အခန်း (၄၃) အစားထိုးနိုင်ရမည်။
... လျှိုပေ့သည် စကားတစ်ခွန်းတည်းဖြင့် ယခင်ဖြစ်ပျက်ခဲ့သမျှကို လွီပုအပေါ်သို့ လွှဲချလိုက်သည်။ အဆုံးတွင်မူ သည်လူအများစုမှာ မူလက ဟွာရှုံ၏ ကိုယ်ပိုင်တပ်သားများ ဖြစ်ကြပြီး ဟွာရှုံသည်လည်း သစ္စာစောင့်သိမှု၊ ရဲစွမ်းသတ္တိ နှစ်ခုစလုံးတွင် လျှိုပေ့ စိတ်ကျေနပ်လောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် လျှိုပေ့အနေဖြင့် သေးနုပ်သောအချက်များကို အငြင်းပွားမည်မဟုတ်ရာ ဟွာရှုံကိုလည်း အရှက်ရစေမည်မဟုတ်ပေ။
“ဟွာရှုံ... မင်း သည်လူတွေကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိရဲ့လား”
ချန်းရှီက မျက်မှောင်ကုပ်လျက် မေးလိုက်သည်။ သူသည် ဟွာရှုံ အဖမ်းခံရပြီးနောက် ဟွာရှုံ၏ တပ်ခွဲကို မည်သို့ကိုင်တွယ်ရမည်ကို ကြိုတင်စဉ်းစားထားခဲ့သည်။ သို့သော်လည်း လွီပုက ဟွာရှုံ၏ တပ်ခွဲတစ်ခုလုံးကို တကယ်ခေါ်ဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ၎င်းတို့ကို ပြန်လည်ခွဲဝေရန် ခက်ခဲသွားသည်။
“စိုးရိမ်စရာမလိုပါဘူး အမတ်မင်း... သူတို့က အရှင်သခင်ထံ ခိုလှုံခဲ့ပြီးပြီဆိုမှတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တပ်သားဆိုတဲ့ ယခင်က အဆင့်အတန်းက မပတ်သက်တော့ပါဘူး။ သုံ့ပန်းက သုံ့ပန်းပါပဲ။ ကျွန်တော့်လက်အောက်မှာ ရှိခဲ့ဖူးရုံနဲ့ သူတို့ကို အထူးအခွင့်အရေး မပေးသင့်ပါဘူး”
ဟွာရှုံက တည်ကြည်စွာ ပြောသည်။ သည်အချက်တွင်မူ သည်လူမှာ အနည်းငယ် တင်းကျပ်ပြီး စည်းကမ်းကြီးလွန်းနေသေးသည်။
ချန်းရှီနှင့် လျှိုပေ့တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လျှိုပေ့က ခေါင်းငြိတ်ပြသည်ကို မြင်မှ ချန်းရှီက ဟွာရှုံဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ ကိုယ်ပိုင်တပ်သားတွေကို သည်လူတွေထဲကနေ ရွေးချယ်ပြီး အရင်လိုပဲ မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ထားလိုက်ပါ။ သည်လောက် ကြာကြာ လက်တွဲခဲ့ကြတာဆိုတော့ ချက်ချင်းကြီး တပ်ဖျက်ပြီး