အခန်း (၃၃) ကျောက်ယွင်နဲ့လွီပု
ကျောက်ယွင်၏ လှံပန်းပွင့်များသည် ကောင်းကင်အနှံ့ ကူးခတ်ကခုန်နေကြသည်ဖြစ်ရာ တစ်ချက်ကြည့်လိုက်လျှင် အလွန်တရာ ပြင်းထန်ထက်မြက်ပြီး အင်အားကြီးမားလှသည်ဟု ထင်မှတ်ရသည်။ သို့သော် ဤအခြေအနေသည် မိမိကိုယ်ကို လုံးဝအတင်းအကျပ် ဖိအားပေးပြီး လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ကျောက်ယွင်တစ်ဦးတည်းသာ အသိဆုံး ဖြစ်သည်။ လွီပု၏ ရက်စက်ကြမ်းကြုတ်မှုက သူ့ကို ရင်တထိတ်ထိတ် ဖြစ်စေခဲ့သည်။ တိုက်ခိုက်ရေးပညာရပ်ပိုင်းတွင် ကျောက်ယွင်သည် မိမိကိုယ်မိမိ တစ်ချိန်က ဂုဏ်ယူခဲ့သော စွမ်းရည်များသည် လွီပုနှင့် အဆင့်အတန်း တူညီလုနီးပါးရှိသည်ဟု သတိပြုမိသော်လည်း ခွန်အားနှင့် ကိုယ်တွင်းအသက်ရှုဓာတ် ပြင်းအားပိုင်းတွင်မူ လွီပုက အပြတ်အသတ် သာလွန်နေသည်။ ထို့နောက် သူစီးနင်းထားသည့် မြင်းကို ငုံ့ကြည့်လိုက်မိရာ ကျောက်ယွင် စိတ်မကောင်းဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခင်ကဆိုလျှင် သူ၏မြင်းက ရန်သူ့မြင်းကို အမြဲတစေ ပြန်ကိုက်လေ့ရှိသော်လည်း ယခုအကြိမ်တွင်မူ အနီရောင်စစ်မြင်းက အရင်ဦးအောင် ကိုက်ခဲလိုက်သဖြင့် သူ့မှာ ရင်နာသွားရသည်။ ဤပွဲကို မည်သို့ဆက်တိုက်ရပါမည်နည်း။ ကျောက်ယွင်သည် လှံကိုဆွဲကာ ရှေ့သို့ တိုးထွက်လာစဉ်ကတည်းက ဤမေးခွန်းကို အဖန်ဖန် တွေးတောနေခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်ကို လွီပုနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် သူသည် လွီပုနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်မည်ဆိုလျှင် အနိုင်ရနိုင်ခြေမှာ အလွန်ဆုံးရှိမှ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ရာခိုင်နှုန်းသာ ရှိသည်ကို သိရှိသွားသည်။
လွီပု၏ လှံရှည်ပုဆိန် အတတ်ပညာသည် ပုံသဏ္ဌာန်ထက် ခွန်အားကို ပိုမိုဦးစားပေးကြောင်း ကျောက်ယွင်နားလည်လာသည်။ လွီပု ဒေါသထွက်လာလျှင် ဖြစ်စေ၊ သို့မဟုတ် ယခုကဲ့သို့ တိုက်ပွဲကို အလွန်အမင်း အာရုံစူးစိုက် အားရကျေနပ်နေလျှင်ဖြစ်စေ သူ၏ ကိုယ်တွင်းအသက်ရှုဓာတ် တစ်ဝက်ခန့် ကုန်ဆုံးသွားလျှင်တောင်မှ ယခင်အတိုင်း ဆက်လက်ရက်စက် ကြမ်းကြုတ်နေဆဲပင် ဖြစ်သည်။ လွီပုကို အနိုင်ယူရန်အတွက် သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဖျက်ဆီးပစ်ရမည်ဖြစ်ပြီး သူ၏ ရှုံးနိမ့်ခြင်းမရှိဆိုသော စိတ်ဓာတ်ကို ပျောက်ပျက်သွားအောင် လုပ်ရမည်။ သို့မဟုတ်ပါက သူနှင့် မည်မျှပင် ကြာရှည်စွာ တိုက်ခိုက်နေပါစေ လွီပုသည် သူ၏ ကနဦးတိုက်ခိုက်ရေးအဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရုံမျှမက တိုက်ပွဲကြာလေလေ ပိုမိုသန်မာလာလေလေ ဖြစ်နိုင်သည်။ ဤသည်မှာ အမှန်တကယ်ပင် ဆိုးဝါးလှသော သံသရာတစ်ခု ဖြစ်သည်။
