အခန်း (၃၆) ကျွန်တော်ကတော့အမြဲကံခေသူဘဲ
... “ဒါက တစ်ချက်တွန်းလိုက်ရုံပဲ မဟုတ်လား။ တစ်ခါတရံမှာ အရှင်သခင်က စိတ်ဆတ်တတ်ပေမဲ့ ဘာမှမဖြစ်ပါဘူး... ဟားဟား၊ အရှင်သခင်က ရည်မှန်းချက်တွေ ရှိနေသေးတယ်၊ ရာဇပလ္လင်ကိုလည်း မျှော်မှန်းနေတုန်းပဲ၊ သတ္တိဗျတ္တိကလည်း ရှိနေဆဲပဲ... စည်ပင်ဝပြောတဲ့ လော့ယန် တစ်မြို့လုံးကို ဘာမှမဟုတ်သလိုမျိုး စွန့်လွှတ်ပြီး ကွမ်းတုန်း စစ်ဗျူဟာရှင်တွေ၊ စစ်ပွဲသခင်တွေ ခွေးတွေလို လုပုတ်ကြဖို့ ပစ်ပေးလိုက်တာကို ကြည့်ရင် နောက်ဆုံးတော့ သူ သတိပြန်ဝင်လာပြီပဲ!” လီရူး သည် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရကာ သူ၏ စိတ်ဓာတ်ကျမှုနှင့် မကျေနပ်မှု အားလုံးသည် လေထဲလွင့်ပျောက်သွားသလို ပျောက်ကွယ်သွားခဲ့ရသည်။ ဒုံကျွမ် သာ ရည်မှန်းချက်တွေ ဆက်ရှိနေဦးမည်ဆိုလျှင် သူ၏ အိပ်မက်များမှာလည်း အကောင်အထည်ဖော်ခွင့် ရရှိဦးမည် မဟုတ်ပါလား။ လီရူး သည် ဒုံကျွမ် ၏ အတွေးကို လုံးဝ တလွဲနားလည်သွားခဲ့ခြင်း ဖြစ်သည်။ 'ပိုကောင်းတဲ့ ဘဝမှာ နေထိုင်ချင်တယ်' ဆိုသည့် စကား၏ အဓိပ္ပာယ်မှာ လီရူး စိတ်ကူးယဉ်သလို... လောလောဆယ်တွင် လူတစ်ယောက်၏အောက်၊ လူပေါင်းထောင်သောင်း၏အထက်မှာ ရှိနေပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ထိုလူကိုပါ အပြတ်ရှင်းပြီး ပိုမိုမြင့်မားတဲ့ နေရာကို တက်လှမ်းမည်ဟူသော အဓိပ္ပာယ်မျိုး လုံးဝမဟုတ်ပေ...။ သို့သော်လည်း ဤသည်မှာ အလွန်လှပသော နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သွားခဲ့ပြီး စိတ်အားထက်သန်လာသော လီရူး သည် ကြောက်စရာကောင်းလှသည်။ အထူးသဖြင့် ဒုံကျွမ် က လော့ယန် တစ်မြို့လုံးကို စွန့်လွှတ်ရန် အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ချက်ချလိုက်ကတည်းက လီရူး သည် မိမိကိုယ်ကို ချည်နှောင်ထားသည့် သံခြေကျင်း အားလုံး ပြုတ်ထွက်သွားသလို ခံစားလိုက်ရသည်။ “အရှင်သခင်က လော့ယန်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးဘူးဆိုမှတော့ နတ်ဘုရားကျောက်တုံး ဖြစ်တဲ့ တော်ဝင်တံဆိပ်တော်ကိုပါ ဘာလို့ မစွန့်လွှတ်နိုင်ရမှာလဲ... ဟန်မင်းဆက်ရဲ့ ကြီးမြတ်တဲ့ အာဏာစက် ပြယုဂ်ဖြစ်တဲ့ လော့ယန်နဲ့ တံဆိပ်တော်က ကိုယ်စားပြုတဲ့ အမြင့်ဆုံး အချုပ်အခြာအာဏာ နေရာကို ကွမ်းတုန်းက လူယုတ်မာတွေဆီ မျှားစာအဖြစ် ပစ်ပေးလိုက်ရအောင်ပါ!”