ပြန်ဖွဲ့စည်းရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ထိခိုက်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ကျန်တဲ့လူတွေကိုတော့ အရှင်ရွှမ်တယ်ကပဲ ကိုင်တွယ်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့တပ်တွေ မင်းလက်အောက်ကို ပြန်ရောက်သွားပြီးမှ အခုရှိနေတဲ့ စံနှုန်းကို မထိန်းထားနိုင်ရင်တော့ သူတို့ရဲ့ တပ်ဖွဲ့စည်းပုံကို ငါရုပ်သိမ်းပစ်လည်း စိတ်မဆိုးနဲ့ဦး”
“အမိန့်အတိုင်းပါ”
ဟွာရှုံက ကျယ်လောင်စွာ ပြန်ထူးလိုက်ရာ သူ၏အသံတွင် ဝမ်းမြောက်မှုတို့ အထင်အရှား ပါဝင်နေသည်။ အဆုံးတွင်မူ စစ်စည်းကမ်းက စစ်စည်းကမ်း၊ ပုဂ္ဂိုလ်ရေးသံယောဇဉ်က ပုဂ္ဂိုလ်ရေးသံယောဇဉ်သာ ဖြစ်သည်။ ဟွာရှုံအနေဖြင့် ပုဂ္ဂိုလ်ရေးသံယောဇဉ်နှင့် စစ်စည်းကမ်း ပဋိပက္ခဖြစ်လာလျှင် စစ်စည်းကမ်းကို လိုက်နာနိုင်သော်လည်း... တရုတ်ပြည်သည် ရှေးယခင်ကတည်းက လူမှုဆက်ဆံရေးကို တန်ဖိုးထားသည့် လူ့အဖွဲ့အစည်းဖြစ်သဖြင့် နှစ်ဖက်လုံး မျှတအောင် စဉ်းစားပေးနိုင်သည်က ပို၍ကောင်းမွန်သည် မဟုတ်ပါလော။
မကြာမီ ဟွာရှုံသည် သူ၏ယခင် ကိုယ်ပိုင်တပ်သားများကို ရွေးချယ်လိုက်ရာ သည်လူများမှာ ဟွာရှုံ၏ အမိန့်ပေးသံကို အပြည့်အဝ ယဉ်ပါးနေကြကြောင်း ထင်ရှားလှသည်။ ဟွာရှုံ၏ ဦးဆောင်မှုအောက်တွင် စနစ်တကျရှိလှသော တပ်ခွဲသည် ချက်ချင်းပင် စည်းလုံးညီညွတ်သွားပြီး တောက်လောင်နေသော တိမ်တိုက်တစ်ခုကဲ့သို့ ခိုင်မာတောင့်တင်းလှသည့် ‘လွှမ်းမိုးခြင်းချီအဆင့်’ တိမ်တိုက်ကြီးကို ဖြစ်ပေါ်စေသည်။ ကွမ်းယု၊ ကျန်းဖေးနှင့် ကျောက်ယွင်တို့ကဲ့သို့ပင် သည်တောက်လောင်နေသော တိမ်တိုက်နှင့်တူသည့် ချီတိမ်တိုက်ကြီးသည် ဟွာရှုံနှင့် သူ၏တပ်ခွဲကို လွှမ်းခြုံထားပြီး သူကိုယ်တိုင်က ရှေ့ဆုံးမှ စစ်သေနာပတိချုပ်အဖြစ် ရပ်တည်နေသည်။ ၎င်းက ကွမ်းယု၊ ကျန်းဖေးနှင့် ကျောက်ယွင်တို့ထက်ပင် ပို၍ ခန့်ညားထည်ဝါနေပုံရသည်။ ရှီးလျောင်၏ ရဲရင့်သော စစ်သူကြီးတစ်ဦးအနေဖြင့် ဟွာရှုံသည် အလွန်အစွမ်းထက်သော