ကျောက်ယွင်၏ ချောမောသော မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ ကောင်းပြီလေ၊ ဤသည်က ဆိုးဝါးသော သံသရာတစ်ခုဖြစ်နေလျှင် သူကိုယ်တိုင်ပင် ထိုသံသရာကို ရိုက်ချိုးပစ်လိုက်ရုံသာ ရှိသည်။ ကျောက်ယွင်သည် လွီပုနှင့် ထိပ်တိုက်ရင်ဆိုင်မတိုးတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့ထက်စာလျှင် ခံနိုင်ရည်နှင့် အလျင်နှုန်းတို့ကိုသာ ယှဉ်ပြိုင်လိုတော့သည်။ ကျောက်ယွင်သည် အလွန်အမင်း မြန်ဆန်လှသော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားသည်။ ရှေ့တည့်တည့်မှ ကြည့်လျှင်သူ၏လှံသွားများသည်အဖက်ဖက်သို့ဖွာထွက်နေသကဲ့လို့လျှင်မြန်နေသည်။ သူ၏ လှံရှည်ကြီးကို မည်မျှပင် ဝှေ့ယမ်းနေပါစေ လှံဖျားသည် လွီပုရှိရာ အရပ်မျက်နှာသို့သာ အမြဲတစေ ဦးတည်နေသည်။ ဘေးနားတွင် အသက်ရှုနှုန်းကို ပြန်လည်ထိန်းညှိနေသော ကွမ်းယုပင်လျှင် ကျောက်ယွင်၏ လှံရိုးကြီးက လွီပုထံသို့ သုံး လေးကွေးခန့် ကွေးညွတ်သွားသည်ကို သတိပြုမိလိုက်သည်။ သူသည် ထိုကဲ့သို့သော အင်အားကို မည်သို့ထုတ်ဖော်နေသည်ကို မည်သူမျှပင်တွေးဆ၍ မရနိုင်ချေ။
ကျောက်ယွင် စစ်မြေပြင်သို့ အပြင်းနှင်ဝင်လာကတည်းက သူ၏လှံသံသည် မပြတ်စဲခဲ့ချေ။ လွီပုနှင့် ကျောက်ယွင် နှစ်ဦးစလုံးသည် မိမိတို့၏ လက်နက်များကို ပန်းပွင့်များအလား ကခုန်အောင် ဝှေ့ယမ်းနေကြပြီး ယခုအချိန်အထိ တစ်ဦးနှင့်တစ်ဦး ထိမိခြင်း မရှိသေးဘဲ အပြန်အလှန် အသက်အန္တရာယ်ရှိသော အရေးပါသည့်နေရာများကိုသာ ပြင်းထန်စွာ အာရုံစိုက်ထားကာ ပြင်းထန်သော ဒဏ်ချက်ကို ပေးနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။ ကျောက်ယွင်သည် သူ၏ အရှိန်ကို ပိုမိုမြှင့်တင်လိုက်သည်။ လွီပုသည် သူ၏ လှံအရှိန်ကို ကျင့်သားရနေပြီဟု ခံစားရသဖြင့် အရှိန်ကို ထပ်မံမြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည်။ ကျောက်ယွင်သည် မိမိမျက်နှာချင်းဆိုင်က လူကို ခွန်အားချင်း ယှဉ်၍ အနိုင်မယူနိုင်ကြောင်း အမှန်တကယ် သိရှိသွားခဲ့ပြီ ဖြစ်သည်။ ခွန်အားကွာဟချက်က စိတ်ပျက်စရာ ကောင်းလှသည်။ အစပိုင်းတွင် သူသည် အနိုင်ရနိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းရှိသည်ဟု ထင်မှတ်ခဲ့သော်လည်း တိုက်ပွဲကြာလာသည်နှင့်အမျှ သူ၏ ယုံကြည်မှုများ လျော့နည်းလာပြီး ယခုအခါ ဆယ်ရာခိုင်နှုန်းမျှသာ ကျန်ရှိတော့သည်။ တိုက်ပွဲသာ ဆက်ဖြစ်နေလျှင် ထိုမျှလောက်သော အခွင့်အရေးပင် ကျန်ရှိတော့မည်မဟုတ်ကြောင်း ကျောက်ယွင် တွက်ဆမိသည်။
အမှန်အတိုင်း ပြောရလျှင် ယခုအခါ ကျောက်ယွင်သည် လွီပုက ကျန်းဖေးနှင့် ရင်ဆိုင်ရစဉ်က တွေးတောခဲ့သည့် စိတ်ကူးမျိုးကိုပင် ရင်ဝယ်ပိုက်ထားမိသည်။ ‘ဒီကောင် ဘာတွေစားလို့ ဒီလောက်တောင် သန်မာနေရတာလဲ’ ဟူ၍ ဖြစ်သည်။ ကျန်းဖေးကို ဖမ်းဆီးပြီး သုတေသနပြုလုပ်လိုသော လွီပုနှင့်မတူဘဲ ကျောက်ဇီလုံကမူ လွီပုကို လေ့လာရန် စိတ်ကူးမရှိချေ။ သူသည် ကွမ်းယုထံသို့ အကူအညီတောင်းခံသည့် အချက်ပြမှုများကို ပြုလုပ်နေပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ကွမ်းယုက ကျောက်ယွင်၏ ရည်ရွယ်ချက်ကို ရိပ်မိခြင်း မရှိပေ။ ကွမ်းယု၏ အမြင်တွင်မူ နှစ်ဦးစလုံးသည် အသာစီးမရသေးဘဲ အခြေအနေ တူညီနေဆဲဖြစ်ရာ အဘယ်ကြောင့် ဝင်ရောက်နှောင့်ယှက်ရမည်နည်းဟု တွေးမိသည်။ ဤအံ့ချီးဖွယ် တိုက်ပွဲကို ဆက်လက်ဖြစ်ပွားစေခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
လွီပု၏ မျက်ဝန်းများသည် မိမိရှေ့ရှိ ချောမောလှပသော မျက်နှာနှင့် လူငယ်လေးကို စိုက်ကြည့်ရင်း တောက်လောင်နေသော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ အစပိုင်းတွင်မူ သူသည် တည်ငြိမ်ပြီး ခိုင်မာသော ကွက်ရွှေ့မှုများဖြင့် ဤချောမောသော ကောင်လေးကို အလွယ်တကူ ဖြိုလှဲနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် တိုက်ပွဲက ပြင်းထန်လာသည်နှင့်အမျှ စိတ်ကူးတစ်ခုက သူ့ထံသို့ ရုတ်တရက် ရိုက်ခတ်လာသည်။ ‘ဤလူသည် သူစောင့်ဆိုင်းနေခဲ့သော၊ သတ်ဖြတ်ပြီးနောက် မိမိ၏ စွမ်းရည်ကို အဆင့်မြှင့်တင်ပေးနိုင်မည့် အားကောင်းသော ရန်သူတော်ကြီး ဖြစ်နေမလား’ ဟူ၍ ဖြစ်သည်။ ထိုသို့တွေးမိသည်နှင့် လွီပုသည် ထိုသို့ဖြစ်နိုင်ခြေ အလွန်များပြားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ မိမိနှင့် တစ်ယောက်ချင်း ဤမျှကြာမြင့်စွာ အရှုံးအနိုင် မပေါ်ဘဲ တိုက်ခိုက်နိုင်သည့် ခွန်အားမျိုး အခြားမည်သူ့တွင် ရှိနိုင်ပါဦးမည်နည်း။
