အခန်း (၃၀) တကယ့်ကို လူသားတစ်ယောက် မဟုတ်ပါလား။
ဝေဟင်တစ်ခုလုံးတွင် နှစ်ဖက်တပ်ဖွဲ့များ၏ ဟစ်ကြွေးသံများနှင့် စစ်ဗရက်ဗရမ်း တီးခတ်သံများက စစ်မြေပြင်အလယ်ရှိ လူနှစ်ဦးကို ရူးသွပ်မတတ် လှုံ့ဆော်ပေးနေသကဲ့သို့ စစ်သည်တော်အားလုံး၏ စိတ်ဓာတ်များကိုလည်း အဆက်မပြတ် မြှင့်တင်ပေးနေသည်။
"လွီပု... မြှားကိုမြည်းစမ်း။"
ကျောက်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း အသင့်ပြင်ထားသော လေးကြိုးကို ဆွဲကာ လွီပုထံသို့ မြှားတစ်စင်း ဒိုင်းခနဲ ပစ်လွှတ်လိုက်သည်။
လွီပုသည် ဝူအန်ကော်၏ လွှဲယမ်းနေသော လက်နက်ကြီးကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။ ထိုလူတွင် အားကောင်းသော ခွန်အားရှိရုံမက ‘သာမန်ကိုယ်တွင်းအသက်ရှုဓာတ် ထုတ်ဖော်ခြင်း’ အဆင့်ကိုပင် ရောက်ရှိနေကြောင်း သူ အသိအမှတ်ပြုမိသည်။ အဓိကမှာ ထိုလူက အလွန်ရဲရင့်ပြီး တူသိုင်းကိုလည်း ကောင်းမွန်စွာ ကျွမ်းကျင်ခြင်းပင် ဖြစ်သည်။
"နွေးရုံတင်ဆိုရင် တော်လောက်ပြီ။"
လွီပုက ဟိန်းဟောက်လိုက်ရာ သူ၏ အဆက်မပြတ် မုန်တိုင်းထန်နေသော တိုက်ကွက်များက ခဏတာ ရပ်တန့်သွားပြီး ‘ကောင်းကင်ထိုးဖောက်လှံကြီး’ သည် အဆတစ်ရာမက လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။ လေထုတစ်ခုလုံး ထုထည်ကြီးမားလာပြီး ဝူအန်ကော်၏ လက်နက်ကြီးပေါ်သို့ မမျှော်လင့်နိုင်သော အရှိန်နှုန်းဖြင့် ကျရောက်သွားသည်။
ဝူအန်ကော်သည် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး သူ၏တူကိုပင် ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ချင်။ သူ၏ အပြစ်ဆိုဖွယ်မရှိသော တိုက်စစ်သည် ထိုခဏတာ ရပ်တန့်မှုကြောင့် ဟာကွက်ဖြစ်သွားရသည်။ လွီပု၏ လှံရှည်သည် အလင်းတန်းတစ်ခုကို ချန်ရစ်ကာ ထိုဟာကွက်အတွင်းသို့ ပိုင်းဖြတ်ဝင်ရောက်သွားရာ ဝူအန်ကော်က အစွမ်းကုန် ရှောင်တိမ်းသော်လည်း သီသီလေးသာ လွဲချော်သွားခဲ့သည်။
"ဒုန်း။"
ဝူအန်ကော် မျှော်လင့်ချက်မဲ့နေသည့် အချိန်တွင်ပင် ငွေပြာရောင် အလင်းတန်းတစ်ခုက လွီပု၏ လှံရှည်ကို အားပြင်းစွာ ရိုက်ခတ်ဖယ်ရှားပစ်လိုက်သည်။ ထိုမြှားချက်က ဝူအန်ကော်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။ မဟုတ်ပါက ထွက်ပေါ်လာသော ချီဓားသွားကြောင့် သူ၏ အူမကြီးများ မြေပေါ်သို့ ပျံကျဲသွားလောက်သည်။
