အခန်း [၁၁၃] : ဂျိုးနင်ဆိုတာ ထူးခြားလို့လား?
ရှင်းနှင့် ကူရှီးနားတို့နှစ်ဦးမှာ အပြစ်တစ်ခုခုလုပ်ထားရင်း လက်ပူးလက်ကြပ် အမိဖမ်းခံလိုက်ရသည့် ကလေးငယ်များနှယ် စားပွဲတွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေကြသည်။ ကိုနန်ကတော့ သူတို့ကိုတစ်လှည့်၊ မီကိုတိုကိုတစ်လှည့် စပ်စုသလို ကြည့်နေမိသည်။ သူမ ဘာတွေဖြစ်နေမှန်း ဝေခွဲမရဖြစ်နေရှာသည်။ ပုံမှန်ဆိုလျှင် အလွန်နူးညံ့သိမ်မွေ့သော မီကိုတိုမမက ဘာဖြစ်လို့ အခုမှ ရေခဲတမျှ အေးစက်စက် အရှိန်အဝါတွေ ထွက်နေရတာလဲ? ပြီးတော့ ရှင်းကိုကိုနဲ့ ကူရှီးနားမမကရော ဘာလို့ အပြစ်ရှိသလိုမျိုး ခေါင်းမဖော်နိုင် ဖြစ်နေရတာလဲ?
"ရှင်းကိုကို... ကိုကို တစ်ခုခု မှားလုပ်ထားလို့လား?" ကိုနန်က အပြစ်ကင်းစင်စွာ မေးလိုက်သည်။
"မဟုတ်ပါဘူး... ဘာမှမမှားပါဘူး။ အင်း... ဒါနဲ့ ဒီမနက်စာက တကယ် စားလို့ကောင်းတာပဲနော်" ရှင်းက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရသည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ မနက်စာက တကယ် ရှယ်ပဲ။ မီကိုတိုရဲ့ လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုတိုးလာတာပဲနော်" ကူရှီးနားကလည်း ဘေးကနေ အလိုက်သင့် ထောက်ခံလိုက်သည်။
"...."
ရှင်းသည် မနက်စာကို အမြန်လက်စသတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ "ငါ သွားပြီး လေ့ကျင့်တော့မယ်" အခြေအနေက အတော်လေး အနေရခက်နေသဖြင့် သူ အမြန်ပဲ လစ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူသည် ခြံဝင်းထဲသို့သွားကာ တိုက်ခိုက်ရေးပညာ (Taijutsu) နှင့် ဓားသိုင်းအတတ် (Kenjutsu) ကို လေ့ကျင့်နေခဲ့သည်။ ထိုစဉ် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။
"ရှင်း... မင်း ရှိလား?" ၎င်းမှာ နာဝါကီ ဖြစ်သည်။
ရှင်း တံခါးသွားဖွင့်ပေးလိုက်သည်။ "နာဝါကီ... ဘာကိစ္စရှိလို့လဲ?"
"ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ မင်း ပြန်ရောက်ပြီဆိုတာနဲ့ လာတွေ့တာ"
"အော်... ငါက အရေးကြီးကိစ္စ ရှိတယ် အောက်မေ့လို့" ရှင်းက သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ "မင်း မစ်ရှင်မသွားဘူးလား?" စစ်ဖြစ်နေချိန်ဆိုလျှင် မစ်ရှင်တွေ တရစပ် ရှိနေသင့်သည် မဟုတ်ပါလား။
"မနေ့ညကမှ တစ်ခုပြီးလို့ ပြန်ရောက်တာ။ မင်းလည်း မနေ့ကမှ ပြန်ရောက်တယ်လို့ ကြားတယ်။ ဒါနဲ့ စစ်ပွဲက ပြီးသွားပြီလား?"
