အခန်း (၃၄) ဒုံကျွမ်နှင့် လီရူး
လွီပုသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး ပြိုင်ဘက်အားလုံးကို လွှမ်းမိုးထားနိုင်စဉ်က တစ်လောကလုံးတွင် အဆီးအတားမရှိ စစ်မြေပြင်ကို စိတ်တိုင်းကျ စီးနင်းနိုင်လောက်အောင် သန်မာခဲ့သည်။ သို့သော် သူ၏ ယုံကြည်ချက်အပေါ် စတင်သံသယဝင်လာသည်နှင့် သူ၏ အစွမ်းအစများ လျော့ပါးလာခဲ့ပြီး၊ ခွန်အားများ ဆုတ်ယုတ်လာလေလေ မိမိကိုယ်မိမိ ပို၍ သံသယဝင်လာလေလေ ဖြစ်ကာ ဒုတိယမြောက် ပျက်စီးခြင်း သံသရာထဲသို့ သက်ဆင်းသွားခဲ့ရသည်။ ကျောက်ယွင်၏ လောင်းကြေးထပ်မှုမှာမူ အောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သူ၏ ပြင်းထန်သော ယုံကြည်ချက်က သူ့ထံသို့ ကြီးမားသော ခွန်အားများကို ဆောင်ကြဉ်းပေးခဲ့သည်။ သို့သော် ထိုယုံကြည်မှု လျော့ပါးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ စွမ်းအားအားလုံးသည်လည်း သဘာဝအတိုင်း ချက်ချင်း ပျောက်ဆုံးသွားပေလိမ့်မည်။ လွီပုမှာမူ ဒုတိယမြောက် ပျက်စီးခြင်း သံသရာထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပြီးပြည့်စုံပြီး အပြစ်အနာအဆာကင်းသော ယုံကြည်မှုတွင် အက်ကြောင်းထင်သွားသည်နှင့် ထိုအက်ကြောင်းကို ပြန်လည် ဖာထေး၍ မရနိုင်တော့ပေ။ သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် အထိန်းအကွပ်မဲ့စွာ စက္ခုဝေဟင်ထိုးခွင်းလှံကို ဝှေ့ယမ်းပြီး ကျောက်ယွင်၊ ကွမ်းယုတို့နှင့် အသည်းအသန် လုံးပန်းတိုက်ခိုက်နေသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ တိုက်ခိုက်လေလေ ပို၍ အားအင်ကုန်ခမ်းလာသည်ဟု ခံစားရလေလေ ဖြစ်ပြီး၊ ကျောက်ယွင်နှင့် ကွမ်းယုတို့၏ အပေးအယူမှာမူ ပို၍ ညင်သာချောမွေ့လာလေသည်။ ကျောက်ယွင်က လွီပု၏ တိုက်စစ်များကို ခုခံပေးပြီး ကွမ်းယုကမူ စွမ်းအားများကို စုစည်းကာ သူ၏ ဓားကြီးဖြင့် ပြည့်စုံသောခုတ်ချက််များ ပိုင်းခုတ်နေသည်။
"ချလွင်..."
ကျယ်လောင်လှသော သတ္တုချင်းရိုက်သံနှင့်အတူ လွီပုသည် တစ်ခါမျှ လျော့ပါးမသွားဖူးသော မိမိ၏ ကိုယ်တွင်းအသက်ရှုဓာတ်များ တုန်လှုပ်ချောက်ချားလာသည်ကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။ ထို့အတူ အမြဲတမ်း ကြံ့ကြံ့ခံနိုင်သော ခန္ဓာကိုယ် ခွန်အားသည်လည်း ထိုအခိုက်အတန့်တွင် ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် မိမိလက်ထဲရှိ စက္ခုဝေဟင်ထိုးခွင်းလှံ၏ လေးလံမှုကို ပထမဆုံးအကြိမ်အဖြစ် သိသာစွာ ခံစားလိုက်ရသည်။
"ငါက လွီပု ကွ..."