ပထမတော့ စိတ်လှုပ်ရှားနေမိသော်လည်း နောက်တွင် လီရူး သည် ဒုံကျွမ် ၏ အတွေးမှာ စိတ်ကူးပေါက်ရာ ပြောလိုက်ခြင်းမျိုး ဖြစ်မည်ကို စိုးရိမ်သဖြင့် အကဲစမ်းရန် သီးသန့် မေးမြန်းလိုက်သည်။ ဒုံကျွမ် တွေဝေသွားသည်မှာ ထင်ရှားလှသည်။ ပစ္စည်းဥစ္စာ မှန်သမျှကို ရွှေ့ပြောင်းပြီးပြီဖြစ်၍ လော့ယန် ပျက်စီးသွားခြင်းအပေါ် သူ မနှမြောသော်လည်း တံဆိပ်တော်မှာမူ အမြင့်ဆုံးသော အာဏာကို ကိုယ်စားပြုသည်ဟု ဆိုကြသဖြင့် ဆုံးရှုံးသွားသော လော့ယန်မြို့ပျက်ကြီးနှင့် မနှိုင်းယှဉ်သာပေ။ “အရှင်သခင်အနေနဲ့ ပိုကောင်းတဲ့ ဘဝကို ဖြတ်သန်းချင်တယ်ဆိုရင် ဒီပစ္စည်းကို စွန့်ပစ်လိုက်တာက အမှန်ကန်ဆုံး လမ်းစဉ်ပါပဲ။ ဟန်မင်းဆက်မှာ တော်ဝင်တံဆိပ်တော် မရှိတော့ဘူးဆိုရင် သူတို့က တရားဝင်ပါတယ်လို့ ဘယ်လောက်ပဲ ပြောပြော စကားအရာတင် ဖြစ်ကျန်ခဲ့မှာပါ။ ဒါ့အပြင် ကွမ်းတုန်း စစ်ပွဲသခင်တွေကလည်း တစ်စိတ်တစ်ဝမ်းတည်း ရှိကြတာ မဟုတ်ပါဘူး။ တံဆိပ်တော် တစ်ခုတည်းနဲ့တင် သူတို့ကို ဂိုဏ်းငယ်လေးတွေ အများကြီး ကွဲသွားအောင် လုပ်လို့ရသလို၊ ပြီးရင် သူတို့အချင်းချင်း ခွေးတွေလို ပြန်ကိုက်ကြလိမ့်မယ်... နောက်ဆုံးမှာတော့ အနောက်ဘက်ကို စစ်ချီဖို့ အင်အား ရှိတော့မှာ မဟုတ်ပါဘူး” ဟု လီရူး က ဆက်လက် ဖျောင်းဖျသည်။ ရိုးရိုးသားသား ပြောရလျှင် လီရူး သည် ဒုံကျွမ် က တံဆိပ်တော်ကို တကယ် စွန့်လွှတ်လိမ့်မည်ဟု မျှော်လင့်မထားပေ၊ ဤသည်မှာ အကဲစမ်းရုံသက်သက်သာ ဖြစ်သည်။ ဒုံကျွမ် ၏ တွေဝေမှုမှာ သူ ဤကိစ္စကို တကယ် အလေးအနက် စဉ်းစားနေခြင်းကို ပြသနေခြင်းဖြစ်ပြီး မိမိအသားကို မိမိလှီးဖြတ်ရဲသည့် ကြီးမားသော သတ္တိကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ဒုံကျွမ် ၏ တွေဝေမှုကို မြင်သောအခါ လီရူး သည် အလွန်အမင်း ဝမ်းမြောက်သွားရပြီး 'ငါ အကြာကြီး စောင့်ခဲ့ရတာ နောက်ဆုံးတော့ သူ နိုးထလာခဲ့ပြီပဲ' ဟု တွေးမိသည်။ တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဒုံကျွမ် သည် လီရူး ၏ တည်ကြည်လှသော မျက်နှာအမူအရာကို ကြည့်ကာ “ဒီကောင် ဘာဖြစ်နေတာလဲ... ထားလိုက်ပါတော့၊ ငါ သိချင်တဲ့ ကိစ္စကိုပဲ မေးရအောင်” ဟု စိတ်ထဲက တွေးလိုက်သည်။