"ပြီးဖို့လား? ဝေးပါသေးတယ်။ ကီရီကတော့ စစ်ထဲက နုတ်ထွက်သွားပြီပေါ့၊ ဒါပေမဲ့ စုနာ၊ အီဝါ နဲ့ အာမီ တို့က ရှိနေသေးတယ်လေ" ရှင်းက ခေါင်းခါရင်း ဆိုသည်။ အကယ်၍ သူသာ ကြားဝင်မနှောက်ယှက်လျှင် စစ်ပွဲက မကြာခင် ပြီးဆုံးမည်မဟုတ်ပေ။ ဟီရူဇန်က သူ့ကို ဘာကြောင့် ပြန်ခေါ်ရသလဲဆိုသည်ကို သူ တိတိကျကျ မသိသော်လည်း ၎င်းနောက်ကွယ်တွင် တစ်ခုခုတော့ ရှိနေမည်မှာ သေချာသည်။
"စစ်ပွဲက ပြီးတော့မယ် ထင်နေတာ" နာဝါကီက စိတ်ပျက်လက်ပျက် ရေရွတ်သည်။
"ဒါနဲ့... ငါ ဒီမှာ ဆန်းဂျူးမျိုးနွယ်တွေ သိပ်မတွေ့မိဘူး။ အကုန်လုံး စစ်မြေပြင် ရောက်နေကြတာလား?" ဟု ရှင်းက မေးလိုက်သည်။
"အေးလေ... အကုန်လုံး ရောက်နေကြတာ။ ငါလည်း စစ်မြေပြင်ကိုသွားပြီး ကိုနိုဟာအတွက် တိုက်ပွဲဝင်ချင်တာပေါ့" နာဝါကီ၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ဝင်းလက်နေသည်။
ရှင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ "နာဝါကီ... ငါ့အမြင်တော့ မင်း အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်တာ ပိုကောင်းမယ်။ မင်းကို အားလျော့အောင် ပြောတာမဟုတ်ဘူးနော်၊ ဒါပေမဲ့ မင်းရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် စစ်မြေပြင်မှာ အသက်စတေးခံ (Cannon fodder) ပဲ ဖြစ်သွားလိမ့်မယ်"
နာဝါကီတွင် ပါရမီမရှိဟု သူ ဆိုလိုခြင်းမဟုတ်သော်လည်း အသက်အရွယ်က ကန့်သတ်ချက်တစ်ခု ဖြစ်နေသည်။ လူတိုင်းက ရှင်းကဲ့သို့ မဟုတ်ချေ။ ရှင်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ထူးကဲလွန်းသဖြင့် အသက်အရွယ်က အကန့်အသတ်မရှိသော်လည်း နာဝါကီက ထိုသို့မဟုတ်ပေ။ သူ့တွင် နတ်ဘုရားခန္ဓာကိုယ် ရှိသော်လည်း သူက ကလေးပဲ ရှိသေးသည်။ လူကြီးတစ်ယောက်နှင့် ယှဉ်ရန် အရှိန်အဝါ မလောက်သေးပေ။ ကူရှီးနား နှင့် မီကိုတို တို့သည်လည်း အသက်အရွယ်နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကြောင့် ကန့်သတ်ချက်များ ရှိနေကြပြီး အခုတလော သူတို့၏ အစွမ်းမှာ သိသိသာသာ တိုးတက်မလာသေးပေ။ နာဝါကီတွင် 'ကာဂဲ' အဆင့် ဖြစ်လာနိုင်သည့် ပါရမီရှိသော်လည်း ၎င်းမှာ အနာဂတ်အတွက်သာ ဖြစ်သည်။
လက်ရှိတွင်မူ သူ၏ အစွမ်းမှာ အထူးချူးနင် (Elite Chūnin) အဆင့်လောက်သာ ရှိပေလိမ့်မည်။ စစ်မြေပြင်တွင် ဂျိုးနင်တွေပင် အသက်ရှင်ဖို့ ရုန်းကန်နေရချိန်တွင် အထူးချူးနင်အဆင့်မှာ ဘာမှမဟုတ်ပေ။ ဤစစ်ပွဲတွင် မရေမတွက်နိုင်သော ချူးနင်များ သေဆုံးခဲ့ကြပြီးဖြစ်သည်။
"ဒါနဲ့... မင်း အခု ဂျိုးနင် ဖြစ်သွားပြီလို့ ကြားတယ်နော်။ ဂုဏ်ယူပါတယ်ကွာ!" နာဝါကီက အားကျသံဖြင့် ပြောသည်။ သူတို့က အတူတူ ကျောင်းတက်၊ အတူတူ ကျောင်းဆင်းခဲ့ကြသူတွေ ဖြစ်သော်လည်း ရှင်းကမူ ဂျိုးနင် အဆင့်သို့ ရောက်နေပြီဖြစ်သည်။
"ဒါက ဘာမှ ထူးခြားတာ မဟုတ်ပါဘူး" ရှင်းက အလေးမထားဟန်ဖြင့် ဆိုလိုက်သည်။
နာဝါကီမှာ ဆွံ့အသွားတော့သည်။ ဂျိုးနင် ဖြစ်တာက ဘာမှမထူးခြားဘူးတဲ့လား? ရှင်းက ကြွားဝါနေသလို ထင်ရသော်လည်း သူက ထိုသို့ရည်ရွယ်ခြင်းမဟုတ်ပေ။ သူ့အတွက်မူ ဂျိုးနင်ဖြစ်စေ၊ ဂဲနင်ဖြစ်စေ ဘာမှမထူးခြားချေ။ ၎င်းမှာ အစွမ်းကို တိုင်းတာသည့် စံနှုန်းမဟုတ်ဘဲ ရာထူးဘွဲ့ထူးတစ်ခုသာ ဖြစ်သည်။ ဥပမာအားဖြင့် ဟာတာကေး ဆာကူမိုသည် 'ကာဂဲ' အဆင့်အစွမ်းရှိသော်လည်း ရာထူးအရ အထူးဂျိုးနင် (Elite Jōnin) သာ ဖြစ်သည်။
"နာဝါကီ... ဘာမျက်နှာပေးလဲ? မင်းက ငါ့ကို အထင်သေးနေတာလား?" နာဝါကီ၏ မျက်နှာအမူအရာကို ကြည့်ပြီး ရှင်းက မေးလိုက်သည်။
"ဟင့်အင်း... မဟုတ်ပါဘူး!" နာဝါကီက အမြန်ခေါင်းခါပြသည်။ ရှင်းက သူ့ထက် အများကြီး ပိုသန်မာသည်ကို သူ မှတ်မိနေသည်။ အကယ်၍ ရှင်းသာ စိတ်တိုပြီး သူ့ကို ထိုးကြိတ်လိုက်လျှင် သူ ဘယ်သူ့ကိုမှ သွားတိုင်လို့ရမည်မဟုတ်ပေ။
"ကောင်းပြီလေ။ ငါက မင်းနဲ့ အစမ်းတိုက်မလို့ပဲ၊ အခုတော့ မတိုက်တော့ဘူး" ရှင်းက "ကြင်နာစွာ" ပြုံးပြလိုက်သည်။ "ဒါနဲ့... မင်းက လက်ချည်းဗလာနဲ့ လာတာလား? လက်ဆောင်ရော မပါဘူးလား?"