လွီပုသည် မျက်လုံးများ သွေးရောင်လွှမ်းလျက် မိမိ၏ အပေါ်ပိုင်းခန္ဓာကိုယ်တွင် ကြီးမားသော ဟာကွက်ကြီး ဖြစ်ပေါ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုနှစ်ယောက်ကို ဒေါသတကြီး ပြန်လည် တိုက်ခိုက်လေသည်။
"သေစမ်း..."
ကွမ်းယု၏ နဂါးစိမ်းလခြမ်းဓားကြီးသည် ကျယ်ပြန့်သော အဝိုင်းစက်အတိုင်း ဝှေ့ယမ်းကာ ၎င်း၏ ဓားဦးဖြင့် လွီပု၏ စက္ခုဝေဟင်ထိုးခွင်းလှံကို ရိုက်ချလိုက်သည်။ ကျောက်ယွင်သည် ကွမ်းယု၏ လှုပ်ရှားမှုကို များစွာ တုံ့ပြန်ခြင်းမရှိသော်လည်း သူ၏ ကိုယ်ပိုင်လှုပ်ရှားမှုများမှာမူ အနည်းငယ်မျှပင် နှေးကွေးမသွားခဲ့ပေ။
"ကျိန်း... ကျိန်း... ကျိန်း... ကျိန်း..."
ငှက်မြည်သံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ကျောက်ယွင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် မီးလျှံအလင်းရောင်များအကြား ဖုံးလွှမ်းသွားခဲ့သည်။ ကြီးမားလှသော ဖီးနစ်ငှက်ကြီးတစ်ကောင်သည် စစ်မြေပြင်ထက်တွင် အတောင်ပံများကို ဖြန့်ကျက်လျက် တောက်လောင်နေသော မီးလျှံများအကြားမှ ထွက်ပေါ်လာသည်။
"ဝုန်း..."
ဖီးနစ်ငှက်ကြီးသည် အတောင်ပံများကို ဖြန့်ချလိုက်ရာ တောက်လောင်နေသော မီးတန်းတစ်ခု ထွက်ပေါ်လာပြီး လွီပု ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။ ဤသည်မှာ ကျောက်ယွင်၏ ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ပါဝင်သော ဖီးနစ်ငှက်ကြီး ဖြစ်သည်။ ဤကွက်မှာ သူ၏ အပြင်းထန်ဆုံး စွမ်းရည်ဖြစ်သည့် "ငှက်တစ်ရာ ဖီးနစ်ဆီသို့ မျက်နှာမူခြင်း" ဟူသော ကွက် ဖြစ်ပြီး၊ ၎င်းသည် အချက်ပေါင်း တစ်ရာ တိုက်ခိုက်ခြင်း ဖြစ်သကဲ့သို့ တစ်ချက်တည်းသော တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။ အချက်ပေါင်း တစ်ရာ၏ တိုက်ခိုက်မှု စွမ်းအားကို အထူးနည်းစနစ်တစ်ခုဖြင့် နောက်ဆုံး ထိုးချက်တစ်ခုတည်းတွင် စုစည်းလိုက်ခြင်း ဖြစ်ရာ ဤသည်မှာ ဒဏ္ဍာရီဆန်ပေသည်။ မိမိ၏ ဆရာထက်ပင် ဤကွက်ကို ပိုမိုကျွမ်းကျင်စွာ တတ်မြောက်ထားသော်လည်း ထိုနောက်ဆုံး ထိုးချက်ကို ဆယ့်နှစ်ကြိမ်မှ ဆယ့်သုံးကြိမ်အထိသာ စွမ်းအားမြှင့်တင်နိုင်ပြီး၊ တစ်ဆယ့်ငါးဆအထိ စွမ်းအားမမြှင့်တင်နိုင်ကြောင်းကို ကျောက်ယွင် ကိုယ်တိုင် ကောင်းစွာ သိသည်။ သို့သော် ထိုမျှနှင့်တင် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။