“ဝမ်ယို... ငါသာ တံဆိပ်တော်ကို မသိမ်းထားဘူးဆိုရင် ငါတို့ ယုံလျှောင်မှာ ဘယ်လောက်ကြာကြာ အေးအေးချမ်းချမ်း နေနိုင်မလဲ” ဟု ဒုံကျွမ် က သူ စိုးရိမ်နေသော မေးခွန်းကို မေးလိုက်သည်။ သူသည် ယခုအခါ အေးချမ်းသော ဘဝကိုသာ တောင့်တနေမိသည်၊ မနေ့က ဖြစ်ရပ်က သူ့ကို တကယ်ပဲ ခြောက်လှန့်ခဲ့သည်။ လော့ယန်၏ ပျော်ပါးမှုများက သူ၏ ဇွဲလုံ့လ ဝီရိယများကို ကုန်ခမ်းစေခဲ့ပြီး ဖြစ်ရာ သူ့တွင် ယခင်ကလို ရည်မှန်းချက်ကြီးကြီးမားမား မရှိတော့ပေ... သူသည် အဆင်ပြေသလို နေထိုင်ကာ ကောင်းမွန်သော နေ့ရက်များကိုသာ ကုန်လွန်ချင်တော့သည်။ “အရှင်သခင်...” လီရူး ၏ အသံမှာ အနည်းငယ် တုန်ရင်သွားရသည်။ ဤကဲ့သို့သော မေးခွန်းမျိုးကို မေးသည်ဆိုကတည်းက လိုအပ်လာပါက တံဆိပ်တော်ကိုပါ အမှန်တကယ် စွန့်လွှတ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ ရည်မှန်းချက်နှင့် သတ္တိဗျတ္တိ အပိုင်းတွင် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်... စစ်မှန်သော ဧကရာဇ်တစ်ပါး၏ ရဲရင့်ပြတ်သားမှုမျိုးပင် ဖြစ်သည်။ ဤမျှ ရဲရင့်ပြတ်သားမှုမျိုး ရှိနေမှတော့ အောင်မြင်မှု မရမှာကို ဘာကြောင့် ပူပန်နေရဦးမည်နည်း။ လီရူး အသေအချာ စဉ်းစားပြီးနောက် ဒုံကျွမ် ကို အရောင်တောက်နေသော မျက်ဝန်းများဖြင့် ကြည့်ကာ “အရှင်သခင်... သာ အသေအချာ ကိုင်တွယ်နိုင်မယ်ဆိုရင် တံဆိပ်တော်ကို စွန့်လွှတ်လိုက်တာက စစ်ပွဲသခင်တွေရဲ့ မဟာမိတ်အဖွဲ့ကို ပြိုကွဲစေရုံတင်မကပါဘူး... နောက်လာမယ့် ငါးနှစ်ကနေ ရှစ်နှစ်အထိ ဟန်ကုတံခါးကို ပိတ်ဆို့ထားနိုင်မယ်ဆိုရင် ကွမ်းတုန်းက ပဋိပက္ခတွေ ယုံလျှောင်ထဲကို ဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီလောက် ရှည်လျားတဲ့ အချိန်ကာလဟာ ကျွန်တော်တို့ အင်အားတောင့်တင်းလာပြီး စစ်ပွဲသခင် အားလုံးကို အပြတ်ချေမှုန်းဖို့ လုံလောက်ပါတယ်။ အဲဒီ တံဆိပ်တော်ဆိုတာ ရှီးအန်းနယ်စားမင်းရဲ့ လက်ထဲက မိုးမခပင်လို တန်ဖိုးမရှိတဲ့ ကျောက်တုံးတစ်ခုထက် မပိုပါဘူး” ဟု လျှောက်တင်လိုက်သည်။
