အခန်း (၃၇) စိတ်ကူးယဉ်စစ်အုပ်စုတစ်စု
နေ့စဉ်ရက်ဆက်ဆိုသလို မဟာမိတ်တပ်မတော်နှင့် ဒုံကျွမ်၏တပ်မတော်တို့သည် ပုံမှန်တိုက်စစ်နှင့် ခံစစ်တိုက်ပွဲများကိုသာ ဆင်နွှဲနေကြရာ မဟာမိတ်တပ်ဘက်ကလည်း ထိုးဖောက်မဝင်နိုင်သလို ဒုံကျွမ်၏တပ်များကလည်း ထွက်မတိုက်လိုကြချေ။ ထို့ကြောင့်ပင် မသေမရှင် အသက်ငင်နေသည့်အလား ရည်ရွယ်ချက်မရှိဘဲ အချိန်ဆွဲနေကြတော့သည်။ ယွမ်ရှောက်သည်လည်း ဒုံကျွမ်နှင့် မိုးမြေမမျှအောင် ရန်ငြိုးဖွဲ့ထားပါသည်ဟူသော ယခင်က ကြွေးကြော်ခဲ့သည့်စကားကို လုံးဝမေ့လျော့သွားပုံရ၏။ သူသည် ယခုအခါတွင် လုံလောက်သော အရှိန်အဝါဂုဏ်သတင်းကို ရရှိထားခဲ့ပြီ ဖြစ်သည်။ တကယ်၍သာ သူသည် ဟူလောင်တံခါးကို သိမ်းပိုက်နိုင်ပြီး လော့ယန်သို့ စစ်ချီနိုင်ခဲ့မည်ဆိုပါက သူ့ဂုဏ်သတင်းသည် တစ်ပြည်လုံး အနှံ့အပြားသို့ အမှန်တကယ် ကျော်ဇောသွားပေလိမ့်မည်။
ချန်းရှီသည် သွေးစွန်းနေသော ဟူလောင်တံခါးကို ငေးကြည့်ရင်း မြို့သိမ်းတိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ ကျဆုံးနေရသဖြင့် သည်မျှအထိ ရက်စက်ကြမ်းကြုတ်လှသည်ကို နားလည်သွားသည်။
"ဇီချွမ်... ဒီအတိုင်းဆိုရင် ငါတို့ လော့ယန်ကို ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမယ် ထင်လဲ"
ကျန်းဖေးက မှုန်မှိုင်းသောမျက်နှာထားဖြင့် မေးမြန်းလာသည်။ ပြီးခဲ့သည့်အကြိမ်က သူရရှိခဲ့သော ပြင်းထန်သည့် ဒဏ်ရာများသည် ယခုအခါ ကိုးပုံခန့် သက်သာပျောက်ကင်းနေပြီ ဖြစ်၏။ ထို့အပြင် ကျန်းဖေးကိုယ်တိုင် ပြောပြချက်နှင့် ကွမ်းယု၊ ကျောက်ယွင်တို့၏ အကဲခတ်မှုများအရ သူ၏ခွန်အားသည် ယခင်ကထက် တစ်ဆင့်မြင့်တက်လာခဲ့သည်ဟု ဆိုရမည်။
"မကြာတော့ပါဘူး၊ အရင်က မြို့တံခါးအထက်မှာ ထိုင်နေလေ့ရှိတဲ့ ဒုံကျွမ်ကို မမြင်ရတာ ရက်အတော်ကြာပြီပဲ။ ကြည့်ရတာ ဒုံကျွမ်ရဲ့တပ်တွေ တံခါးကို စွန့်ခွာပြီး ဆုတ်ခွာတော့မယ့် ပုံပဲ"
ချန်းရှီက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောလိုက်သည်။
"ဒါနဲ့... တတိယအစ်ကို၊ လွီပုကို ဘယ်လိုမြင်လဲ"
"လွီပု ဟုတ်လား..."