လွီပုမှာ အထိနာလှသော်လည်း အသက်ရှင်နေသေးသည်။ သူ၏ သံချပ်ကာဝတ်စုံမှာမူ ဖီးနစ်ငှက်၏ နှုတ်သီးကြောင့် မဟုတ်ဘဲ ၎င်း၏ အတောင်ပံမွေးများ ပွတ်တိုက်သွားရုံမျှဖြင့် သွေးပျက်ဖွယ် ကွဲအက်ကြေမွသွားခဲ့ပြီ ဖြစ်သည်။ အနီရောင်စစ်မြင်းသည် အမှန်တကယ်ပင် မြင်းမြတ်တစ်ကောင် ပီသလှသဖြင့် နောက်ဆုံးအခိုက်အတန့်တွင် အပြင်းထန်ဆုံးသော ထိုးချက်ကို ရှောင်တိမ်းပေးနိုင်ခဲ့သည်။ သို့မဟုတ်ပါက လွီပုသည် ယခုအချိန်တွင်ကိုယ်တစ်ဝက်တစ်ပျက်နဲ့သေလူ ဖြစ်နေလောက်ပြီ ဖြစ်သည်။ အထူးသဖြင့် သူ၏ နောက်ကွယ်ရှိ မြို့ရိုးထက်တွင်ဟင်းရည်သောက်ပန်းကန်လုံးအရွယ်အစားခန့်ရှိပြီး မှန်ပြင်ကဲ့သို့ ချောမွေ့နေသော အပေါက်ကြီးတစ်ပေါက် ပွင့်ထွက်သွားသည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
ကျောက်ယွင်သည် မိမိ၏ ကိုယ်တွင်းအသက်ရှုဓာတ်ကို တိတ်တဆိတ် ပြန်လည် စုစည်းရင်း လွီပုကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများ လှုပ်ရှားသွားသော်လည်း အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ "ငှက်တစ်ရာ ဖီးနစ်ဆီသို့ မျက်နှာမူခြင်း" ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ စိတ်ကူးယဉ် ဖီးနစ်ငှက်ကြီး ပုံမပေါ်လာမီမှာပင် လွီပုသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ မြင်းခေါင်းကို ချက်ချင်း လှည့်ပစ်လိုက်သည်။ အကယ်၍ တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေပါက သူသည် ဤနေရာ၌ အမှန်တကယ် အသက်ပျောက်သွားနိုင်သည်ကို သူ ရိပ်မိလိုက်သောကြောင့် ဖြစ်သည်။
"တိုက်ကြဟေ့..."
လွီပု လှည့်ပြေးသည့် အခိုက်အတန့်တွင် ဒုံကျွမ်ရော မဟာမိတ်တပ်မတော်ပါ ဘာမျှ မတုံ့ပြန်နိုင်သေးမီမှာပင် လျှိုပေ့သည် မြင်းပေါ်သို့ ခုန်တက်ကာ ရှေ့သို့ ချီတက် တိုက်ခိုက်လေသည်။ သူသည် ချန်းရှီ၏ စကားများကို ကောင်းစွာ မှတ်မိနေသည်။ ဒုံကျွမ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွင်း အခွင့်အရေးရတိုင်း နာမည်ကျော်ကြားအောင် လုပ်ဆောင်ရမည် ဖြစ်ပြီး၊ ဤသည်မှာ နောင်တစ်ချိန်တွင် ရရှိလာမည့် ကျော်စောမှုများအတွက် ဖြစ်သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။
"တိုက်ကြဟေ့..."
လျှိုပေ့ မြင်းပေါ်သို့ ခုန်တက်သွားသည်ကို မြင်သောအခါ အခြားသူများမှာ ဆွံ့အသွားကြသော်လည်း လျှိုပေ့ကို သူတို့ထက် လက်ဦးမှု ရယူသွားခွင့် မပြုနိုင်ကြောင်း ချက်ချင်း သဘောပေါက်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟန်တော်ဝင်မျိုးနွယ်စုဝင် တစ်ဦး ဖြစ်နေသောကြောင့်တည်း။
ကျောက်ယွင်သည် သူ၏ လှံကို ဟူလောင်တံခါးဆီသို့ တိတ်တဆိတ် ချိန်ရွယ်လိုက်ပြီး၊ ထို့အတူ ကွမ်းယုသည်လည်း နာကျင်ပင်ပန်းလှသော ခန္ဓာကိုယ်ကို မနည်းဆွဲခေါ်ကာ လိုက်ပါလာသည်။ ကျန်းဖေးမှာမူလည်းအသက်ပြန်ဆက်လာခဲ့ပြီ ဖြစ်သည်။ သူသည် သွေးချင်းချင်းနီနေပြီး ကြောက်မက်ဖွယ်ကောင်းအောင် ဒဏ်ရာရထားသော်လည်း အသက်ရှင်နေဆဲ ဖြစ်ကြောင်း ထင်ရှားလှပြီး၊ သူသည်လည်း ဟူလောင်တံခါးဆီသို့ အသည်းအသန် ပြေးဝင်ကာ—
"ဒုံကျွမ်က တံခါးဝမှာ ရှိနေတယ်... ဒုံကျွမ်ကို သတ်ကြ... ဒါဆိုရင် တစ်လောကလုံး အေးချမ်းသွားလိမ့်မယ်..." ဟု အဆက်မပြတ် အော်ဟစ်နေလေသည်။
ထိုအော်ဟစ်သံကြောင့် ဒုံကျွမ်သည် လန့်ဖျန့်သွားပြီး တံခါးဝမှ ဆင်းရန် လှည့်လိုက်သော်လည်း လီရူးက တိုက်ရိုက် ပိတ်ဆို့တားဆီးလိုက်သည်။ လီရူး၏ အမြင်အရ စစ်သူကြီးတစ်ဦးသည် မည်မျှပင် ရဲရင့်ပြောင်မြောက်ပါစေ စစ်ဗျူဟာအစီရင်များဖြင့် ဖွဲ့စည်းထားသော စစ်သည်တော်များကိုမူ ဘယ်သောအခါမျှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ စစ်ဗျူဟာအစီရင်ကို စနစ်တကျ ချမှတ်ပြီးသည်နှင့် စစ်သည်တို့၏ ချီဓာတ်များသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည် ဖြစ်သည်။ တစ်ကိုယ်တော် စစ်သူကြီးတစ်ဦးတည်းက ဤစစ်ပြင်ထဲသို့ ရဲရဲဝံ့ဝံ့ ချင်းနင်းဝင်ရောက်လာပါက သေခြင်းတရားနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
ဒုံကျွမ်၏ မျက်နှာတစ်ခုလုံး ညိုမှောင်သွားခဲ့သည်။ ပြီးခဲ့သော တိုက်ပွဲက သူ့ကို လန့်ဖျန့်ပြီး သွေးဆုတ်ဖြူလျော့သွားစေခဲ့သည်။ သူ ပင်းကျိုးတွင် စစ်တပ်စတင် ထောင်ခဲ့ကတည်းက ဤမျှ ပြင်းထန်လှသော တိုက်ပွဲမျိုးကို မည်သည့်နေရာတွင် မြင်ဖူးခဲ့ပါသနည်း။ နှစ်ဖက်စလုံးသည် ကောင်းကင်နှင့် မြေကြီး မှုန်ဝါးသွားသည့်တိုင်အောင် အပြင်းအထန် လုံးပန်းတိုက်ခိုက်ခဲ့ကြသည်။ အကယ်၍ ပြိုင်ဘက်က ဤတံခါးကို ဖောက်ထွက်နိုင်သွားပါက ၎င်းတို့သည် သူ့ထံသို့ တိုက်ရိုက် ဦးတည်လာမည် ဖြစ်ပြီး ထိုအခါ မိမိ ကိုကာကွယ်နိုင်မည့်သူလုံးဝ ရှိတော့မည် မဟုတ်ပေ။ ဤသို့ တွေးတောမိသည်နှင့် ဒုံကျွမ်သည် မျက်နှာ ပို၍ ဖြူလျော့သွားကာ ပိန်လှီလှသော လီရူးကို ဒေါသတကြီး ဖယ်ထုတ်ပစ်လိုက်ပြီး ဟူလောင်တံခါးပေါ်မှ အလျင်အမြန် ဆင်းသွားတော့သည်။