ဒုံကျွမ် ၏ တံဆိပ်တော်အပေါ် တွယ်တာမှုမှာ ပြင်းထန်မှုမရှိပေ။ သူသည် စနစ်တကျ ပညာသင်ကြားခဲ့ရခြင်း မရှိသော ရှီးလျှောင် စစ်သည်တော်တစ်ဦး ဖြစ်သဖြင့် တံဆိပ်တော်သည် လီရူး ၏ နှလုံးသားထဲတွင် မည်မျှအထိ အဓိပ္ပာယ်လေးနက်သည်ကို သူ နားမလည်နိုင်ပေ။ ဒုံကျွမ် အတွက်မူ ဧကရာဇ်ကို လက်ဝယ်ပိုင်ဆိုင်ထားပြီး စစ်အင်အား ရှိနေလျှင် အားလုံး အိုကေသည်... အုတ်ခဲပေါ်တွင် ထုဆစ်ထားသည့် တော်ဝင်တံဆိပ်တော် ဖြစ်နေလျှင်ပင် လုံလောက်သည်။ ပထမဆုံး ဧကရာဇ်မင်းက ဟော်မျိုးနွယ်စု ကျောက်စိမ်းဖြင့် ပြုလုပ်ခဲ့သော တော်ဝင်တံဆိပ်တော်ဆိုသည်မှာ အသုံးချစရာ ကြားခံတစ်ခုမျှသာ ဖြစ်ပြီး ပျောက်ဆုံးသွားလျှင်လည်း ပျောက်ဆုံးသွားပါစေ... အချိန်တန်လျှင် နောက်ထပ် တစ်ခု ထပ်ထုလိုက်ရုံသာ ရှိသည်။ နောက်ထပ် အနှစ်ငါးဆယ်၊ ရှစ်ဆယ်လောက် အေးအေးချမ်းချမ်း နေရမည်ဆိုလျှင် ပို၍ပင် မကောင်းပေဘူးလား၊ အထူးသဖြင့် လီရူး က စစ်ပွဲသခင် အားလုံးကိုပင် အနိုင်ယူနိုင်လိမ့်မည်ဟု ပြောခဲ့သေးသည်။ယခုတွင်မူ ဒုံကျွမ် သည် ကလေးငယ်တစ်ဦးနှင့် မခြားတော့ပေ။ အရိုက်ခံရပြီး ပြန်မချနိုင်တော့သဖြင့် ကြောက်လန့်တကြား အိမ်ပြန်ပြေးချင်နေသော ကလေးကဲ့သို့ ဖြစ်နေသည်။ ထိုအချိန်တွင် ဉာဏ်ကောင်းသော လူတစ်ယောက်က သူ မကြိုက်သော သကြားလုံးကို ပစ်ချလိုက်လျှင် ထိုလူယုတ်မာ အားလုံး ရူးသွပ်စွာ လုယက်ကြရင်း သွေးထွက်သံယို ဖြစ်ကာ ဒဏ်ရာရကုန်ကြလိမ့်မည်ဖြစ်ကြောင်း၊ နောက်အနည်းငယ်ကြာလျှင် သူ ပြန်လာပြီး ကြိုက်တဲ့လူကို နင်းခြေပစ်နိုင်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သာမန်လူတစ်ယောက်က ဤသို့ပြောလျှင် ဒုံကျွမ် လုံးဝ ယုံကြည်မည်မဟုတ်သော်လည်း လီရူး က ပြောခြင်းဖြစ်၍ ဒုံကျွမ် ယုံကြည်သွားခဲ့သည်။ ဤကောင် ပြောသမျှ မှန်ကန်ခဲ့သည်ချည်း ဖြစ်ပြီး သူ ရှုံးနိမ့်သွားသည်ကိုလည်း တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ “ကောင်းပြီ... တော်ဝင်တံဆိပ်တော်က အခု မင်းလက်ထဲမှာ ရှိပြီ။ မင်း ကြိုက်သလိုသာ လုပ်တော့။ ငါ ပင်ပန်းနေပြီ။ မကြာခင်က ကိစ္စတွေကို ငါ့ကို လာမမေးနဲ့တော့... မင်းဘာသာမင်းပဲ အားလုံးကို ကိုင်တွယ်လိုက်တော့!” ဟု ဒုံကျွမ် က အနည်းငယ် ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုးဖြင့် လီရူး ကို ပြောလိုက်သည်။
