိုက်သည်။
"ဘယ်သူက မနာလိုဖြစ်မှာလဲ? ငါက ဘယ်တော့မှ မနာလိုမဖြစ်ဘူး!!" ဆူနာဒဲက ရှင်းကို နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။ ဒီတစ်ခါတော့ ဒေါသပါသွားသဖြင့် အားနည်းနည်း ပိုပါသွားသည်။
"ဟင်းဟင်း... ဆူနာဒဲ၊ ငါတို့ လက်ရှိဖြစ်နေတဲ့ ကိစ္စကိုပဲ အာရုံစိုက်ကြရင် ပိုကောင်းမယ် ထင်တယ်" ဟီရူဇန်က ကြားဖြတ်ပြောပြီး ရှင်းကို ကယ်တင်လိုက်သည်။ ရှင်းသည် ဤအဘိုးကြီးအပေါ် ရုတ်တရက် ကျေးဇူးတင်စိတ်များ ပေါ်လာမိသည်။
"ဟွန်း" ဆူနာဒဲက ရှင်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ကူရှီးနားနှင့် မီကိုတိုကိုလည်း ဝေ့ကြည့်လိုက်သည်။
"ရှင်း... မင်း ရောက်လာပြီဆိုတော့ ငါတို့ မင်းကိုပဲ အားကိုးရတော့မယ်" ဟီရူဇန်က ရှင်းကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ ကိုနိုဟာသာ အမှန်တကယ် အကြပ်အတည်း ဆိုက်မနေလျှင် သူ ရှင်းကို ဤနေရာသို့ ခေါ်မည်မဟုတ်ပေ။
"ကိုနိုဟာရဲ့ ဒုက္ခတွေကို ကြားရတော့ ကျွန်တော် မနေနိုင်တော့ဘူး။ ကိုနိုဟာနင်ဂျာတစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန် ကျွန်တော် ထမ်းဆောင်ရမှာပဲ။ ဒါဟာ ဝန်ထုပ်ဝန်ပိုး တစ်ခုမဟုတ်ပါဘူး" ဟု ရှင်းက လေးနက်သည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
သူ၏စကားများကြောင့် ဟီရူဇန်မှာ စိတ်လှုပ်ရှားသွားသော်လည်း ဒန်ဇိုးကမူ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဟီရူဇန်ထက် ရှင်းအကြောင်းကို ပိုသိသူဖြစ်သည်။ သူ့အတွက်မူ ရှင်း၏စကားများက အပေါ်ယံ အပိုများသာ ဖြစ်သည်။
"မင်းက ဒီလောက်တောင် မြင့်မြတ်တဲ့စိတ်ရှိမယ်လို့ ငါ မထင်ထားဘူး ကလေး" ဟု ဂျီရိုင်ယာက အံ့သြတကြီး ပြောလိုက်သည်။
"ဒါပေါ့" ရှင်းက ပြုံးလိုက်သည်။ ဟီရူဇန်နှင့် ရှင်းတို့ ခဏလောက် စကားစမြည် ပြောဆိုပြီးနောက် ဟီရူဇန်နှင့် တခြားလူများ ထွက်သွားကြသည်။
....