လီရူးသည် တုန်လှုပ်ချောက်ချားစွာ ထွက်ခွာသွားသော ဒုံကျွမ်၏ ကျောပြင်ကို ကြည့်ရင်း အံ့အားသင့်သွားခဲ့သည်။ သူ၏ နှလုံးသားအောက်ခြေမှ နေ၍ ဆွေးမြည့်ဖွယ် ခံစားချက်တစ်ခု တိုးဝှေ့ထွက်ပေါ်လာသည်။ သူသည်မည့်သည့်အချိန်ကဤမျှသနားစရာကောင်းသောအခြေအနေသို့ ကျရောက်သွားခဲ့ရပါသနည်း။
ကြီးမားလှသော ကျောက်တုံးကြီးများနှင့် သစ်လုံးကြီးများကို ဟူလောင်တံခါးပေါ်မှ ဆက်တိုက် ပစ်ချနေသဖြင့် ကွမ်းတုန်း မဟာမိတ်တပ်မတော်၏ တိုက်စစ်ကို ပြင်းထန်စွာ ပိတ်ဆို့ထားနိုင်ခဲ့သည်။ ကွမ်းယုနှင့် ကျန်းဖေးတို့ကဲ့သို့ ထိပ်တန်းပညာရှင်များ လှုပ်ရှားလာသည်နှင့် တပြိုင်နက် ကိုယ်တွင်းအသက်ရှုဓာတ် ရှိကြသော နတ်ဘုရားဆန်သည့် လေးသမား အယောက် တစ်ရာကျော်တို့က ၎င်းတို့ကို စူးစိုက်ကြည့်ကာ စစ်သူကြီးများကို လုပ်ကြံရန်အတွက် အစွမ်းကုန် ပစ်ခတ်ကြတော့သည်။ ကွမ်းယုသည် ရှေ့သို့ တိုးရန် ကြိုးစားသော်လည်း မြားတစ်ရာကျော်သည် သူ၏ ခန္ဓာကိုယ်ရှိ ထိမှန်နိုင်သော နေရာအားလုံးကို ဦးတည်ကာ ဝိုင်းရံပစ်ခတ်လာခဲ့သည်။ သူ၏ နဂါးစိမ်းလခြမ်းဓားကြီးကို ပြင်းထန်သော အရိပ်အယောင်တစ်ခုအဖြစ် ဝှေ့ယမ်းကာ ကာကွယ်နေသော်လည်း မြားအားလုံးကိုမူ မပိတ်ဆို့နိုင်ခဲ့ပေ။ သူ၏ ကိုယ်တွင်းအသက်ရှုဓာတ်အပေါ် ခဏမျှ အားကိုးမိလိုက်စဉ်မှာပင် မမျှော်လင့်ဘဲ သူ၏ ဘယ်ဘက်လက်မောင်းတွင် မြားပုန်းတစ်စင်း ထိမှန်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ဒုတိယအစ်ကို ကွမ်းယုသည် စိတ်ပျက်သွားပြီး ရှေ့သို့ ဆက်လက်တိုးရန် အစီအစဉ်ကို လက်လွှတ်လိုက်ရတော့သည်။
ထိုသို့ဖြင့် သတ်ဖြတ်မှုကြီးသည် ပြီးဆုံးသွားခဲ့သည်။ လီရူးသည် လူအူမဟုတ်ပေ။ သူသည် မိမိ၏ လုံခြုံရေးကို စစ်သူကြီးများအပေါ်တွင်သာ ပုံအောပြီး အားကိုးတတ်သည့် အလေ့အထ မရှိခဲ့ဘဲ အရာရာကို မိမိ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ဖြင့်သာ ဖြေရှင်းရန် ပိုမိုနှစ်သက်သူ ဖြစ်သည်။