ကျန်းဖေး၏ မျက်နှာတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သူ၏ခေါင်းကို ကုတ်ရင်း ပြောလေသည်။
"အမှန်အတိုင်း ပြောရရင် သူက တကယ့်ကို ထိပ်တန်းဆရာတစ်ယောက် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စရိုက်ကိုတော့ ငါ တကယ် မကြိုက်ဘူး။ မင်းက ဘာလို့ မေးတာလဲ ဇီချွမ်"
"ကျွန်တော်က စစ်သူကြီးတွေနဲ့ စိတ်ကူးယဉ်စစ်အုပ်စုတစ်ခုကို ဖွဲ့စည်းမလို့ဗျ။ အခြေခံ သတ်မှတ်ချက်ကတော့ အစ်ကိုတို့ရဲ့ အဆင့်မျိုး ဖြစ်ရမယ်"
ချန်းရှီက မည်သည့်ခံစားချက်မျှမရှိဘဲ ပြောလိုက်သည်။
"ဟမ်... ဒါဆိုရင်တော့ ခက်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က လက်ချိုးရေတွက်လို့ရတဲ့ ထိပ်တန်းအဆင့်ထဲမှာ ပါနေတာကိုး"
ကျန်းဖေးသည် အထီးကျန်နေသော ပညာရှင်တစ်ဦးကဲ့သို့ ခေါင်းကို မော့လျက် မာန်ဝင့်ကာ ပြောလိုက်၏။
"လွီပုလက်ချက်နဲ့ သေလုမတတ် ဖြစ်ခဲ့ရတာကိုတော့ မေ့နေပုံပဲ..."
ချန်းရှီက မျက်လုံးကို ဝှေ့ယမ်းရင်း စောင်းမြောင်းပြောဆိုလိုက်သည်။
"ဇီချွမ်... လွီပုရဲ့ စရိုက်ကို ခဏဖယ်ထားဦး၊ သူ့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့တင် သူ့ကို ငါတို့လူဖြစ်အောင် စည်းရုံးဖို့ဆိုတာ တကယ့်ကို ခက်ခဲလိမ့်မယ်"
ကျောက်ယွင်က ချန်းရှီ၏ နောက်ကွယ်မှ အသံမထွက်ဘဲ ပေါ်ထွက်လာရင်း ပြောလိုက်သည်။
"ဒါဆိုရင် အစ်ကိုတို့လည်း သူ့ကို စည်းရုံးဖို့ စိတ်မရှိဘူးပေါ့"
ချန်းရှီ ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျောက်ယွင်သာမက ကွမ်းယုနှင့် လျှိုပေ့ပါ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
"မှန်တယ်၊ လွီပုက အတုမရှိတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ ဇီချွမ်... မင်းသာ သူ့ကို စည်းရုံးဖို့ ကြိုးစားချင်တယ်ဆိုရင် စမ်းကြည့်လို့ ရတာပေါ့"
လျှိုပေ့က သတိကြီးစွာဖြင့် ခွင့်ပြုချက် ပေးလိုက်သည်။ အကယ်၍ သည်ကိစ္စသည် အကျိုးသက်ရောက်မှု သိပ်မကြီးမားဘူးဆိုလျှင် ချန်းရှီ လိုလားသရွေ့ အချိန်အနည်းငယ် အကုန်အကျခံရသည်ကို သူ စိတ်မရှိချေ။
တစ်ချိန်တည်းမှာပင် လီရူးသည် ဒုံကျွမ်၏ ညွှန်ကြားချက်များအတိုင်း စာရွက်စာတမ်းများကို ပြင်ဆင်နေသည်။ သည်စာရွက်စာတမ်းအစုအဝေးကို ပြီးစီးအောင် ဆောင်ရွက်ပြီးပါက သူ၏တွက်ချက်မှုအရ ထုံယို(မီးလောင်လွယ်တဲ့အဆီရည်)များကိုလည်း သင့်လျော်သလို စီမံပြီးလောက်ပြီ ဖြစ်၏။ ကျန်ရှိနေသည်မှာ ရတနာများနှင့် စည်းစိမ်ချမ်းသာ အားလုံးကို ယူဆောင်သွားရန်နှင့် ကွမ်းတုန်းမှ ကြွက်သူခိုးအားလုံးကို ထောင်ချောက်ထဲသို့ ဆွဲခေါ်ရန် သတင်းအချို့ ပေါက်ကြားအောင် လုပ်ဆောင်ပြီးနောက် ၎င်းတို့ကို သေလုမတတ် မီးရှို့ပစ်ရန်သာ ရှိတော့သည်။
"ဟင်..."