လွီပုသည် မြှားရောက်ရှိလာရာ အရပ်သို့ လှမ်းကြည့်လိုက်ပြီး ဝူအန်ကော်ကို ဆက်လက် တိုက်ခိုက်မည့် အကြံကို လက်လွှတ်လိုက်သည်။ တစ်ဖက်လူသည် မတိုက်ခိုက်မီ ကြိုတင်သတိပေးခဲ့သည်။ မြှားချက်က မြန်လွန်းလှသဖြင့် ဝူအန်ကော်မှာ ထိမှန်ပြီးမှသာ သတိပေးသံကို ကြားရသော်လည်း ထိုသူသည် တစ်ဦးချင်း စိန်ခေါ်ပွဲ၏ စည်းမျဉ်းကို ချိုးဖောက်ခြင်း မရှိခဲ့ကြောင်း ငြင်းပယ်၍မရချေ။
တည်ကြည်လေးနက်နေသော ကျောက်ယွင်ကို ကြည့်ရင်း ချန်းရှီက အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ ဝူအန်ကော်က ဘာကြောင့် ရုတ်တရက် ရှုံးနိမ့်သွားရသနည်း။ သူက လွီပုကို ဖိအားပေးနေခဲ့သည် မဟုတ်ပါလား။
"ဒါက 'အလေးစားသိုင်းကွက်' ပဲ။ ပေါ့ပါးတဲ့ လက်နက်ကို လေးလံတဲ့အရှိန်နဲ့ အသုံးပြုနိုင်တဲ့ နည်းစနစ်တစ်ခုပေါ့။"
ကျောက်ယွင်က ခပ်မှောင်မှောင် လေသံဖြင့် ဆက်ပြောသည်။
"အဲဒီလိုပဲ လေးလံတဲ့ လက်နက်ကို အလွန် လျှင်မြန်ဖျတ်လတ်စွာ အသုံးပြုနိုင်တဲ့ 'အပေါ့စားသိုင်းကွက်' လည်း ရှိသေးတယ်။ ဗိုလ်ချုပ်ကျန်း... ဒီပြောင်းလဲမှုရဲ့ အဓိပ္ပာယ်ကို သဘောပေါက်ရဲ့လား။"
ကျန်းဖေး ပါးစပ်ဟသွားသည်။ တိုက်ကွက်များကို အပေါ့အလေး စိတ်ကြိုက် ပြောင်းလဲနိုင်သော ရန်သူနှင့် ရင်ဆိုင်ရခြင်း၏ ဒုက္ခကို သူ ကောင်းကောင်း နားလည်သည်။ အထူးသဖြင့် ရန်သူက ထိုပြောင်းလဲမှုကို စိတ်ကြိုက် ထိန်းချုပ်နိုင်သည့်အခါမျိုးတွင် ဖြစ်သည်။
"ငါ့ကိုကျန်းဖေးလို့ဘဲခေါ်စမ်းပါ"
ကျန်းဖေးက တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော မျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။ သူသည် ကွမ်းယုနှင့် ကျောက်ယွင်တို့ ဝင်ရောက် တားဆီးသည်ကိုပင်မစောင့်ဘဲ မြင်းပေါ်သို့ ခုန်တက်ကာ လှံရှည်ကို ကိုင်ဆွဲလျက် တပ်စုထဲမှ ချင်းနင်း ဝင်ရောက်သွားတော့သည်။
"ကျန်းဖေး ဟုတ်လား။"
လွီပုသည် ကောင်းကင်ထိုးဖောက်လှံကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ရာ ၎င်း၏ ရွှေနီရောင် အလင်းတန်းက တဖြည်းဖြည်း ထင်ရှားလာသည်။ ရုပ်လုံးပေါ်လာသော ရွှေနီရောင် ချီအလင်းတန်းက သူ့ကို နတ်ဘုရားတစ်ပါး၏ သံချပ်ကာကဲ့သို့ ဖုံးလွှမ်းသွားသည်။ သူသည် ရန်သူများ တစ်ယောက်ချင်းလာလာ၊ အားလုံး စုပြုံလာလာ ဂရုမစိုက်ဘဲ တစ်ဦးတည်းနှင့် အားလုံးကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ ဤနေရာတွင် ရန်သူအားလုံးကို သတ်ဖြတ်ပစ်ရန် သူ အသင့်ရှိနေသည်။
အလားတူပင် ကျန်းဖေး၏ ခန္ဓာကိုယ်ထံမှလည်း နက်မှောင်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး လွီပု၏ ဖိအားကြောင့် သူ၏ကိုယ်ပေါ်တွင် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော သံချပ်ကာအသွင် ရစ်ပတ်သွားသည်။