မြင်းစီးတပ်မှူးတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဟွာရှုံက လူလေးထောင်ကို ရွေးချယ်ပြီးနောက်တွင် ကွမ်းယုနှင့် ကျန်းဖေးတို့မှာ မနာလိုစိတ်ဖြင့် တံတွေးပင် မျိုချမိလုနီးပါး ဖြစ်သွားကြသည်။ သူတို့သည် ယခင်က ရှီးလျောင်အထူးမြင်းစီးတပ်ကို အရှက်ရစရာဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ဟွာရှုံက တာဝန်ယူလိုက်သည်နှင့် ၎င်းတို့၏ အထူးတပ်ဖွဲ့ သဘာဝကို ချက်ချင်း ပြသလာကြသည်။
ချန်းရှီသည် ကွမ်းယုနှင့် ကျန်းဖေးကို ကြည့်လိုက်ပြီး မိမိ၏ လက်နက်ကိုသာ စိတ်ဝင်တစားသုတ်သင်နေသော ကျောက်ယွင်ကိုလည်း ကြည့်ကာ သက်ပြင်းချမိသည်။ နယ်စားပဒေသရာဇ်ငယ် တစ်ယောက်အတွက် သည်တပ်ဖွဲ့က အလွန်အင်အားတောင့်တင်းမည် ဖြစ်သော်လည်း ဤနေရာတွင် ရှိနေကြသူအနည်းငယ်၏ နောင်တစ်ချိန် အောင်မြင်မှုများကို ထည့်တွေးလျှင်မူ အားလုံးကို တစ်ယောက်တည်း ပေးလိုက်လျှင်ပင် နည်းလွန်းနေသေးသည်ဟု ခံစားရသည်။ သည်တော့ ခွဲဝေပေးရန် တကယ်ကို မလုံလောက်ပေ။
“လူငါးရာကို ဇီချွမ်(ချန်းရှီ)အတွက် သက်တော်စောင့်အဖြစ် ပေးလိုက်မယ်၊ ပြီးတော့ ယွန်းချန်(ကွမ်းယု)၊ရီတယ်(ကျန်းဖေး)နဲ့ ဇီလုံ(ကျောက်ယွင်)တို့ကို တစ်ယောက်ကို တစ်ထောင်ငါးရာစီ ခွဲပေးလိုက်ပါ။ ပိုတဲ့လူတွေကိုတော့ ငါ့ဆီ လွှဲပေးပါ”
လျှိုပေ့က ခွဲဝေမှုအမိန့်ကို ထုတ်ပြန်လိုက်သည်။ ကွမ်းယု၊ ကျန်းဖေးနှင့် ကျောက်ယွင်တို့ကို ခွဲဝေပေးပြီးနောက်တွင် များများစားစား ကျန်တော့မည်မဟုတ်သော်လည်း လျှိုပေ့ကိုယ်တိုင်က တပ်ကို တိုက်ရိုက်ကွပ်ကဲလေ့မရှိပေ။ ယခင်က သူ့တွင် အဝါရောင်သူပုန်ထကြွမှုမှ ယုံကြည်ရသော လူယုံတစ်ထောင်ရှိခဲ့သော်လည်း ၎င်းတို့ကို ကွမ်းယုနှင့် ကျန်းဖေးတို့က ဦးဆောင်ခဲ့သည်။ ယခုအခါ ကွမ်းယုနှင့် ကျန်းဖေးတို့ကို မြင်းစီးတပ်များ အပိုင်ပေးလိုက်ပြီဖြစ်ရာ သူသည် ယခင်က ဝါရင့်လူယုံတော်များကို မိမိ၏ ကွပ်ကဲမှုအောက်တွင် ပြန်လည်စုစည်းနိုင်ပြီဖြစ်ပြီး ၎င်းကလည်း ကိစ္စရပ်များကို ဖြေရှင်းသည့် အခြားနည်းလမ်းတစ်ခု ဖြစ်သည်။