ဒုံကျွမ် ၏ မျက်နှာပေါ်က ထိုအပြုံးအနည်းငယ်ကို မြင်သောအခါ လီရူး သည် ဒုံကျွမ် က သူ့ကို စိတ်သက်သာရာရစေရန်နှင့် ဖိအားမရှိစေရန် နှစ်သိမ့်ပေးနေခြင်း ဖြစ်သည်ဟု သဘာဝကျစွာပဲ တွေးမိသွားသည်။ ဒုံကျွမ် က ပင်ပန်းနေပြီး ဘာမှလာမမေးရန် ပြောသည်ကို ကြားရသောအခါ လီရူး ၏ စိတ်ထဲတွင် ပို၍ပင် ဝမ်းနည်းကြေကွဲမှု ဖြစ်ရသည်။ သူသည် ဒုံကျွမ် ထံမှ ဤကဲ့သို့သော စနစ်တကျ စွန့်လွှတ်အနစ်နာခံမှုကို မည်သည့်အချိန်ကများ လိုအပ်ခဲ့ဖူးပါသနည်း။ “ကျွန်တော်မျိုး လီရူး အနေနဲ့ အရှင်သခင်ရဲ့ ကျေးဇူးတော်ကို ဆပ်ဖို့အတွက် အသက်ကိုပါ ပဓာနမထားဘဲ မြေမှာ အရိုးထုတ်ပါ့မယ်!” လီရူး သည် ဒုံကျွမ် ၏ အထီးကျန်လှသော ကျောပြင်ကို ကြည့်ကာ ဒူးထောက်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် ဒုံကျွမ် အပေါ် စိတ်ဆိုးဒေါသထွက်ခြင်း မရှိဘဲ ကွမ်းတုန်း စစ်ပွဲသခင်များအပေါ်၌သာ ပြင်းထန်သော ဒေါသတရားများ တောက်လောင်နေခဲ့သည်။ ဒုံကျွမ် သည် အခန်းထဲက ထွက်လာရင်း ဇဝေဇဝါ ဖြစ်နေမိသည်။ လီရူး က ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလောက်အထိ ကျေးဇူးတင်ပြီး ဦးပါတိုက်နေရတာလဲ... ငါ ဘာများ တုန်လှုပ်စရာကောင်းတာ လုပ်ခဲ့လို့လဲ။
သုံးရက်ကြာပြီးနောက် ချန်အန်း တွင် ပုန်းရှောင်ရင်း ကြေးအိုးကြီးထဲက အမဲသားများကို ဟင်းခတ်ဇွန်းဖြင့် ခပ်ယူစားသောက်နေသော ကောယို သည် လီရူး ထံမှ သတင်းစကားကို ရရှိခဲ့သည်။ သူ၏ ဝိဉာဉ်မှာ ကိုယ်ပျောက်မတတ် တုန်လှုပ်သွားရသည်။ [တောက်... ဒုံကျွမ် က အဲဒီလူယုတ်မာ လီရူး ကို တကယ်ပဲ လုပ်ချင်သလိုလုပ်ခွင့်ပြုလိုက်တာပဲ။ လော့ယန်နဲ့ တော်ဝင်တံဆိပ်တော်ကို ငါးစာအဖြစ် သုံးရဲတယ်ဆိုတော့ တကယ့်ကို သတ္တိပြောင်မြောက်လှတာပဲ။ ငါ့ကို ခြောက်လှန့်ပြီး သေအောင် သတ်မလို့လား။ သူက စည်းစိမ်တွေကြားမှာ ရည်မှန်းချက်တွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ မဟုတ်ဘူးလား။ ငါ ထွက်လာတာနဲ့ ဒီကောင်က ဘာလို့ ရုတ်တရက်ကြီး ပြန်ပြီး စိတ်အားထက်သန်လာရတာလဲ။ ဒီလောက်အထိ တုန်လှုပ်စရာကောင်းဖို့ လိုလို့လား] ကောယို ၏ အစေခံအိုကြီးသည် သူ၏ သခင်က ခန်းမဆောင် ကြမ်းပြင်ပေါ်တွင် ခေါင်းကို ဆုပ်ကိုင်ကာ လူးလိမ့်နေသည်ကို ကြည့်ပြီး ဆေးဝါးများကို အမြန်ယူကာ ကောယို ကို ထူပေးလိုက်သည်။ “ကျားဖူ... မင်း ထင်သလား... စပျစ်ရည်၊ မိန်းမ၊ စည်းစိမ်ဥစ္စာနဲ့ ချီ တွေကြားမှာ ရည်မှန်းချက်တွေ ပျက်စီးသွားခဲ့ရတဲ့ လူယုတ်မာတစ်ယောက်က ရက်ပိုင်းအတွင်းမှာပဲ ဒီလောက်အထိ စိတ်ဓာတ်တွေ ပြန်တက်ကြွလာနိုင်ပါ့မလား... ချင်ဧကရာဇ်နဲ့တောင် ယှဉ်နိုင်တဲ့ ပြတ်သားတဲ့ စွမ်းအားတွေ ရှိလာနိုင်ပါ့မလား” ဟု ကောယို က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ကျားဖူ သည် ခေါင်းကို ငုံ့ထားပြီး ဘာကိစ္စတွင်မျှ ဝင်မပါဘဲ ကောယို ကိုသာ လုပ်ကျွေးပြုစုနေခဲ့သည်။ ဒါက သူ့ရဲ့ တာဝန်ပဲ ဖြစ်သည်။ [ဒီလို ထူးဆန်းတဲ့ ကိစ္စတွေ ဘယ်လိုဖြစ်ရတာလဲ... ငါကပဲ ကံခေတဲ့သူ ဖြစ်နေလို့လား] ကောယို က စိတ်လျှော့လိုက်သလို တွေးလိုက်မိသည်။ သူသည် ဒုံကျွမ် ထံတွင် အမှုထမ်းနိုင်ခဲ့ခြင်းမှာ ဒုံကျွမ် ၏ အလားအလာကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် သူ ထွက်ခွာသွားသည်နှင့် ဒုံကျွမ် သည် စတင် ပျက်စီးယိုယွင်းလာခဲ့သည်။ ယခင်က သူ ချန်အန်း ကို ပြန်ပြေးလာခဲ့ခြင်းမှာ ဒုံကျွမ် အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားပြီး လက်လျှော့ရန် အဆင်သင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် သူ ထွက်ပြေးလာသည်နှင့် ဒုံကျွမ် သည် သူ၏ ကြီးမြတ်သော ရည်မှန်းချက်များနှင့် ရဲရင့်ပြတ်သားမှုများကို ပြန်လည်ရရှိသွားခဲ့ပြန်သည်။ ကောယို သည် လီရူးရဲ့အကြံများ ဖြစ်သည်ကိုမူလုံးဝ မသံသယမဝင်မိပေ။ တစ်ချက်မှာ လီရူး သည် ရက်စက်ကြမ်းကြုတ်သော်လည်း ခိုင်မာပြတ်သားသော စရိုက်ရှိသူ ဖြစ်ခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ချက်မှာ ဤကဲ့သို့သော ကိစ္စမျိုးကို နောက်ပြောင်၍ မရနိုင်ခြင်းကြောင့် ဖြစ်သည်။ လော့ယန်ကို စွန့်လွှတ်ခြင်းဖြစ်စေ၊ တံဆိပ်တော်ကို စွန့်လွှတ်ခြင်းဖြစ်စေ နောက်ဆုံးတွင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည်သာ ဖြစ်သည်။ အထူးသဖြင့် တံဆိပ်တော်... ကသာ လီရူး ဆီကနေ တကယ် လာတာဆိုရင် လက်ခံရရှိတဲ့သူက ဘယ်လောက်ပဲ လျှို့ဝှက်စွာ ကိုင်တွယ်ပါစေ နောက်ဆုံးမှာတော့ လူတိုင်း သိသွားအောင် ပြန့်နှံ့သွားမှာပဲ ဖြစ်သည်။ ဤအချက်ကို တွေးမိသောအခါ ကောယို သည် ရင်ထဲတွင် လေးလံကျပ်တည်းမှုကို ခံစားလိုက်ရလေသည်။