"ဒါကို ခံစမ်း။"
သူ၏ အရှိန်အဝါ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ကျန်းဖေးသည် မည်သည့် ဝေခွဲမရမှုမျှမရှိဘဲ မလိုအပ်သော အလှအပ သိုင်းကွက်များကို စွန့်ပယ်လိုက်သည်။ သူ၏ မြွေနဂါးလှံရှည်က လွီပုထံသို့ ဖြောင့်တန်း လျှင်မြန်စွာ ထိုးစိုက်သွားသည်။ ရိုးရှင်းပြီး အလွန် မြန်ဆန်လှသည်။
"ဒိုင်း။"
လွီပုက လှံရှည်ကို လွှဲယမ်းကာ ကျန်းဖေး၏ မြွေနဂါးလှံကို ဖယ်ရှားပစ်လိုက်သည်။ သတ္တုချင်း ထိခတ်သံက ပြင်းထန်စွာ မြည်ဟည်းသွားပြီး ထိုလှံ၏ ခွန်အားကို ခံနိုင်ရည်ရှိရန် သူ ပြင်ဆင်လိုက်သည်။ ခွန်အားက ကြီးမားလှသော်လည်း ရှေ့ကလူနှင့် သိပ်မကွာခြားလှချေ။ အဓိကမှာ လက်နက်က လုံလောက်အောင် မလေးလံ၊ မကြီးမားသည့်အပြင် လုံလောက်အောင်လည်း မမြန်ဆန်ခြင်း ဖြစ်သည်။
ကျန်းဖေး၏ မြွေနဂါးလှံသည် သူ၏ ပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံနီးပါး ကခုန်နေပြီး သူ့ရှေ့တွင် နဂါးနက်ကြီးတစ်ကောင် ရစ်ခွေနေသကဲ့သို့ ရှိသည်။ ၎င်း၏ ကြီးမားသော ခွန်အားကြောင့် လေထုကို အထပ်ထပ် ဖြတ်သန်း ထိုးနှက်နေသံများ အကျယ်ကြီး ထွက်ပေါ်နေသည်။
သို့သော် လွီပု၏ တုံ့ပြန်တိုက်ကွက်များက အမြဲတမ်း အချိန်ကိုက် ဖြစ်လွန်းလှသဖြင့် ကျန်းဖေးမှာ ခံစစ်သို့သာ ပြန်လည် ဆုတ်ခွာသွားရသည်။ ပထမဆုံး ဆယ်ကွက်အတွင်း၌ ကျန်းဖေးသည် သူ၏ ပြင်းထန်သော သွေးပူမှုဖြင့် လွီပု၏ တိုက်စစ်ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ဟူလောင်တံခါးအောက်တွင် နဂါးနက်ကြီးတစ်ကောင်က ရွှေနီရောင် ပုလဲတစ်လုံးကို ရူးသွပ်စွာ ကိုက်ခဲနေသကဲ့သို့ မီတာတစ်ရာ ပတ်လည်အတွင်း လွီပုကို ချုပ်ကိုင်ထားနိုင်ခဲ့သည်။
သို့သော်လည်း ဆယ်ကွက်ကျော်လွန်ပြီးနောက်တွင် လွီပုက တည်ငြိမ်သွားပြီး စနစ်တကျ ပြန်လည် တိုက်စစ်ဆင်လာသည်။ အကွက် နှစ်ဆယ်ကျော်တွင် ကျန်းဖေး၏ တိုက်စစ် အကြိမ်ရေ လျော့နည်းလာသည်။ အကွက် သုံးဆယ်အပြီးတွင် လွီပုက ကျန်းဖေးကို လွှမ်းမိုးသွားပြီး ကျန်းဖေး၏ ပြန်လည် တိုက်စစ်ဆင်နိုင်မှုနှုန်းက ထိုးဆင်းသွားခဲ့သည်။
အကွက် ငါးဆယ်မြောက်သို့ ရောက်သောအခါ လွီပု၏ ရွှေနီရောင် မီးလျှံအလင်းတန်းက နဂါးနက်ကြီးကို အပြီးပိုင် ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ကျန်းဖေး၏ မျက်ဝန်းများတွင် တိုက်ပွဲဝင်လိုစိတ်များ ပိုမို တောက်လောင်လာပြီး သူ၏ အရှိန်အဝါက ဆက်လက် မြင့်တက်နေသော်လည်း လွီပု၏ ပိတ်ဆို့မှုကိုမူ မဖောက်ဖျက်နိုင်သေးချေ။