ကွမ်းယု၊ ကျန်းဖေးနှင့် ကျောက်ယွင်တို့သည် ပြင်းထန်သော တိုက်ပွဲကြီးများကို များများစားစား မကြုံတွေ့ရသေးသော်လည်း ကျော်ကြားသော စစ်သူကြီးများ ဖြစ်လာမည့် အခြေခံအုတ်မြစ်ကို ချမှတ်ထားပြီးဖြစ်ကြောင်း ပြောရပေမည်။ အနည်းဆုံးတော့ သူတို့သည် ရှီးလျောင်အထူးမြင်းစီးတပ်ကို လျင်မြန်စွာ တည်ငြိမ်သွားစေခဲ့သည်။ သူတို့သည် ဟွာရှုံကဲ့သို့ ခြိမ်းခြောက်တတ်သော စစ်သွေးစစ်မာန်ချီကို မထုတ်ဖော်နိုင်သေးသော်လည်း မကြာသေးမီက ရှုံးနိမ့်ခဲ့သော သုံ့ပန်းများနှင့် မတူတော့ဘဲ အထူးတပ်ဖွဲ့များ၏ အရှိန်အဝါကို စတင်ပြသလာကြသည်။ ပြန်ရောက်၍ ပြန်လည်ဖွဲ့စည်းပြီးပါက စစ်မြေပြင်သို့ တစ်ကျော့ပြန်ဝင်ရန် အဆင်သင့်ဖြစ်လိမ့်မည်ဟု ထင်ရသည်။
ကွမ်းယုနှင့် ကျန်းဖေးတို့က လွင်ပြင်ကျယ်ပေါ်တွင် မြင်းစီးတပ် တစ်ထောင်ငါးရာစီကို အသီးသီးဦးဆောင်ကာ ပျော်ရွှင်စွာ စုဝိုင်းပတ်ပြေးနေကြသည်ကို ကြည့်ပြီး ချန်းရှီမှာ မည်သည့်မျက်နှာထား သုံးရမှန်း မသိတော့ပေ။
အစ်ကိုဒုတိယ... မင်းရဲ့ဘဝက တကယ်ကို ဆင်းရဲလွန်းခဲ့တာပဲ မဟုတ်လား။ မြင်းစီးတပ်သား တစ်ထောင်ငါးရာလေးအတွက်နဲ့ သည်လောက်တောင် ဝမ်းသာနေဖို့ လိုလို့လား။ နောင်မှာ သည်ထက်ကောင်းတဲ့ နေ့ရက်တွေ ရှိသေးတယ်ဆိုတာ မင်းမသိဘူးလား။
ချန်းရှီအနေဖြင့် ကွမ်းယုနှင့် ကျန်းဖေးတို့ကို ဆက်ပြီး အရေးစိုက်မနေတော့ပေ။ သူက မသိနားမလည်သူ မဟုတ်ပါ။ ယခုအချိန်သည် ဒုံကျွမ်က တစ်ပြည်လုံးကို ဆူပူသောင်းကျန်းအောင် လုပ်နေသည့် အချိန်ဖြစ်သည်။ ဒုံကျွမ်၊ ကုန်းစွန်းဆန်နှင့် မာထိန်တို့ကလွဲ၍ မြေပြင်တစ်ခုလုံးတွင် မြင်းစီးတပ် အင်အား အလွန်နည်းပါးသည်။ ဒါပေမဲ့ မာထိန်... မင်းရဲ့မြင်းစီးတပ်က ဘယ်ကနေ ရောက်လာတာလဲ။ အားနည်းလှတဲ့ ရှီးလျောင်က ဒုံကျွမ်ရဲ့ နယ်မြေမဟုတ်ဘူးလား။ အကျဉ်းချုပ်ရလျှင် သည်အချိန်တွင် မြင်းစီးတပ်အင်အားက အလွန်ရှားပါးလှသည်။