နာဝါကီက ခေါင်းကို ကုတ်လိုက်မိသည်။ သူ လက်ဆောင်ယူလာဖို့ သတိမရခဲ့ပေ။ "ငါ မေ့သွားလို့ပါ။ ဒါဆိုရင် ဒီည ထမင်းသွားစားကြမလား၊ ငါ ဝယ်ကျွေးပါ့မယ်" ဟု နာဝါကီက မျက်နှာလေး ရှုံ့ကာ ကမ်းလှမ်းလိုက်သည်။ ရှင်း၏ စားနိုင်စွမ်းက မည်မျှကြီးမားသည်ကို သူ ကောင်းကောင်းသိနေသည်။
"ရတာပေါ့၊ အလကားကျွေးမယ့် ထမင်းကိုတော့ ငါ မငြင်းပါဘူး။ ဒါပေမဲ့ မင်းရဲ့ ပိုက်ဆံအိတ်ကရော အဆင်ပြေရဲ့လား?" ရှင်းက ခနဲ့လိုက်သည်။
"မစ်ရှင်တွေကနေ စုထားတဲ့ ပိုက်ဆံလေးတွေ ရှိပါတယ်။ ငါ့ပိုက်ဆံအိတ်လေးကိုတော့ ညှာပေးပါဦး" နာဝါကီက သူ့ပိုက်ဆံအိတ်ကို ပွတ်ရင်း သနားစရာမျက်နှာလေးဖြင့် ပြောလိုက်သည်။
"ကူရှီးနား၊ မီကိုတို၊ ကိုနန်... နာဝါကီက ဒီည ထမင်းဝယ်ကျွေးမယ်တဲ့ဟေ့!" ရှင်းက လှမ်းအော်ပြောလိုက်ရာ မိန်းကလေးသုံးဦး ထွက်လာကြသည်။ မီကိုတိုကတော့ မျက်မှောင်ကြုတ်နေဆဲပင်။ နာဝါကီက မီကိုတို၏ အမူအရာကို မြင်ပြီး ရှင်းကို တံတောင်နှင့် တိုက်လိုက်သည်။
"မီကိုတို ဘာဖြစ်နေတာလဲ?"
"အဟမ်း... မေးခွန်းတွေ အများကြီး မမေးနဲ့" ဟု ရှင်းက ဆိုသည်။
"အေးပါ... မင်းတို့ လျှို့ဝှက်ချက်တွေ ငါ မသိချင်ပါဘူး" နာဝါကီက စပ်စုချင်သော်လည်း အတင်းတော့ မမေးတော့ပေ။
"နာဝါကီ... မင်းက ဘယ်တုန်းက ဒီလောက် ရက်ရောသွားတာလဲ? ထမင်းတောင် ဝယ်ကျွေးလို့" ကူရှီးနားက အံ့သြတကြီး မေးသည်။
"ငါက ဘယ်တုန်းက ကပ်စေးနှဲလို့လဲ?" နာဝါကီက ဗြစ်တောက်ဗြစ်တောက် ပြောသည်။ "အခု သွားကြမှာလား?"
"ခုနတင် မနက်စာ စားထားတာလေ။ မဗိုက်ဆာသေးဘူး။ နေလယ်ကျမှ သွားရအောင်။ အဲ့ဒီအချိန်အထိ ငါနဲ့ လေ့ကျင့်ပေးမယ်" ဟု ရှင်းက ပြောလိုက်သည်။ သူသည် နာဝါကီကို နည်းစနစ်အချို့ ပြသပေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ ဆူနာဒဲကြောင့်တင် မဟုတ်ဘဲ သူတို့က သူငယ်ချင်းတွေ ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။