နောက်ဆုံးတွင် လွီပုသည် တိုက်ကွက်များကို ဆယ်မီတာပတ်လည်အတွင်း၌သာ ချုပ်ကိုင်ထားတော့သည်။ ထိုစက်ဝိုင်း၏ အပြင်ဘက်တွင် အရာအားလုံး ငြိမ်သက်နေသော်လည်း အတွင်း၌မူ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ ပြင်းထန်လှသည်။
ကွမ်းယု၏ မျက်နှာအမူအရာက ပိုမို လေးနက်လာသည်။ လွီပု ပြသနေသော ခွန်အားကို မြင်တွေ့ရသဖြင့် သူ၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာသည်။ ကျန်းဖေး ပထမဆုံး ဝင်ရောက် တိုက်ခိုက်ခြင်းမှာ လွီပု၏ စွမ်းဆောင်ရည်ကို နားလည်နိုင်ရန် သူ့ကို အခွင့်အရေး ပေးခြင်းဖြစ်သော်လည်း လွီပုသည် သူ၏ အစွမ်းကုန်ကို ထုတ်မသုံးရသေးကြောင်း ထင်ရှားလှသည်။
ချန်းရှီကမူ မည်သူ နိုင်မည်၊ ရှုံးမည်ကို မပြောနိုင်သော်လည်း ကျန်းဖေးသည် လွီပုကို ဘယ်လိုမှ အနိုင်မရနိုင်ကြောင်း သူ သိသည်။ ကွမ်းယု၏ မျက်နှာထားကို ကြည့်ပြီး အခြေအနေကို သူ မခန့်မှန်းနိုင်ချေ။ သို့သော် ဘေးသို့ လှည့်ကြည့်လိုက်သောအခါ မူလက တည်ကြည်နေသော ကျောက်ယွင်က သိသိသာသာ သက်ပြင်းချလိုက်သည်ကို တွေ့ရသဖြင့် အခြေအနေများမှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားကြောင်း ချန်းရှီ နားလည်လိုက်သည်။
နောက်ဆုံးတွင် ဒုတိယအစ်ကိုဖြစ်သူ စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ စိမ်းပြာရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး ကြီးမားလှသော အရှိန်အဝါနှင့် ပေါင်းစပ်ထားသည့် ခွန်အားကြီးမားလှသော တိုက်ကွက်က လွီပုထံသို့ ပြင်းထန်စွာ ပိုင်းဖြတ်သွားသည်။ မနေ့ညက တိုက်ပွဲနှင့်မတူဘဲ ယခုအကြိမ်တွင် ကျန်းဖေးက အာရုံလွှဲပေးထားသဖြင့် လွီပုအနေနှင့် ကွမ်းယု၏ အားမွေးမှုကို နှောင့်ယှက်ရန် အခွင့်အရေး မရခဲ့ချေ။
ထို့ကြောင့် ကွမ်းယုသည် သူ၏ အရှိန်အဝါကို အမြင့်ဆုံးသို့ စုစည်းပြီးနောက် ပြင်းထန်လှသော တတိယမြောက် တိုက်ကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
"ဝုန်း။"
ရိုက်ခတ်မှုက ယခင်အတိုင်း တုန်လှုပ်စရာ ကောင်းလှသည်။ ပြင်းထန်လှသော အလင်းဓားချက်သည် လွီပုကို လွင့်စင်သွားစေရုံတင်မကဘဲ မြေပြင်ပေါ်တွင် မီတာတစ်ရာနီးပါး ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းက ဟူလောင်တံခါး၏ တံတိုင်းကြီးများအထိ ထိမှန်သွားပြီး ကြီးမားသော အမာရွတ်ကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။