ချက်ချင်းပင် လွီပု၏ စိတ်အားထက်သန်မှုသည် အထွတ်အထိပ် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။ ရှန်းယုသာ ဝူမြစ်ထဲမှ ပြန်လည်တက်လှမ်းလာလျှင်ပင် သူ့ကို ရေထဲသို့ ပြန်လည်နှစ်မြှုပ်ပစ်နိုင်သည်ဟု လွီပု ခံစားနေရသည်။ သတ်မယ်၊ သတ်မယ် သတ်မယ်။ ဤကဲ့သို့သော စိတ်ဓာတ်ဖြင့် လွီပုသည် ပိုမိုစိတ်လှုပ်ရှားစွာ တိုက်ခိုက်လာပြီး သူ၏ စွမ်းအားတက်ကြွမှုသည်လည်း ပိုမိုကြီးစိုး လွှမ်းမိုးလာသည်။ ချက်ချင်းပင် အနည်းငယ် ဖမ်းဆုပ်ရခက်သော လှံအတတ်ပညာသည် ပင်ကိုယ်သိစိတ်ဖြင့် ပေါ်လွင်လာပြီး လွီပု၏ စွမ်းအားများ ထပ်မံမြင့်တက်လုဆဲဆဲတွင် ကျောက်ယွင်၏ လှံအရှိန်က ထပ်မံမြန်ဆန်လာသည်ကို သူ ခံစားလိုက်ရသည်။ လွီပုသည် ကျောက်ယွင်အပေါ် ပြင်းထန်သော တိုက်စစ်ကို ဆက်လက်ဆင်နွှဲနေပြီး ကျောက်ယွင်ကမူ မိမိ၏ အမြင့်ဆုံးသော အတတ်ပညာကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။ သူ၏ လှံအတတ်ပညာသည် မြန်ဆန်လာပြီး ယခင်က တစ်ချက်သာ ထိုးနှက်နိုင်သော အချိန်အတွင်း ယခုအခါ နှစ်ကြိမ်တိုင်တိုင် ထိုးနှက်နိုင်ခဲ့သည်။ ထိုသို့ဖြစ်လင့်ကစား ကျောက်ယွင်သည် လွီပုကို အနိုင်ယူနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးဘဲ လွီပု၏ ချီဓာတ်များ တည်ငြိမ်စွာ မြင့်တက်လာသည်ကိုသာ မတတ်သာဘဲ ကြည့်နေရပြီး ရန်သူ၏ စွမ်းအားကို နှိမ်နင်းရန် ခွန်အား မရှိတော့ချေ။
ဟူလောင်တံခါးမှ ဒုံကျွမ်၏ စစ်တပ်နှင့်စစ်ပွဲသခင် တစ်ဆယ့်ရှစ်ဦးတို့၏ မဟာမိတ်တပ်မှ စစ်သည်များသည် အံ့အားသင့်လျက် ဆွံ့အောနေကြသည်။ လွီပု၏ ရက်စက်ကြမ်းကြုတ်မှုကိုမူ ယခင်တိုက်ပွဲများတွင် သက်သေပြခဲ့ပြီးဖြစ်ရာ လျှိုပေ့ဘက်မှ ကွမ်းယုနှင့် ကျန်းဖေး ညီအစ်ကိုနှစ်ဦးသာလျှင် သူ့ကို ရင်ဆိုင်နိုင်ခဲ့ကြသည်။ ကွမ်းယုနှင့် ကျန်းဖေးတို့ကို အနိုင်ယူပြီးနောက် လွီပုကို မဟာမိတ်တပ်ဖွဲ့များက နတ်ဘုရားကဲ့သို့သော တည်ရှိမှုတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် ယခုအခါ လျှိုပေ့၏ နောက်ကွယ်မှ အခြားသော တိုက်ခိုက်ရေးသမားတစ်ဦး ပေါ်ထွက်လာပြီး လွီပုနှင့် အရှုံးအနိုင်မပေါ်ဘဲ တိုက်ခိုက်နေလေရာ—တောက်၊ လျှိုရွှမ်တယ်၊ မင်းရဲ့ကံက တကယ့်ကို ကောင်းလွန်းလှသည်တကား။ ကံကောင်းခြင်းအားလုံးက မင်းဆီမှာပဲ ရှိနေသလိုပဲ။