ဟီရူဇန်မှာ စစ်မြေပြင်တွင် အရေးကြီးသည့် ကိစ္စများ ရှိသေးသဖြင့် ရှင်းနှင့် စကားလက်ဆုံကျနေရန် အချိန်မရှိပေ။ ရှင်းကလည်း ဤအဘိုးကြီးနှင့် စကားပြောနေရသည်ကို စိတ်မဝင်စားပါချေ။
ယခုတော့ ရှင်း၊ ဆူနာဒဲ၊ ကူရှီးနား၊ မီကိုတိုနှင့် ကိုနန်တို့သာ ကျန်ခဲ့တော့သဖြင့် အခြေအနေက တစ်မျိုးကြီး ဖြစ်သွားသည်။ ဆူနာဒဲက ရှင်းကို စိုက်ကြည့်နေဆဲပင်။
"မတွေ့ရတာ ကြာပြီပဲ။ ငါတို့ ကောင်းကောင်း စကားပြောရအောင် ဆူနာဒဲ" ရှင်းက အခြေအနေကို ပြေလည်အောင် စကားစလိုက်သည်။
"ရတာပေါ့... ပြောချင်တာပေါ့" ဆူနာဒဲ၏ အပြုံးက ရှင်းကို ထိတ်လန့်သွားစေသည်။ "ငါ ရှင်းနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်" ဆူနာဒဲက ကူရှီးနားနှင့် မီကိုတိုဘက် လှည့်ပြောလိုက်သည်။
"မရပါဘူး! နင် ဘာတွေလုပ်ဦးမလဲ ဘယ်သူသိမှာလဲ? ငါတို့လည်း လိုက်မှာပဲ!" ကူရှီးနားက ချက်ချင်းငြင်းလိုက်သည်။ မီကိုတိုကမူ ကူရှီးနားကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေရှာသည်။
"မီကိုတို... နင် ဒီမိန်းမကြီးအကြောင်း မသိသေးလို့ပါ။ သူက ရှင်းကို မြူဆွယ်ဖို့ ကြိုးစားနေတာ ကြာပြီ" ကူရှီးနားက မီကိုတိုကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဘာ?!" မီကိုတို အံ့သြသွားပြီး ဆူနာဒဲကို ရန်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်တော့သည်။
"ကူရှီးနား... နင် သူ့ကို ဘာတွေ ပြောလိုက်တာလဲ?" ဆူနာဒဲ မျက်မှောင်ကြုတ်လိုက်သည်။ သူမ အတိအကျ မကြားရသော်လည်း မီကိုတို၏ ရုတ်တရက် ရန်လိုလာသည့် အမူအရာက နိမိတ်မကောင်းမှန်း သိသာလှသည်။
"ဘာမှမဟုတ်ပါဘူး ဆူနာဒဲအစ်မတော်ရယ်... မတွေ့ရတာ ဘယ်လောက်ကြာပြီလဲလို့ ပြောနေတာပါ။ ငါတို့လည်း နင်နဲ့ စကားပြောချင်တယ်လေ၊ ဟုတ်တယ်မလား မီကိုတို?" ကူရှီးနားက မီကိုတိုကို တံတောင်နှင့် တို့လိုက်သည်။
"ဟုတ်ပါတယ် ဆူနာဒဲအစ်မတော်။ ကျွန်မတို့လည်း စကားပြောချင်လို့ပါ" မီကိုတိုကလည်း အလိုက်သင့် ဝင်ပါလိုက်သည်။
"အဲ့ဒါ နောက်မှပြော" ဆူနာဒဲက ရှင်း၏လက်ကို ဆွဲပြီး ခပ်သွက်သွက် ခေါ်သွားတော့သည်။ ကူရှီးနားနှင့် မီကိုတိုတို့ နောက်မှ လိုက်ရန် ကြိုးစားသော်လည်း ဆူနာဒဲက အရမ်းမြန်လွန်းနေသည်။
"တောက်! သွားစို့ ကိုနန်! အဲ့ဒီ အဘွားကြီးကို သွားရှာရအောင်!" ကူရှီးနားက အော်လိုက်သည်။
"ဆူနာဒဲအစ်မတော်က အဲ့လောက်လည်း မအိုသေးပါဘူး" ကိုနန်က ဝင်ပြောလိုက်သည်။
"ငါ့မျက်စိထဲမှာတော့ အဘွားကြီးပဲ! လာစမ်းပါ!" ကူရှီးနားက ကိုနန်ကို ပွေ့ချီပြီး မီကိုတိုနှင့်အတူ ဆူနာဒဲတို့နောက်သို့ အပြေးလိုက်ပါတော့သည်။
....