ဟုတ်ပေသည်... ကန်းပါးနီတိုက်ပွဲ မတိုင်မီက ချောင်းချောင်း ဖြစ်စေ၊ ကန်းပါးနီတိုက်ပွဲ အပြီးက ဆွန်းမျိုးနွယ်စုနှင့် လျှိုပေ့ ဖြစ်စေ၊ မြင်းများက ရှားပါးလှသဖြင့် မတတ်နိုင်ပေ။ ယွန်းရှောက် ဖြစ်စေ၊ ချောင်းချောင်း ဖြစ်စေ မြင်းများသည် မဟာဗျူဟာမြောက် ပစ္စည်းများဖြစ်ပြီး အလွန်အကျွံ ကုန်သွယ်၍မရကြောင်း သိကြသည်။ ထို့ကြောင့် မြက်ခင်းပြင်ကြီးပေါ်တွင် တောရိုင်းမြင်းအုပ်ကြီးများ ရှိနေသော်လည်း စစ်ပွဲသခင်များတွင်မူ မြင်းစီးတပ်သား အနည်းငယ်သာ ရှိကြခြင်းဖြစ်သည်။
“အရှင်ရွှမ်တယ်... စစ်သူကြီးကွမ်းနဲ့ စစ်သူကြီးကျန်းတို့ကို စခန်းကို ပြန်ဖို့ အကြောင်းကြားလိုက်ပါ”
ချန်းရှီက အောက်ခြေတွင် သူတို့၏ စစ်ဗျူဟာအစီရင်များကို တဖြည်းဖြည်း ကျွမ်းကျင်လာကြသူ နှစ်ဦးကို ကြည့်ရင်း လျှိုပေ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ အသီးသီးရှိတဲ့ စစ်ပွဲသခင်တွေရဲ့ တကယ့်မျက်နှာဖုံးတွေကို မြင်ရတော့မယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် လျှောက်ရမယ်။ ဒါပေမဲ့ လီရူးက လော့ယန်ကို အစာအဖြစ် သုံးနိုင်တယ်ဆိုရင် စစ်ပွဲသခင်တွေကို စိတ်ဝမ်းကွဲအောင် တခြားအစာတွေ ချန်ထားခဲ့တာကလည်း သဘာဝကျပါတယ်။ သည်အစာက ကော မြှူဆွဲနိုင်လောက်ရဲ့လားလို့ စဉ်းစားမိတယ်”
“ဇီချွမ်... လီရူးက တကယ်ပဲ မင်းပြောသလို ကြောက်စရာကောင်းလို့လား”
လျှိုပေ့က ချန်းရှီ၏ စကားကို အနည်းငယ် ဝေခွဲမရဖြစ်ကာ မေးလိုက်သည်။
“သည်လူနဲ့ ရင်ဆိုင်ရတဲ့အခါ ကံတရားကို ဘယ်တော့မှ မျှော်လင့်လို့မရဘူး။ မဟုတ်ရင် ကောင်းမွန်နေတဲ့ အခြေအနေတစ်ခုဟာ သူ့ကြောင့် လုံးဝ ပရမ်းပတာ ဖြစ်သွားနိုင်တယ်။ သူက အရှင်သခင် အမှားကို ရွေးချယ်မိသွားတာပဲ နှမြောဖို့ကောင်းတာ။ ဒုံကျွမ်ရဲ့ နေရာမှာ စိတ်တည်ငြိမ်တဲ့ အုပ်ချုပ်သူတစ်ယောက်သာ ရှိခဲ့ရင် တရုတ်ပြည်ဟာ လက်ပြောင်းသွားလောက်ပြီ”
ချန်းရှီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ လျှိုပေ့က ယုံကြည်ပုံမရသေးသည်ကို မြင်သဖြင့် ချန်းရှီက သက်ပြင်းချကာ မေးလိုက်သည်။
“ဇီကျန့်... ရှီးလျောင်ကနေ လော့ယန်အထိ၊ ဒုံကျွမ် မပျက်စီးခင်တုန်းက လီရူးရဲ့ စစ်ဗျူဟာ အစီအမံတွေမှာ အမှားအယွင်း ရှိခဲ့ဖူးလား”
“ဗျာ...”