ကွမ်းတုန်း မဟာမိတ်တပ်မတော်ကို တွန်းလှန်ပြီးနောက် ဟူလောင်တံခါးထိပ်တွင် အောင်ပွဲခံ အော်ဟစ်သံများ လွှမ်းမိုးသွားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် လီရူးသည် စစ်ရေးတွင် အလွန်ထူးချွန်သူ ဖြစ်ပြီး သူ ရှီးလျှောင်မှ ခေါ်ဆောင်လာခဲ့သော စစ်သည်တော်များကို အလွန် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်။ ထို့ကြောင့် ရှီးလျှောင် စစ်သည်တော်များသည် သေခြင်းတရားကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ စစ်သားလုပ်သည်ဆိုသည်မှာ ဝမ်းဝရုံမျှသာ ဖြစ်ပြီး ထိုအချက်ကို လီရူးက အပြည့်အဝ ဖြည့်ဆည်းပေးထားသည်။ ထို့အပြင် သူ၏ မျက်စိအောက်တွင် စစ်သည်တို့၏ ရိက္ခာနှင့် လစာကို မည်သူမျှ ခိုးယူခြင်း မပြုဝံ့ကြပေ။ ဤကဲ့သို့ ကမောက်ကမဖြစ်နေသော ခေတ်ပျက်ကြီးတွင် စစ်အင်အားသည်သာ အရာရာဖြစ်ပြီး ကျန်ရှိသောအရာအားလုံးကို ထိုစစ်အင်အားဖြင့်သာ ရယူနိုင်ကြောင်းကို သူသည် အခြားသူများထက် ပိုမိုနားလည်ထားသည်။
လီရူးသည် တစ်ချိန်က သူပိုင်ဆိုင်ခဲ့ဖူးသော ပညာရှိတစ်ဦး၏ အရှိန်အဝါများ လုံးဝ ကင်းမဲ့နေလျက် ဟူလောင်တံခါး၏ ကျောက်လှေကားထစ်များပေါ်တွင် စိတ်ပျက်အားလျော့စွာ ထိုင်နေမိသည်။ သူသည် မိမိ၏ ဂုဏ်သိက္ခာကို ဤမျှအထိ ဂရုမစိုက်ဘဲ ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ထိုင်နေမိသည်မျိုး တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ သူ အလွန် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ ဒုံကျွမ်က သူ့ကို တွန်းထုတ်ပစ်လိုက်ပြီး သူ လဲကျသွားခဲ့ရသည့် အခိုက်အတန့်ကတည်းက သူ၏ စိတ်နှလုံးသည် ညှိုးမှိန်သွားခဲ့ရပြီ ဖြစ်သည်။
"စစ်ဗျူဟာမှူး..."
ကောင်းရွှန့်က အလေးပြုလိုက်ပြီး—
"မဟာမိတ်တပ်တွေ ဆုတ်ခွာသွားပါပြီ" ဟု တင်ပြသည်။
"ငါ့ကို ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေခွင့်ပေးပါဦး ကောင်းရွှန့်"
လီရူးက ညိုမှောင်သော မျက်နှာထားဖြင့် ပြောလိုက်ရာ ကောင်းရွှန့်သည်လည်း သူ၏ နောက်ကွယ်တွင် ဘာမျှမလှုပ်ရှားဘဲ ငြိမ်သက်စွာ ရပ်နေပေးခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လီရူးသည် ကောင်းရွှန့်ကို မော့ကြည့်ကာ—
"မင်းက လွီပုရဲ့ လက်အောက်မှာ ငါ အလေးစားဆုံး စစ်သူကြီးတစ်ယောက်ပဲ... ငါတို့ တိုက်ပွဲရှုံးနိမ့်သွားနိုင်တယ်လို့ မင်း ထင်သလား" ဟု မေးလိုက်သည်။
"ခိုင်ခံ့လှတဲ့ ဟူလောင်တံခါး ရှိတယ်၊ လော့ယန်ရဲ့ ကြွယ်ဝမှု ရှိတယ်၊ ပြီးတော့ ငါတို့ရဲ့ အထူးစစ်သည်တော်တွေ ရှိနေတာမို့ မဟာမိတ်တပ်တွေပဲ ကျရှုံးသွားမှာပါ" ဟု ကောင်းရွှန့်က ပြတ်သားစွာ ပြောကြားလိုက်သည်။
"ကျရှုံးသွားမှာပေါ့ ဟုတ်လား..."