လီရူးသည် အသနားခံစာကို ကြည့်ပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် ဘေးတွင်ရှိသော အလွတ်ဖြစ်နေသည့် ဧကရာဇ်အမိန့်တော်စာချွန်လွှာကို ယူကာ အကြောင်းအရာအချို့ကို ပေါ့ပေါ့ပါးပါး ရေးသားပြီးနောက် နတ်ဘုရားကျောက်တုံး ဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းတံဆိပ် ကို ခတ်နှိပ်လိုက်သည်။ ထို့နောက် သူသည် ထိုအသနားခံစာကို ဂရုမစိုက်ဘဲ ဘေးသို့ လွှင့်ပစ်လိုက်ပြီး နောက်ထပ်စာရွက်စာတမ်းများကို ဆက်လက် စစ်ဆေးနေလေရာ အာဏာကို အမှန်တကယ် လက်ဝါးကြီးအုပ်ထားနိုင်ကြောင်း ထင်ရှားလှသည်။
မီးအလင်းရောင်အောက်တွင်မူ ထိုအသနားခံစာ၌ မြောက်ပင်လယ်နယ်စား ကုန်းရုံ နှင့် ရွှီကျုံးမြို့ဝန် တောင်းချန်း တို့က ဟန်တော်ဝင်မျိုးနွယ်စု ဖြစ်သော လျှိုရွှမ်တယ်အား ထိုက်ရှန်းနယ်စားအဖြစ် ခန့်အပ်ရန် ထောက်ခံတင်ပြထားပြီးနောက် မြောက်ပင့်ပြောဆိုထားသော စကားများစွာ ရေးသားထားသည်မှာ ထင်ရှားစွာ မြင်တွေ့နေရသည်။ သူ၏ သတင်းကွန်ရက်အရ ကွမ်းယု၊ ကျန်းရီတယ်နှင့် ကျောက်ယွင်တို့သည် လျှိုပေ့၏ လူများဖြစ်ကြောင်း လီရူး သိရှိထားသဖြင့် ထိုကဲ့သို့ စွမ်းဆောင်ရည်ရှိသော စစ်သူကြီးများကို စည်းရုံးရန် သဘာဝကျကျပင် စိတ်ဝင်စားနေခဲ့သည်။
ယခုအခါ အုပ်ချုပ်သူမင်းက အာဏာအားလုံးကို သူ၏လက်ထဲသို့ လွှဲအပ်ထားသဖြင့် သူသည် အုပ်ချုပ်သူမင်းအတွက် လုံ့လစိုက်ထုတ်ရပေမည်။ ယခုအချိန်တွင် သည်အဆက်အသွယ်ကို အသုံးမလိုသေးသော်လည်း နောင်နှစ်အနည်းငယ် ကြာသောအခါ တစ်ကမ္ဘာလုံး၏ အရှိန်အဝါကို စုစည်းပြီး ဟန်ကူးတံခါးမှ ချီတက်မည့်အချိန်၌ သည်ကဲ့သို့ အသုံးမပြုဘဲ ထားရှိသော နယ်ရုပ်များသည် အသုံးဝင်လာနိုင်ပေသည်။ လျှိုပေ့သည်လည်း သူ လောင်းကြေးထပ်ထားသည့် နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်၏။
"မင်းက ဘယ်သူလဲ"
လွီပုသည် မိမိ၏အိမ်တွင် ထိုင်ကာ ဝိုင်သောက်နေသော အဖိုးအိုကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျွန်တော်မျိုးက သဝဏ်လွှာပါးသူတစ်ယောက်ပါပဲ။ လူတစ်ယောက်က စစ်သူကြီးလွီပုရဲ့ ပင်းကျိုး မှာ လုပ်ဆောင်ခဲ့တဲ့ အကျိုးပြုမှုတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ သည်စာကို စစ်သူကြီးဆီ အရောက်ပို့ပေးဖို့ အပ်နှံလိုက်လို့ပါ"
အဖိုးအိုသည် မတ်တတ်ရပ်ကာ သူ၏ရင်ခွင်ထဲမှ စာတစ်စောင်ကို ထုတ်ယူ၍ လွီပုထံသို့ ကမ်းပေးလိုက်သည်။
လွီပု၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိသော်လည်း သူ၏မျက်ဝန်းထဲမှ တုန်လှုပ်ချောက်ချားမှုများကိုမူ ဖုံးကွယ်ရန် ခက်ခဲနေခဲ့သည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အဖိုးအို၏လက်ထဲမှ စာကို ဆွဲလုယူကာ သူ၏နောက်ကွယ်ရှိ အစေခံအား ပြောလိုက်သည်။
"သူ့ကို ငွေအချို့ပေးပြီး လော့ယန်မြို့ပြင်ကို ပို့လိုက်ပါ"
"ကျေးဇူးတင်ပါတယ်ခင်ဗျာ"
အဖိုးအိုသည် အရိုအသေပေးကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