ဟွာရှုံက ဆတ်ခနဲ ဖြစ်သွားပြီး ချန်းရှီက စကားလမ်းကြောင်းကို မိမိဘက်သို့ လွှဲလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သို့သော် ကြားလိုက်ရပြီးနောက် သူက ပြန်လည်တွေးတောမိကာ ပို၍ တည်ကြည်လေးနက်လာသည်။ နောက်ဆုံးတွင်မူ အံ့ဩတုန်လှုပ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“မရှိဘူး... ဘာအမှားမှ မရှိခဲ့ဘူး။ ကျွန်တော် တစ်ခါမှ သတိမထားမိခဲ့ဘူး။ သူက အမြဲတမ်း သူ့ရဲ့ခြေရာတွေကို ဖျောက်ပြီး နိုင်ငံတော်အမတ်ကြီးရဲ့ အရိပ်အောက်မှာပဲ လုံးဝ ပုန်းကွယ်နေခဲ့တာပဲ”
“ကဲ... မြင်ပြီမဟုတ်လား၊ ကြောက်စရာကောင်းတယ် မဟုတ်လား။ ဇီကျန့်က သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီး သူ့ရဲ့ စစ်ဗျူဟာတွေကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာတောင် သူ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဘူးဆိုတာကို မသိခဲ့ဘူး။ ဒါကြောင့် အရှင်ရွှမ်တယ်... သူ့ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့”
ချန်းရှီက လက်နှစ်ဖက်ကို ဖြန့်ကာ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
လော့ယန်သို့ မလာမီက လီရူး၏ အစီအမံများတွင် အမှားအယွင်း မရှိခဲ့သည်ကို ချန်းရှီက ကြိုတင်သိရှိထားသည်။ ၎င်းက ဒုံကျွမ်က အမှားအမှန်ကို ခွဲခြားနိုင်ရုံသာမက လီရူးကိုယ်တိုင်ကလည်း အလွန်အမင်း စွမ်းဆောင်ရည် မြင့်မားသောကြောင့် ဖြစ်သည်။ ထို့ပြင် သည်ကာလအတွင်း ရှီးလျောင်မှ ယုံကျိုးအထိ တကယ့် စစ်ဗျူဟာရှင်များ မရှိခဲ့ဘဲ လီရူးနှင့် ထိပ်တိုက်တွေ့ခဲ့သူများမှာ အရေးမပါသော လူငယ်များသာ ဖြစ်သောကြောင့်လည်း ပါဝင်သည်။
လျှိုပေ့က သက်ပြင်းချလိုက်ရင်း...
“လောကကြီးမှာ အရည်အချင်းရှိသူတွေ သည်လောက်တောင် များတာပဲ။ ဒုံကျွမ်လို လူမျိုးမှာတောင် လွီပုနဲ့ လီရူးလို အရည်အချင်းရှိတဲ့ လူတွေ ရှိနေတာပဲ”
ထို့နောက် သူက ချန်းရှီ၏ အပြစ်ကင်းစင်သော မျက်နှာကို ကြည့်ကာ စိတ်သက်သာရာ အနည်းငယ် ရသွားသည်။ ၎င်းနောက် သူ၏ ထူးချွန်လှသော စစ်သူကြီး လေးဦးကို လှမ်းကြည့်လိုက်ရာ စိတ်ထဲက စိုးရိမ်မှုများမှာ လျော့ပါးသွားတော့သည်။
လွီပုက ငါ့ရဲ့ ညီကိုတွေနဲ့ ကျောက်ယွင်တို့ကြောင့် ရှုံးနိမ့်ခဲ့ရတယ်၊ လီရူးကလည်း ချန်းရှီရဲ့ အကြံဉာဏ်အောက်မှာ အရှုံးပေးခဲ့ရတယ်၊ မလွဲမသွေပဲ သူက လွီပုနဲ့ လမ်းခွဲရလိမ့်မယ်။ ငါ့မှာ ဒုံကျွမ်ထက် ပိုအစွမ်းထက်တဲ့ စစ်ဘက်အရပ်ဘက် အရာရှိတွေ ရှိတယ်။ တစ်နေ့မှာ ငါကပဲ သူ့နေရာကို အပြတ်အသတ် အစားထိုးနိုင်ရမယ်။
လျှိုပေ့က စိတ်ထဲကနေ တိတ်တဆိတ် တွေးတောနေမိသည်။