လီရူး၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး—
"အင်း... ကျရှုံးသွားမှာပေါ့... ကောင်းရွှန့်... ဒီနေရာကို သေချာ စောင့်ရှောက်ထားပါ"
လီရူးသည် မတ်တတ်ရပ်လိုက်ပြီး ဟူလောင်တံခါးပေါ်မှ ယိမ်းထိုးလျက် ဆင်းသွားခဲ့သည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ကောင်းရွှန့်သည် ထွက်ခွာသွားသော လီရူး၏ ကျောပြင်ကို ကြည့်ရင်း သူရဲကောင်းတစ်ဦး၏ နေဝင်ချိန် ဟုခေါ်သော ဆွေးမြည့်ဖွယ် အထီးကျန်မှုကို ခံစားလိုက်ရသည်။
လီရူးသည် ဟူလောင်တံခါးတွင် စီစဉ်ထားသော စစ်ရေးရုံးခန်းထဲသို့ လျှောက်လှမ်းဝင်ခဲ့ရာ အတွင်းမှ ဒုံကျွမ်၏ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ ဤတစ်ကြိမ်တွင် မိမိ သတိလက်လွတ် ဖြစ်သွားခဲ့ရုံမျှသာ ဖြစ်သည်ဟု လွီပုက အသည်းအသန် ခုခံချေပနေသံကို ကြားလိုက်ရသည်။ လီရူးသည် အလွန်အမင်း စိတ်ပျက်အားလျော့မှုကိုသာ ခံစားလိုက်ရသည်။ ဤသည်မှာ စိတ်နှလုံး၏ ပင်ပန်းနွမ်းနယ်မှု ဖြစ်သည်။
သူ အတွင်းသို့ ဝင်လိုက်သောအခါ ဟူလောင်တံခါးသို့ ရောက်ရှိလာသော စစ်သူကြီးများအားလုံးသည် တစ်ဦးမှလွဲ၍ မိမိတို့၏ သတ်မှတ်ထားသော နေရာများတွင် ထိုင်နေကြသည်ကို တွေ့ရသည်။ လီရူးသည် ဘယ်ဘက်အခြမ်း၏ အရှေ့ဆုံးနေရာတွင် တည်ငြိမ်စွာ ထိုင်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏ နောက်ကွယ်၌ ထိုင်နေသူမှာ ဝဝလင်လင်နှင့် ချမ်းသာကြွယ်ဝမည့် ရုပ်ရည်ရှိသော ကျားရွှီ မဟုတ်ဘဲ လီစု ဖြစ်နေခဲ့သည်။
'ငါ ထင်တဲ့အတိုင်း ချန်အန်းကို ပြန်ဖို့ အချိန်တန်ပြီပေါ့... သူ လော့ယန်ကိုတောင် ပြန်မှာ မဟုတ်တော့ဘူး... လူ့သဘာဝကို နားလည်တဲ့နေရာမှာတော့ သူက ငါ့ထက် တစ်ပန်း သာနေတာပဲ... ဒုံကျွမ်... ...။'
လီရူးသည် ဒုံကျွမ်အပေါ် ထားရှိသော သူ၏ မျှော်လင့်ချက်များစွာ ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သဖြင့် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိတော့သည်။