လွီပုသည် စာအိတ်ကို ဖွင့်ပြီး စာကို အမြန်ဖတ်လိုက်သည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် စာကို ပြန်ပိတ်လိုက်ရာ သူ၏ရင်ထဲ၌ လှိုင်းထန်နေသော စိတ်မအေးစရာများကို မျက်နှာပေါ်တွင် အထင်အရှား မြင်တွေ့နေရသည်။ သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စာတစ်စောင်လုံးကို ပြာမှုန့်အဖြစ် ပြောင်းလဲပစ်လိုက်ပြီးနောက် အခြားအစေခံတစ်ဦးကို ခေါ်ကာ အမိန့်ပေးလိုက်သည်။
"ကျန်းလျောင်ကို ဆွေးနွေးဖို့ လာခဲ့စမ်းလို့ သွားပြောချေ"
နောက်တစ်နေ့တွင် လီရူးသည် လော့ယန်မြို့ရှိ ဧကရာဇ်ဂူဗိမာန်ကို တူးဖော်ပြီး ရတနာများကို သိမ်းဆည်းရန် လွီပုအား အကြောင်းကြားခိုင်းလိုက်သည်။ မိမိ၏ ဒဏ်ရာများ မပျောက်ကင်းသေးဟု အကြောင်းပြကာ လွီပုက သဘောမတူခဲ့ချေ။ လီရူးသည် သည်စကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း လွီပုကို ထပ်မံ၍ အတင်းအကျပ် မတိုက်တွန်းတော့ဘဲ လီချွဲကိုသာ ဧကရာဇ်ဂူဗိမာန်သို့ သွားရောက်တူးဖော်ရန် ညွှန်ကြားလိုက်သည်။ သည်အလုပ်သည် လီချွဲအတွက်မူ ငြင်းပယ်နိုင်စရာမရှိအောင်ပင် အကျိုးအမြတ်များလှသော အလုပ်တစ်ခု ဖြစ်ပေသည်။
"လီဝမ်ယူ... မင်းက ငါ့ကို ဒီလိုတောင် ဆက်ဆံရဲတယ်ပေါ့လေ"
လွီပုသည် အတွင်းခန်းထဲ၌ မိမိကိုယ်ကိုယ် ပိတ်လှောင်ထားရင်း ဒေါသတကြီး ဟိန်းဟောက်နေသည်။ စာထဲတွင်ပါရှိသော သတိပေးချက်ကို သူ သတိရမိ၏။ တကယ်၍သာ သူသည် ဧကရာဇ်ဂူဗိမာန်ကို တူးဖော်ခဲ့မည်ဆိုပါက သူသည် ဟန်မင်းဆက်၏ သစ္စာဖောက်အဖြစ် ထာဝရ နာမည်ဆိုးဖြင့် ကင်ပွန်းတပ်ခံရမည်ဖြစ်ပြီး ဟန်မင်းဆက်ဘက်က မည်သည့်အခါမျှ အမှန်တကယ် လက်ခံလိမ့်မည်မဟုတ်ချေ။
ထို့အပြင် လီရူးသည် လော့ယန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးရန် စီစဉ်နေသည်ဟူသော စာထဲက ဖော်ပြချက်ကိုလည်း သူ စဉ်းစားမိသည်။ ထိုအကြောင်းကို တွေးမိရုံမျှဖြင့် လွီပုပင်လျှင် ထိတ်လန့်တုန်လှုပ်သွားရ၏။ လူပေါင်း မည်မျှအထိ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရမည်ကို သူ မတွေးရဲအောင် ဖြစ်နေရသည်။ ပင်းကျိုး တွင် လူရိုင်းများကို တိုက်ခိုက်ခဲ့သည့် ရည်ရွယ်ချက်တစ်ခုလုံးသည် ငါတို့၏ နယ်မြေအေးချမ်းသာယာဖို့အတွက် မဟုတ်ပါလော။ သည်မီးတစ်ချက်ကြောင့် လော့ယန်မြို့ရှိ သန်းပေါင်းများစွာသော လူထုသည် ပျက်စီးခြင်းသို့ ရောက်ရပေတော့မည်။
"စစ်သူကြီး..."
ကျန်းလျောင်က တံခါးဝမှ လှမ်းအော်လိုက်သည်။
"ဝေရန်(ကျန်းလျောင်)... ငါ မင်းကို စုံစမ်းခိုင်းထားတဲ့ကိစ္စ ဘယ်လိုလဲ"
လွီပုက မှုန်မှိုင်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
"လော့ယန်မြို့တစ်ခုလုံးမှာ ထုံယို တွေ အပြည့်တပ်ဆင်ထားပါတယ်။ အကယ်၍ ကျွန်တော်ကိုယ်တိုင် သွားရောက်စုံစမ်းခြင်း မရှိခဲ့ရင် ကျွန်တော်တို့အားလုံး ဘာမျှမသိဘဲဖြစ်လိုက်ရမှာပါ"
ကျန်းလျောင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"လီရူး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
"သူက လော့ယန်ကို မီးရှို့ပြီး မြို့တော်ကို ချန်အန်းသို့ ပြောင်းရွှေ့ချင်နေတာ"
လွီပုက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘာ..."