ကိုနိုဟာစခန်းအနီးရှိ တောအုပ်တစ်ခုထဲတွင် ဆူနာဒဲက ရှင်းကို စိုက်ကြည့်လိုက်ပြီး "မင်း ငါ့ကို ဘာမှ ပြောစရာမရှိဘူးလား?" ဟု မေးသည်။
"မင်း မနာလိုဖြစ်နေတာလား ဆူနာဒဲ?" ရှင်းက ပြုံးပြီး မေးလိုက်သည်။
"မဟုတ်ပါဘူး" ဆူနာဒဲ၏ မျက်နှာက ဘာခံစားချက်မှ မရှိသည့်နှယ် တည်ငြိမ်နေသည်။
"ဒါပေမဲ့ မင်းဖြစ်နေတာ သိသာနေတာပဲ" ရှင်းက စနောက်ရင်း သူမအနားသို့ တိုးသွားလိုက်သည်။ ရှင်းသည် အသက် ၁၂ နှစ်သာ ရှိသေးသော်လည်း ယခုဆိုလျှင် ဆူနာဒဲနှင့် အရပ်ချင်း မတိမ်းမယိမ်း ဖြစ်နေပြီဖြစ်သည်။ ရှင်းက သူမနှင့် အနီးကပ် ရပ်လိုက်သည့်အခါ ဆူနာဒဲ မျက်နှာလေး နီမြန်းသွားသည်။
"မင်း မျက်နှာနီသွားတာ ဒါ ပထမဆုံး မြင်ဖူးတာပဲ။ မင်းလည်း ရှက်တတ်လိမ့်မယ်လို့ ငါ မထင်ထားဘူး" ရှင်းက တခိခိ ရယ်လိုက်သည်။
"အဲ့ဒါက ဘာကို ဆိုလိုတာလဲ?" ဆူနာဒဲက မျက်စောင်းထိုးလိုက်သည်။
"ဟင်းဟင်း... ဆူနာဒဲ၊ မင်း စကားပြောချင်တယ်ဆို။ ဘာအကြောင်း ပြောချင်တာလဲ?" ရှင်းက စကားလမ်းကြောင်း လွှဲလိုက်သည်။
"မင်းကတော့ ကူရှီးနားတို့၊ မီကိုတိုတို့နဲ့ ပျော်နေတာပေါ့? ငါ့ကိုတောင် မေ့နေပြီမလား?" ဆူနာဒဲ၏ အသံထဲတွင် မနာလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
"မမေ့ပါဘူး။ ဆူနာဒဲသခင်မကြီးကို ဘယ်လိုလုပ် မေ့လို့ရမှာလဲ? မေ့လိုက်ရင် ငါတော့ အသေပဲပေါ့" ရှင်းက ကြောက်လန့်ဟန်ဆောင်ကာ ပြောလိုက်သည်။
ဆူနာဒဲ တခိခိ ရယ်လိုက်မိပြီးမှ သူမ စိတ်ဆိုးနေရမည်ကို သတိရသွားသည်။ သူမ ပြန်ပြီး တည်တည်တံ့တံ့ မျက်နှာထား ပြင်လိုက်သည်။ သူမ စကားဆက်ပြောမည့်အချိန်တွင် ကူရှီးနားနှင့် မီကိုတိုတို့ နောက်ဆုံးတွင် သူတို့ကို ရှာတွေ့သွားကြသည်။
"အဘွားကြီး ဆူနာဒဲ... နင် ရှင်းကို ဘာမှ မလုပ်ဘူးမလား?" ကူရှီးနားက ဆူနာဒဲကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ကူရှီးနား... နင် ဘာပြောလိုက်တယ်?" ဆူနာဒဲ တကယ့်ကို ဒေါသထွက်သွားပြီဖြစ်သည်။ သူမ 'အဘွားကြီး' ဟု ခေါ်ခံရသည်ကို အမုန်းဆုံးပင်။ သူမသည် ယခုမှ အသက် ၂၂ နှစ်သာ ရှိသေးသည် မဟုတ်ပါလား!