ကွမ်းယုသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်ရင်း ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ဟူလောင်တံခါး၏ အောက်ခြေသို့ ငုံ့ကြည့်လိုက်သည်။ ဟွာရှုံကို သတိုက်ခိုက်ခဲ့စဉ်ကနှင့်မတူဘဲ ယခုအကြိမ်တွင် ကွမ်းယုသည် သူ၏ အစွမ်းရှိသမျှကို အမှန်တကယ် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ ထိုဓားချက်၏ ရှေ့တွင် တောင်ကုန်းတစ်ကုန်း ရှိနေလျှင်ပင် နှစ်ခြမ်းကွဲသွားလိမ့်မည်ဟု သူ အာမခံနိုင်သည်။
အစောပိုင်းက အော်ဟစ် အားပေးနေကြသော စစ်သည်တော်များမှာ ထိုဓားချက်ကြောင့် ဆွံ့အသွားကြပြီး စိမ်းလဲ့ရောင် ဝတ်စုံဝတ် ဆင်ထားသော စစ်ဗိုလ်ချုပ်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။ လွီပု၏ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် မြင့်တက်နေသော ဟူလောင်တံခါး တပ်သားများ၏ စိတ်ဓာတ်သည် မိဘနှစ်ပါးစလုံး သေဆုံးသွားသကဲ့သို့ ရုတ်တရက် ထိုးဆင်းသွားခဲ့သည်။ ဟူလောင်တံခါးပေါ်တွင် ထိုင်နေသော ဒုံကျွမ်ပင်လျှင် ထိုကြီးမားလှသော ရိုက်ခတ်မှုကြောင့် စကားမဆိုနိုင်တော့ဘဲ တုန်တုန်ရင်ရင်ဖြင့် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဖုန်မှုန့်များ လွင့်စင်သွားသောအခါ လွီပုသည် အနီရောင်စစ်မြင်းကို စီးနင်းလျက် လေဟာနယ်ထဲတွင် ရပ်တန့်နေသည်။ သူ၏ မူလ ရွှေနီရောင် အရှိန်အဝါတွင် ယခုအခါ သွေးနီရောင်များ စွန်းထင်နေပြီး ကောင်းကင်ထိုးဖောက်လှံကြီး၏ ထိပ်ဖျားမှ လတ်ဆတ်သော သွေးစက်များ စီးကျနေသည်။
"ဟားဟားဟား~"
လွီပုသည် လှံရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ မျက်နှာကို အုပ်ကာ ရူးသွပ်သော ရယ်မောသံများကို ဟူလောင်တံခါး ပတ်ပတ်လည်သို့ ပျံ့လွင့်သွားစေသည်။
"ဒီကောင်တော့ အရိုက်ခံရလွန်းလို့ ရူးသွားပြီ ထင်တယ်"
အနီရောင်စစ်မြင်းနှင့်အတူ လေဟာနယ်ထဲတွင် ရပ်တန့်နေသော လွီပုကို ကြည့်ပြီး ချန်းရှီက အံ့သြတုန်လှုပ်စွာဖြင့် ကျောက်ယွင်ကို လှည့်ပြောလိုက်သည်။
"ဆန့်ကျင်ဘက်ပဲ... လွီပုရဲ့ ချီက အဆက်မပြတ် မြင့်တက်နေတာ။ ငါ ခန့်မှန်းထားတာထက်တောင် ကျော်လွန်နေပြီ။ အခု သူ ထုတ်လွှတ်နေတဲ့ အရှိန်အဝါနဲ့ ပြင်းထန်တဲ့ ကိုယ်တွင်းအသက်ရှုဓာတ်က စိတ်ကူးထဲကထက်ကို သာလွန်နေတယ်။ သူက တကယ့်ကို လူသားတစ်ယောက် မဟုတ်ဘူး။"
ပထမတွင် ကျောက်ယွင်က သူ၏ နူးညံ့တည်ငြိမ်မှုကို ထိန်းသိမ်းထားသော်လည်း အဆုံးသတ်တွင်မူ သူကိုယ်တိုင်ပင် အနည်းငယ် စိတ်လွတ်သွားပုံ ရသည်။