ကျန်းလျောင် ညည်းတွားလိုက်ပြီးနောက် အကြောင်းအရာအားလုံးသည် ချည်မျှင်တစ်ခုကဲ့သို့ ဆက်စပ်သွားဟန်ရှိကာ မေးလိုက်သည်။
"ဖုန်းရှန်း... ငါတို့ ဘာလုပ်သင့်လဲ"
"ငါတို့ လုပ်နိုင်တာ သိပ်မရှိဘူး။ တကယ်လို့ ငါတို့ဘက်က ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခုခု ပြသခဲ့ရင် ပင်းကျိုး က စစ်သည်တွေ လော့ယန်မှာ ပျက်စီးကုန်လိမ့်မယ်။ ရွှီးရုံ ကိုလည်း ပြန်ခေါ်ထားပြီးပြီ"
လွီပု၏ မျက်နှာမှာ ပျက်ယွင်းနေခဲ့သည်။
"လောလောဆယ်တော့ ငါတို့ အခြေအနေကို ကြည့်ပြီး တစ်လှမ်းချင်းစီပဲ သွားနိုင်မယ်။ ငါ ဧကရာဇ်ဂူဗိမာန် တူးဖော်တဲ့ အလုပ်ကို ငြင်းပယ်လိုက်ပြီ။ လီရူးက ငါတို့ကို အမြဲတမ်း သံသယဝင်နေတာ"
"ဖုန်းရှန်း... ဒါတွေပြီးရင် ပင်းကျိုး ကို ပြန်ကြရအောင်။ ညီအစ်ကိုတွေအားလုံး အဲဒီမှာ ငါတို့ကို စောင့်နေကြတယ်။ ပြန်ရောက်တာနဲ့ ဒီရှုပ်ထွေးတဲ့ကိစ္စတွေကို ငါတို့ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ငါတို့က ငါတို့ရဲ့ လူရိုင်းတွေကို တိုက်မယ်၊ သူတို့ကတော့ သူတို့ရဲ့ ဧကရာဇ်အတွက် တိုက်ခိုက်ကြလိမ့်မယ်"
ကျန်းလျောင်က မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် လွီပုကို ကြည့်ရင်း ပြောလိုက်သည်။
လွီပုသည် တိတ်ဆိတ်နေခဲ့သည်။ ပင်းကျိုး... သူ ထိုနေရာသို့ အမှန်တကယ် ပြန်ချင်သော်လည်း သူ မပြန်ရဲချေ။ လော့ယန်သို့ လာရောက်ရန် ဆန္ဒမရှိသော သူ့အား ဒင်ယွမ်က ဘုရင်ကို ထောက်ခံရန် ခေါ်ဆောင်လာခဲ့သည့် အချိန်မှစ၍၊ ဒင်ယွမ်က ပင်းကျိုး ၏ စစ်သည်အများစုနှင့်အတူ အိမ်ကွင်းကို စွန့်ခွာခဲ့သည့် အချိန်မှစ၍၊ နယ်စပ်ကို စောင့်ရှောက်ရန် လုံလောက်သော စစ်သည်မရှိသဖြင့် မြောက်ဘက်နယ်စပ်မှ လူရိုင်းများ ဆင်းသက်လာကာ မြင်းများကို စားကျက်စေလွှတ်ခဲ့သည့် အချိန်မှစ၍၊ မြောက်ဘက်နယ်စပ်မှ လူရိုင်းများနှင့် ရင်ဆိုင်ခဲ့ရသော သူသည် ပြန်လည်သွားရောက်ရန် သတ္တိမရှိတော့ချေ။
"ဖုန်းရှန်း..."
ကျန်းလျောင်က လွီပု၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"ငါတို့ ပြန်လို့မရဘူး"
လွီပုက လာမည့်တိုက်ပွဲအတွက် ပြင်ဆင်ရင်း အေးစက်စွာ ပြောလိုက်သည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။ ငါတို့၏ ပင်းကျိုး ရင်သွေးများကို ဘေးကင်းအောင် စောင့်ရှောက်ဖို့က သည်အရိပ်အယောင်များကို လိုက်လံဖမ်းဆုပ်နေခြင်းထက် များစွာ ပို၍ အရေးကြီးပေသည်။