လျှိုပေ့သည် ဘေးပတ်ဝန်းကျင်မှ မနာလိုသော၊ လေးစားအားကျသော အကြည့်များကို လုံးဝဂရုမစိုက်ဘဲ ကျန်းဖေးကို စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ကြည့်နေသည်။ ချန်းရှီ၏ စကားများကို နားထောင်ခဲ့ပြီးကတည်းက လျှိုပေ့သည် ဤပရမ်းပတာဖြစ်နေသော ခေတ်ကြီးတွင် အခြားသူများက မိမိ အပေါ် မနာလိုဖြစ်ခြင်း သို့မဟုတ် မုန်းတီးခြင်းများ ထားရှိပါစေ၊ ဂရုစိုက်စရာမလိုကြောင်း သဘောပေါက်ခဲ့သည်။ ထိုသူတို့တွင် အာဏာခွန်အား မရှိသရွေ့ ၎င်းတို့သည် အောင့်အည်းသည်းခံရုံမျှသာ ရှိသည်။ ဤခေတ်သည် သီလနှင့် တရားမျှတမှုတို့ စိုးမိုးသော ခေတ်မဟုတ်ဘဲ ခွန်အားကြီးမားသူကသာ မှန်ကန်ကြောင်း သတ်မှတ်သည့် ခေတ်ဖြစ်သည်မဟုတ်ပါလော။
နောက်ဆုံးတွင် ကျောက်ယွင်သည် သူ၏လှံနှင့် လွီပု၏ စက္ခုဝေဟင်ထိုးခွင်းလှံတို့ မထိတိုက်မိဘဲ လွီပုကိုအနည်းငယ်ထိခိုက်မိသည်။ ဤသည်မှာ တိုက်ပွဲစတင်ကတည်းက ပထမဦးဆုံးအကြိမ် အမှန်တကယ် ပြင်းထန်စွာ ထိခိုက်နိုင်ခြင်း ဖြစ်သည်။ လွီပု၏ တုန်လှုပ်မှုနှင့် ဒေါသတို့နှင့်မတူဘဲ ကျောက်ယွင်၏ မျက်နှာတွင်မူ မတတ်သာမှုများဖြင့် ပြည့်နှက်နေသည်။ လွီပု တုန်လှုပ်သွားသည့် အခိုက်အတန့်ကို အမိအရဖမ်းဆုပ်ကာ သူသည် လွီပု၏ လှံရှည်ပုဆိန်ဖျားကို သာသာလေး ရိုက်ပုတ်လိုက်ပြီး အန္တရာယ်ရှိသော ထိုလူနှင့် မိမိကြားတွင် အကွာအဝေးတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
"စစ်သူကြီးကွမ်း... ကျုပ်ကို ကူညီပါဦး" ကျောက်ယွင်က အော်ဟစ်လိုက်သည်။
နောက်ပြောင်နေရန် အချိန်မရှိတော့ချေ၊ သူ ယခင်က ကွမ်းယုထံသို့ အချက်ပြခဲ့မှုများသည် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။ ကွမ်းယုသည် ကျောက်ယွင်က လွီပုနှင့် ဤမျှကြာမြင့်စွာ အရှုံးအနိုင်မပေါ်ဘဲ တိုက်ခိုက်နေပြီး မည်သည့် အားလျော့သည့် လက္ခဏာမျှ မပြဘဲနှင့် အဘယ်ကြောင့် ရုတ်တရက် မိမိ၏ အကူအညီကို တောင်းခံရသနည်းဟူသည်ကို နားမလည်နိုင်ဖြစ်နေသည်။ သို့သော် သူ ဇဝေဇဝါဖြစ်နေသောက်လည်း ကွမ်းယုသည် "ကျောက်ယွင်... မစိုးရိမ်နဲ့၊ ငါ လာပြီ" ဟု ကြွေးကြော်လိုက်ပြီးနောက် သူ၏ နဂါးစိမ်းလခြမ်းဓားကြီးကို လွီပုထံသို့ လွှဲယမ်းကာ ဝင်ရောက်လာသည်။
"မင်းကို ငါ သတ်မယ်" လွီပုသည် ဒေါသတကြီးဖြင့် သူ၏မြင်းကို ကျောက်ယွင်ရှိရာသို့ ဒုန်းစိုင်းနှင်လိုက်သည်။ မိမိမှာ ကစားရုပ်တစ်ခုလို အသုံးချခံလိုက်ရသည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ခွန်အားမပါဘဲ အရှိန်သက်သက်သာ ဖြစ်သည်။ ယခင်က မတော်တဆ ထိမိတိုက်မိခြင်းသာ မရှိခဲ့လျှင် ကျောက်ယွင်၏ ကိုယ်တွင်းအသက်ရှုဓာတ်သည် အလွန်တရာ အားနည်းနေပြီး သူ၏ ခွန်အားမှာလည်း ချော့ချော့ချာချာသာ ဖြစ်ကြောင်း လွီပု မည်သည့်အခါမျှ သိရှိလိမ့်မည်မဟုတ်ချေ။ သို့မဟုတ်ပါက သူတို့ ဆက်လက်တိုက်ခိုက်နေကြဦးမည်ဖြစ်ပြီး ကျောက်ယွင်မည်မျှအထိ အားနည်းသည်ကို လွီပု ရှာဖွေတွေ့ရှိနိုင်လိမ့်မည်မဟုတ်ပေ။
"ဒါက တကယ့်ကို အလုပ်ရှုပ်စရာပဲ" ကျောက်ယွင်က သက်ပြင်းချရင်း လှံကို လွီပုထံသို့ ထိုးနှက်လိုက်သည်။
လှံဖျားနှင့် လှံရှည်ပုဆိန်ဖျားတို့ ထိမိတိုက်မိသောအခါ လွီပု အလိုရှိသကဲ့သို့ ကျောက်ယွင်၏ လက်နက် လွင့်စင်သွားခြင်းမျိုး မဖြစ်ပေါ်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ယွင်၏ လှံမှတစ်ဆင့် ကူးစက်လာသော အင်အားသည် ပြင်းထန်သော ဒီရေလှိုင်းများအလား တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာကာ လွီပု၏ ခွန်အားနှင့် တူညီနေသည်။ သို့သော် လွီပုသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးပါက မည်သည့်အခါမျှ နောက်ကြောင်းပြန်လှည့်လေ့မရှိပေ။ မိမိကို လှည့်စားခဲ့သည့်အတွက် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ကျောက်ယွင်ကို အပြတ်ရှင်းရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤယုံကြည်ချက်ဖြင့် လွီပုသည် ကျောက်ယွင်အပေါ် ဒေါသတကြီး ဝှေ့ယမ်းတိုက်ခိုက်တော့သည်။ ကျောက်ယွင်သည် လွီပု၏ ရူးသွပ်သော တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ ကာကွယ်လိုက်သည်။ ယခင်ကကဲ့သို့ မရေမတွက်နိုင်သော လှံပန်းပွင့်များအစား ယခုအခါ အေးစက်သော အလင်းစက်လေးများသာ ဖြစ်ပေါ်လာပြီး လွီပု၏ တိုက်ခိုက်မှုများကို အခိုင်အမာ ပိတ်ဆို့ထားကာ လွီပု မျှော်လင့်သကဲ့သို့ နောက်ဆုတ်သွားခြင်း မရှိချေ။
"ချလွင်"
ကျယ်လောင်လှသော အသံနှင့်အတူ ကျောက်ယွင်နှင့် လွီပုတို့သည် တစ်ဖန်ပြန်လည် ကွဲကွာသွားကြသည်။ ကွမ်းယု တိုက်ပွဲထဲသို့ ဝင်ရောက်လာသည့် အချိန်အတောအတွင်းမှာပင် ထိုနှစ်ဦးသည် ပြင်းထန်ပြီး မိုးခြိမ်းသံကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှုဖြင့် အကြိမ်တစ်ရာမက ထပ်မံထိတွေ့ခဲ့ကြပြီးဖြစ်သည်။ ကျောက်ယွင်သည် မိမိ၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ရင်း သွေးလေအဟုန် စွမ်းအားများဖြင့် ကြံ့ကြံ့ခံရပ်တည်နေသဖြင့် သူ၏ တိုက်ခိုက်မှုမှ မည်သည့်အသာစီးမျှ မရရှိသောလွီပုကို မိမိ၏ယခင်အထင်အမြင်အပေါ် သံသယဝင်သွားစေသည် ဖြစ်ပေသည်။